လွန်ခဲ့သော ၃ နှစ်ခွဲခန့်အချိန်က ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်နေ အသက် ၂၈ နှစ်အရွယ် မသန္တာ(အမည်လွှဲ) ကို တရုတ်ပြည်ရှိ စပျစ်ခြံတွင် အလုပ်လုပ်ရန်ဟုဆိုပြီး တရုတ်ပြည်နှင့် အသွားအလာရှိသည့် အစ်မအရင်းဖြစ်သူက ခေါ်သွားကာ လူကုန်ကူး ပွဲစားထံတွင် ရောင်းစားခဲ့သည်။
သူသည် ပွဲစား၏ ပြည်တန်ဆာလုပ်မလား၊ တရုတ်အမျိုးသားနှင့် လက်ထပ်မလားဆိုသည့် လမ်းနှစ်လမ်းမှလွဲပြီး ရွေးချယ်စရာ မရှိတော့သည့်နောက်တွင် တရုတ်နိုင်ငံအရှေ့မြောက် အလယ်ပိုင်းဒေသရှိ ဟယ်နန်ပြည်နယ်မှ တရုတ်အမျိုးသားတဦးနှင့် ပေါင်းသင်းနေထိုင်ခဲ့ရသည်။
မသန္တာတယောက် မြန်မာနိုင်ငံရှိ မိသားစု၊ အမျိုးသားတို့နှင့် နည်းအမျိုးမျိုးဖြင့် ချိတ်ဆက်ကာ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းမှ သန်လျင်မြို့နယ်သို့ ပြန်လည်ထွက်ပြေး လွတ်မြောက်လာခဲ့သည်။ မသန္တာတယောက် တရုတ်နိုင်ငံတွင် မည်ကဲ့သို့ ရောင်းစားခံရပုံ၊ မည်ကဲ့သို့ နေထိုင်ခဲ့ရပုံနှင့် မည်ကဲ့သို့ ထွက်ပြေးလွတ်မြောက်လာပုံတို့ကို ဧရာဝတီသတင်းဌာနမှ သတင်းထောက် ထက်ခေါင်လင်းက တွေ့ဆုံမေးမြန်းထားပါသည်။
မေး။ ။ တရုတ်ပြည်မှာ အလုပ်လုပ်ဖို့အတွက် ဘယ်လိုမျိုး စတင်ချိတ်ဆက်ခဲ့လဲဆိုတာ ရှင်းပြပေးပါ။
ဖြေ။ ။ ကျမ အမျိုးသားနဲ့ ဒုတိယအိမ်ထောင်ပြုပြီး ၁ နှစ်တောင်မကြာခင်မှာ ကျမရဲ့ တဖအေ၊ တမအေထဲမွေးတဲ့ အစ်မဖြစ်သူက ညီမရေ၊ တရုတ်ပြည်မှာ အလုပ်သွားလုပ်မယ်၊ လိုက်မှာလားဆိုပြီးတော့ ပြောတယ်။ ကျမက ပိုက်ဆံ ဘယ်လောက်ပေးမှာလဲ၊ ကျမမှာ လမ်းစရိတ်လည်း မရှိဘူးဆိုတော့ နင်တို့ကို စရံငွေ ၁၀ သိန်းချပေးမယ်ပြောတယ်။ ဒါပေမယ့် သူ့ဆီက ၁၀ သိန်းမရခဲ့ပါဘူး။ စရံငွေ ကျပ် ၁ သိန်းပဲပေးထားသေးတယ်။
