ကလေးမြို့၊ ကြို့သုံးပင်ရပ်ကွက် နယ်မြေ ၉ တွင်နေထိုင်သည့် တရားဟောဆရာ (ပါစတာ) ဦးဆွမ်ခတ်မုန်ကို မိန်းကလေးနှစ်ဦးအား အဓမ္မပြုကျင့်ခဲ့မှုဖြင့် ရာဇသတ်ကြီး ပုဒ်မ ၃၇၆ ဖြင့် ဖမ်းဆီး အရေးယူထားကြောင်း ကလေးမြို့မရဲစခန်း ဒုရဲမှူး ဦးဌေးဝင်းက ဧရာဝတီသို့ အတည်ပြုပြောကြားသည်။
ကလေးငယ်များ အန္တရာယ်ကင်းစေရန် ၎င်းတို့၏အဖွားဖြစ်သူက ပါစတာ ဦးဆွမ်ခတ်မုန်အား ဖိတ်ခေါ်၍ ဆုတောင်းမှု ပြုစေခဲ့ရာမှ အသက် ၁၁ နှစ်အရွယ် မိန်းကလေးတဦးကို ဆုတောင်း ခန်းထဲတွင် အဓမ္မပြုကျင့်ခဲ့ပြီး မိန်းကလေး၏ အစ်မဖြစ်သူကိုလည်း အလားတူ ပြုခဲ့ခြင်းကြောင့် အဒေါ်ဖြစ်သည့် ဒေါ်မန်းပုန်းနဲမ့်က တရားလိုပြုလုပ်ကာ အမှုဖွင့် အရေးယူခဲ့ခြင်း ဖြစ်သည်။
ဒုရဲမှူး ဦးဌေးဝင်းက “ကျနော်တို့ သူ့ကို ရာဇသတ်ကြီးပုဒ်မ ၃၇၆ နဲ့ အရေးယူပါတယ်။ အခု သူကို ချုပ်ထားတယ်။ တလပြည့်ပြီဆိုမှ ကျနော်တို့က တရားစွဲရမှာပါ။ ရဲလုပ်ထုံးလုပ်နည်းကတော့ အကုန်လုပ်ပြီးပြီ”ဟု ပြော သည်။
ဖြစ်စဉ်မှာ ကျူးလွန်ခံရသူတွင် မောင်နှမ ၃ ဦးရှိပြီး ဖခင်သေဆုံးပြီးနောက် မိခင်ဖြစ်သူက မလေးရှားသို့ သွားရောက်၍ အလုပ်ကိုင်နေသည်မှာ ၅ နှစ်ခန့်ရှိပြီဖြစ်သည်။ ထိုကလေးသုံးဦးကို အဖွားဖြစ်သူနှင့် ထားရှိခဲ့ခြင်းဖြစ်သည်။
ကျူးလွန်ခံရသူ မိန်းကလေးက ကလေးသဘာဝအဆော့မက်ခြင်းကို အဖွားဖြစ်သူက ခိုင်းတာ မလုပ်သည့် အတွက် လိမ္မာယဉ်ကျေးစေရန်ဟုဆိုကာ ၎င်းတို့ဘာသာအရ တရားဟောဆရာအား ဖိတ်ခေါ်ပြီး ဆုတောင်း ခိုင်းခဲ့သည်။
ထိုဆုတောင်းမှုကို တောင်ပူဇာရပ်ကွက်ရှိ ဆုတောင်းအဆောင်တွင် ပြုလုပ်ရသည့်အတွက် ထိုအဆောင် အတွင်း၌ အဓမ္မပြုကျင့်ခဲ့ဖြစ်ကြောင်း ဒုရဲမှူး ဦးဌေးဝင်းက ဖြစ်စဉ်ကို ပြောပြသည်။
ဒုရဲမှူး ဦးဌေးဝင်းက “ကလေးမလေးကို ပြောတယ်တဲ့။ ဒါ တို့ဘုရားသခင်ရဲ့ခိုင်းစေချက်ကြောင့် လုပ်ရတာ။ ဘယ်သူ့မှလျှောက် မပြောနဲ့။ လျှောက်ပြောရင် ဘုရားသခင်ရဲ့မျက်မာန်ကျိုးမယ်။ ကျိန်စာ မိမယ်ပေါ့” ဟု ပြောပြီး ကျူးလွန်ခံရသူ မိန်းကလေးအား နုတ်ပိတ်ခဲ့သည်ဟု သိရသည်။
ထိုဆုတောင်းမှုသည် နောက်ရက်တွင် ထပ်မံပြုလုပ်ရမည်ဟု ပါစတာက ပြောသဖြင့် ကျူးလွန်ခံရသူ မိန်းက လေးက အဘွားဖြစ်သူကို မပြောရဲသဖြင့် အဒေါ်ဖြစ်သူထံ ထွက်သွားခဲ့သည်။ အဒေါ်က ခံရသူမိန်းကလေး၏ မျက်နှာ မကောင်းသဖြင့် မေးမြန်းရာမှ ထိုဖြစ်စဉ်ကို ပြန်လည်ပြောပြခဲ့ခြင်းဖြစ်သည်။
