Women & Gender

ရှေးရိုးစွဲ အစဉ်အလာများက အမျိုးသမီးတွေကို ချုပ်နှောင်ထားသလား

Want create site? Find Free WordPress Themes and plugins.

မြန်မာ့ လူမှုအသိုင်းအဝိုင်းတွင် ရှေးရိုးအစဉ်အလာ ဓလေ့ ထုံးစံများ၊ ဆိုရိုးစကားများ၊ စကားပုံများ စသည်ဖြင့် ရှိရာတွင် အမျိုးသမီး ဖြစ်နေ၍ လိုက်နာရမည်ဟု လူ့အသိုင်းအဝိုင်းက သတ်မှတ်ကျင့်သုံးနေသည့် အရာများ ရှိသည်။

သို့သော် ထိုအရာများသည် အမျိုးသမီးများ၏ ဂုဏ်သိက္ခာကို ထိခိုက်စေခြင်း၊ လူ့အခွင့်အရေးကို ချိုးဖောက်ရာ ရောက်ခြင်း၊ ကျား မ တန်းတူမှုအပေါ် ခွဲခြားမှုများ ဖြစ်စေခြင်း စသည့် အချက်များစွာကြောင့် ပြောဆို ဝေဖန်မှုများလည်း ရှိလာသည်။

ပြီးခဲ့သည့် သြဂုတ်လ ၁၀ ရက်နေ့က ရန်ကုန်မြို့ ကန်ရိပ်သာလမ်းပေါ်ရှိ Wyndham Grand Yangon hotel တွင် “မြန်မာမိန်းကလေးမို့လို့တဲ့..လား” ဟူသည့် ခေါင်းစဉ်ကို Myanmar B2B Management Magazine က ဦးဆောင်ကာ အမျိုးသမီးများ၏ စွမ်းအား စကားဝိုင်း အဖြစ် ကျင်းပခဲ့သည်။

ထိုဆွေးနွေးပွဲသည် မြန်မာနိုင်ငံက အမျိုးသမီးများ လိုက်နာကျင့်သုံးရမည်ဟု လူ့အသိုင်းအဝိုင်းက တရားသေ သတ်မှတ်ထားကြသည့် ဆိုရိုးစကားများ၊ အချက်အလက်များကို ဆွေးနွေးထောက်ပြခဲ့ကြသည်။

ဆိုရိုးစကား အချို့ဖြစ်သည့် “သမီးကညာ အခါမလင့်စေနဲ့”၊ သီးချိန်တန်သီး ပွင့်ချိန်တန်ပွင့် ” ဟူသည့် စကားများက အမျိုးသမီးများ၏ ဂုဏ်သိက္ခာ နှင့် တန်ဖိုး ကို လျော့သွားစေသည့်အတွက် ပယ်ဖျက်စေလိုကြောင်း ဆွေးနွေးမှုများ ရှိသည်။

လူတဦးနှင့် တဦးသည် အမြင်ပိုင်းဆိုင်ရာ၊ အတွေးအခေါ်ပိုင်းဆိုင်ရာ အခြေခံအချက်များမှာတော့ တူညီမည် မဟုတ်ပါ။ အချို့ကလည်း ထိုစကားများသည် မရှိသင့်တော့ကြောင်း ထောက်ပြကြသလို အချို့ကမူ ထိုအရာများသည် ရှိကို ရှိနေသင့်သည့် စကားများဖြစ်ကြောင်း တုန့်ပြန်ကြသည်။

ထို စကားများသည် မည်သည့် အချက်အလက်ကို အဆိုပြု၍ ပေါ်ထွက်လာသည်ကို ဂဃဏန မသိနိုင်ပေ။ အများစုသော ဆိုရိုး၊ စကားပုံများသည် ရှေးလူကြီးများ ပြောခဲ့ကြသည် ဟုသာ သိရလေ့ရှိပါသည်။

