ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်မှ တရုတ်နိုင်ငံသို့ လူကုန်ကူးခံခဲ့ရသည့် အမျိုးသမီးအတွက် အမှုဖွင့် ဆောင်ရွက်နိုင်ရန် ပြင်ဆင်နေပြီဖြစ်ကြောင်း ရန်ကုန်တိုင်း၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေးရဲတပ်ဖွဲ့(လူကုန်တား) မှ သိရသည်။
အသက် ၂၈ နှစ်အရွယ် မသန္တာ(အမည်လွှဲ)သည် တရုတ်ပြည်သို့ အသွားအလာရှိသည့် အစ်မအရင်းဖြစ်သူကိုယ်တိုင် တရုတ်နိုင်ငံတွင်ရောင်းစားခဲ့သဖြင့် တရုတ်နိုင်ငံ အရှေ့မြောက် အလယ်ပိုင်းရှိ ဟယ်နန်ပြည်နယ်မှ တရုတ်အမျိုးသားနှင့် အဓမ္မလက်ထပ်လိုက်ရကာ ၃ နှစ်ခွဲခန့် နေထိုင်ခဲ့ရပြီးနောက် ပြန်လည်ထွက်ပြေးလွတ်မြောက်လာသူဖြစ်သည်။
ယခုအချိန်တွင် သန်လျင်မြို့နယ်ရှိ နေအိမ်သို့ ပြန်ရောက်နေပြီဖြစ်ကြောင်း ကြားသိရသဖြင့် ၎င်းကိုဆက်သွယ်ကာ အမှုဖွင့်နိုင်ရန် ပြင်ဆင်နေပြီဖြစ်ကြောင်း၊ အမှုဖွင့်ရာတွင်လည်း ရန်ကုန်ရှိ သက်ဆိုင်ရာ နယ်မြေစခန်းတွင်သာ အမှုဖွင့်သွားမည်ဟု ရန်ကုန်တိုင်းလူကုန်တားရဲတပ်ဖွဲ့မှ ရန်ကုန်တောင်ပိုင်းခရိုင်တာဝန်ခံ ဒုရဲအုပ် နိုင်ဇော်လှက ပြောသည်။
ဒုရဲအုပ် နိုင်ဇော်လှက “ကျနော်တို့လည်း လူကုန်ကူးခံရတဲ့ ကာယကံရှင် ပြန်ရောက်နေပြီဆိုတာကို နယ်မြေခံ ပြည်သူတချို့က သတင်းပို့ပေးထားတာ ရှိတယ်။ ပြီးခဲ့တဲ့လပိုင်းကလည်း သူ့အမျိုးသားကနေတဆင့် We Chat ကနေ သူဘယ်လိုကြုံတွေ့ရတယ်ဆိုတာကို ကျနော်တို့မေးမြန်းထားချက်တွေကို ရှမ်းပြည်နယ်၊ မူဆယ်က လူကုန်တားရဲတပ်ဖွဲ့ကို ပေးပို့ထားတာရှိတယ်။ အခု ကျနော်တို့ အဲဒီအမျိုးသမီးနဲ့ ချိတ်ဆက်ပြီးတော့ အမှုဖွင့်ဆောင်ရွက်ဖို့ လုပ်နေပါတယ်” ဟု ဆိုသည်။
မသန္တာကို တရုတ်နိုင်ငံရှိ စပျစ်ခြံတွင် အလုပ်လုပ်ရမည်ဆိုပြီး အစ်မအရင်းဖြစ်သူက ခေါ်သွားပြီးနောက် မြန်မာစကားပြောနိုင်သည့် မြန်မာလူမျိုးပွဲစားမတဦးထံ ရောင်းစားခဲ့ကြောင်း၊ ပြည့်တန်ဆာ အလုပ် မလုပ်လျှင် တရုတ်အမျိုးသားနှင့် လက်ထပ်ရမည်ဟု ရွေးချယ်ခိုင်းကြောင်း၊ မိမိမှာ ရွေးချယ်စရာမရှိတော့သည့်အတွက် တရုတ်အမျိုးသားက ပွဲစားထံတွင် ယွမ်ငွေ ၆ သောင်း(ကျပ် ၁၂၈ သိန်းကျော်) ဖြင့် ဝယ်ယူသွားခဲ့ကြောင်း လူကုန်ကူးခံခဲ့ရသည့် မသန္တာက ဧရာဝတီကို ပြောသည်။
