Women & Gender

နှစ်ဖက်စစ်တပ် မရှိမှ ကိုယ့်နေရာ ကိုယ် ပြန်ဖို့ စိတ်ကူးတယ်

Want create site? Find Free WordPress Themes and plugins.

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့နယ်အတွင်း တပ်မတော်နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS )၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)၊ တအန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)၊ ကချင် လွတ်လပ်ရေးတပ်မတော်(KIA) တို့ တိုက်ပွဲဖြစ်ပွားသည့်အတွက် ရာချီသော ဒေသခံရွာသားများသည် စစ်ဘေးရှောင် နေကြရသည်။

၂၀၁၂ ခုနှစ်မှစ၍ မန်တုံမြို့နယ်မှ စစ်ရှောင်လာပြီး နမ္မတူမြို့နယ်ရှိ ကျူဆော့ KBC Camp ခေါင်းဆောင်ဖြစ်လာသည့် ဒေါ်ရယ်ဆန်အား စစ်ရှောင်များ နေရပ်ပြန်နိုင်ရေး၊ ရိက္ခာထောက်ပံ့မှုအခြေအနေနှင့် စခန်းခေါင်းဆောင် အဖြစ် တာဝန်ယူထားသည့် အမျိုးသမီးတဦး၏ အတွေ့အကြုံနှင့် အခြေအနေများကို ဧရာဝတီသတင်းထောက် လဲ့လဲ့က တွေ့ဆုံ မေးမြန်းထားသည်။

မေး ။ ။ ဒီစခန်းကို ဘယ်အချိန်က ဘယ်လိုကြောင့်ရောက်လာကြရသလဲ။

ဖြေ ။ ။ မန်တုံမြို့နယ် မန်ဆမ်ကျေးရွာ၊ မော်လုံအုပ်စု ၂၀၁၂ ခုနှစ်၊ ဧပြီ လဆန်း တရက်နေ့မှာ နမ္မတူ နှစ်ခြင်း ခရစ်ယာန်အသင်းတော် သာသနာဝင်းထဲကို စစ်ရှောင်အနေနဲ့ ရောက်လာတာ ဖြစ်တယ်။ ကေအိုင်အေနဲ့ အစိုးရ စစ်တပ်တွေ တိုက်ပွဲဖြစ်လာတဲ့ အတွက် ထွက်ပြေးလာတာပါ။ သူတို့တိုက်ပွဲဖြစ်ရင် ရွာသားတွေကိုစစ်ဆေး ရိုက်နှက်တာတွေရှိတဲ့ အတွက် ရွာသားတွေက ထွက်ပြေးလာကြတာ ဖြစ်တယ်။

ကျမတို့ ရောက်လာတုန်းက အိမ်ထောင်စုက ၁၈ စုပဲရှိသေးတာ။ ၂၀၁၆ ခုနှစ် ပြန်ရောက်လာတဲ့ အချိန်မှာ မန်တုံမြို့နယ်ကနေ အိမ်ထောင်စု ၃၈ စုလောက်ရောက်လာခဲ့တယ်။ သူတို့လည်း ရှမ်းစစ်သားတွေနဲ့ ပလောင် စစ်သားတွေနဲ့ စစ်မျက်နှာများလာတဲ့အခါ ။ ဒီမှာက ၃၉ အိမ်ရှိတယ်။ လူဦးရေ ၁၅၇ ဦးရှိတယ်။ ကလေးကနေ အမျိုးသမီး အကြီးအထိ ရှိပါတယ်။ အပေါ်ဘက်မှာ ရှမ်းတွေနဲ့ လီဆူတွေလည်း ရှိတယ်။ လီဆူက ၂၈အိမ်၊ ရှမ်း ၆၀ အိမ်ခြေ ရှိတယ်။

