နေပြည်တော်ကောင်စီနယ်မြေ၊ ဇဗ္ဗူသီရိ မြို့နယ်ရှိ ပုဂ္ဂလိက ကျောင်းတခုတွင် အသက် ၃ နှစ် မပြည့်သေးသည့် မိန်းကလေးငယ်တဦး လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း ခံခဲ့ရသည့်အပေါ် အမှုစစ်ဆေးနေသည့်အခြေအနေကို စောင့်ကြည့်နေကြောင်း နိုင်ငံတော်သမ္မတရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာမှ တဆင့် ရေးသားဖော်ပြခဲ့သည်။
ဦးဇော်ဌေးက “ဒီဖြစ်စဉ် ဖြစ်ပွားတာကို စတင်သိရှိရကတည်းက နိုင်ငံတော်အကြီးအကဲတွေ အနေနဲ့ ပြည်ထဲရေးဝန်ကြီးဌာနနဲ့ မြန်မာ နိုင်ငံရဲတပ်ဖွဲ့ တာဝန်ရှိသူတွေကို “ဒီအမှု မပေါ်၊ ပေါ်အောင် ဖော်ပါ” လို့ နှုတ်နဲ့ မှာကြားထားခဲ့တာ ဖြစ်ပါတယ်။ စဉ်ဆက်မပြတ်လည်း အမှုဖော်ထုတ်မှုရဲ့ တိုးတက်မှု အခြေအနေတွေကို မေးမြန်းပြီး အကြီးအကဲများထံ တင်ပြနေပါတယ်” ဟု ရေးသား ပြောပြထားသည်။
အဆိုပါ အမှုကို ထိုသို့ပြည်သူများ အမြန်ဆုံးဖော်ထုတ်နိုင်ရန် လိုလားသကဲ့သို့ နိုင်ငံတော် သမ္မတရုံးအနေဖြင့်လည်း လိုလားနေကြောင်း၊ အမှုမှန်အမြန်ပေါ်ပေါက်ပြီး အရေးယူနိုင်ရန်အတွက် အချိန်တခုပေးပြီး စောင့်ဆိုင်းနေရခြင်း ဖြစ်ပါကြောင်းလည်း ၎င်းက ရှင်းပြသည်။
လတ်တလော စစ်ဆေးဖော်ထုတ်ဆဲကိစ္စ ဖြစ်သည့်အတွက် အသေးစိတ်ကို လောလောဆယ် ထုတ်ဖော် ပြောကြားနိုင်ခြင်း မပြုနိုင်ခြင်း ကို နားလည်သဘောပေါက်ပေးစေလိုကြောင်း၊ အစိုးရ၊ ပုဂ္ဂလိက စာသင်ကျောင်းများတွင် ယခုလို ကိစ္စများ မဖြစ်ပေါ်အောင် ကြိုတင်ဆောင်ရွက်ရမည့် စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းများ၊ ဖြစ်ပေါ်လာပါက ထိုက်သင့်သည့် အရေးယူမှုများ ဆောင် ရွက်ရန်အတွက်လည်း ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူတွေကို မှာကြားထားပြီး ဖြစ်ကြောင်း ဦးဇော်ဌေးက ဆိုသည်။
နေပြည်တော်တွင် ဖွင့်လှစ်ထားသည့် Wisdom Hill အမည်ရှိ ပုဂ္ဂလိက မူကြိုကျောင်းတခုတွင် တက်နေသည့် အဆိုပါ ကျောင်းသူကလေးငယ်မှာ မေလ ၁၇ ရက်နေ့က လိင်အကြမ်းဖက်ခံရမှုဖြင့် ထိုကလေးငယ်၏ မိခင် ကိုယ်တိုင်လာရောက် အမှုဖွင့်ထားကြောင်း ရဲတပ်ဖွဲ့ကပြောထားသည်။
အဆိုပါ လိင်အကြမ်းဖက်ခံရမှုဖြစ်စဉ်မှာ လူမှုကွန်ရက် စာမျက်နှာတွင် ပိုးဖြူဆိုသည့် အကောင့်ပိုင်ရှင်ထံမှ စတင်ပျံ့နှံ့လာပြီးနောက် သတင်းမီဒီယာများမှတဆင့် လူအများ စိတ်ဝင်စားမှု မြင့်တက်ခဲ့ပြီး CID ၏ စစ်ဆေး ပေါ်ပေါက်ချက်မှာ တရားခံ အစစ်အမှန်နှင့် မည်သည့် နေရာတွင် ဖြစ်ပွားခဲ့သည့်ဆိုသည့် အဖြေကို စိတ်ဝင်စားနေကြလျက်ရှိသည်။