၎င်းကျူးလွန်ခံရမှုကို ပြောပြီးမှ ၎င်း၏အစ်မဖြစ်သူကိုလည်း ပါစတာမှ အလားတူ ပြုကျင့်မှုရှိခဲ့ကြောင်း ပြောပြသည့်အခါ အဒေါ်ဖြစ်သူက ရပ်ကွက်အုပ်ချုပ်ရေးမှူးထံ အကြောင်းကြားပြီး မြို့နယ်ရဲစခန်းတွင် အမှုဖွင့်ခဲ့သည်။
ဒုရဲမှူး ဦးဌေးဝင်း က “ကျနော်တို့ ဆီမှာတော့ ဝန်ခံတာပေါ့။ ဒါပေမယ့် ကျနော်တို့ဆီမှာ ဝန်ခံတဲ့ဟာက အထောက် အထားတခုလောက်ပဲ ရသေးတာလေ” ဟု ဆက်ပြောသည်။
ပါစတာ ဦးဆွမ်ဇမုန်သည် ကလေး ၅ ဦးရှိပြီး လက်ရှိဇနီးသည်နှင့် အတူနေထိုင်သူဖြစ်ကြောင်း တီးတိန်မှ ကလေးမြို့သို့ ပြောင်းလာသည်မှာ ၅ နှစ်ခန့် ရှိပြီဖြစ်ကြောင်း သိရသည်။
ဒုရဲမှူး ဦးဌေးဝင်းက “အဲဒီကောင်မလေးကို ပြုကျင့်တယ်ဆိုတဲ့အခါကျတော့ အဲဒီရပ်ကွက်က လူတွေက အရင်တုန်းကလည်း အဲဒီလိုပဲ။ ဒီကောင်က ဇ ရှိတယ်။ အဲဒီလိုကျူးလွန်ခဲ့ဖူးတယ်ဆိုပြီး အသံတွေ ထွက်လာတယ်။ ထွက်လာတာပဲရှိတာ တကယ်ပြောတာ။ သက်သေမရှိတော့ ဘာမှတော့ လုပ်မရဘူး”ဟု ပြန်လည်ပြောပြသည်။
စစ်ကိုင်းတိုင်းဒေသကြီးတွင် အသက် ၁၆ နှစ်အောက် ကလေးသူငယ်များ မုဒိမ်း ပြုကျင့်ခံရမှုက ၂၀၁၆ ခုနှစ်တွင် ၆၄ မှု၊ ၂၀၁၇ ခုနှစ်တွင် ၇၅ မှု ဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေး၏ ထုတ်ပြန်ချက်အရ သိရသည်။
ရန်ကုန်တိုင်း မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက်ကံတွင်လည်း ယခုလလယ်ပိုင်းက အသက် ၁ နှစ် ၉ လ အရွယ် မိန်းကလေးငယ် တဦးအား အဓမ္မပြုကျင့်မှုဖြင့် ကိုရင်ကြီး (ခ) ဥူးဥတ္တရ (ခ) ဇေယျာလင်း (၃၉ နှစ်) ကို အရေးယူပေးရန် တိုင်ကြားမှုဖြစ်ပွားခဲ့သည်။
ထိုဖြစ်စဉ်နှင့် ပတ်သက်ပြီး ရွှေပေါက္ကံမြို့မရဲစခန်းက (ပ) ၅၉၇/၁၉ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၆/၃၆၃ အရ အမှုဖွင့် ကာ ပြစ်မှုကျူးလွန်သူ ကိုရင်ကြီး (ခ) ဥူးဥတ္တရကို လူဝတ်လဲဖမ်းဆီးကာ ဆက်လက်စစ်ဆေး လျက်ရှိသည်။
ရာဇသတ်ကြီး ပုဒ်မ ၃၇၆ သည် မုဒိမ်းမှု ကျူးလွန်သူကို တသက်တကျွန်းဒဏ်ဖြစ်စေ၊ ဆယ်နှစ်ထိ ထောင်ဒဏ် တမျိုးမျိုးဖြစ်စေ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ပါသည်။
You May Also Like These Stories:
ဒလတွင် သက်ငယ်မုဒိမ်းကျူးလွန်ခံရသဖြင့် ရဲတပ်ဖွဲ့ထံ တိုင်ကြား
သက်ငယ်မုဒိမ်းမှု ထောင်ဒဏ်တသက်ဥပဒေကြမ်း နိုင်ငံတော်သမ္မတ အတည်ပြု