အခု သာသနာဝင်းထဲမှာ နေတဲ့အချိန်မှာ သာသနာဝင်းကလည်း သူတို့ ပညာရေးဘော်ဒါဆောင် ဆောက်ဖို့ လျာထားတဲ့နေရာမှာ ကျမတို့ လူအများစု အဲဒီမှာနေတယ်။ နောက်ပိုင်းကျတော့ သူတို့က အဲဒီပညာရေးအဆောင်ကို စဆောက်မယ် ဆိုတော့ ကျမတို့ အဲဒီနေရာမှာ ပေးမနေတော့ဘူး။ အဲဒီတော့ ဒီနေရာသစ်ကို ပြန်တောင်းတော့ ဒီနေရာမှာ နေခိုင်းတယ်။

UNHCRနဲ့ KBC ပေါင်းလုပ်တဲ့ နေရာတွေကတော့ ကောင်းတယ်။ ၂၀၁၆ မှာ ရောက်လာတဲ့သူတွေ ကျတော့ မိုးကာတဲနဲ့ နေရတယ် ဆိုတော့ သိပ်အဆင်မပြေဘူး။ နေရာကလည်း ကျဉ်းလည်း ကျဉ်းတယ် ဆိုတော့ အပြောင်းအရွှေ့လုပ်ရမယ် ဆိုပြီး ဒီနေရာသစ်ကို ခေါ်လာတယ်။ အစက ဒီနေရာက တောကြီးပဲ။ အသင်းတော်က စီမံချက်ချပြီး ကျမတို့ကို မေတ္တာဖောင်ဒေးရှင်းက အလှူငွေ ထောက်ပံ့ရင်းနဲ့ အသင်းတော်က စစ်ရှောင်တွေကို ဘယ်လိုပုံစံနဲ့ နေခိုင်း စေချင်တယ်ဆိုတာပြောတော့ ဒီအိမ်တွေကို ပြန်လုပ်ပေးထားတာ ဖြစ်တယ်။

ဒီဇင်ဘာ လဆန်းလောက်မှာ ပြီးပြီဆိုတော့ ခရစ္စမတ်မှာ လာခိုင်းတာဖြစ်တယ်။ တချို့ကတော့ ၂၅ရက်နောက်ပိုင်းမှာ လာနေတယ်။ ကျမတို့ ၂၀၁၉ ဇန်နဝါရီ လဆန်းပိုင်းမှ လာနေဖြစ်တယ်။

မေး ။ ။ ဒီမှာက ရှမ်း၊ လီဆူနဲ့ ကချင်တွေ ဘာကြောင့် သုံးစုခွဲနေကြတာပါလဲရှင့်။

ဖြေ။ ။ ဒါက ကိုယ့်ဆိုင်ရာ ဘာသာရေးကျောင်းကနေ လာကြတာဆိုတော့ ကိုယ့်လူမျိုးနဲ့ကိုယ်နေထိုင်ကြရင်း သုံးစု ခွဲသွားတာပါ။

မေး ။ ။ မန်တုံဘက် မပြန်တာကြာပြီဆိုတော့ အခုပြန်ရင် ဘာတွေ ဖြစ်နိုင်လဲ။

ဖြေ။ ။ ကျမတို့ရွာက ဒီကနေ သွားရင် တော်တော်ကြာတယ်။ ဝေးတဲ့အချိန်မှာ သူက စစ်ရှောင်လာကတည်းက တခါမှ ပြန်မရောက်ဖြစ်ဘူး။ ဘာလို့လည်းဆိုတော့ ဒီကနေ မန်တုံအထိဆိုရင် ခရီးစရိတ်က ၂ သောင်းလောက် ပေးရတယ်။ ပြီးရင် ကိုယ်ရဲ့ ရွာအထိကို ခြေလျင်သွားလို့လည်း မဖြစ်။ကိုယ်ကလည်း ဆိုင်ကယ်ကို မမောင်းတတ်။ သွားရေး လာရေး အရမ်းခက်ခဲတော့ ကလေးနဲ့ ဆိုတော့ ပြန်သွားပြီး လုပ်ကိုင်စားသောက်ဖို့က မလွယ်တော့ဘူး။

