“စစ်ပဋိပက္ခတွေရှိတဲ့အတွက် အမျိုးသမီးတွေက အကြမ်းဖက်မှုတွေ ဘယ်တော့ ကိုယ့်အလှည့်ရောက်မလဲ”ဟု စိုးရိမ်မှုရှိနေသူများမှာ ပဋိပက္ခဒေသမှ အမျိုးသမီးများဖြစ်သည်။
မြန်မာနိုင်ငံရှိ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်တို့တွင် မကြာခဏ စစ်မက်ဖြစ်ပွားလေ့ ရှိခြင်းကြောင့် ထိုဒေသများကို ပဋိပက္ခဒေသဟု ခေါ်ဆိုနိုင်သည်။ ထိုဒေသရှိ အမျိုးသမီးများသည် စစ်ပွဲ၏ သားကောင်များသဖွယ် နည်းလမ်းအမျိုးမျိုးဖြင့် အကြမ်းဖက်ခြင်းကို ကြုံတွေ့နေရသည်။
“ကချင်ဒေသမှာ စစ်ပဋိပက္ခတွေကြောင့် အမျိုးသမီးတွေက လုံခြုံမှု ရှိမနေတဲ့အတွက် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုရော၊ ကာယအိန္ဒြေပိုင်းဆိုင်ရာ အကြမ်းဖက်မှုရော ရှိနေသေးတယ်ဆိုတာတော့ အခိုင်အမာပြောလို့ ရသေးတယ်” ဟု အမျိုးသမီးအရေး လှုပ်ရှားနေသည့် Htoi Gender and Development Foundation မှ ဒါရိုက်တာ ဒေါ်နန်ပူက ထောက်ပြသည်။
အမျိုးသမီးနှင့် မိန်းကလေးငယ်များအပေါ် နည်းပေါင်းစုံဖြင့် အကြမ်းဖက်မှုများက နေရာအနှံ့အပြားတွင် ဖြစ်ပေါ် နေခြင်းကလည်း စိုးရိမ်စရာဖြစ်နေသည်။ အထူးသဖြင့် စစ်ရှောင်နေရသည့် အမျိုးသမီး များသည် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုအပြင် တခြားသော လူကုန်ကူးမှုများလည်း ကြုံတွေ့နေရကြောင်း သိရသည်။
ပဋိပက္ခဒေသတွင် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုဖြစ်ပါက တရားဥပဒေလမ်းကြောင်းအရ တရားမျှတမှု ရရန် လုပ်ဆောင်ရာတွင် စိန်ခေါ်မှုများစွာကြုံတွေ့ရပြီး လက်ရှိတည်ဆဲဥပဒေများက အမျိုးသမီးများ အပေါ် အကြမ်းဖက်မှုမှ အကာအကွယ်ပေးရန် အားနည်းနေသေးသည်ဟု မြန်မာနိုင်ငံ အမျိုးသမီးများ အဖွဲ့ချုပ်(WLB)က ဆိုထားသည်။
ထိုဒေသတွင် အမှုဖြစ်ပါက သက်ဆိုင်ရာရဲစခန်းက အရေးယူမှုနှောင့်နှေးကြန့်ကြာနေခြင်း၊ တချို့ ရဲဌာနများက conflict ဧရိယာနှင့် နီးခြင်း၊ လက်နက်ကိုင်များကို ကြောက်သည့်အတွက် မသွားရဲဟု ဆိုခြင်းကြောင့် တရားခံ လွတ်မြောက်သွားရသော အမှုများလည်း ရှိကြောင်း သိရသည်။
သို့သော် တချို့သော တရားရင်ဆိုင်နေရသည့်အမှုများက ကြန့်ကြာမှုများရှိသည့်အတွက် ကျူးလွန်ခံရ သူများ အနေဖြင့် တရားဥပဒေအပေါ်တွင် ယုံကြည်မှု ကင်းမဲ့ခြင်းများရှိလာကြောင်း တအာင်း အမျိုး သမီး အဖွဲ့အစည်းမှ အလုပ်အမှုဆောင် ကော်မတီဝင် လွေးချီ,ဆငါးက ထောက်ပြသည်။
စစ်ပဋိပက္ခဒေသတွင် နေထိုင်ရသည့် အမျိုးသမီးများသည် အဓမ္မပြုကျင့်ခံရမှုအပေါ် အရေးယူသည့် အခါ တရားရင်ဆိုင်ရသည့် နှစ်ကာလကြာရှည်လာသည့်အခါ “ကြာလာတော့ သူတို့က စိတ်ဓာတ်ကျ လာတယ်။ တချို့ကျူးလွန်ခံရတဲ့သူတွေဆို ရူးသွပ်သွားတာရှိတယ်။ တချို့ကျ နေရာပြောင်းပြီးတော့ ဘဝပျက် သွားတာမျိုးတွေရှိတယ်” ဟု ဒေါ်နန်ပူက ရှင်းပြသည်။