ကျမအမျိုးသားက မသွားခိုင်းဘူး။ ဒုက္ခရောက်မှာစိုးရိမ်လို့။ ကျမက မရောက်ဘူး၊ မတွေ့ဘူး၊ မကြုံဘူးသေးတော့ အတွေ့အကြုံသစ်ရအောင်ဆိုပြီး လိုက်သွားဖို့ ဆုံးဖြတ်လိုက်တာ။ ကျမအစ်မကိုယ်တိုင်က တရုတ်ပြည်ကို ၂ ခေါက်၊ ၃ ခေါက်လောက်ရှိပြီ။ သွားနေကြပဲ။ သူလည်း သွားလိုက်၊ ပြန်လာလိုက်ဆိုတော့ ကျမကလည်း အလုပ်လုပ်မယ်၊ ပြီးရင် ပြန်လာလို့ရမယ်ထင်ထားခဲ့တာပဲ။
ကိုယ့်အစ်မအရင်းက ကိုယ့်ကိုရောင်းစားလိမ့်မယ်လို့ ဘယ်ထင်မလဲ။ ကျမတယောက်ထဲ သွားတာမဟုတ်ဘူး။ ကျမသူငယ်ချင်းတယောက်လည်း ပါတယ်။ ကျမ တရုတ်ပြည်ရောက်ပြီး ၂ လလောက်အကြာမှာ ကျမအမျိုးသားကို ကျမအမက ငွေကျပ် ၅ သိန်းလာပေးတယ်ဆိုတာ သူနဲ့ အဆက်သွယ် ပြန်ရတော့မှ သိရတယ်။
မေး။ ။ တရုတ်ပြည်မှာ ဘာလုပ်ရမယ်လို့ ပြောလဲ။
ဖြေ။ ။ တရုတ်ပြည်မှာ စပျစ်ခြံမှာလုပ်ရမယ်လို့ပြောတာ။ စပျစ်ကို ရွေးနိုင်ရင် ရွေးနိုင်သလောက်ရတယ်၊ ပုံးအရေအတွက်နဲ့ပေးမယ်ဆိုပြီး လုပ်နိုင်တဲ့အပေါ် လုပ်နိုင်သလောက် ငွေရမယ်ဆိုလို့ လိုက်သွားလိုက်တာ။
လမ်းမှာလည်း ကားစီးရတာ ၆ ရက်လောက်စီးရတယ်။ တည်းခိုခန်းတွေမှာ တော်ရုံမအိပ်ဘူး။ ကားပေါ်မှာပဲ အိပ်ခိုင်းတာ။ တည်းခိုခန်းမှာ တညပဲ အိပ်ခဲ့ရတယ်။ တရုတ်ပြည်ထဲရောက်နေတော့ ဘယ်နေရာဆိုတာတော့ ကျမလဲ မသိဘူး။ တရုတ်ပြည်ထဲက ပွဲစားမရဲ့အိမ်ကို ညဘက် ၉ နာရီလောက်ရောက်သွားတော့ ကျမအမက အဲဒီအိမ်မှာ ထားပြီးတော့ ထွက်သွားလိုက်တာ ပြန်မလာတော့ဘူး။
ပွဲစားမက မြန်မာစကားပဲပြောတဲ့ မြန်မာမတဦးပဲ။ အဲဒီတော့ ပွဲစားမကို ကျမကမေးတယ်။ အလုပ်က ဘယ်မှာလဲ၊ အလုပ်ထဲပဲ လိုက်ပို့၊ ငါ အလုပ်လုပ်ဖို့လာတာ၊ ပြန်သင့်ရင်ပြန်ရမယ်၊ အခြေအနေကြည့်ရဦးမယ်လို့ ပြောလိုက်တယ်။ အဲဒီမှာ ပွဲစားမက နင်တို့ကို အလုပ်လုပ်ဖို့ ခေါ်လာတာမဟုတ်ဘူး။ ရောင်းစားဖို့ ခေါ်လာတာ၊ ယောက်ျားယူချင်ရင်ယူ၊ မယူရင် ပြည့်တန်ဆာလုပ်ရမယ်လို့ ပြောရော။