တချို့ အနီးအနားရွာက လူတွေတော့ သွားလိုက်လာလိုက်ပဲ။ နယ်မြေအေးချမ်းရင် အေးချမ်းသလိုပေါ့။ ဘာလို့လည်း ဆိုတော့ ကိုယ်ရဲ့ နေရာကို ပစ်ထားရင်လည်း တချို့တွေက နင်တို့ပြန်မလာရင် အိမ်တွေ သိမ်းလိုက်မယ်။ အဲဒီလိုလည်း ရှိတယ်။ ဒါပေမယ့် ဟိုမှာ ပြန်ပြီး လုပ်ကိုင်စားသောက်မယ်ဆိုရင်တော့ မလွယ်ပါဘူး။

မြေနေရာကလည်း စိတ်ချလက်ချ အေးချမ်းတာမျိုး မဟုတ်ဘူး။ တောထဲမှာဘဲ လုပ်ကိုင်စားသောက်ရမယ်ဆိုတော့ တောထဲက မိုင်းတွေဘာတွေ ဘယ်နားမှန်းမသိနဲ့မို့ မသွားရဲဘူး။ အဲဒါတွေအတွက် စိုးရိမ်ပြီး ကိုယ့်နေရာမှာပြန် လုပ်ကိုင်စားသောက်ဖို့ကို မစဉ်းစားရဲသေးလို့ မပြန်ဖြစ်သေးတာပါ။

မေး ။ ။ စစ်ရှောင်လာတဲ့ ၆ နှစ်ကျော်ကာလအတွင်း စားဝတ်နေရေးကို ဘယ်လိုဖြေရှင်းနေပါလဲရှင့်။

ဖြေ ။ ။ WFP ကနေ ဆန်တွေထောက်ပံ့တာ ရှိတယ်။ အဲဒီလိုထောက်ပံ့နေတဲ့အချိန်မှာ ကျမတို့ကလည်း ပြောင်းဖူးတို့၊ ဘာတို့ကို မြေငှားပြီးလုပ်ကိုင်တာရှိတယ်။ ၄ နှစ်လောက်ကြာတော့ WFP က ဆန်ထောက်ပံ့တာ ရပ်လိုက်တယ်။ အဲဒီတော့ ကျမတို့က မြေငှားပြီး လုပ်တာတို့၊ နေ့စားလုပ်တာတို့ အဲဒါတွေလုပ်ခဲ့တယ်။

ရိက္ခာဖြတ်တောက်ပြီး နောက်ပိုင်း စားသောက်ရေးအခက်အခဲ ဖြစ်လာတဲ့အချိန်မှာ မေတ္တာဖောင်ဒေးရှင်းက လာပြီး လတိုင်း မဟုတ်ရင်တောင်မှ ခက်ခဲတဲ့ အချိန်မှာ ဆန်တွေ ထောက်ပံ့တာ လုပ်ပေးတယ်။

ကျူဆော့ KBC camp ခေါင်းဆောင် ဒေါ်ရယ်ဆန်/မိုးမိုး/ဧရာဝတီ

မေး ။ ။ ထောက်ပံ့မှုတွေ ရပ်သွားတော့ ဘယ်လိုရပ်တည်နေပါသလဲ။

ဖြေ ။ ။ ငွေကြေးရရှိမှုကတော့ ကိုယ်လုပ်နိုင်တာနဲ့ ရှာစားရတယ်။ ပြီးရင် ကလေးတွေရဲ့ ကျောင်းစရိတ်တွေက အစိုးရကျောင်းက ပေးစရာမလိုဘူး။ ကျူရှင်တက်ရင်တော့ အပိုကုန်တယ်။ နောက်ပြီး တခြားအလှူရှင်တွေကလည်း ကလေးတွေအတွက် ကျောင်းသုံးပစ္စည်းတွေ လှူတာရှိတယ်။

