နေပြည်တော်၊ ဇဗ္ဗူသီရိ မြို့နယ်ရှိ Wisdom Hill ပုဂ္ဂလိက ကျောင်းတွင် အသက် ၃ နှစ် မပြည့်သေးသည့် မိန်းကလေးငယ်တဦး လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် ခံရသည်ဟုဆိုကာ တိုင်တန်းထားသည့် အမှုတွင်ဖမ်းဆီးထားသည့် တရားခံဟုယူဆရသူကို တရားစွဲတင်ရန် အထောက်အထား မရှိသည့် အတွက် ပြန်လွှတ်ထားကြောင်း ရဲမှူးကြီး မင်းဟန်က ပြောသည်။
ဇွန်လ ၂၈ ရက်က နေပြည်တော်ရှိ Hilton Hotel တွင်ပြုလုပ်သည့် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေး ထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာ ရှင်းလင်းခြင်းအလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်လာစဉ် ဧရာဝတီ၏ မေးမြန်းမှုကို အထက်ပါအတိုင်း ပြန်လည် ဖြေကြားခဲ့သည်။
ရဲတပ်ဖွဲ့ ဌာနချုပ်မှ ရဲမှူးကြီး မင်းဟန်က “တရားစွဲတင်ဖို့က အထောက်အထား မရှိသေးလို့ တရားခံကို ပြန်လွတ်ထားတဲ့ သဘောပါ။ ဒါကတော့ မှုခင်းရဲတပ်ဖွဲ့က စုံစမ်း စစ်ဆေးနေဆဲပဲ” ဟု ဧရာဝတီသို့ ပြောသည်။
အမှုမှန်ပေါ်ပေါက်ရန်အတွက် မှုခင်းရဲတပ်ဖွ့ဲ မှ ဆက်လက်၍ စုံစမ်း စစ်ဆေးနေဆဲ အချိန်ဖြစ်ကြောင်း၊ တရားခံ အမှန်ကိုဖော်ထုတ်နိုင်ပါက အမှုမှန် အခြေအနေကို ပြောကြားသွားမည် ဖြစ်ကြောင်း ရဲမှူးကြီးမင်းဟန်က ဆိုသည်။
နေပြည်တော်တွင် ဖွင့်လှစ်ထားသည့် Wisdom Hill အမည်ရှိ ပုဂ္ဂလိက မူကြိုကျောင်းတခုတွင် တက်နေသည့် အဆိုပါ ကျောင်းသူကလေးငယ်မှာ မေလ ၁၇ ရက်နေ့က လိင်အကြမ်းဖက်ခံရမှုဖြင့် ထိုကလေးငယ်၏ မိခင် ကိုယ်တိုင်လာရောက် အမှုဖွင့်ကြောင်း ရဲတပ်ဖွဲ့ကပြောထားသည်။
အဆိုပါ ဖြစ်ပွားခဲ့သည့် မဖွယ်မရာပြုကျင့်ခံရမှုမှာ တလကျော်လာပြီ ဖြစ်ပြီး လက်ရှိအချိန် အထိ တရားခံကို ဖမ်းဆီးနိုင်ခြင်း မရှိသေးသည့် အပြင် တရားခံဟု ယူဆရသည့် ဖမ်းဆီးထားသူကိုပါ အချိန်တလခန့် ကြာမြင့်ချိန်အတွင်း တရား စွဲတင်ရန် အထောက်အထား မခိုင်မာသည့် အတွက် ပြန်လွှတ်ခဲ့သဖြင့် ဝေဖန်မှုများ ရှိသည်။
အဆိုပါ လိင်အကြမ်းဖက်ခံရမှုဖြစ်စဉ်မှာ လူမှုကွန်ရက် စာမျက်နှာတွင် ပိုးဖြူဆိုသည့် အကောင့်ပိုင်ရှင်ထံမှ စတင်ပျံ့နှံ့လာပြီးနောက် သတင်းမီဒီယာများမှတဆင့် လူအများ စိတ်ဝင်စားမှု မြင့်တက်ခဲ့ပြီး CID ၏ စစ်ဆေး ပေါ်ပေါက်ချက်မှာ တရားခံ အစစ်အမှန်နှင့် မည်သည့် နေရာတွင် ဖြစ်ပွားခဲ့သည့်ဆိုသည့် အဖြေကို စိတ်ဝင်စားနေကြလျက်ရှိသည်။