ယခု ဆိုရိုးများဖြစ်သည့် “သမီးကညာအခါမလင့်စေနဲ့”၊ “သီးချိန်တန်သီး ပွင့်ချိန်တန်ပွင့်”ဆိုသည့် ရှေးရိုးစွဲ ထုံးတမ်းအစဉ်အလာ ဆိုရိုး စကားများက မိန်းကလေး တဦး အိမ်ထောင်ပြုသင့်သည့် အရွယ်ရောက်ပါက အိမ်ထောင်ပြုရမည် ဖြစ်ပြီး အရွယ်မနှောင်းခင် အိမ်ထောင်ပြုကြရန် ဆိုလိုထားခြင်း ဖြစ်သည်။

ထိုဓလေ့ ထုံးတမ်းအစဉ်အလာများကို သတ်မှတ်ချက်အနေဖြင့် ရှေးလူကြီးများက လိုက်နာစောင့်ထိန်းခဲ့ကြပြီး သမီးမိန်းကလေးများကို ထိန်းသိမ်း စောင့်ရှောက်လေ့ ရှိပြီး ယနေ့တိုင် ကျင့်သုံးနေသည်ကိုလည်း တွေ့နေ ရသည်။

ထိုသတ်မှတ်ချက် ဆိုရိုးစကားများက မိန်းကလေးများ၏ ကိုယ်ပိုင်စွမ်းအားနှင့် ဂုဏ်သိက္ခာကို ထိခိုက်စေသည့် အတွက် ပယ်ဖျက်လိုကြောင်း အထက်ဖော်ပြပါ စကားဝိုင်း ဆွေးနွေးပွဲသို့ တက်ရောက်လာသူ အများစုက ထောက်ပြ ပြောဆိုကြသည်။

ကလေးစာပေများ ရေးသားနေသည့် ဒေါက်တာဖြိုးသီဟက အချို့သော ဆိုရိုးစကားများက ခေတ်ကာလ နှင့် ဆန့်ကျင်နေသည့်အတွက် အလိုအလျောက် ပျောက်ကွယ်သွားသည့် ဆိုရိုးစကားများလည်း ရှိရာ ဥပမာ အားဖြင့်” မိန်းမတို့ အိန္ဒြေရွှေပေးလို့မရ “၊ “ဆင်မယဉ်သာ” ဟူသည့် ဆိုရိုးစကားများဆိုလျှင် ပျောက်ကွယ် လုနီးပါး ဖြစ်နေပြီဟု ထောက်ပြသည်။

ထိုဆိုရိုးစကားများက ယနေ့ခေတ် အခြေအနေတွင် ကျင့်သုံးခြင်း မပြုခြင်းက မိန်းကလေးများ အိန္ဒြေသိက္ခာမဲ့ သွားခြင်းကြောင့် မဟုတ်ကြောင်း၊ ပြောင်းလဲသွားသည့် ခေတ်ရေစီးကြောင်းအရ မိန်းကလေးများက အမှီအခို ကင်းကင်း၊ လွတ်လပ်စွာဖြင့် အလုပ်လုပ်နေကြသည့် အတွက်ကြောင့် ဖြစ်သည်ဟု ၎င်းက သုံးသပ်သည်။

“ဒါတွေက သတ်မှတ်ချက်ဖြစ်တဲ့အတွက် ဥပဒေလို ဖျက်သိမ်းတယ်။ ပြဌာန်းတယ်။ ဒါမျိုးလုပ်လို့ မရဘူး။ ကျနော်တို့ လူမှု အသိုင်းအဝိုင်း ကြားထဲမှာ ရှိနေတဲ့ သတ်မှတ်ချက်တွေ ဖြစ်တဲ့အတွက် လူမှုအသိုင်းအဝိုင်းကပဲ ပြန်ပြင်မှ ရမယ့်ကိစ္စမျိုး ဖြစ်တယ်”ဟု ဒေါက်တာဖြိုးသီဟက ရှင်းပြသည်။

ယောင်္ကျားလေးတဦး အနေဖြင့် အသက်အရွယ် ကြီးပြင်းသည်အထိ အိမ်ထောင်မပြုဘဲ တကိုယ်တည်း နေပါက မည်သူကမျှ ဝေဖန်ခြင်း မပြုကြသော်လည်း အမျိုးသမီးတဦး အိမ်ထောင်ပြုသင့်သည့် အရွယ်ထက် ကျော်လွန် သွားပါက မိဘ၊ ဆွေမျိုး အပါအဝင် အသိုင်းအဝိုင်း တခုလုံးက ဝေဖန်ကဲရဲ့ကြသည်ဟုလည်း ထောက်ပြကြသည်။