အဲဒါကြောင့် ကလေးတွေ ကျောင်းပညာရေးအတွက် အခက်အခဲမရှိဘူး။ အသင်းတော်ကလည်း ကျမတို့အခက်အခဲအရမ်းဖြစ်နေလို့ အကူအညီ တောင်းတဲ့အခါ ငွေကြေးစတဲ့အကူအညီတွေ ပေးတယ်။ KBC ကလည်း အိမ်ထောင်တစုအတွက် တနှစ်ကို ၅ သောင်းစီ ထောက်ပံ့တာရှိပါတယ်။ တချို့ အရမ်းခက်ခဲတဲ့ မိသားစုတွေဆိုရင် တလကို တသောင်း ကူညီတာတွေရှိပါတယ်။ နို့တိုက်မိခင်တွေနဲ့ မသန်စွမ်းသူတွေအတွက်လည်း တလတသောင်း ထောက်ပံ့တာ ရှိပါတယ်။

မေး ။ ။ ထောက်ပံ့ရေးက ရေရှည်မဖြစ်နိုင်တော့ စခန်းအနေနဲ့ ရှေ့ဆက်ဘယ်လိုရပ်တည်သွားဖို့ စဉ်းစားထားပါသလဲရှင်။

ဖြေ ။ ။ အခုတော့ အလှူရှင်လည်း အများကြီးလျော့နည်းသွားပြီဆိုတာ လူတိုင်းလည်း သိတယ်။ ဒါကြောင့် ဒီ ၂၀၁၉ ခုနှစ်မှာ အများစုက မဖြစ်မနေလုပ်မယ့် လုပ်ငန်းတော့ရှိပါတယ်။ ပြီးရင် ဒီနှစ်ကတော့၂၀၁၉ မှာ အများစုက ကိုယ်ရဲ့ ကိုယ်ပိုင်လုပ်ငန်းလုပ်မယ်ဆိုတာ ရှိတယ်။

နောက်ပြီး ကူညီထောက်ပံ့ရေးအဖွဲ့အစည်းက လုပ်ကိုင်မယ့် လုပ်ငန်းအပေါ်မှာ မူတည်ပြီးတော့ အရင်းအနှီးအနည်းအကျဉ်းထောက်ပံ့တာမျိုးလည်း ရှိတယ်။ အထောက်အပံ့ ရရှိတဲ့အပေါ်မှာ မူတည်ပြီးတော့ ကိုယ်ရဲ့ကိုယ်ပိုင်လုပ်ငန်းကို ရပ်တည်ဖို့ ကြိုးစားတဲ့ အိမ်ထောင်တွေ များပါတယ်။

ဘယ်လိုလုပ်ငန်းလည်းဆိုတော့ စိုက်ပျိုးရေးကို ပိုပြီးတော့ လုပ်တတ်တယ်။ မွေးမြူရေးဆိုရင်လည်း ဒီမှာ မြေနေရာတော့ မရှိဘူး။ ဒါပေမယ့် ဒီအဖွဲ့တွေ ငှားပြီး လုပ်ကိုင်တာ ရှိတယ်။ ဈေးရောင်းတာတွေလည်း ရှိတယ်။ အမျိုးသားတွေက ထွက်ပြီး အလုပ်လုပ်တာ များတယ်။

မေး ။ ။ အစိုးရက စစ်ရှောင်တွေကို ပြန်စေချင်တယ်။ စစ်ရှောင်တွေကလည်း ပြန်ချင်တယ်။ ဒီနှစ်ခုကြားမှာ ဘာတွေ အခက်အခဲရှိနေလဲ။

ဖြေ ။ ။ အစိုးရဘက်က သူတို့က အခုအပစ်အခတ်ရပ်ထားတယ်။ လာမယ့်နှစ်တွေမှာ ငြိမ်းချမ်းရေးကို ဖော်ဆောင်သွားမယ်ပေါ့။ အပစ်အခတ်တွေလည်း ရပ်သွားမယ်။ ထာဝရငြိမ်းချမ်းရေးက ရှိလာဖို့များမယ်လို့ အစိုးရပိုင်းက ပြောပါတယ်။

