Women & Gender

ကလေးမွေးစားခွင့်ပြဌာန်းချက် အန္တရာယ်မရှိဟု ဝန်ကြီး ဦးသိန်းဆွေပြော 


Want create site? Find Free WordPress Themes and plugins.

ပြည်ထောင်စုလွှတ်တော်က အတည်ပြု ပြဌာန်းလိုက်သည့် ကလေး မွေးစားခွင့် ဆိုင်ရာ ပြဋ္ဌာန်းချက်မှာ နိုင်ငံအတွက် အန္တရာယ်မရှိကြောင်း အလုပ်သမားလူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ပြည်ထောင်စု ဝန်ကြီးက ဦးသိန်းဆွေက ပြောကြားလိုက်သည်။

ပြည်ထောင်စု ဝန်ကြီးက “ဥပဒေ နဲ့ အညီ ဆောင်ရွက်တယ်ဆိုရင်တော့ ဒါက တိုင်းပြည် အန္တရာယ် ရှိတယ်လို့ ပြောလို့မရပါဘူး။ နိူင်ငံ မှာလည်း ဆောင်ရွက် နေတယ်။ အခုလည်း ဆောင်ရွက်နေတယ်။ ကေ့စ် (ဖြစ်စဉ်) တခုချင်းအလိုက်  သက်ဆိုင်ရာ ဥပဒေ များနဲ့ အညီ စေ့စပ်ဆောင်ရွက်သွားမှာ ဖြစ်တဲ့ အတွက် စိုးရိမ်စရာမရှိဘူး” ဟု ပြောသည်။

ယနေ့ နေပြည်တော်ရှိ သင်္ဂဟ ဟိုတယ်တွင် ပြုလုပ်သည့် ၂၀၁၉ခုနှစ်၊ ကြားဖြတ်လူဦးရေသန်းခေါင်စာရင်းကောက်ယူရေး အတွက် အသုံးပြုမည့် မေးခွန်းပုံစံတွင် ထည့်သွင်းဖော်ပြနိုင်ရေးအတွက်အချက်အလက် အသုံးပြုသူများ အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားသို့ တက်ရောက်လာစဉ် မီဒီယာများကို အထက်ပါ အတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ဇွန် ၇ ရက်တွင် ပြည်ထောင်စု လွှတ်တော်က အတည်ပြုလိုက်သည့် ကလေးသူငယ် အခွင့်အရေးများ ဆိုင်ရာ ဥပဒေ အခန်း (၈) ကလေးသူငယ်ကို မွေးစားခြင်းပါ ပြဋ္ဌာန်းချက် တချို့အပေါ် ဝေဖန်မှုများ မြင့်တက်နေသည့် အပြင် ရန်ကုန်နှင့် နေပြည်တော်တို့တွင် ကန့်ကွက်ကြောင်း ဆန္ဒဖော်ထုတ်မှုများ ပြုလုပ်ခဲ့သည်။

ကလေးသူငယ် အခွင့်အရေးများ ဆိုင်ရာ ဥပဒေ ကလေး မွေးစားခွင့်ပါ ပြဋ္ဌာန်းချက်များသည် ၁၉၈၂ မြန်မာနိုင်ငံသား ဥပဒေကို လွှမ်းမိုး ပယ်ဖျက်လိုက်သည်၊ ဖောက်ဖျက် ကျူးလွန်နေသည်ဟု ဆိုကာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး ရေး ပါတီမှ ဦးဆောင်၍  ကန့်ကွက် ကြောင်း ထုတ်ပြန်ကြေညာမှုများ ပြုလုပ်ခဲ့သည်။

၁၉၈၂ မြန်မာနိုင်ငံသား ဥပဒေ ပုဒ်မ ၇၃ တွင် နိုင်ငံသား (သို့) ဧည့်နိုင်ငံသား (သို့) နိုင်ငံသား ပြုခွင့်ရသူ၏ မွေးစားခြင်း ခံရသော နိုင်ငံခြားသား တဦးသည် နိုင်ငံသား (သို့) ဧည့်နိုင်ငံသား (သို့) နိုင်ငံသား ပြုခွင့်ရသူ အဖြစ်ကို မရရှိစေရဟု ပြဋ္ဌာန်းထားသည်။