ထိုအရာသည် စံသတ်မှတ်ချက်၊ လူ့အသိုင်းအဝိုင်း တခု ၏ သတ်မှတ်ချက်၊ ယူဆချက်ဖြစ်ရာ ထိုအကြောင်းနှင့် ပတ်သက်ပြီး Yangon In My Heart ၏ အလှအပရေးရာ ဘလော့ဂါ မဝင်းမင်းသန်းက “၂၀၁၉ မှာ ကျနော်တို့ မိန်းမတွေ အခုချိန်ထိ ကိုယ့် သားအိမ်ကို ကိုယ်မပိုင်သေးတာ အရမ်းရှက်ဖို့ ကောင်းတယ်။ ကိုယ့် ခန္ဓာကိုယ်ကို မပိုင်ဘဲနဲ့ သူများပြောတိုင်း ကလေးမွေးရ၊ ယောင်္ကျားယူရနဲ့။ အဲဒီတော့ သမီးကညာ အခါမလင့်ဆိုတဲ့ စကားလုံးတွေကို ကျနော်တို့တွေရဲ့ ရှေ့မျိုးဆက်တွေ ကနေ ဖျက်ပေးပါ”ဟု စကားဝိုင်းတွင် သုံးသပ် ဆွေးနွေးခဲ့သည်။

ထိုသို့သော သတ်မှတ်ချက် ဆိုရိုးစကားများကြောင့် မိန်းကလေးများသည် ၎င်းတို့၏ သဘောဆန္ဒအတိုင်း တဦးထဲ နေခွင့်မရှိဘဲ အတင်းအကျပ် လက်ထပ်ခိုင်းစေခြင်းကို ခံကြရမှုများရှိကြောင်း၊ မိန်းမ ဆိုသည့် လိင်ကွဲပြားမှုအပေါ် မူတည်ကာ မိန်းမမို့ အားနည်းသည်၊ ကာကွယ်ပေးမည့်သူ ရှိကို ရှိရမည် စသည့် ရှေးရိုးစွဲ အကြောင်းပြချက်များစွာဖြင့် မိဘများက သမီးမိန်းကလေးများကို တွန်းအားပေးကာ လက်ထပ်ရန် တိုက်တွန်းလေ့ရှိသည်။

ထိုအရာသည် လူများစွာ၏ ခေါင်းထဲသို့ ငယ်စဉ်ကတည်းက ရိုက်သွင်းပေးခဲ့သလို အသားကျနေသည့် လုပ်ရိုးလုပ်စဉ်များ ဖြစ်နေသည်ဟု သုံးသပ်ရမည်ဖြစ်သည်။ မြန်မာ ရုပ်ရှင်၊ ဗီဒီယို များစွာတွင် အထက် ဖော်ပြပါ စကားများကို တွင်ကျယ်စွာ သုံးနှုန်းပြကာ မိန်းကလေးဖြစ်နေသဖြင့် လက်ထပ်ကို လက်ထပ်ရမည်ဟူသည့် ဇာတ်လမ်းများစွာကို ရိုက်ကူး ပြသကာ ပရိသတ်ကို အယူအဆ အလွဲများ ပေးခဲ့သည်ဟု သုံးသပ်မှုများလည်း ရှိသည်။

ယင်းဆိုရိုးများကို ပယ်ဖျက်လိုသူများ ရှိသကဲ့သို့ လိုက်နာသင့်သည်ဟု သတ်မှတ်ထားသူများကလည်း ရှိနေဆဲဖြစ်သည်။ သမီးမိန်းကလေး ၃ ဦးနှင့် မြေးမိန်းကလေး ၂ ဦးရှိသည့် ဦးဇော်မိုးကို မိန်းကလေးများ လိုက်နာ စောင့်ထိန်း အပ်သည့် ဆိုရိုးစကားများကို ပယ်ဖျက်ခိုင်းသည့်ကိစ္စကို ၎င်းအနေဖြင့် လက်မခံနိုင်ပါဟု ငြင်းဆိုသည်။