အဲဒါကြောင့် ကိုယ့်နေရပ်ကို ပြန်နိုင်တယ်လို့ ပြောတယ်။ တကယ်လို့ ပြန်ချင်တယ်ဆိုရင် ပြန်လို့ရတယ်။ အဲဒီလိုမျိုးပြန်တဲ့အချိန်မှာ ကိုယ်က စားရေး၊ သောက်ရေး၊ နေရေးအတွက် လိုအပ်တယ် ဆိုရင်လည်း သူတို့က လုပ်ပေးမယ်လို့ ပြောတယ်။

ဒါပေမယ့် အဲဒီလိုလာပြောပေမယ့် လုံးဝ အပစ်အခတ် မရှိတော့ဘူး။ ကျနော်တို့ အာမခံတယ်လို့ ပြောတဲ့သူတော့ မရှိဘူး။ အပစ်ရပ် လေးလဆိုပေမယ့် လေးလ နောက်ပိုင်း ပြန်ဖြစ်လာရင် ဘယ်သူက တာဝန်ယူမလဲ ဆိုတာလည်း ရှိသေးတယ်။

ကလေးတွေအတွက် ပိုစိုးရိမ်လို့ အခုလို လုံခြုံတဲ့နေရာကို ရှာပြီး လာခဲ့တာပါ။ ပြန်သွားလိုက်လို့ တခုခုဖြစ်ရင် ပြန်လာရမယ် ဆိုတာမျိုးကြတော့ ကလေးတွေနဲ့ မလွယ်ဘူး။ ကိုယ်က တကယ်အေးချမ်းပြီဆိုရင် ပြန်ချင်တယ်။

မေး ။ ။ ဒီစခန်းမှာ လူလတ်ပိုင်းနည်းပြီး ကလေးနဲ့ အမျိုးသမီးတွေပဲ များနေတာ ဘာကြောင့်ပါလဲ။

ဖြေ ။ ။ လူလတ်ပိုင်းတွေက ဒီစခန်းမှာပဲ စာရင်းထည့်ထားပေမယ့် ဒီမှာက အလုပ်မရှိတော့ တရုတ်ပြည်တို့ ဘာတို့ ဘက်မှာ အလုပ်သွားလုပ်တဲ့သူတွေ များတယ်။ တခြားမြို့မှာ ကျောင်းသွားတက်နေတဲ့ကလေးတွေလည်း ရှိပါတယ်။

အဲဒီလိုသွားလုပ်လို့ ၂ လ၊ ၃ လ ကြာရင် ကျမတို့က စာရင်းမထည့်တော့ဘူး။ လူငယ်ပိုင်း ၁၈ နှစ် အထက်တွေကတော့ သိပ်မနေကြဘူး။ စစ်ဖြစ်နေရင် လူငယ်တွေက မပါဝင်ချင်ကြဘူး။ သူတို့က စစ်သား စုဆောင်းတာတွေလည်းရှိတယ်။ တချို့မိဘတွေက လူငယ်တွေဆိုရင် စစ်သားစုဆောင်းတာတွေ ရှိမလားလို့ စိုးရိမ်ကြတာတွေရှိတော့ ဒီစခန်းတွေမှာ မထားကြတာလည်း ရှိတယ်။

အမျိုးသမီးတွေကတော့ တချို့က မူးယစ်ဆေးဝါးကြောင့် မုဆိုးမဖြစ်ရတာတွေ ရှိသလို စစ်ကြောင့်လည်း မုဆိုးမ ဖြစ်ရတာတွေလည်းရှိတယ်။ ဒီမှာဆို မုဆိုးမတွေ များတယ်။ တချို့ကျတော့ အမျိုးသားတွေက အပြင်ထွက် ငွေရှာကြတာရှိတယ်။

