နှမဝမ်းကွဲတော်စပ်သည့် ပိုလီယိုဝေဒနာခံစားနေရသော မသန်စွမ်းသူအား အဓမ္မပြုကျင့်မှုဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့အခြေစိုက် အနောက်တောင်တိုင်းစစ်ဌာနချုပ်လက်အောက်ခံ တပ်မတော် တပ်ထိန်းတပ်မှ ဒုတပ်ကြပ်အဆင့်ရှိ တပ်မတော်သားတဦးအား မုဒိမ်းမှုဖြင့် ယမန်နေ့က အမှုဖွင့် ဖမ်းဆီးအရေးယူခဲ့ကြောင်း သတင်းရရှိသည်။
ပုသိမ်မြို့နယ်၊ တောင်ယာကုန်းကျေးရွာတွင်နေထိုင်သည့် အသက် ၃၂ နှစ်အရွယ် မွေးရာပါ ပိုလီယိုဝေဒနာ ခံစားနေရသူ အမျိုးသမီးအား ၎င်း၏ အစ်ကို တဝမ်းကွဲတော်စပ်သူ အသက် ၃၉ နှစ်အရွယ် ဒုတပ်ကြပ် မျိုးဝင်းထွန်းမှ ဇွန်လ ၂၃ ရက် ညပိုင်းတွင် အဓမ္မပြုကျင့်ခဲ့သဖြင့် တပ်မတော်က ဒုတပ်ကြပ် မျိုးဝင်းထွန်းအားဖမ်းဆီးထားပြီး ပုသိမ်မြို့မ ရဲစခန်းတွင် ပုဒ်မ ၃၇၆ (မုဒိမ်းမှု) ဖြင့် အမှုဖွင့်အရေးယူထားကြောင်း ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။
“ကလေးမလေးက ပိုလီယိုဝေဒနာ ခံစားနေရသူဖြစ်တယ်။ ပြုကျင့်သူက ကလေးမလေးနဲ့ မောင်နှစ်မ တဝမ်းကွဲတော်စပ်တယ်။ အိမ်မှာ လူကြီးတွေမရှိခိုက်မှာ အခုလို ပြုကျင့်မှုဖြစ်ပွားခဲ့တာပါ။ သူ့ကို ဥပဒေအရ အမှုဖွင့် အရေးယူမှုများ ပြုလုပ်ထားပါတယ်”ဟု ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဒုရဲမှူးကြီး ထွန်းရွှေက ဧရာဝတီကို ပြောသည်။
ဒုတပ်ကြပ် မျိုးဝင်းထွန်းမှာ ဇွန်လ ၂၃ ရက်နေ့ ည ၇ နာရီခန့်အချိန်တွင် အဒေါ်ဖြစ်သူ၏နေအိမ်သို့ ရောက်ရှိလာပြီးနေအိမ်တွင် တဦးတည်းရှိနေသည့် ညီမတဝမ်းကွဲတော်စပ်သူ မွေးရာပါ ပိုလီယိုဝေဒနာသည်ကို အဓမ္မပြုကျင့်နေသည်ကို ပတ်ဝန်းကျင်မှဒေသခံများက တွေ့ရှိခဲ့သည့်အတွက် ဝိုင်းဝန်းဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများ ထံမှ သိရသည်။
“မျက်မြင်တွေ့သူတွေ ပြောတာက ကလေးမလေး အော်သံကြားလို့ အိမ်နီးချင်းတွေက တံခါးဖွင့်တော့ ဖွင့်မရဘူး။ အဲဒါနဲ့ ထရံအပေါက်ကနေကြည့်တော့ အဲဒီလိုဖြစ်နေတာ တွေ့ကြတယ်။ အဲဒါနဲ့ အနီးအနားက လူတွေပေါင်းပြီး ဖမ်းတယ်။ ပြီးတော့ ရဲလက်အပ်လိုက်ကြတာ”ဟု အဓမ္မပြုကျင့်ခံရသူ အမျိုးသမီးအားလိုက်ပါကူညီပေးနေသည့် ပုသိမ်မြို့အခြေစိုက် ပဒုမ္မာလူမှုဖွံ့ဖြိုတိုးတက်ရေးအသင်း ဒါရိုက်တာ ဦးမြင့်ဌေးကပြောသည်။
မိဘများက နေအိမ်သို့ပြန်ရောက်ချိန်တွင် အဓမ္မပြုကျင့်ခံရသည့် အမျိုးသမီးအား ပုသိမ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်၍ ဆေးစစ်မှုများဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျူးလွန်သူ ဒုတပ်ကြပ် မျိုးဝင်းထွန်းကို ပုသိမ်မြို့မရဲစခန်းတွင် (ပ) ၄၁၂/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်ထားပြီး အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ ၎င်းအားဖမ်းဆီးကာ စစ်ဆေးမှုများဆောင်ရွက်နေကြောင်း သိရသည်။
ရာဇသတ်ကြီးပုဒ်မ ၃၇၆ (မုဒိမ်းမှု) ကျူးလွန်သူအား တရားရုံးတော်အနေဖြင့် ထောင်ဒဏ်တသက်တကျွန်း ဖြစ်စေ၊ ၁၀ နှစ်အထိ ထောင်ဒဏ်တမျိုးမျိုးဖြစ်စေ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်းချမှတ်နိုင်ကြောင်း ပြဌာန်းထားသည်။
You may also like these stories:
ကျောင်းသူကလေးငယ် လိင်အကြမ်းဖက်ခံရသည့်အမှု ကြန့်ကြာနေ
အဓမ္မပြုကျင့်ခံရသည့် မသန်စွမ်းသူများ အမှုဖွင့်ရန် ခက်ခဲနေ
ဒလတွင် သက်ငယ်မုဒိမ်းကျူးလွန်ခံရသဖြင့် ရဲတပ်ဖွဲ့ထံ တိုင်ကြား
ကျောင်းသူကလေးငယ် လိင်အကြမ်းဖက်ခံရသည့်အမှု ကြန့်ကြာနေ