ကျမက ပွဲစားမကို ငါက ပြည့်တန်ဆာမလုပ်ဘူး၊ ငါက မိကောင်းဖခင်သားသမီး၊ ငါ့ကို အလုပ်လုပ်ဖို့ ခေါ်လာတာ၊ အဲဒီလို ရောင်းစားခံရမယ်ဆိုရင် အစောကြီးထဲက မလိုက်လာဘူး၊ နင်တို့ တခြားအလုပ်ခိုင်းမလားခိုင်း၊ ကျွန်လုပ်ခိုင်းမလားခိုင်း၊ ငါလုပ်မယ်ဆိုတော့ ပွဲစားမက နင်တို့အတွက် ငါပိုက်ဆံပေးထားပြီးသားလို့ပြောတယ်။
ကျမက နင်ပိုက်ဆံပေးတယ်ဆိုတာ ငါ့လက်ထဲလည်း မရောက်ဘူး၊ ၁ သိန်းပဲရောက်ခဲ့တာ။ ပွဲစားမက အဲဒါတွေ ငါမသိဘူး။ ငါက နင့်အစ်မကို ပေးလိုက်ပြီးသားလို့ ပြန်ပြောတယ်။ အိမ်ထဲကလည်း အိမ်ပြင်ပေးမထွက်ဘူး။ နောက်ဆုံး ကျမက တရုတ်ယောကျာ်းကို ယူခဲ့လိုက်ရတယ်။
မေး။ ။ တရုတ်ပြည်ထဲကိုဝင်တော့ မူဆယ်ဂိတ်မှာ နိုင်ငံကူးလက်မှတ် လုပ်ရတယ်မဟုတ်ဘူးလား။ အဲဒီဟာတွေရော အမ ဘယ်လိုဖြတ်သန်းသွားခဲ့ရလဲ။
ဖြေ။ ။ အဲဒါတွေ ကျမဘာမှမသိဘူး။ ကျမမှာ မှတ်ပုံတင်လည်းမရှိဘူး။ ဒီက ရပ်ကွက် လူကြီးထောက်ခံစာတစောင်ပဲ ပါသွားတာ။ မူဆယ်ဂိတ်ကိုတော့ ကျမမှတ်မိတယ်။ ကျမအစ်မက သူ့ဘာသာသူ အကုန်လုပ်တာ။ ကျမဘာတခုမှမသိဘူး။ ကျမတို့ရောက်တုန်းကလည်း ကားပေါ်ကကို မဆင်းရဘူး။
မေး။ ။ ဘယ်ကတရုတ်ကို ယူခဲ့လဲ။ တရုတ်ကရော အမကို ပွဲစားမဆီကနေ ဘယ်လောက်ပေးပြီး ယူခဲ့တာလဲ။
ဖြေ။ ။ တရုတ်က ပွဲစားမဆီကနေ တရုတ်ငွေ ယွမ် ၆ သောင်းပေးပြီး ကျမကို ခေါ်သွားတာ။ ဘယ်နေရာခေါ်သွားတာဆိုတာ ကျမ မသိဘူး။ နောက်ပိုင်းတော့ ကျမက အင်တာနက်ကနေ မြေပုံကို သိမ်းထားခဲ့တယ်။
အဲဒီတရုတ်အမျိုးသားနဲ့ ၃ နှစ်ကျော်လောက် ကျမပေါင်းသင်းလိုက်ရတယ်။ မြန်မာပြည်ထဲက စသွားထဲက ကျမဗိုက်ထဲမှာ ကလေး ၅ လပါသွားတယ်။ အဲဒီတရုတ်နဲ့က ကလေးတယောက်ထပ်ရတယ်။ ၂ ယောက်လုံးက ယောက်ျားလေးပဲ။ အခု ကျမထွက်ပြေးလာချိန်မှာ တရုတ်နဲ့ရတဲ့ကလေးက အသက် ၁ နှစ်ပဲရှိသေးတယ်။ ကျမပြန်လာတော့ မြန်မာကနေ ပါသွားတဲ့ ကလေးတော့ ပြန်ခေါ်လာတယ်။ တရုတ်နဲ့ရတဲ့ကလေးကို ထားပစ်ခဲ့တယ်။
မေး။ ။ တရုတ်နဲ့ လက်ထပ်လိုက်ပြီးတော့ တရုတ်က ဘယ်လိုထားလဲ။
