ကျား/မ တန်းတူ အခွင့်အရေးရရှိရန် အတွက်ဆောင်ရွက်ရာတွင် တဦးနှင့်တဦးရန်သူကဲ့သို့ သဘောမထားဘဲ မောင်နှမ အရင်း အချာကဲ့သို့ စိတ်ထား၍ ဆောင်ရွက်ကြရန် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းသည်။
နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗန်းရှင်းဗဟိုဌာန (MICC-2) တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ က ဦးဆောင်ကျင်းပသည့် “မြန်မာအမျိုးသမီးများနေ့” အခမ်းအနား အဖွင့်မိန်းခွန်း ပြောကြားရာတွင် ယင်းသို့ တိုက်တွန်း ပြောဆိုသွားခြင်း ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည် က “ကျမတို့ အမျိုးသမီး၊ အမျိုးသား တန်းတူ ညီမျှရေး လုပ်တဲ့ အခါ ရန်သူတွေသဖွယ် တယောက်နဲ့ တယောက် ကြည့်ပြီး လုပ်တာ မဟုတ်ဘဲနဲ့ မိတ်ဆွေတွေလို၊ မောင်နှမ အရင်းအချာတွေလို လုပ်စေချင်ပါတယ်။ အားလုံး တန်းတူ ညီတူ လက်တွဲပြီး သွားနိုင်ဖို့ ဦးတည်ရမှာ ဖြစ်ပါတယ်။ အမျိုးသမီး အချင်းချင်း စာနာနားလည်နိုင်မှ၊ ကျမတို့ အမျိုးသမီးတွေ၊ အမျိုးသားတွေ ကြားထဲမှာ စာနာ နားလည်နိုင်မှ ကျမတို့ အနာဂတ်မျိုးဆက်တွေရဲ့ အကျိုးကိုထမ်းဆောင်နိုင် မှာပဲဖြစ်ပါတယ်” ဟု တိုက်တွန်းသည်။
ဒေါ်အောင်ဆန်းစုကြည်က မတ်လ ၈ ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့၏ ဆောင်ပုဒ်ဖြစ်သည့် “ခွင့်တူညီရေးစဉ်းစားလို့ စွမ်းရည်မြှင့်ရေး အလေးပေးဖို့၊ ပြောင်းလဲမှု အတွက် ဆန်းသစ်တီထွင်စို့”ဆိုသည့်ဆောင်ပုဒ်နှင့် အညီ ကျင်းပခြင်း ဖြစ်၍ ကျား၊ မ တန်းတူရေးရာညီမျှမှုနှင့် အမျိုးသမီးများစွမ်းဆောင်ရည် မြင့်မားလာနိုင်စေမည့် လူမှုကာကွယ် စောင့်လျှောက်ရေး စနစ်များ၊ လူမှုရေးရာ ဝန်ဆောင်မှုများနှင့် လုပ်ထုံးလုပ်နည်း ယန္တရားများအတွက် ဆန်းသစ်သည့် နည်းလမ်းများကို ဖော်ထုတ် ဆောင်ရွက်သွားရန် တိုက်တွန်းသည်။
ဒေါ်အောင်ဆန်းစုကြည် က “ကျမတို့အမျိုးသားတွေကိုလည်း နောက်မှာမကျန်ခဲ့စေချင်ပါဘူး။ ကျမတို့ကိုယ်တိုင်လည်းပဲ နောက်မှာ မကျန်ခဲ့ချင်ပါဘူး။ အဲ့တော့ အားလုံးလက်တွဲပြီးတော့ တန်းတူရည်တူ လက်တွဲပြီးတော့ သွားနိုင်ဖို့အတွက်ကို ကျမတို့ဦး တည်ရမှာ ဖြစ်ပါတယ်” ဟု ဆက်ပြောသည်။
တိုင်းပြည်တည်ထောင်ရေး လုပ်ငန်းမျာဆောင်ရွက်သည့်အခါတွင် အမျိုးသမီးများ၏ ပါဝင်သည့် အခန်းကဏ္ဍ ပါဝင်မှုနည်းပါး နေ သေးကြောင်း၊ အဓိက ကျသည့် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန် အတွက် ဆောင်ရွက်သည့် နေရာတိုင်းတွင်အမျိုး သမီး ပါဝင်မှုအားနည်းနေသေးကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ သက်သက်ခိုင် ကမှတ်ချက်ပြုသည်။