ထို့အပြင် ကျူးလွန်သူများက အာဏာပိုင်များဖြစ်ပါက ပဋိပက္ခဒေသရှိ အမျိုးသမီးများသည် လုံခြုံမှု ဖန်တီးပေး ထားမှုမရှိခြင်းကြောင့် အမြဲစိုးရိမ်နေရပြီး မည်သည့်နေရာကို သွားရောက် တိုင်ကြားရမည်ကို မသိရှိကြပါဟု ကျူးလွန်ခံရသည့် အမျိုးသမီးများက ဆိုကြသည်။
ပဋိပက္ခဒေသရှိ အမျိုးသမီးအရေးဆောင်ရွက်နေသူများအနေဖြင့်လည်း အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများ ရှိလာပါက ကျူးလွန်ခံရသူ အမျိုးသမီးများဘက်မှ လိုက်ပါဆောင်ရွက်သည့်အခါ ခြိမ်းခြောက်မှု ခံရပြီး အထူးသဖြင့် အာဏာပိုင်များက ကျူးလွန်သည့်အမှုဖြစ်ပါက ပို၍ ကိုင်တွယ်ရခက်ခဲကြောင်း အမျိုးသမီးအရေး ဆောင်ရွက်နေသည့် အမျိုးသမီးအဖွဲ့အစည်းများက ပြောကြားကြသည်။
အာဏာပိုင်များက ကျူးလွန်သည့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရသော အမှုများတွင် သက်သေများက အာဏာရှိသူကို ကြောက်ရွံ့သည့်အတွက် သက်သေမထွက်ဆိုပေးနိုင်ခြင်းကလည်း အမျိုးသမီးများ အကြမ်းဖက်ခံရမှုကို တွန်းပို့နေသကဲ့သို့ ဖြစ်နေသည်ဟု ပဋိပက္ခဒေသမှ အမျိုးသမီးများက ထောက်ပြသည်။
“စစ်တပ်နဲ့ ပတ်သက်တဲ့ အမှုတွေ ဖြစ်ပြီဆိုရင် တပ်မတော်ရဲ့ခုံရုံးမှာပဲ စစ်ဆေးတယ်ဆိုတဲ့ အပိုင်းတွေက ကျမတို့အတွက် အဲဒါက ပထမဆုံးသော ခြိမ်းခြောက်စေတဲ့ အုတ်မြစ်ကြီးတခု ဖြစ်တယ်”ဟု ဒေါ်နန်ပူက ၎င်းတွေ့ ကြုံရသည့် အခက်အခဲကို ရှင်းပြသည်။
၂၀၁၈ ခုနှစ်တွင် အိမ်တွင်းအကြမ်းဖက် အပါအဝင် အမျိုးသမီးများအပေါ် အကြမ်းဖက်ခံရသည့် အမှုပေါင်း ၃၁ မှု ရှိပြီး တပ်မတော်ဘက်မှ ကျူးလွန်သည့် အမှုပေါင်းက ၅ မှုရှိသည်။ ၂၀၁၉ခုနှစ်၊ မေလအထိ ကောက်ခံထားသည့် အမှုပေါင်း ၃ ခု၌ တိုင်းရင်းသားလက်နက်ကိုင်ဘက်မှ ကျူးလွန် သည့် အမှု ၂ ခုနှင့် တပ်မတော်က ကျူးလွန်သည့် အမှုတခုရှိကြောင်း ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တအာင်းအမျိုးသမီးအဖွဲ့အစည်းက ဆိုသည်။
ပဋိပက္ခရှိသည့် ဒေသဖြစ်သည့်အတွက် အမှုဖြစ်သော တချို့နေရာများသို့ သွားရောက်သတင်းရယူရန် အခက်အခဲရှိသည့်အတွက် တချို့အမှုများက အမှန်တကယ်ဖြစ်ပွားရှိသော်လည်း တိကျသည့် အချက်အလက် မရခြင်းကြောင်း စာရင်းသွင်းထားခြင်းမရှိသည့် အမှုများလည်းရှိကြောင်း သိရသည်။
ထို့အပြင် အာဏာပိုင်များ၏ လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုများတွင် အကြမ်းဖက်ကျူးလွန်သူများသည့် ထိရောက်သည့် အပြစ်ပေး အရေးယူခံရခြင်းမရှိဘဲ ကင်းလွတ်နေခြင်းကလည်း ကျူးလွန်ခံရသည့် အမျိုးသမီးများအတွက် တရားမျှတမှုရရန် အလှမ်းဝေးနိုင်ပြီး အကြမ်းဖက်မှု ဆက်လက်ဖြစ်ပေါ်ရန် အားပေးသည့်သဘောသက်ရောက် စေကြောင်း မြန်မာနိုင်ငံအမျိုးသမီးများအဖွဲ့ချုပ်က ထောက်ပြ သည်။