ရဲမှူးကြီး မင်းဟန်က “ ကလေးရဲ့ အနေအထား ၊ အခြေအနေ ရှိသေးတယ်။ ပြောပြလို့ မရတဲ့ အနေအထားဖြစ်နေလို့ မပြောတာပါ” ဟု ဆိုသည်။
တရားခံဟု ယူဆရသည့် အမျိုးသားတဦးကိုလည်း မေလ ၃၀ ရက်နေ့ကစပြီး CID မှ စတင်စစ်ဆေးမှုများပြုလုပ်ခဲ့ပြီး၊ ဇွန်လ ၂၄ ရက် နေ့တွင် တရားစွဲဆိုရန် အထောက်အထား မခိုင်လုံသည့်အတွက် ပြန်လွှတ်လိုက်ခြင်း ဖြစ်သည်။
တရားခံဟု ယူဆရသူကို ဖမ်းဝရမ်း မပါဘဲ ၂၄ နာရီ (၁ ရက်) ထက်ကျော်ပြီး ချုပ်ထား၍ မရကြောင်း၊ ၂၄ နာရီထက်ကျော်၍ ဖမ်းချုပ်လိုပါက ရာဇဝတ် တရားသူကြီး တယောက်ထံမှ ရမန် ယူရကြောင်း၊ ရမန်ကြီး ၁ ပတ်လျှင် ၁၄ ရက်ရှိပြီး ရာဇဝတ် ကျင့်ထုံး ဥပဒေတွင် ရမန် ၂ ပတ်ယူ၍ ရကြောင်း၊ ရမန်၂ ပတ်ထက် ကျော်၍ လူတယောက်ကို ချုပ်ထားခွင့်မရှိကြောင်း ပျဉ်းမနား မြို့တရားလွှတ်တော် ရှေ့နေဦးခင်မောင်ဇော် ကပြောသည်။
၎င်းက “ရာဇဝတ်မှုတွေမှာ အမှုမှန်တယ်။ တရားခံမှားတယ်ဆိုတာမျိုးတွေ ရှိတယ်။ အမှုမှန်တယ်၊ နားလည်မှု အကြောင်းအရာမှားတယ်။ အမှု ကတော့ အမှန်ပဲ တရားခံကို အတိအကျ ရုံးပေါ်ကို တင်နိုင်လောက်အောင် မရှိဘူးလို့ ယူဆသေးတဲ့ အတွက်ကြောင့် လွှတ်ထားတယ်လို့ ယူဆပါတယ်” ဟု ဆက်ပြောသည်။
ထိုသို့ အမှုကြန့်ကြာနေမှု အပေါ် အမျိုးသမီးနှင့် ကလေး သူငယ်များဆိုင်ရာ အခွင့်အရေးလှုပ်ရှားသူများ၊ နေပြည်တော်အသိုင်းအဝိုင်းမှသူများနှင့် အဆိုပါကျောင်းတွင် ထားရှိသည့် ကလေးမိဘများက အမှုအခြေအနေ မည်သည့် အနေအထား ရောက်နေသည်ကို အစဉ် တစိုက် နားစွင့်နေကြသည်။
CID အနေဖြင့် သံသယ ရှိသည်ဟု ယူဆရသူကို ပြန်လွှတ်လိုက်သည့် အပေါ် မှတ်ချက်မပေးလိုကြောင်း၊ သို့သော် စစ်ဆေးနေဆဲ ကာလအတွင်း၌ နောက်ထပ် ဖြစ်နိုင်ချေ ရှိသူဆိုသည့် အချက်ကို စစ်ဆေးရန် လိုအပ်ကြောင်း၊ ယခုဖြစ်ပွားခဲ့သည့် ဖြစ်စဉ်မှာ ဧရိယာ မကျယ်ဝန်း သဖြင့် အမှုတွင် ပါဝင်ပတ်သက်နေသူလည်း မများကြောင်း အမျိုးသမီးနှင့် ကလေး သူငယ်များဆိုင်ရာ အခွင့်အရေးလှုပ်ရှားသူ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုးက ဆိုသည်။