ဖြေ။ ။ တရုတ်က ကျမကို အိမ်ဖော်တယောက်လိုပဲထားတယ်။ သူလိုချင်တာရှိတဲ့အချိန် ကျမအပေါ်ကောင်းတယ်။ သူမလိုတဲ့အချိန် ကျမက အိမ်ဖော်လိုပဲ။ တခါတလေ ခရီးလေးဘာလေး သွားတဲ့အခါ ခေါ်တတ်ပေမယ့် အများအားဖြင့် အိမ်မှာပဲထားတယ်။ အိမ်ကိုလည်း တံခါးပိတ်ထားတယ်။
သူက ဟို(ပြည်တန်ဆာ)တွေလိုပေါ့။ သူတို့လုပ်ချင်တဲ့အခါ လာသွားတယ်။ ကောင်းကောင်းမွန်မွန် ပြောဆိုတယ်။ အိမ်မှာက ကျမက ထမင်း၊ ဟင်းချက်၊ အဝတ်လျော်၊ နွားစာကျွေးနဲ့ လယ်အလုပ်တွေပါ လုပ်ရတယ်။ သူက စက်ပြင်တယ်။ တခါတခါ ခရီးသွားတယ်။
ကျမနေရတာက သူ့အဖေ၊ သူ့အမေနဲ့ နေရတယ်။ ကျမ မရောက်ခင်တုန်းက သူတို့မိဘတွေ အဲဒီအလုပ်ကို လုပ်ခဲ့တာ။ ကျမလည်းရောက်လာရော သူတို့တွေက ဘာမှမလုပ်တော့ဘူး။ ကျမမှာသာ ဒီကလေး ၂ ယောက်နဲ့ လုပ်ရတာ။
မေး။ ။ တရုတ်က အမကို တရားဝင်စာချုပ်စာတမ်းနဲ့ လက်ထပ်တာလား။
ဖြေ။ ။ ဘာမှမရှိဘူး။ သူတို့ ပွဲစားဆီကနေ ပိုက်ဆံပေးပြီး ခေါ်သွားလိုက်တာပဲ။ စာချုပ်စာတမ်း ဘာမှမရှိဘူး။
မေး။ ။ တရုတ်နဲ့ လက်ထပ်ထားတဲ့အချိန်မှာ ဘာအခက်အခဲတွေ ရှိလဲ။
ဖြေ။ ။ ကျမက တရုတ်ကို မြန်မာပြည်က အိမ်ကို အဆက်အသွယ်လုပ်ချင်တယ်ပြောတော့ တရုတ်က ပေးမလုပ်ဘူး။ ကျမဘာသာ အခုလို အဆက်အသွယ်ရအောင် လုပ်တော့ သူက ဖုန်းကိုသိမ်းတယ်။ ဖုန်းပေးမကိုင်ဘူး။ သူက ပိုက်ဆံပေးပြီး ဝယ်ထားတာတဲ့။
ကျမက ငါ့အမေ၊ ငါ့အစ်ကိုတွေရှိတယ်။ ငါမပြန်ဘူးလို့ နင့်ကိုပြောထားပြီးသား။ ငါ့ကိုဖုန်းတော့ပေးကိုင်ပြောပေမယ့် သူက ပေးမကိုင်ဘူး။ သူက ကျမကိုထွက်ပြေးရင် သတ်မှာလို့ ပြောတယ်။ အိမ်ကိုပြန်သွားလည်မယ်လို့ ပြောရင်လည်း အလည်မခံဘူး။
မေး။ ။ တရုတ်နဲ့အစ်မတို့ ဘယ်လိုစကားပြောဆိုကြလဲ။
ဖြေ။ ။ အရင် စစရောက်ချင်းကတော့ ကျမက ခေါင်းငြိမ့်ခေါင်းခါနဲ့ စကားနားမလည်ဘူးပေါ့။ အခုတော့ ကျမက တရုတ်လို စကားကို ကျွမ်းကျွမ်းကျင်ကျင် ပြောဆိုတတ်နေပြီ။ တရုတ်စာတော့ မဖတ်တတ်ဘူး။ သူတို့ပြောနေတာတွေ အကုန်နားလည်တယ်။ ပြန်ပြောတတ်တယ်။
မေး။ ။ တရုတ်က အနိုင်ကျင့် နှိပ်စက်တာမျိုးရောရှိလား။