ကချင်ပြည်နယ်တွင် ၂၀၁၆၊ ၂၀၁၇ ခုနှစ်နောက်ပိုင်း၌ စစ်မြေပြင်များတွင် အမျိုးသမီးများ အပေါ် အကြမ်းဖက်မှုများက မရှိသလောက်နည်းသွားသော်လည်း တိုင်းရင်းသားအချင်းချင်း ကျူးလွန်သည့် အမှုများ ရှိနေပြီး ထိုအမှုများသည် သတင်းစာ မျက်နှာပေါ်တွင် ထွက်ပေါ်လာခြင်း မရှိပါ။
အဘယ်ကြောင့်ဆိုသော် တချို့သောအမှုကိစ္စများကို ၎င်းတို့၏ ဘာသာရေးဆရာများ၏ တောင်းပန်မှုကြောင့် အမှုမပေါ်ခြင်းရှိပြီး တချို့အမှုကိစ္စများက ငွေကြေးဖြင့် အမှုကို နှုတ်ပိတ်ခံရခြင်းနှင့် ဓလေ့ထုံးစံအရ ကျေအေးမှုများကြောင့် ထွက်ပေါ်မလာခြင်းဖြစ်ကြောင်း သိရသည်။
သာဓကအနေဖြင့် လူသိများ ထင်ရှားလှသည့် ၂၀၁၅ ခုနှစ် အစောပိုင်းက ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်ခရိုင်၊ နမ်တောင်မြို့နယ် ကောင်းခါးကျေးရွာတွင် ကချင်ကျောင်းဆရာမ ၂ ဦး မတရားပြုကျင့်ပြီး သတ်ခံရသော အမှုသည် ၄ နှစ်ခန့်ကြာပြီဖြစ်သော်လည်း လက်ရှိအချိန်ထိ အမှုမှန်ဖော်ထုတ်နိုင်ခြင်း မရှိသေးသည်ကို တွေ့ရသည်။
ပဋိပက္ခကြောင့် ဖြစ်ပေါ်လာသည့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများသည် စစ်ရှောင် ဒုက္ခသည် အမျိုးသမီးများအပြင် ကျေးရွာများတွင် နေထိုင်ကြသည့် အမျိုးသမီးများပါ တိုက်ပွဲများ ကြောင့် မလုံခြုံမှုအနေအထားများဖြင့် နေထိုင်ကြရသည်။
လတ်တလောတွင် တအာင်း(ပလောင်)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်တွင် ဇွန် ၁၀ ရက်နေ့က လက်ဖက်ခူးနေသည့် တအာင်းအမျိုးသမီးတဦးကို ပစ္စတိုကိုင်ဆောင်ထားသော အရပ်ဝတ် တပ်မတော်သား ၂ ဦးက အဓမ္မပြုကျင့်ခဲ့ကြောင်း တအာင်းအရပ်ဘက်အဖွဲ့အစည်းက ထုတ်ပြန်ထား သည်။
ထိုဖြစ်စဉ်နှင့်ပတ်သက်ပြီး တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က “အမျိုးသမီးကိစ္စနဲ့ ပတ်သက်ပြီး တပ်မတော်အနေနဲ့က မတရားမှု ကျူးလွန်တာ လက်ခံနိုင်စရာလည်း မရှိဘူး။ အရေးယူဆောင်ရွက်နေတာလည်းရှိတယ်။ တချို့ဟာတွေကတော့ တိုင်းရင်းသားဒေသတွေမှာ စွပ်စွဲမှုတွေသာ ဖြစ်ပါတယ်” ဟု ရှင်းပြသည်။
သို့ရာတွင် အကြမ်းဖက်သူအများစုက အင်အားရှိသူ၊ လက်နက်ရှိသူဖြစ်ခြင်းကြောင့် ရွာသူရွာသားများအနေဖြင့် အမှုကိစ္စများ ဖြစ်လာပါက အရေးယူ၊ တရားစွဲမှုပြုလုပ်ရန် ကြောက်ရွံ့မှုများ ရှိသည့်အတွက် ကျူးလွန်သူများ အနေဖြင့် ထပ်မံကျူးလွန်ရန် အခွင့်အရေးပိုများနေသည်ဟု ဒေါ်နန်ပူက ထောက်ပြသည်။
“ခြိမ်းခြောက်တာ ရှိလေ ကြောက်လေ။ ကြောက်လေ သူတို့စော်ကားဖို့အတွက် ပိုပြီး ကျူးလွန်ဖို့အတွက် ပိုပြီးအခွင့်အလမ်းများလေ ဖြစ်နေတယ်။ အဲဒါက သံသရာလိုဖြစ်နေတယ်” ဟု သူက သုံးသပ်သည်။
ဆက်စပ်ဖတ်ရှုရန်
အမျိုးသမီးများအပေါ် အကြမ်းဖက်မှုကို ကာကွယ်တားဆီးပါ
အမျိုးသမီးများ အကြမ်းဖက်မှု တားဆီးကာကွယ်ရေး ဥပဒေပေါ်ထွက်လာတော့မလား
အမျိုးသမီးအားလုံးကို ကိုယ်စားပြုပေးတဲ့ ခေါင်းဆောင် ဖြစ်ရမယ်
အဓမ္မပြုကျင့်ခံရသည့် မသန်စွမ်းသူများ အမှုဖွင့်ရန် ခက်ခဲနေ