မေး ။ ။ စခန်းမှာ လက်ရှိ မဖြစ်မနေ အရေးတကြီး လိုအပ်နေတာက ဘာများရှိမလဲ။

ဖြေ ။ ။ အခု ကျမတို့အတွက်ဆိုရင် လုံခြုံမှုက ပိုပြီး အရေးကြီးပါတယ်။ ကျမတို့ဆီမှာ ကလေးက အယောက် ၈၀နဲ့ ၁၀၀ ကြားမှာ ရှိတယ်ဆိုတော့ အခုလိုကျောင်းပိတ်ချိန် အရမ်းစိုးရိမ်တယ်။ အခုကျမတို့က ခြံဝင်းလည်း မရှိသေးဘူး။ ကျမတို့ စားသောက်နေထိုင်ဖို့ အလုပ်လုပ်နိုင်ဖို့အတွက်က လုံခြုံမှု ပိုလိုအပ်ပါတယ်။ ဖြစ်လာရင်တော့ ကိုယ့် ကိုယ်ကို ကာကွယ်ရမှာပေါ့။ ဒါပေမယ့် အစိုးရပိုင်းကလည်း ဖြစ်နိုင်ရင် ကျမတို့ကို ကာကွယ်ပေးတာမျိုး လုပ်ပေးစေချင်တယ်။

မေး ။ ။ ကိုယ့်နေရပ်ကို ပြန်ဖို့ ဘယ်လိုအခြေအနေတွေကို မျှော်လင့်ချက်ထားပါသလဲ။

ဖြေ ။ ။ ပြန်နိုင်ဖို့က နှစ်ဘက်စစ်တပ်တွေ လုံးဝမရှိတဲ့အချိန်မှ ကိုယ့်နေရာကိုယ် ပြန်ဖို့ကို ကျမတို့က စိတ်ကူးတယ်။ အခုက ဟိုနေရာမှာလည်း စစ်တပ်ရှိ၊ ဒီနေရာမှာလည်း စစ်တပ်ရှိဆိုတော့ ဘယ်လိုမှ ကိုယ့်နေရာကိုယ် အေးအေး ဆေးဆေး ပြန်နိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။

လုံးဝအပစ်အခတ်မရှိတော့ဘူး။ နေရပ်မှာလည်း စစ်ပွဲ လုံးဝမဖြစ်တော့ဘူး။ မိုင်းတွေဘာတွေလည်း ရှင်းလင်းပေးမယ်ဆိုတဲ့ အာမခံချက်တွေပေးမှ ကျမတို့ကလည်း ယုံကြည်လို့ရမှာပေါ့။ စစ်တပ်ကတော့ နိုင်ငံအနေနဲ့ရှိသင့်တယ်။ ဒါပေမယ့် အခုဖြစ်နေတဲ့ တိုက်ပွဲတွေက ပြည်သူတွေကို ပစ်မှတ်ထား လုပ်တာတော့ ကျမတို့အတွက် လုံးဝကြောက်ရတယ်။

ဘာလို့လည်းဆိုတော့ သူတို့ စစ်ဖြစ်တာနဲ့ ကျမတို့ကို နှိပ်စက် ရိုက်နှက် ခြိမ်းခြောက်တာတွေရှိတယ်။ အဲဒီတော့ နှစ်ဖက်စစ်တပ်တွေ အပစ်အခတ် ဖြစ်ရင် ပြည်သူတွေက ပစ်မှတ် အနေနဲ့ ခံစားနေရတဲ့အခြေအနေကို အရမ်းကြောက်တယ်။ ဘာပဲဖြစ်ဖြစ် ကိုယ့်နိုင်ငံကို ငြိမ်းချမ်းရေးရအောင် လုပ်ပေးဖို့က အကြီးအကဲတွေဆီမှာ တာဝန်ရှိပါတယ်။ ဒါကြောင့် ကိုယ့်တိုင်းပြည်ကို အမြန်ဆုံးငြိမ်းချမ်းအောင် လုပ်ပေးစေချင်ပါတယ်။

မေး ။ ။ အခုလိုစစ်ရှောင်စခန်းတွေမှာ အမျိုးသမီးတယောက်က ခေါင်းဆောင်လုပ်ရတယ်ဆိုတော့ ဘာတွေ အခက်အခဲရှိလဲ။