မတရုတ်ပြည်တွင် တရုတ်အမျိုးသားနှင့် ပေါင်းသင်းနေထိုင်စဉ် အိမ်ဖော်ကဲ့သို့သာထားပြီး သူအလိုရှိသည့်(ပြည်တန်ဆာကဲ့သို့ ပြုလုပ်သည့်) အချိန်များတွင်သာ ကောင်းမွန်စွာ ဆက်ဆံပြောဆိုကြောင်း၊ မိမိအနေဖြင့် အိမ်မှုကိစ္စများအပြင် နွားစာကျွေးရခြင်း၊ လယ်လုပ်ရခြင်းများပါ လုပ်ကိုင်ခဲ့ရကြောင်း သူက ဆက်ပြောသည်။
မိမိတရုတ်ပြည်ထွက်သွားစဉ်က မြန်မာပြည်မှ အမျိုးသားနှင့်ရသည့် ကိုယ်ဝန်ကို ၅ လမျှ လွယ်ထားရချိန်ဖြစ်ပြီး ၃ နှစ်ကျော် တရုတ်အမျိုးသားနှင့် ပေါင်းသင်းနေထိုင်ခဲ့ရာတွင်လည်း သားတယောက် ထပ်မံရရှိခဲ့ကြောင်း၊ ထွက်ပြေးလာချိန်တွင် မြန်မာအမျိုးသားနှင့်ရထားသည့် သားကိုသာ ပြန်ခေါ်လာခဲ့ပြီး တရုတ်အမျိုးသားနှင့် ရသည့်သားကို ထားပစ်ခဲ့သည်ဟု သူက ဆိုသည်။
မသန္တာက “ကျမကို အဲဒီတရုတ်ယူထားတာ ဘာမှ စာချုပ်စာတမ်းနဲ့ ယူထားတာမဟုတ်ဘူး။ ပွဲစားဆီကနေ ဝယ်သွားတာ။ အဲဒီအတွက် ကျမက ဟိုမှာ တရားမဝင်နေရတာ။ တခါတခါ ဧည့်စာရင်းလိုမျိုး လာစစ်တဲ့အခါ ကျမကို ဖွက်ထားတယ်။ အဲဒီရောက်နေတဲ့ မြန်မာအချင်းချင်း We Chat မှာ ပြောကြတာရှိတယ်။ ဒီတရုတ်ပြည်မှာ အလုပ်လုပ်လည်း ဘဝပျက်တာပဲ။ တရုတ်နဲ့ယူလည်း ဘဝပျက်တာပဲဆိုတာ” ဟု ဆိုသည်။
တရုတ်ပြည်မှ ထွက်ပြေးလာစဉ် ပါလာသည့် မြန်မာအမျိုးသားနှင့် ရခဲ့သည့် သားကလေးသည် ယခုအချိန်တွင် ၃ နှစ်အရွယ်သို့ ရောက်ရှိလာသော်လည်း တရုတ်ပြည်တွင်သာ ကြီးပြင်းခဲ့ရသည့်အတွက် မြန်မာစကားကို နားမလည်သေးကြောင်း၊ ပြန်လာသည်မှာ ရက်ပိုင်းဖြစ်သော်လည်း နောက်ပိုင်းတွင် မြန်မာစကားကို ပြန်လည်လေ့ကျင့် ပေးရမည်ဖြစ်ကြောင်း သူက ဆက်ဆိုသည်။
ယခုလို တရုတ်အမျိုးသားဖြင့် ပေါင်းသင်းလိုက်ရသော်လည်း မဖြစ်မနေ အခြေအနေအရ ပေါင်းသင်းလိုက်ရသည့်အတွက် အပြစ်မတင်ကြောင်း၊ သူ့လွတ်မြောက်ရေးကိုပင် မိမိကိုယ်တိုင်က အဆက်အသွယ်ရပြီးနောက်ပိုင်း အင်တိုက်အားတိုက် ဆောင်ရွက်ခဲ့ကြောင်း မသန္တာ၏ အမျိုးသားက ပြောသည်။