တရားခံဟု ယူဆရသည့် အမျိုးသားတဦးကိုလည်း မေလ ၃၀ ရက်နေ့ကစပြီး CID မှ စတင်စစ်ဆေးမှုများပြုလုပ်ခဲ့ပြီး၊ ဇွန်လ ၂၄ ရက် နေ့တွင် တရားစွဲဆိုရန် အထောက်အထား မခိုင်လုံသည့်အတွက် ပြန်လည် လွှတ်ပေးထားကြောင်း ရဲမှူးကြီး မင်းဟန်က ပြောကြားထားသည်။
အမှုမှန်ပေါ်ပေါက်ရန်အတွက် မှုခင်းရဲတပ်ဖွ့ဲ မှ ဆက်လက်၍ စုံစမ်း စစ်ဆေးနေဆဲ အချိန်ဖြစ်ကြောင်း၊ တရားခံ အမှန်ကိုဖော်ထုတ်နိုင် ပါက အမှုမှန် အခြေအနေကို ပြောကြားသွားမည် ဖြစ်ကြောင်း ရဲမှူးကြီးမင်းဟန်က ဆိုသည်။
အမှု စစ်ဆေးဖော်ထုတ်မှု ကြန့်ကြာနေရခြင်း နှင့် ပတ်သက်၍ အသေးစိတ် အချက်အလက်များကို မေးမြန်းထားပြီး ဖြစ်ကြောင်း၊ ဖြစ်လေ့ဖြစ်ထရှိသည့် အကြောင်းအရင်းများကြောင့် ကြန့်ကြာနေရခြင်း ဖြစ်ပြီး အမှုမှန် ပေါ်ပေါက်ရန် အချိန်အနည်းငယ်ပေးနေရခြင်း ဖြစ်ကြောင်း သိရသည်။
ထိုသို့ အမှုကြန့်ကြာနေမှု အပေါ် အမျိုးသမီးနှင့် ကလေး သူငယ်များဆိုင်ရာ အခွင့်အရေးလှုပ်ရှားသူများ အပါအဝင် Facebook အသုံးပြုသူ အများစုမှာ ကလေးငယ်၏ ဘက်မှ ရပ်တည်၍ ပရိုဖိုင်ပုံများတွင် Justice For Victoria ( ဗစ်တိုးရီးရားအတွက် တရားမျှတမှု) ဟူသော အမည်ပါ ပုံများကို တင်ကာ လူမှုကွန်ရက်တွင် တရက်ထက်တရက် ပို၍ အသိအမှတ်ပြုလာကြသည်ကိုတွေ့ရသည်။
အနုပညာရှင်တဦးဖြစ်သူ အဆိုတော်လင်းလင်းက“ထိုးသွင်းအရာနဲ့ သုတ်ပိုးတွေ့ရှိတယ်လို့သိရတဲ့ ဒီသက်ငယ်မုဒိန်းကိစ္စမှာ တာဝန်ရှိပြီးတာဝန်ပေါ့တဲ့လူတွေ၊ အမှန်ကိုသိပြီး ဝင်မပါရဲတဲ့လူတွေ၊ ခင်ဗျားတို့သားသမီးများဖြစ်ခဲ့ရင်၊ သားသမီးမရှိရင်လည်း ခင်ဗျားတို့မိဘ ၂ နှစ် ၁၁ လအရွယ်မှာများ ဒီလိုကြုံခဲ့ရင်ဆိုတဲ့အတွေးနဲ့ အိပ်ပျော်နိုင်ကြပါစေ။ အစကတော့ ကျနော်တို့က ဝန်းရံရုံသက်သက်ပါ။
အခုတော့ ကျနော် ဆုံးဖြတ်ထားတယ်။ ထုတ်ပြန်လာမယ့် အမှုအခြေအနေ နဲ့ သတင်းကိုနားစွင့်ပါမယ်။ လိုအပ်သလို ကိုယ်ရောစိတ် ရော ရေဆုံးမြေဆုံး ဝင်ပါပါမယ်။ ဒီအမှုကို ဝင်ပါတာဟာ လက်ခုပ်သံတောင်းတာ မဟုတ်ဘူး” ဟု ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာထက် တွင် ရေးသားဖော်ပြထားသည်။
ထိုသို့ လူများ စိတ်ပါဝင်စားမှု မြင့်တက်လာသည့် ၎င်းအမှုကို ဇွန်လ ၃ ရက်နေ့တွင် CID က လွှဲပြောင်းရယူခဲ့ပြီး ယင်းအမှုနှင့် ပတ် သက်၍ (ပ) ၇၉/ ၂၀၁၉ ၊ ရာဇသတ်ကြီး ပုဒ်မ ၃၇၆/ ၅၁၁ ဖြင့် အမှုဖွင့် စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း ဇဗ္ဗူသီရိ မြို့မရဲစခန်းမှ သိရသည်။
ဆက်စပ်ဖတ်ရှုရန်
ပုဂ္ဂလိက ကျောင်း၌ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် ခံရသည့် ကလေးအမှု CID စစ်နေ
လိင်အကြမ်းဖက်ခံရသည့် ကလေးအမှု သံသယတရားခံကို ပြန်လွှတ်သည့်အပေါ် ရဲတပ်ဖွဲ့ရှင်း