“သမီးတွေကို လူ့အသိုင်းအဝိုင်းက သတ်မှတ်ချက်တွေ အတိုင်း ကျနော် အုပ်ချုပ်တယ်။ လျော့ပေးလိုက်လို့ သူတို့ တခုခုဖြစ်ရင် ကိုယ်ပဲ ရင်ကျိုးရမှာ။ တသက်လုံး စိတ်ဆင်းရဲရမှာ။ ဒီလိုစကားတွေကြောင့်တော့ သူတို့ကို ဘာမှ ထိခိုက်မယ် မထင်ပါဘူး” ဟု သူ၏ သဘောထားကို ထုတ်ဖော်ပြောဆိုသည်။

အမှန်တကယ် ကြုံတွေ့ရသူ အမျိုးသမီး အများစုကတော့ ဦးဇော်မိုးကဲ့သို့ သဘောမထားနိုင်ပါ။ တဦးအကြောင်း တဦးက ကောင်းစွာ မသိရှိကြဘဲ လက်ထက်ရခြင်းကြောင့် အိမ်ထောင်စု များစွာသည် နားလည်မှု၊ သဘော ထား ကွဲလွဲမှုများ ဖြစ်ကြပြီး အိမ်ထောင်ရေး အဆင်မပြေမှုများနှင့် ရင်ဆိုင်ကြုံတွေ့ရသည်ဟု ဧရာဝတီက တွေ့ဆုံ မေးမြန်းခဲ့သည့် အမျိုးသမီး ၁၀ ဦးတွင် ၈ ဦးက ပြောသည်။

အိမ်ထောင်ဘက် ကောင်း ရရှိထားသူ အမျိုးသမီး အနေဖြင့် အခက်အခဲ မရှိနိုင်သော်လည်း မြန်မာပြည် စီးပွားရေး အခြေအနေသည် လူ ၁၀ ဦးတွင် ၅ ဦးမှာ ရုန်းကန်နေရသည့်အနေအထားဖြစ်ရာ စားဝတ်နေရေး ပြေလည်အောင် ရုန်းကန်ရသည့် အိမ်ထောင်စုတွင် ပြသနာများစွာ ကြုံလာနိုင်ပြီး သာယာမှုရရှိရန် နည်းပါးသည်ဟု အချို့က သုံးသပ်ကြသည်။

ထိုဒုက္ခများကို ခါးစည်း ရင်ဆိုင်ရန် မဖြစ်နိုင်တော့သည့် အခြေအနေကြောင့် ကွာရှင်းခွင့်တောင်းသည့်အခါ “တခုလပ်”၊ “တလင်ကွာ” စသည့် စကားလုံးများကြောင့် ရင်ဆိုင်နေရသည့် ဒုက္ခကို ကျိတ်မှိတ် သည်းခံရင်း ခြိမ်းခြောက်မှုများအကြားတွင် အမျိုးသမီးများက ၎င်းတို့၏ သောကများကို ရေငုံနုတ်ပိတ်ကာ ပြင်းထန်ဆိုးဝါးသော စိတ်ဒဏ်ရာဖြင့် ဘဝကို စောစီးစွာ နိဂုံးချုပ်သွားရသူများလည်း ရှိသည်။

MCC Group ၏ CEO ဖြစ်သည့် မချောခင်ခင်က “ကျမတို့က အမျိုးသမီးတွေ တန်းတူအခွင့်အရေး ရဖို့ ပြောနေ တာက အမျိုးသားတွေကို နေရာကို ဝင်လုဖို့ မဟုတ်ပါဘူး။ ကျမတို့ခံယူထားတာက အောင်မြင်တဲ့ အမျိုးသမီး ဖြစ်ဖြစ်၊ မဖြစ်ဖြစ် အမျိုးသမီးတွေက အလုပ်အကိုင်တွေမှာ တန်းတူအခွင့်အရေးရဖို့ ကြိုးစားကြခြင်းသာ ဖြစ်ပါတယ်”ဟု ပြောသည်။

