နေပြည်တော်၊ ဇဗ္ဗူသီရိ မြို့နယ်ရှိ ပုဂ္ဂလိက ကျောင်းတခုတွင် အသက် ၃ နှစ် မပြည့်သေးသည့် မိန်းကလေးငယ်တဦး လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် ခံရသည် ဆိုသော အမှုတခုကို မှုခင်းရဲတပ်ဖွဲ့ (CID ) သို့ လွှဲပြောင်းထားသော်လည်း ကြန့်ကြာနေသဖြင့် ဝေဖန်နေမှုများ ထွက်ပေါ်နေသည်။
နေပြည်တော်တွင် ဖွင့်လှစ်ထားသည့် Wisdom Hill အမည်ရှိ ပုဂ္ဂလိက မူကြိုကျောင်းတခုတွင် တက်နေသည့် အဆိုပါ ကျောင်းသူ ကလေးငယ်မှာ မေလ ၁၇ ရက်နေ့က လိင်အကြမ်းဖက်ခံရမှုဖြင့် ထိုကလေးငယ်၏ မိခင် ကိုယ်တိုင်လာရောက် အမှုဖွင့်ကြောင်း ရဲတပ်ဖွဲ့က ပြောထားသည်။
ထို့အတူ မင်္သကာဖွယ်ဟု ယူဆရသည့် အမျိုးသားတဦးကိုလည်း မေလ ၃၀ ရက်နေ့ ကစပြီး စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လူများ စိတ်ပါဝင်စားမှု မြင့်တက်လာသည့် ၎င်းအမှုကို ဇွန်လ ၃ ရက်နေ့တွင် CID က လွှဲပြောင်းရယူခဲ့ပြီး ယင်းအမှုနှင့် ပတ်သက်၍ (ပ) ၇၉/ ၂၀၁၉ ၊ ရာဇသတ်ကြီး ပုဒ်မ ၃၇၆/ ၅၁၁ ဖြင့် အမှုဖွင့် စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း ဇဗ္ဗူသီရိ မြို့မရဲစခန်းမှ သိရသည်။
ထိုသို့ CID သို့ လွှဲပြောင်းပြီး နှစ်ပတ်ခန့် ကြာမြင့်သည့် ယနေ့ အချိန်ထိ အမှုနှင့် ပတ်သက်၍ တစုံတရာ ထူးခြားမှု မရှိသေးကြောင်း မှုခင်းရဲတပ်ဖွဲ့မှပြောရေးဆိုခွင့်ရ ရဲအရာရှိတဦးက ဧရာဝတီသို့ ပြောသည်။
အမှုဖြစ်စဉ် အနေအထားအရ စစ်ဆေး ရမည့်သူ များစွာပါဝင်ခြင်း မရှိကြောင်း၊ CCTV ( လုံခြုံရေး ကင်မရာ) မှတ်တမ်း အချို့လည်း ရရှိထားကြောင်း သိရသဖြင့် လက်ရှိအနေအထားများကို ပြည်သူအား ချပြရန် လိုအပ်ကြောင်း အမျိုးသမီးနှင့် ကလေး သူငယ်များဆိုင်ရာ အခွင့်အရေးလှုပ်ရှားသူ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုးက ဧရာဝတီသို့ ပြောသည်။
ဒေါ်အေးမြမြမျိုးက “CID ကို ပြန်လွှဲတယ်ဆိုရင် ဟုတ်တယ်။ ဘာပဲ ဖြစ်ဖြစ် ထုတ်ပြန်ပေးနေဖို့ လိုတာလေ။ အခုဟာက လွှဲပြီ ဆိုတည်းက အားလုံးက ပျောက်သွားတော့ လူတွေကလည်း အားလုံးက စိတ်ဝင်စားနေကျတော့ တိတိကျကျ မပေါ်သေးရင်တောင် ဘယ်အဆင့်ရောက်နေပြီဆိုတာ ဘာမှ မထွက်လာတဲ့အခါကျတော့ လူတွေက ပိုပြီးတော့မှ သို့လောသို့လော ဖြစ်စေပါတယ်” ဟု ပြောသည်။