၎င်းက “နုနယ်တဲ့ ကလေးနဲ့ ကလေး မိဘတွေ ဘက်က စဉ်းစားကြည့်မယ်ဆိုရင် ဘာနဲ့မှ ဆိုဖွယ်ရာ မရှိဘူးလေ။ စိတ်ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာမှာပါ အစားထိုးလို့ မရတော့တာ ” ဟုပြောသည်။
အနုပညာရှင်တဦးဖြစ်သူ အဆိုတော်လင်းလင်းက
“ထိုးသွင်းအရာနဲ့ သုတ်ပိုးတွေ့ရှိတယ်လို့သိရတဲ့ ဒီသက်ငယ်မုဒိန်းကိစ္စမှာ တာဝန်ရှိပြီးတာဝန်ပေါ့တဲ့လူတွေ၊ အမှန်ကိုသိပြီး ဝင်မပါရဲတဲ့လူတွေ၊ ခင်ဗျားတို့သားသမီးများဖြစ်ခဲ့ရင်၊ သားသမီးမရှိရင်လည်း ခင်ဗျားတို့မိဘ ၂ နှစ် ၁၁ လအရွယ်မှာများ ဒီလိုကြုံခဲ့ရင်ဆိုတဲ့အတွေးနဲ့ အိပ်ပျော်နိုင်ကြပါစေ။ အစကတော့ ကျနော်တို့က ဝန်းရံရုံသက်သက်ပါ။
အခုတော့ ကျနော် ဆုံးဖြတ်ထားတယ်။ ထုတ်ပြန်လာမယ့် အမှုအခြေအနေ နဲ့ သတင်းကိုနားစွင့်ပါမယ်။ လိုအပ်သလို ကိုယ်ရောစိတ်ရော ရေဆုံးမြေဆုံး ဝင်ပါပါမယ်။ ဒီအမှုကို ဝင်ပါတာဟာ လက်ခုတ်သံတောင်းတာ မဟုတ်ဘူး” ဟု ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာထက်တွင် ရေးသားဖော်ပြထားသည်။
ယခု အမှုနှင့် အဓိက သက်ဆိုင်နေသည့် Wisdom Hill ပုဂ္ဂလိက ကျောင်းအုပ် ဦးပညာက အမှုနှင့် ပတ်သက်၍ ကျောင်းဘက်မှ အပြည့်အဝ ပူးပေါင်းဆောင်ရွက်နေကြောင်း၊ ကျောင်းဘက်မှ ဝန်ထမ်းအပါအဝင် အမှုနှင့် ဆက်စပ်သည်ဟု ယူဆရသည့် လူ၂၀ ခန့်ကို ဇွန်လ ၁၇ ရက်မှစ၍ ခေါ်ယူစစ်ဆေးပြီး ဖြစ်ကြောင်း၊ ရဲတပ်ဖွဲ့က ဆရာမ၊ ယာဉ်မောင်း နှင့် ကျောင်းကြီးကြပ်ရေးမှူးတို့ကို ခေါ်ယူစစ်ဆေးပြီး ဖြစ်ကြောင်း၊ အမှုမှန် ပေါ်ပေါက်ရန်အတွက် ပူးပေါင်း ပါဝင်ဆောင်ရွက်နေကြောင်း ဧရာဝတီသို့ ပြောကြားထားသည်။
ထိုသို့ လူများ စိတ်ပါဝင်စားမှု မြင့်တက်လာသည့် ၎င်းအမှုကို ဇွန်လ ၃ ရက်နေ့တွင် CID က လွှဲပြောင်းရယူခဲ့ပြီး ယင်းအမှုနှင့် ပတ် သက်၍ (ပ) ၇၉/ ၂၀၁၉ ၊ ရာဇသတ်ကြီး ပုဒ်မ ၃၇၆/ ၅၁၁ ဖြင့် အမှုဖွင့် စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း ဇဗ္ဗူသီရိ မြို့မရဲစခန်းမှ သိရသည်။
ဆက်စပ်ဖတ်ရှုရန်
ပုဂ္ဂလိက ကျောင်း၌ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် ခံရသည့် ကလေးအမှု CID စစ်နေ
ကျောင်းသူကလေးငယ် လိင်အကြမ်းဖက်ခံရသည့်အမှု ကြန့်ကြာနေ