ထိုသို့သော လိုက်နာစောင့်ထိန်းရမည့် ဆိုရိုးစကားများအကြားမှာ နှစ်မြုပ်နေကြသည့် မိန်းကလေးများ ရှိသကဲ့ သို့ ယင်းသတ်မှတ်ချက်များအတိုင်း မလိုက်နာဘဲ ဖောက်ထွက်ပြီး ဘဝကို တဦးထဲ ရပ်တည်နေထိုင်နေသည့် မိန်းကလေးများစွာလည်း ရှိသည်။

အချို့မိန်းကလေးများမှာမူ ထို လူ့အသိုင်းအဝိုင်း သတ်မှတ်ချက်များထဲမှ ဖောက်ထွက်ကာ ကိုယ့်ဒူးကိုယ်ချွန် ရပ်တည်နေထိုင်ကြသူများလည်း ရှိသည်။ သို့သော် အကောင်းမြင်ခြင်း မခံရဘဲ မိဘစကား နားမထောင်၊ အကျင့်စာရိတ္တညံ့ စသည့် မဟုတ်တမ်းတရား စကားလုံးများဖြင့် ထိုးနှက်ခံကြရပါသည်။

မိဘအသိုင်းအဝိုင်း၏ ပြောစကားကို လိုက်နာပြီး လင်ကို ဘုရား၊ သားကို သခင် ဆိုသကဲ့သို့ အမျိုးသားများအပေါ် မှီခိုအားထားကြရာ ယင်းအားနည်းချက်ကို အခွင့်ကောင်းယူကာ အမျိုးသမီးများကို အနိုင်ကျင့် စော်ကားမှုများ ပြုကြသည့်အတွက် အိမ်တွင်း အကြမ်း ဖက်မှုများ ပေါ်ပေါက်လာရသည်ဟုလည်း အမျိုးသမီးအရေးဆောင်ရွက်နေသော အဖွဲ့အစည်းများက ထောက်ပြနေကြသည်။

“ယောင်္ကျားလေး မွေးတဲ့ မိန်းမကိုမှ မိန်းမမြတ်လို့ ပြောကြတယ်။ အဲဒါတွေက အကုန်လုံးက အခြေအမြစ် မရှိတဲ့ အကြောင်းအရာတွေကနေပြီး ဓလေ့ထုံးစံတွေ ဖြစ်ပြီးတော့ အရာအားလုံးအတွက် မိန်းကလေးတွေက ယုတ်ညံ့တဲ့သူ၊ တဆင့်နိမ့်တဲ့သူလို့ မြင်လာတယ်”ဟု အခရာ အမျိုးသမီးအဖွဲ့မှ ဒါရိုက်တာ ဒေါ်ထားထားက ထောက်ပြသည်။

မိန်းကလေးများကို တန်ဖိုးထား ဆက်ဆံသွားမည်ဆိုပါက ထိုဆိုရိုးစကားသတ်မှတ်များက တဖြေးဖြေး မှေးမိန် ပျောက်ကွယ်သွားလိမ့်မည်ဟုလည်း ဒေါက်တာဖြိုးသီဟက မှတ်ချက်ပြုသည်။

ထို့အပြင် “အိမ်ထောင်မှု ဘုရားတည် ဆေးမင်စုတ်ထိုး ဤသုံးမျိုး ချက်မပိုင်လျှင် နောင်ပြင်ရန် ခက်တဲ့အမျိုး”၊ “မောင်တကျိပ်ပင် ရှိလင့်ကစား လင်ယောကျာၤး မရှိသည့် မိန်းမက မတင့်တယ်”ဆိုသည့် သတ်မှတ်ချက်များက လည်း အမျိုးသမီးများ၏ ဘဝရပ်တည်မှုကို ကန့်သတ်လိုက်သော စကားဖြစ်သည်။

ခေတ်အခြေအနေအရ ထိုကဲ့သို့သော ဆိုရိုးစကားများအတိုင်း လိုက်နာစောင့်ထိန်းခြင်းက မြို့ပေါ်တွင် တွေ့ရှိမှု နည်းသော်လည်း ဝေးလံသည့် နယ်မြို့နှင့် တိုင်းရင်းသားဒေသ တချို့တွင် ၎င်းတို့၏ ယဉ်ကျေးမှုအလိုက် လိုက်နာ စောင့်ထိန်းရမည့် သတ်မှတ်ချက်များလည်း ရှိနေသည်။