အဆိုပါ လိင်အကြမ်းဖက်ခံရမှုဖြစ်စဉ်မှာ လူမှုကွန်ရက် စာမျက်နှာတွင် ပိုးဖြူဆိုသည့် အကောင့်ပိုင်ရှင်ထံမှ စတင်ပျံ့နှံ့လာပြီးနောက် သတင်းမီဒီယာများမှတဆင့် လူအများ စိတ်ဝင်စားမှု မြင့်တက်ခဲ့ပြီး CID ၏ စစ်ဆေး ပေါ်ပေါက်ချက်မှာ တရားခံ အစစ်အမှန်နှင့် မည်သည့်နေရာတွင် ဖြစ်ပွားခဲ့သည့်ဆိုသည့် အဖြေကို စိတ်ဝင်စားနေကြလျက်ရှိသည်။
သပြေကုန်းကျောင်းရှိ Wisdom Hill ပုဂ္ဂလိက ကျောင်းတွင်ထားသည့် ကလေးမိဘတဦးဖြစ်သူ ဒေါ်အေးအေးချို က “ အမတို့လည်း ကလေးကျောင်းပို့ ၊ ကျောင်းကြိုလုပ်တိုင်း မိဘတွေ အချင်းချင်းပြောဖြစ်တယ်။ ဘယ်သူလုပ်တာလဲပေါ့။ အခုထိ စစ်နေတုန်းလို့ပဲ ပြောနေကြတာ” ဟု ပြောသည်။
ထိုသို့ အမှုကြန့်ကြာသည်ဟု ဝေဖန်မှုများ ရှိနေသည့် အပေါ်ကို CID မှ ပြောရေးဆိုခွင့် ရှိသူ ရဲအရာရှိ တဦးက အမှု၏ သဘော သဘာဝ အရ အေးနေခြင်းဆိုသည်မှာ မရှိကြောင်း၊ အမှုတခု တရားစွဲတင်ပြီးပါက ရုံးချိန်းတွင် အမှုနှင့် ပတ်သက်၍ မည်ကဲ့သို့ ထွက်ဆိုနေကြောင်း၊ စစ်ဆေးပေါ်ပေါက်ချက်များကို ရဲတပ်ဖွ့ဲဝင်များက စောင့်ကြည့်ရမည်ဟု ပြောသည်။
အဆိုပါ ရဲအရာရှိက “ရဲက တရားစွဲပြီးရင် ငါတို့တာဝန်ကျေပြီဆိုပြီး နေတတ်တယ်။ အခုပြုပြင်ပြောင်းလဲတဲ့ စနစ်တွေက အဲဒီလို မရဘူး။ ရုံးရှေ့မှာ မူလ လမ်းကြောင်း အတိုင်း သွားနေသလား၊ မူလ အမှုလမ်းကြောင်းသည် သွေဖီသွားပြီလား၊ တိမ်းစောင်းသွားပြီလားဆိုတာ စောင့်ကြည့်ရပါတယ်” ဟု ဆက်ပြောသည်။
ယခု အမှုနှင့် အဓိက သက်ဆိုင်နေသည့် Wisdom Hill ပုဂ္ဂလိက ကျောင်းအုပ် ဦးပညာက အမှုနှင့် ပတ်သက်၍ ကျောင်းဘက်မှ အပြည့် အဝ ပူးပေါင်းဆောင်ရွက်နေကြောင်း၊ ကျောင်းဘက်မှ ဝန်ထမ်းအပါအဝင် အမှုနှင့် ဆက်စပ်သည်ဟု ယူဆရသည့် လူ၂၀ ခန့်ကို ဇွန်လ ၁၇ ရက်မှစ၍ ခေါ်ယူစစ်ဆေးပြီး ဖြစ်ကြောင်း၊ ရဲတပ်ဖွဲ့က ဆရာမ၊ ယာဉ်မောင်း နှင့် ကျောင်းကြီးကြပ်ရေးမှူးတို့ကို ခေါ်ယူစစ် ဆေးပြီးဖြစ်ကြောင်း ပြောသည်။
ဦးပညာက “အဓိက တရားခံပေါ်စေချင်တာ။ ကျောင်းကနေ ဘယ်သူ့ကို စစ်ချင်တယ်ဆိုရင် ချက်ချင်းသွားတယ်။ ပျက်ကွက်ခြင်းမရှိဘူး။ တရားခံအမှန်ကို အမြန်ဆုံးပေါ်စေချင်တာ ဖြစ်ပါတယ်” ဟု ပြောသည်။
ယခုအမှုအတွက် ဦးပညာ၏ တရားလွှတ်တော် ရှေ့နေ ဦးခင်မောင်ညိုက CID ၏ စုံစမ်းဖော်ထုတ်မှုမှာလည်း ထူးခြားမှု မရှိကြောင်း၊ အမှုမှန်ပေါ်ပေါက်စေရန် အတွက်သက်ဆိုင်ရာ တာဝန်ရှိသူများကို ဆက်လက် စုံစမ်းဖော်ထုတ်ရန် ပြောကြားသွားမည် ဖြစ်ကြောင်း ဧရာဝတီသို့ပြောသည်။