ဖြေ။ ။ သွားသွားချင်းတုန်းက သူတို့ကျွေးတာလည်း ကိုယ်ကမစားနိုင်၊ ကိုယ့်ဘဝတခုလုံးလည်းပေးဆပ်လိုက်ရတော့ ကျမကငိုနေတယ်။ အဲဒီမှာ တရုတ်က ကျမပါးကို ဖိနပ်နဲ့ရိုက်တယ်။ နောက်တော့ ကျမက စိတ်တင်းအောင်ထားပြီး မငိုတော့ဘူး။ မသေမချင်း ငါကတော့ ငါ့မြန်မာပြည်ထဲ ပြန်ရမှာပဲလို့ စိတ်တင်းထားလိုက်တယ်။
အဲဒီမှာ ကျမ သန်လျင်က အမေတို့နဲ့ အဆက်သွယ်ရပြီး ဖုန်းပြောတဲ့အခါ ကျမနဲ့ တရုတ်တို့ စကားများတယ်။ တရုတ်က နင့်အမေမဟုတ်ဘူး။ နင့်ယောက်ျားမဟုတ်လား၊ စကားပြောစရာမလိုဘူးပြောတယ်။ ငါနင့်ကို ပိုက်ဆံပေးဝယ်ထားတာလို့ပြောတယ်။
ကျမက ငါ ယောက်ျား ရှိမှန်းသိလျက်နဲ့ နင်က ယူထားတာ။ တရားစွဲရင် နင်တောင်ထောင်ကျဦးမှာလို့ ပြန်ပြောရော။ တရုတ်ပြည်မှာ ကျမတို့နိုင်ငံကလို ဧည့်စာရင်းတွေ ဘာတွေ လာစစ်မယ်ဆိုရင် အဲဒီသူတို့နယ်က အုပ်ချုပ်ရေးတွေကို ပိုက်ဆံတွေပေးထားပြီး စစ်ကာနီးအရင်ကြိုပြောဖို့ လုပ်ထားတာ။ စစ်နေချိန် ကျမကို ဖွက်ထားတယ်။
ကျမအဲဒီမှာနေရတာ တရားဝင်နေနေရတာမဟုတ်ဘူး။ ဒါပေမယ့် ကျမက တရုတ်ပြည်ထဲမှာ သူ့ကို တည့်အောင်ပေါင်းတယ်။ သူတို့ ခိုင်းသမျှလုပ်တယ်။ သူတို့ကျွေးတာပဲစားခဲ့တယ်။ ဘာလို့လည်းဆိုတော့ မြန်မာပြည်ထဲက ထွက်သွားထဲက ကျမမှာ သားလေးပါသွားတယ်လေ။ ကျမတခုခုဖြစ်ရင် ဒီသားလေး ဒုက္ခရောက်မှာစိုးလို့။ သူတို့ရိုက်လည်း ကျမပြန်မလုပ်ခဲ့ဘူး။ ကျမကိုယ်ဝန်ပါသွားတာကို တရုတ်က ယူပြီး တလလောက်အကြာမှာသိတယ်။
မေး။ ။ တရုတ်ပြည်ကိုရောက်ရောက်ခြင်း အဓိက စိန်ခေါ်မှုတွေက ဘာတွေဖြစ်တယ်လို့ထင်လဲ။
ဖြေ။ ။ ကိုယ်က အလုပ်လုပ်ဖို့ သွားတာ။ နောက်ဆုံးတော့ တရုတ်နဲ့ ယူလိုက်ရတယ်ပေါ့။ အဲဒီရောက်နေတဲ့ မြန်မာအချင်းချင်း ပြောကြတာရှိတယ်။ အလုပ်လုပ်လည်း ဘဝက ပျက်မှာပဲ။ ယောက်ျားယူလည်း ဘဝက ပျက်မှာပဲတဲ့။ ကျမကို ကလေးပါတဲ့အတွက် တခုခုတော့ စဉ်းစားပေါ့လို့ ပြောကြတယ်။ ပွဲစားတွေက ဒီကလေးကို ရောင်းစားဖို့အထိ ပြောတယ်။ ကျမက ဘယ်ရောင်းမလဲ။ ကျမတို့ မြန်မာသွေးလေ။ တရုတ်လက်ထဲ ဘယ်လိုလုပ်ရောင်းမလဲ။