ဒေါက်တာ သက်သသက်ခိုင် က “အမျိုးသမီးတွေနဲ့ သက်ဆိုင်တဲ့ အရေးကိစ္စတွေကို အမျိုးသမီးတွေကိုယ်တိုင် အသံထွက်ပြီး ပါဝင်ဦး ဆောင်ကာ အမျိုးသားတွေနဲ့ လက်တွဲပြီးဆောင်ရွက်သင့်ပါတယ်” ဟု ပြောသည်။
ထိုသို့ အမျိုးသမီးများ စွမ်းဆောင်ရည် မြင့်မားလာရန်နှင့် အမျိုးသမီးအခွင့်အရေး အပြည့်အဝ ရရှိရန်အတွက် ဘက်ပေါင်းစုံမှ ဖြည့်ဆည်း ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ ကျောင်းအနေအရွယ်တွင် ကျောင်းတက်ခွင့်အပြည့်အဝ ရရှိရေး၊ အမျိုးသမီးများ အလုပ်အကိုင် အခွင့်ရေး အပြည့်အဝရန်အတွက် အရေးကြီးကြောင်း နေပြည်တော် ကုတင် (၁၀၀၀) ပြည်သူ့ဆေးရုံအုပ်ကြီး(ငြိမ်း) ဒေါက်တာ ပပ ကဆိုသည်။
လက်ရှိတွင်လည်း အမျိုးသမီးများ၏ သြဇာနှင့် အမျိုးများ၏ လုပ်နိုင်စွမ်းကို လျော့တွက်၍ မရကြောင်း၊ ပညာရေးလောကတွင် အမျိုးသ မီးများ ဦးဆောင်နေသည်ဆိုပါကလည်း မမှားကြောင်း၊ ထိုသို့ ပြောဆိုခြင်းမှာ တက္ကသိုလ်မှ ပါမောက္ခများကို ပြောဆိုခြင်းမ ဟုတ်ဘဲ မူလ တန်းကျောင်း၊ ဆရာ/ မများကိုသာပြောဆိုခြင်း ဖြစ်ကြောင်း၊ ယင်းတို့မှာ အလွန်အရေးကြီးကြောင်း၊ ကလေးများ၏ စိတ်ထဲတွင် တန်ဖိုး ထားတတ်သည့် စိတ်စွဲသွားအောင် လုပ်ပေးနိုင်သည့် အချိန်ကောင်းဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
ထို့ပြင် ယနေ့ခေတ်ကာလသည် အခွင့်အရေးများကို ဦးစားပေးစဉ်းစားကြသည့် ခေတ်ကာလဖြစ်ကြသဖြင့် အခွင့်အရေးနှင့် လိုက်လျော ညီထွေရှိမည့် တာဝန်ဝတ္တရားများကိုလည်း ဒွန်တွဲစဉ်းစားရန်လည်း အတိုင်ပင်ခံ ပုဂ္ဂိုလ်က တိုက်တွန်းခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည် က “အခွင့်အရေးကို စဉ်းစားရင် တခါတည်းတာဝန်ယူမှုကိုပါ စဉ်းစားပါ၊ အခုခေတ်ကြီးမှာ အခွင့်အရေးဆိုတာ အများကို အကျိုးပြုဖို့ဆိုတဲ့ တာဝန်နဲ့ ထိန်းထားရမှာ ဖြစ်ပါတယ်။ တာဝန်နဲ့ ဒွန်တွဲပြီးတော့ အခွင့် အရေးကို ကိုင်ထားမှ ကျမတို့နိုင်ငံက တကယ်ကိုတန်ဖိုးရှိတဲ့ နိုင်ငံဖြစ်လာမှာပါ” ဟု ပြောသည်။
ယနေ့ပြည်လုပ်သည့် အခမ်းအနားကို နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်နှင့် ဇနီး၊ သမ္မတဟောင်း ဦးထင်ကျော်နှင့် ဇနီး၊ ဒုသမ္မတများ၊ အစိုးရဝန်ကြီးများ၊ လွှတ်တော်ဥက္ကဋ္ဌများ တက်ရောက်ခဲ့ကြသည်။
You may also like these stories:
ကျား၊မ အခြေပြုအကြမ်းဖက်မှုအရေး ပညာပေးနေတဲ့ နန်းစအဲဒေါင်ပိုင်
အမျိုးသမီးတွေက စင်ပေါ် ပြောခွင့်ရတဲ့ နေရာကို မရောက်ဘူး
လူမှု့ဝန်းကျင်ထဲက ဖယ်ကျဉ်ခံနေရဆဲ အမျိုးသမီးများ