အထူးသဖြင့် တိုင်းရင်းသားဒေသများတွင် ထိုဓလေ့ထုံးစံများကို အများဆုံး ကျင့်သုံးနေဆဲဖြစ်ကြောင်း၊ ထိုအယူ အဆများက မိန်းကလေးတဦး၏ လွတ်လပ်ခွင့်နှင့် ဦးဆောင်နိုင်မှု စွမ်းအားကိုပါ ကျစေသည်ဟု သားတဦး မိခင်ဖြစ်သည့် ကချင်တိုင်းရင်းသူ စိုင်းနန်းမူက ထောက်ပြသည်။

“ အတင်းအဓမ္မလက်ထပ်စေခြင်း၊ ကိုယ်ဝန်ဆောင်စေခြင်းများက အနိုင်ကျင့်ခြင်းလို့ ခံစားရတယ်။ အုပ်ထိန်းသူ မိဘများအား ချစ်ကြောက်ရခြင်း၊ မိဘများသဘောကျ နေထိုင်တာက ကျေးဇူးဆပ်ရာရောက်လို့ ခေါင်းညိမ့် လက်ခံခဲ့ရတယ်”ဟု စိုင်းနန်းမူက သူ့အတွေ့အကြုံကို ပြောပြသည်။

တချို့သော ဆိုရိုးစကားများနှင့် ရိုးရာဓလေ့များက မိန်းကလေးများ၏ ဘဝအခြေအနေကို ပိုဆိုးသွားစေပြီး ဘဝ တလျှောက်လုံး စိတ်ဒဏ်ရာများနှင့် ရှင်သန်နေရသည့် မိန်းကလေးများလည်း ရှိသည့်အတွက်ကြောင့် ထိုဓလေ့ များကို မရှိစေလိုပါဟုလည်း ၎င်းက ဆိုသည်။

မြန်မာလူ့အသိုင်းအဝိုင်းရှိ မိန်းကလေးများက မွေးဖွားလာချိန်မှစပြီး မိဘများ၏ သတ်မှတ်ချက် စံနှုန်းများ အ တိုင်း နေထိုင်ကြရသကဲ့သို့ အိမ်ထောင်ကျပါကလည်း အမျိုးသားခင်ပွန်းသည်၏ ဆုံးဖြတ်မှုနောက်တွင် နေကြ ရသည်။ ထို့ကြောင့် မိန်းကလေးများ၏ ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်များက မွေးဖွားလာချိန်မှ စပြီး ဆုံးရှုံးခဲ့ရခြင်း ဖြစ်သည်။

သို့ရာတွင် မိန်းကလေးများကို မိသားစု အစဉ်အလာအရ စောင့်ထိန်းလိုက်နာရမည့် ကျင့်ဝတ်များကို မဖြစ်မနေ လိုက်နာ သင့်ကြောင်း၊ မိဘက သားသမီးအပေါ်တွင်ထားသည့် မေတ္တာကို နားလည် သဘောပေါက်မည်ဆိုပါက ထိုကျင့်ဝတ်များကို ပယ်ဖျက်လိုမည် မဟုတ်ကြောင်း မမေရတနာက သုံးသပ်သည်။

သား ၂ ယောက်၏ မိခင်လည်း ဖြစ်သည့် သူက “ကျမလည်း မိဘတွေရဲ့ စည်းမျဉ်းစည်းကမ်းအောက်မှာ နေလာတာပဲ။ မိဘပေးစားတဲ့ ယောင်္ကျားလည်း ယူထားတာပဲ။ ဘာပြဿနာမှ မရှိခဲ့ဘူး။ တဖက်သတ်ပြောတာတော့ မဟုတ်ဘူးနော်။ သူတို့ပြောတဲ့ သမီးကညာအခါ မလင့်စေနဲ့ဆိုတာက ဖျက်လည်း ဘာမှမထူးဘူး။ မိဘတိုင်းက သားသမီးကို ဆင်စီးမြင်းရံတာပဲ မြင်ချင်တာလေ ” ဟု ပြောသည်။