မေး။ ။ အစ်မနဲ့အတူသွားခဲ့တဲ့ သူငယ်ချင်းတယောက်ကရော အခု ဘယ်လိုအခြေအနေရှိတယ်လို့ သိထားလဲ။
ဖြေ။ ။ သူကတော့ အခု ပြန်မလာတော့ဘူး။ တရုတ်မယား အစစ်ဖြစ်သွားပြီ။ သူ့ကိုဝယ်ပေါင်းတဲ့သူက ကောင်းတယ်။ သူ့ကိုကြင်နာတယ်၊ ဂရုစိုက်တယ်။ အဲဒီအတွက် သူက ပြန်မလာတော့ဘူး။ ကျမကသာ ကိုယ့်အပေါ် မကောင်းတဲ့ယောက်ျားဖြစ်တော့ ကိုယ့်တောမှာ မရှိရှိတာလုပ်စားမယ်ဆိုပြီး ကျမပြန်လာတာ။ ပြန်လာတော့လည်း ခိုးလမ်းက ပြန်လာရတော့ အန္တရာယ်၊ ဒုက္ခတော့ ကြုံရတာပေါ့။ သူနဲ့က အခုချိန်အထိ We Chat မှာ အဆက်သွယ်ရှိနေဆဲပဲ။
မေး။ ။ အဲဒီမှာ နေနေစဉ် စိတ်ခံစားချက်တွေ ဘယ်လိုဖြစ်နေခဲ့လဲ။
ဖြေ။ ။ ကျမက ပြန်လာချင်နေတယ်။ တရုတ်က ပြန်မလွှတ်ဘူး။ တခါတလေ ကိုယ့်ဘာသာကျိတ်ငိုရတာလည်းရှိတယ်။ နှစ်ပတ်တခါလောက်တော့ အဲဒီလို အမြဲဖြစ်ခဲ့တယ်။ အိမ်ကိုလည်း လွမ်းတယ်။ တရုတ်ကလည်း ကိုယ့်အပေါ် မကောင်းတာကြောင့်လည်းပါတယ်။
မေး။ ။ အခုလို ပြန်လာဖို့ကို ဘယ်လိုကြိုးစားခဲ့လဲ။
ဖြေ။ ။ အရင်တုန်းက ကျမ အပြင်သွားရင် ထွက်ပြေးဖို့ ကြိုးစားတယ်။ ကားပေါ်ကို တက်ပြေးတာပေါ့။ ကံဆိုးချင်တော့ တရုတ်ယောက်ျားရဲ့ သူငယ်ချင်းကားပေါ် တက်လိုက်သလိုဖြစ်ရော။ အဲဒီမှာ ကားသမားက အဲဒီတရုတ်ယောက်ျားဆီ ဖုန်းလှမ်းဆက်တော့ လာပြန်ခေါ်သွားတယ်။
ပြီးတော့ ကျမကို ရိုက်ရော။ မနက်ကနေ နေ့ခင်းလောက်အထိ ရိုက်တာ။ အဲဒီအချိန်က ကျမဗိုက်ထဲမှာ တရုတ်နဲ့ရတဲ့ ကလေးကို ၃ လလောက် ကိုယ်ဝန်ဆောင်ထားချိန်ဆိုတော့ မျက်နှာကိုပဲ ဖိနပ်နဲ့ရိုက်တယ်။ ကျန်တာတွေတော့ မရိုက်ဘူး။
နောက်ပိုင်းကျမက We Chat ကနေ ပွဲစားမတယောက်နဲ့ ချိတ်ဆက်မိတယ်။ အဲဒီပွဲစားမကို ပိုက်ဆံပေးပြီး ရန်ကုန်က အိမ်နဲ့ ပြန် အချိတ်အဆက်ရအောင် လုပ်ခိုင်းတယ်။ အဲဒီလို ချိတ်ပေးဖို့ မြန်မာငွေ ၅ သိန်းလောက် ကျမကုန်ခဲ့တယ်။ ချိတ်ဆက်ပေးတဲ့ ပွဲစားမက ကျမကို တရုတ်နဲ့ရောင်းစားတဲ့သူမဟုတ်ဘူး။