ဖြေ။ ။ ကျမကို ၂၀၁၂ ခုနှစ်ကတည်းက စခန်းခေါင်းဆောင်အဖြစ် ကော်မတီကနေ ခန့်အပ်တယ်။ ကျမလည်း ကိုယ့်တာဝန်ကို ကျေအောင်လုပ်တယ်။ ပြောဆိုရမယ့် ကိစ္စ၊ စခန်းတွေလိုအပ်တာစတာတွေအတွက်ဆိုရင် ကျမက ရဲရဲတင်းတင်းလုပ်ကိုင်ပြောဆိုတာ ရှိပါတယ်။

ဒါပေမယ့် အခက်အခဲတွေတော့ အမျိုးမျိုးရှိတယ်။ ကိုယ့်ရဲ့ အားနည်းချက်ကိုလည်း ကိုယ်သိတဲ့အချိန်မှာ တခါတလေကျရင် မရဲတင်းတာတွေလည်း ရှိတတ်ပါတယ်။ ဒါပေမယ့် ဒီစခန်းရဲ့ခေါင်းဆောင်အနေနဲ့ စခန်းလိုအပ်ချက်က ဘာတွေရှိတယ်ဆိုတာ ကျမအမြဲ ဂရုစိုက် ပါတယ်။ ကျမစခန်းမှာ နေတဲ့သူတွေအားလုံး အဆင်ပြေနိုင်ရေးအတွက် ကျမကြိုးစားပေးပါတယ် ဘာလို့လည်းဆိုတော့ ကိုယ်ချင်းစာလို့လေ။ သူတို့က နောက်မှ ရောက်တယ်ဆိုပေမယ့် အားလုံးနဲ့တန်းတူထားပါတယ်။

မေး ။ ။ စခန်းတာဝန်ခံနေရာမှာ အမျိုးသမီးတွေက အုပ်ချုပ်သူအဖြစ် တာဝန်ယူသင့်သလား။

ဖြေ ။ ။ တာဝန်ယူသင့်ပါတယ်။ တချို့နေရာတွေမှာ အမျိုးသမီးတွေကို ခွဲခြားထားတာမျိုးတွေ ရှိပါတယ်။ တချို့ဆိုရင် ဒီအမျိုးသမီးက ခေါင်းဆောင်အနေနဲ့ လုပ်နိုင်ပါ့မလားဆိုတာမျိုး ပြောတာတွေရှိတယ်။ အဲဒီအတွက်လည်း ကျမအများကြီး ကြိုးစားရတယ်။ ကျမလုပ်နိုင်တယ်ဆိုတာ ပြသဖို့လေ။

တကယ်သာ ဒီလိုနေရာတွေကို အမျိုးသမီးတွေကို တာဝန်ပေးမယ်ဆိုရင် လုပ်နိုင်တဲ့အမျိုးသမီးတွေ အများကြီးရှိပါတယ်။ ကျမကိုယ် ကျမ ယုံကြည်ချက်ရှိပါတယ်။ ဒါကြောင့်လည်း ကျမက မတော်၊ မတတ်ပေမယ့် ၂၀၁၂ ခုနှစ်ကစပြီး ဒီနေ့ ဒီအချိန်အထိ လုပ်ဆောင်နိုင်တာဖြစ်တယ်။ အားလုံးကလည်း ယုံကြည်ပေးကြလို့ ဒီလိုဖြစ်လာတာလည်း ပါပါတယ်။

တချို့ကျတော့ အမျိုးသားတွေဆိုရင် ပိုပြီးလုပ်နိုင်မယ်လို့ ထင်ကြတယ်။ တကယ်လို့ အမျိုးသမီးလုပ်မယ် ဆိုရင်လည်း အမျိုးသားထက်ပိုလုပ်နိုင်တဲ့သူလည်း ရှိတယ်။

You may also like these stories:

ကချင် စစ်ဘေးရှောင်များ အိမ်ပြန်ရန် ကချင် လူသားချင်း စာနာမှု ကော်မတီ ဦးဆောင်မည်

စစ်ဘေးရှောင် အမျိုးသမီးတို့၏ တရက် ၃၀၀ ကျပ်တန် မီးဖိုချောင်

Did you find apk for android? You can find new Free Android Games and apps.
Loading