ရဲဘက်မှ လုပ်ထုံး လုပ်နည်း စစ်ဆေးချက်များ အရ တရားခံ အစစ်ကို ဖော်ထုတ်နိုင်ခြင်း မရှိပါ က တရားခံပြေးအဖြစ် ကြေညာပြီး အမှု ကို တရားရုံးတင်၍ မူလသက်သေများကို စစ်ဆေး၍ ရကြောင်း ပျဉ်းမနားမြို့တရားလွှတ်တော် ရှေ့နေ ဦးခင်မောင်ဇော် က ပြောသည်။
ဦးခင်မောင်ဇော် က “သက်သေထွက်ချက်တွေ လတ်ဆတ်နေတုန်းမှာ သက်သေထွက်ချက်ကိုတရားရုံးမှာ တင်ထားနိုင်ရင် အကောင်းဆုံးပါပဲ” ဟု ပြောသည်။
ယခုလို အမှုမျိုး ကြန့်ကြာနေသည်မှာ မဖြစ်သင့်ကြောင်း၊ သို့သော် အမှုကြန့်ကြာသော်လည်း ထွက်ပေါ်လာသည့် အဖြေသည် မှန်ကန် ရန်လိုအပ်ကြောင်း၊ ယခုဖြစ်စဉ်ကဲ့သို့ အမှုမျိုးမှာ မြန်မြန် အဖြေပေါ်ရန် လိုကြောင်း ဧရာဝတီတိုင်း အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါ်အိအိပြုံးက မှတ်ချက်ပြုသည်။
တရားလွှတ်တော် ရှေ့နေတဦးဖြစ်သူ ဦးမြင့်အောင်ကလည်း “တရားခံ မမိရင် တရားခံပြေးကြေညာလို့ ရတယ်။ တရားခံ မပေါ်ဘူးဆိုရင် အပြေး ၅၁၂ နဲ့ အမှုဖွင့်လို့ ရတယ်။ တရားရုံးတင်ပြီးရင် အမှုနဲ့ ဆက်စပ်တဲ့ သူတွေကို တရားရုံးက ခေါ်ယူ စစ်ဆေးလို့ ရပါ တယ်” ဟုပြောသည်။
အဆိုပါအမှုအား CID ဘက်မှ စစ်ဆေးရာတွင် ဖြစ်စဉ်ဖြစ်ပွားခဲ့သည့် နေရာမှာ ကျောင်း၊ ဖယ်ရီကားပေါ် နှင့် ကလေး၏ အိမ် ၃ နေရာ တွင် ဖြစ်ပွားခဲ့သည့် အတွက် အမှုမှန် အမြန်ဆုံး ပေါ်ပေါက်စေရန် အားလုံး ဝိုင်းဝန်း၍ ပူးပေါင်းဆောင်ရွက်သင့်ကြောင်း၊ မိမိတို့ ကျောင်း အနေဖြင့် လိုအပ်သည့်ဘက်မှ တတ်နိုင်သလောက် ကူညီဆောင်ရွက်ပေးနေကြောင်း Wisidom Hill ကျောင်းမှ တာဝန်ရှိသူများက ပြောသည်။
သက်ဆိုင်ရာ တာဝန်ရှိသူများဘက်မှ စီစစ်သည့် အပိုင်းတွင် အမှုမှန်ပေါ်ပေါက်ရန် အတွက် အချိန်ယူ စိစစ်ရသည်ကိုလည်း နားလည်ကြောင်း၊ တရားစီရင်ရေး အပိုင်းတွင်လည်း ကြန့်ကြာမှုမှာ ထုံးစံ တခု ဖြစ်နေသည့် အတွက် ပြုပြင်ပြောင်းလဲမည် ဆိုပါက အားလုံး ဝိုင်းဝန်းပြီး ပြုပြင်ပြောင်းလဲ ရန် လိုအပ်ကြောင်း ယခုအမှုကို စိတ်ဝင်စားသူအချို့က သုံးသပ်လျက်ရှိသည်။
You may also like these stories:
ပုဂ္ဂလိက ကျောင်း၌ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် ခံရသည့် ကလေးအမှု CID စစ်နေ
ပုဂ္ဂလိကကျောင်း တခုတွင် ကလေးငယ်တဦး လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရဟုဆိုကာ အမှုဖွင့်
အမျိုးသမီးများအပေါ် အကြမ်းဖက်မှုကို ကာကွယ်တားဆီးပါ
ဒလတွင် သက်ငယ်မုဒိမ်းကျူးလွန်ခံရသဖြင့် ရဲတပ်ဖွဲ့ထံ တိုင်ကြား