သူ့ယောက်ျားက ဒီသန်လျင်ဘက်မှာ ကယ်ရီဆွဲနေတဲ့သူ ဆိုတော့ အိမ်နဲ့ ချိတ်ဆက်ပေးလို့ ရတာပေါ့။ အဲဒီမှာ ကျမက သန်လျင်က ကျမယောကျာ်းကို ငါတော့ ဒီမှာ အရောင်းစားခံနေရတယ်၊ နင် အမှုသွားဖွင့်ထားပြီး ငါ့ကို ပြန်လာခေါ်ဆိုပြီး အချိတ်အဆက်လုပ်တယ်။
ဒီကရဲတွေက တရုတ်ပြည်ဘက်ကို စာပို့ထားတယ်လို့ သိရတယ်။ ဒါပေမယ့် စာလဲမလာ၊ လူလည်း လာမကယ်ဘူး။ အဲဒါနဲ့ ကိုယ့်ဘာသာကိုယ် ထွက်ပြေးဖို့ လုပ်တယ်။ တရုတ်ယောက်ျားရဲ့ အမေက ဆေးရုံမှာ ဒူးခေါင်းနာနေလို့ ဆေးသွားထိုးရမယ့် ဟာရှိတယ်။ အဲဒီနေ့ မနက်ထဲက ကျမက တရုတ်တက္ကစီတစီးကို ဖုန်းဆက်ပြီး ဆေးရုံရှေ့မှာ စောင့်နေခိုင်းထားတယ်။
နေ့လည် ၁၂ နာရီလောက်မှာ ကျမက ဒီကနေပါသွားတဲ့ကလေးလက်ကို ဆွဲပြီး အဲဒီတက္ကစီကားပေါ်တက်ပြီး ထွက်ပြေးလာခဲ့တယ်။ ညနေပိုင်းလောက်မှာ တရုတ်အိမ်နဲ့ ဝေးသွားပြီ ဖြစ်တဲ့အတွက် ကားပေါ်ကဆင်းနေခဲ့တယ်။ အဲဒီကနေ နောက်တ က္ကစီကားတစီး ထပ်စီးပြီး ထွက်သွားပြန်တယ်။
နေရာတွေတော့ ကျမက တရုတ်စာမဖတ်တတ်တော့ မသိဘူး။ အဲဒီညမှာ ခပ်သေးသေး တည်းခိုခန်းလေးတခုမှာ အိပ်လိုက်တယ်။ ဒီက ယောက်ျားကိုလည်း မူဆယ်မှာ လာစောင့်ဖို့ ပြောထားပြီးသား။ ကျမ တရုတ်အိမ်ကနေ ထွက်ပြေးလာပြီး မူဆယ်ရောက်တဲ့အထိ လမ်းမှာ ၂ ည တည်းခိုခန်းတည်းရတယ်။
မေး။ ။ အမ အခုလို ထွက်ပြေးလာတဲ့အခါ စရိတ်ကို ဘယ်လိုလုပ်လဲ။ တရုတ်အမျိုးသားက အမကို ပိုက်ဆံလက်ထဲ ထည့်ပေးထားလို့လား။ အိမ်စရိတ်ကို ပုံမှန်ပေးတာမျိုးပေါ့။
ဖြေ။ ။ တရုတ်က တခါတလေ ကလေးမုန့်ဖိုး တရုတ်ငွေ ၁၀၀၊ ၂၀၀ မျိုးတော့ ပေးတတ်တယ်။ အဲဒီထဲကနေ ကလေးကို ၁၀ ကျွေး၊ ကိုယ်က ၉၀ စုပေါ့။ နောက်ပြီး တရုတ်နဲ့ရတဲ့ကလေး မီးဖွားတုန်းကလည်း မီးဖွားစရိတ်က ပိုတဲ့ဟာတွေကို ကျမက ဆွဲကြိုးလုပ်ဝတ်ထားတယ်။