မသန္တာ၏ အမျိုးသားက “ကိုယ့်နိုင်ငံက အမျိုးသမီးတွေကို ကိုယ်ကျိုးကြည့်ပြီး အခုလို မတရားလူကုန်ကူးနေတာတွေကို အစိုးရအနေနဲ့ ထိထိရောက်ရောက် လုပ်စေချင်တယ်။ ကျနော့်အမျိုးသမီးကို ကျနော် တချက်အပြစ်မတင်ဘူး။ သူပြန်လာတာကိုပဲ ကျနော်က ကျေနပ်နေတာ။ ဒီလို ကျနော်တို့နိုင်ငံက အမျိုးသမီးတွေ ဘယ်လောက်တောင်မှ အခုလိုခံနေရလဲဆိုတာ မသိနိုင်ဘူး။ ကျနော် စာမတတ်ပါဘူး။ ဒါပေမယ့် ဒီလို လူတွေကို အသုံးချနေတာ လုံးဝလက်မခံဘူး” ဟု ဆိုသည်။
ရန်ကုန်တိုင်းဒေသကြီးအနေဖြင့် လူကုန်ကူးမှု တိုက်ဖျက်ရေးလုပ်ငန်းကို ၂၀၀၆ ခုနှစ်ကတည်းက စတင်ဆောင်ရွက်လာခဲ့ရာ ယခင်က လှိုင်သာယာ၊ ရွှေပြည်သာ၊ မြောက်ဥက္ကလာ၊ မင်္ဂလာဒုံ စသော မြို့နယ်များတွင် အမှု အများစု ဖြစ်ပျက်ခဲ့သော်လည်း ၂၀၁၈ ခုနှစ်နောက်ပိုင်းတွင် တကြိမ်တခါမှ မဖြစ်ခဲ့ဖူးသည့် သန်လျင်မြို့နယ်အပါအဝင် ရန်ကုန်၊ တောင်ပိုင်းခရိုင်တွင် လူကုန်ကူးမှု ဖြစ်စဉ်များ ပေါ်ပေါက်လာခဲ့ကြောင်း ရန်ကုန်တိုင်း၊ လူကုန်ကူးရဲတပ်ဖွဲ့မှ ရဲမှူး ခင်မောင်ကြွယ်က ဧရာဝတီကို ပြောခဲ့ဖူးသည်။
ထိုကဲ့သို့ ဖြစ်ပျက်လာခြင်းသည် လူကုန်ကူးမှုဖြစ်စဉ် များပြားနေသည့် ဒေသကို ဖိဖိစီးစီး တားဆီးဆောင်ရွက်လာသည့်အတွက် လူကုန်ကူးသူများက နယ်မြေစားကျက်ပြောင်းလာသည့် သဘောမျိုးတွေ့လာရသည်ဟု သူက ဆက်ပြောသည်။
မြန်မာတနိုင်ငံလုံးတွင် ၂၀၁၉ ခုနှစ် ဇန်နဝါရီလမှ မေလအတွင်း လူကုန်ကူးမှု ၁၀၃ မှုဖြစ်ခဲ့ရာ တရားခံပေါင်း ၂၇၃ ဦးကို ဖမ်းဆီးနိုင်ခဲ့ပြီး လူကုန်ကူးခံရသူ ၁၃၈ ဦးကို ကယ်ဆယ်နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံ လူကုန်ကူးမှုတားဆီးကာကွယ်ရေး ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်များအရ သိရသည်။
You may also like these stories:
မြန်မာ့လူကုန်ကူးမှုပြဿနာ စိုးရိမ်ဖွယ်ရှိနေ
မြန်မာအပါအဝင် ရောင်းစားခံ အမျိုးသမီး ၁၁၀၀ကျော် တရုတ်ရဲတပ်ဖွဲ့ ကယ်တင်နိုင်ခဲ့
စက်မချုပ်ချင်ဘူး၊ ပြည့်တန်ဆာပဲ လုပ်ချင်တယ်
လုပ်ငန်းခွင်မှာ လုံခြုံမှုရှိဖို့လိုတယ်