ကလေးသူငယ် ဥပဒေအပေါ်တွင် ဆန္ဒဖော်ထုတ် နေကြခြင်းမှာ စွပ်စွဲချက်ဖြင့် အထောက်အထား ခိုင်ခိုင်မာမာ မရှိဘဲ လိုရာကို ဆွဲ၍ ပြောဆိုနေခြင်းသာ ဖြစ်ကြောင်း၊ NLD အစိုးရတက် လာပါက တိုင်းပြည်မှာ ပျက်စီးမည်ဖြစ်ကြောင်း လူမျိုးရေး ဘာသာရေး အရ တိုက်ခိုက်ခဲ့သည်မှာ အစဉ်အဆက်ရှိသည့် သဘောမျိုးသာဖြစ်ကြောင်း NLD ပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုး က ပြောသည်။

ဒေါ်အေးမြမြမျိုးက “သူတို့ စွပ်စွဲချက်တွေက ဥပဒေရေး အရ စိုးရိမ်ပူပန်တာထက် နိုင်ငံရေး အရ တိုက်ခိုက်လိုစိတ်ကြောင့် ဒီဟာတွေ အပေါ်မှာ စွပ်စွဲ ပုတ်ခတ်တာလို့ မြင်တယ်” ဟု ပြောသည်။

နိုင်ငံသား ဖြစ်ခွင့်နှင့် ကလေး သူငယ်အခွင့် အရေးဥပဒေတွင် ပတ်သက်မှု မရှိကြောင်း၊ ဆန္ဒဖော်ထုတ်နေသည့် ကလေးမွေးစားသည့် ကိစ္စတွင်လည်း မဖြစ်မနေ ကလေးမွေးစားမည်ဆိုပါက လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာနလက် အာက်ရှိ ခရိုင်ဦးစီး အဆင့်တွင် လျှောက်ရမည် ဖြစ်ကြောင်း၊ စိစစ်ပြီး မွေးစားရန် ခွင့်ပြုမှသာလျှင် တရားဝင် မွေးစားခွင့် ရှိမည် ဖြစ်ကြောင်း ဒေါ်အေးမြမြမျိုးက ရှင်းပြသည်။

ယင်းဥပဒေ ပုဒ်မ ၃၃(ခ)တွင် မွေးစား ကလေးငယ် တဦးသည် မွေးစားမိဘနှင့် သက်ဆိုင်သည့် ဥပဒေ (သို့) ဓလေ့ ထုံးတမ်း ဥပဒေနှင့် အညီ မွေးစားမိဘ၏ အခြား သားသမီးများကဲ့သို့ပင် အမွေဆက်ခံရန် အခွင့်အရေး အပါအဝင် တူညီသော အခြား အခွင့်အရေးများကို ရရှိစေရမည် ဟူသော ပြဋ္ဌာန်းချက်သည် မွေးစားကလေးငယ်သည် မဲပေးပိုင်ခွင့် ရွေးချယ်ခံပိုင်ခွင့်နှင့် အတူ တိုင်းရင်းသား နိုင်ငံသားများ၏ အခွင့်အရေး အားလုံးကိုပါ သားသမီးအရင်းများနှင့် တန်းတူ ရပိုင်ခွင့် ရှိလာကြမည် ဖြစ်ကြောင်း နိုင်ငံရေး ပါတီ ၂၆ ပါတီ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

နိုင်ငံရေး ပါတီ ၂၆ ခု အနေဖြင့် တိုင်းရင်းသား မဟုတ်၊ နိုင်ငံသား မဟုတ်သည့် ကလေးငယ်များကို တရားဝင် မွေးစားခွင့်နှင့် နိုင်ငံသား ဖြစ်ခွင့်ရရှိစေမည့် ယင်းဥပဒေ ပြင်ဆင်ချက်များကို ကန့်ကွက်ကြောင်း ဖော်ပြထားသည်။