တရုတ်က ကျမလက်ထဲ ငွေများများ တွေ့ရင် ပြန်သိမ်းသွားတယ်။ သူမသိအောင်ထားရတယ်။ ၂ ခါလောက် ကျမလက်ထဲ ငွေများများ တွေ့သွားလို့ သူပြန်သိမ်းတာခံ လိုက်ရဖူးတယ်။ အခု ပြန်လာတာမှာလည်း အဲဒီ ခိုးစုထားတဲ့ငွေလေးနဲ့ ဆွဲကြိုးကို ပြန်ရောင်းပြီး စရိတ်လုပ်လာရတာပဲ။
မေး။ ။ ဟိုဘက်မှာ တရုတ်နဲ့ လက်ထပ်ထား လိုက်ရတဲ့အတွက် ဒီဘက်က အမအမျိုးသားကရော အမအပေါ်မှာ ဘယ်လိုသဘောထားရှိလဲ။
ဖြေ။ ။ ကောင်းပါတယ်။ ကျမအမျိုးသားက ကျမအပေါ် နားလည်ပေးတယ်။ ကျမပြန်လာတာကိုပဲ သူက ပျော်နေတာ။ ဘာလို့လည်းဆိုတော့ တရုတ်ယောကျာ်းက တမင်သက်သက် သွားယူထားတာမှမဟုတ်တာ။ အတင်းရောင်းစားခံရပြီးတော့မှ ပေါင်းသင်းနေခဲ့ရတာကိုး။
အခု ကျမပြန်ရောက်တာ ရက်ပိုင်းပဲရှိသေးပေမယ့် အရင်အတိုင်းပဲ ပုံမှန်ဆက်ဆံတယ်။ ဆိုးသည်ကောင်းသည် ဘာတခုမှမပြောဘူး။ ကျမမှာ ဒီတသက် ပြန်ကိုမတွေ့ရတော့ဘူးလို့ ထင်ထားတာ။ အခုလို ရောက်လာတော့ ကျမလည်း ပျော်တာပေါ့။
မေး။ ။ မြန်မာပြည်မှာလည်း အခုအမျိုးသားနဲ့ တနှစ်လောက် ပေါင်းသင်းခဲ့ရတယ်။ တရုတ်နဲ့လည်း ၃ နှစ်ကျော်လောက် ပေါင်းသင်းခဲ့ရတယ်။ သူတို့ ၂ ယောက်မှာ စိတ်ဓာတ်ရေးရာ အကျင့်စရိုက် ဘာတွေကွာခြားတာတွေ့ရလဲ။
ဖြေ။ ။ ကိုယ့်မြန်မာလူမျိုးကတော့ ကောင်းတာပေါ့။ တရုတ်က အပြစ်မရှိ အပြစ်ရှာချင်တယ်။ လူတဖက်သားကို နှိမ်ပြီးတော့ ပြောတယ်။ လက်တုံ့ပြန်တယ်။ မြန်မာပြည်က ယောက်ျားက ကျမနဲ့ ပေါင်းသင်းခဲ့တုန်းကရော အခု ပြန်လာချိန် အထိရော တခါမှ ဆဲလည်းမဆဲဘူး။ လက်နဲ့လည်း တုံ့ပြန်တာမရှိခဲ့ဘူး။ အခုလိုဖြစ်ပျက်ခဲ့တာတွေက ကိုယ့်ကိုကိုယ်ပဲ အပြစ်တင်တယ်။ ယောက်ျား လုပ်သူ၊ ဆွေမျိုးတွေက တားထဲကြားထဲက ကိုယ်က အတင်းသွားခဲ့တာ။
You may also like these stories:
မြန်မာအပါအဝင် ရောင်းစားခံ အမျိုးသမီး ၁၁၀၀ကျော် တရုတ်ရဲတပ်ဖွဲ့ ကယ်တင်နိုင်ခဲ့
မြန်မာ မိန်းကလေးများကို တရုတ်ဇနီးအဖြစ် ရောင်းစားသူ ၂ ဦး ဖမ်းမိ