အမျိုးသမီးများက လူမှုဝန်းကျင်တွင် အနိုင်ကျင့် နှိမ့်ချခံနေရခြင်းက မြန်မာအမျိုးသမီးများကိုယ်တိုင်က နေရာတိုင်းတွင် အကောင်းဆုံးဖြစ်လိုသည့် ဆန္ဒများ များပြားနေခြင်းကြောင့်လည်း ဖြစ်သည်ဟု ၎င်းက ဆိုသည်။

မဝင်းမင်းသန်းကမူ ” မိဘတွေကို ကျေးဇူးဆပ်တဲ့အခါ ကိုယ်ကိုယ်တိုင် ကိုယ့်ဘဝကို တာဝန်ယူပြီးတော့ ကိုယ့် ဘဝကို မားမားမတ်မတ် ရပ်တည်ပြီး ကိုယ်ကြိုက်တာ ကိုယ်လုပ်ပြီး သူတပါးကို အနှောက်အယှက် မပေးဘဲ လူကောင်းတယောက် အနေနဲ့ ပတ်ဝန်းကျင်မှာ နေသွားရင် ဒါက မိဘကို အပြည့်အဝ ကျေးဇူးဆပ်ရာရောက် ပါတယ်”ဟု ထောက်ပြပြောဆိုသည်။

“အမျိုးသမီးတယောက်က အမှီအခိုကင်းပြီး လွတ်လပ်မှုရှိဖို့ လိုအပ်တယ်။ ငွေရေးကြေးရေးအပြင် စိတ်ပိုင်းဆိုင်ရာမှာ ကျန်းမာသန်စွမ်းဖို့ ရှိဖို့ လိုအပ်တယ်” မဝင်းမင်းသန်းက အကြံပြုခဲ့သည်။

“မြန်မာမိန်းကလေးမို့လို့တဲ့..လား” ဆွေးနွေးမှု စကားဝိုင်းတွင် မဝင်းမင်းသန့်က မိန်းကလေးများ အိမ်ထောင်ဘက်ရွေးချယ်သည့်အခါ မိမိနှင့် တန်ရဲ့လားဆိုသည့် မေးခွန်း ကိုယ့်ကိုကိုယ် ပြန်မေးရန် လိုအပ်ပါသည်ဟု ထည့်သွင်းဆွေးနွေးကာ စကားဝိုင်းကို အဆုံးသတ်ခဲ့သည်။

အမျိုးသမီးများ အနေဖြင့် “ကိုယ်ရဲ့သူငယ်ချင်းတွေ အားလုံးကို အဆက်အသွယ် ဖြတ်ပြီး ဒီတယောက်ထဲနဲ့ နေရတာ တန်ရဲ့လား။ ကိုယ်ရဲ့ကြီးပြင်းလာတဲ့ ပုံစံတွေကို ပြောင်းပြီးတော့ ဒီတယောက်ဆီမှာ အညံ့ခံ အရှုံးပေးလိုက်ရတာ တန်ရဲ့လား။ ကိုယ်ဆံပင် အတိုထားချင်တာကို ဆံပင်အရှည် ထားပေးလိုက်ရတာ တန်ရဲ့လား။ ကလေးမမွေးချင်တဲ့ မိန်းမကို ကလေးမွေးအောင်လို့ ဒီယောကျာၤးက ဖိအားပေးလို့ မွေးပေး လိုက်ရတာ တန်ရဲ့လား” ဆိုတာ ကိုယ့်ကိုယ်ကိုယ် ပြန်လည် ဆန်းစစ်ဖို့ လိုအပ်နေပြီ ဖြစ်ပါသည်။

ဆက်စပ်ဖတ်ရှုရန်

အိမ်ထောင်ဦးစီး အမျိုးသားများတွင်လည်း ဝန်ထုပ်ဝန်ပိုး ရှိသည်

အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးရေး ဥပဒေမူကြမ်း လွှတ်တော်တင်မည်

Did you find apk for android? You can find new Free Android Games and apps.
Loading