ကလေး သူငယ်ဥပဒေကို ဆောင်ရွက်ခြင်းသည် ကလေးသူငယ်များ၏ အခွင့်အရေးကို နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်အညီ နိုင်ငံအတွင်း ရှိသည့် ကလေးသူငယ်များ၏ အခွင့်အရေး အပြည့်အဝ ရရှိရန်အတွက်သာ ဆောင်ရွက်မည့် ဥပဒေ ဖြစ်ကြောင်း ပြည်ထောင်စု ဝန်ကြီး ရှင်းပြသည်။

ဥပဒေအရ မြန်မာနိုင်ငံသား မဟုတ်သော်လည်း မွေး စားသားသမီးဖြစ်လာမည့် ကလေးသူငယ်များသည် အမွေဆက်ခံခွင့်ရသဖြင့် နိုင်ငံသားများ ဖြစ်လာနိုင်သည့် အချက်ကို စိုးရိမ်ပူပန်ကြောင်း  ဇွန်လ ၂၂ရက်နေ့က နေပြည်တော်ရှိ ကြံ့ခိုင်ရေး ပါတီမှ ဦးဆောင် ဆန္ဒဖော်ထုတ်ပွဲတွင် တက်ရောက် ဟောပြောသူ တရားလွှတ်တော် ရှေ့နေ ဦးထက်မင်းအောင်က ပြောဆိုခဲ့သည်။

ပြည်သူ့အင်အားဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးဝင်းဇော်အောင် ကလည်း “၁၉၈၂ မြန်မာနိုင်ငံသားဥပဒေအတိုင်း လိုက်နာ ဆောင်ရွက်မယ်ဆိုရင်တော့ သိပ်စိုးရိမ်စရာ မရှိဘူးလို့ ထင်ပါတယ်” ဟု ပြောသည်။

ယခု အတည်ပြုလိုက်သည့် ဥပဒေသည် ၁၉၉၃ ကလေးသူငယ် ဥပဒေကို ခေတ်ကာလနှင့် လျော်ညီစေရန် ပြင်ဆင် အစားထိုးထားသည့် ဥပဒေ ဖြစ်သည်။

ကလေးသူငယ် အခွင့်အရေး ဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်း (CRC) ကို ၁၉၉၁ တွင် လက်မှတ် ရေးထိုးခဲ့သည့် မြန်မာနိုင်ငံအနေဖြင့် ခွဲခြားဆက်ဆံမှု မရှိခြင်း၊ ကလေးသူငယ်များ၏ အကောင်းဆုံး အကျိုးစီးပွားကို အလေးထားခြင်း၊ ရှင်သန်ခွင့်၊ ရှင်သန်တိုးတက်ခြင်း၊ ကလေးသူငယ်များ၏ အမြင်ကို လေးစားခြင်း ဟူသည့် CRC ၏ အခြေခံမူများကို လိုက်နာရမည့် တာဝန်ရှိသည်။

You may also like these stories:

ဥပဒေ ပြဋ္ဌာန်းချက်အရ မွေးစားခွင့်ရ ကလေးတိုင်း နိုင်ငံသား ဖြစ်မည် မဟုတ်

ကလေးစစ်သားတဦး ကျပ် ၁၀ သိန်း အထိ တိုးမြှင့်ထောက်ပံ့ရန် စီစဉ်

တနှစ်ကိုးလအရွယ် ကလေးအား ညှဉ်းပန်းနှိပ်စက်သူများကို အရေးယူ

ခေတ်လူငယ်များ စာမဖတ်ကြ ဆိုသည့် စကား လုံးဝမမှန်ဟု ဝန်ကြီးဦးဖေမြင့်ပြော

သက်ကြီးရွယ်အို ပင်စင်ကို အသက် ၈၅ နှစ်က စ၍ ထောက်ပံ့မည်

Did you find apk for android? You can find new Free Android Games and apps.
Loading