ချင်းပြည်နယ်တွင် သက်ငယ်မုဒိမ်းမှုများကို ရိုးရာအရ သော်လည်းကောင်း၊ ငွေကြေးဖြင့်သော်လည်းကောင်း၊ တိရစ္ဆာန်ပေး၍ သော်လည်းကောင်း ကာယကံရှင်များ ကိုယ်တိုင်က ကျေအေးပေးမှုများအပေါ် ဝေဖန်မှုများ ရှိနေသည်။
တခြားသော မှုခင်းပြဿနာများကို ရိုးရာအရ ဖြေရှင်းခြင်းက ပြဿနာမရှိသော်လည်း သက်ငယ်မုဒိမ်းမှုကို ရိုးရာအရ ကျေအေးပေးခြင်းက မိန်းကလေးငယ်များအတွက် အန္တရာယ်ရှိသောကြောင့် ကျေအေးခြင်း မပြုလုပ်ကြရန် ထောက်ပြ၍ တိုက်တွန်းနေကြခြင်းဖြစ်သည်။
ဟားခါးအခြေစိုက် ဂရုဏာ လူမှုစည်းလုံးညီညွှတ်ရေးအသင်း (KMSS) ၏ ကလေး ကာကွယ်စောင့်ရှောက်မှု စီမံ ကိန်း မန်နေဂျာ ဆလိုင်းဒေါ့လျန်မှုန် က “ကျနော်တို့ အနေနဲ့ကတော့ တခြား အများသုံးနေတဲ့ ထုံးတမ်းအစဉ် အလာတွေက ကောင်းပေမယ့် သက်ငယ် မုဒိမ်းကိစ္စမှာ ကျေအေးတာကတော့ ဒါက မဖြစ်သင့်တဲ့အရာပါ။ ခေတ်နဲ့လည်း မညီတော့ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ကျေအေးလိုက်တဲ့အခါ မိသားစုတွေနဲ့ ကလေးတွေ နစ်နာနေတာကို တွေ့ရတယ်” ဟု ပြောသည်။
ယခုနှစ် တနှစ်ထဲအတွင်းတွင်ပင် ထိုသို့သော နည်းဖြင့် တရားရုံးထံ မရောက်ဘဲ ကျေအေးခဲ့သော သက်ငယ်မုဒိမ်းမှု ၅ မှုရှိခဲ့ပြီး ဟားခါးတွင် ၁ မှု၊ တွန်းဇံတွင် ၁ မှု၊ တီးတိန်တွင် ၁ မှု၊ မင်းတပ်တွင် ၁ မှု၊ မတူပီတွင် ၁ မှု ရှိခဲ့သည်ဟု KMSS ထံမှ သိရသည်။
သက်ငယ်မုဒိမ်းမှုများတွင် ကျေအေးပေးသည့်အခါ ချင်းရိုးရာအရ ငွေကြေးဖြင့် ကျေအေးပေးခြင်း ရှိသကဲ့သို့ နွားနောက်တကောင် သို့မဟုတ် အခြားသော တိရစ္ဆာန်များ အလျော်ပေးခြင်း ဖြင့်လည်း ကျေအေးပေးခြင်းမျိုး အများဆုံး ပြုလုပ်ကြကြောင်း သိရသည်။
ငွေကြေးအရ ကျေအေးပါက အနည်းဆုံး ငွေကျပ် ၁၀ သိန်းမှစကာ ပေးရပြီး တချို့သော မုဒိမ်းမှုများတွင် ပါစ တာများ (တရားဟောဆရာ) ကို ခေါ်ပြီး ကျေအေးခြင်း မျိုးများလည်း ရှိသည်။ သက်ငယ်မုဒိမ်း ကဲ့သို့သော အမှုမျိုးတွင် ဘာသာရေးဆရာများကို ခေါ်ယူညှိနှိုင်းမှုများက မပြုလုပ်သင့်ပါဟု ဆလိုင်းဒေါ့လျန်မှုန်က ဆိုသည်။
ယခုကဲ့သို့ ကျေအေးမှုများ ရှိလာပါက ညှိနှိုင်း၍ ရနိုင်သည်ဆိုသည့် စိတ်မျိုးရှိလာနိုင်ပြီး အချိန်မရွေး မုဒိမ်းမှု ကျူးလွန် လာနိုင်ကြောင်း၊ ပြစ်ဒဏ်ကြီးကြီးမားမား မရှိသည့်အတွက်လည်း ပေါ့လျော့မှုများ ရှိလာနိုင်ပြီး တရားခံလည်း လွတ်မြောက်နေနိုင်ကြောင်း ၎င်းက ထောက်ပြသည်။
ထိုအပြင် ချင်းတိုင်းရင်းသူတဦး ဖြစ်သည့် မာန်ကလည်း သက်ငယ်မုဒိမ်းမှုကို ရိုးရာအရ ကျေအေးပေးခြင်းမျိုးကို အလေးအနက် စဉ်းစားသင့်ပါသည်ဟု ထောက်ပြလာသည်။
မာန်က “ဒီလို သက်ငယ်မုဒိမ်းမှုကို ရိုးရာဓလေ့ အရကော ဘာသာရေး အရကော ခွင့်လွှတ် ကျေအေးမယ်ဆိုရင် နောင်မှာ သက်ငယ်အမျိုးသမီးလေးတွေ သာမက အမျိုးသမီးများအတွက် အင်မတန်မှ ကြောက်ရွံ့စရာ ကောင်းတဲ့ အန္တရာယ်ကြီး တခုဖြစ်လာနိုင်ပါတယ်။ ကျမ အမြင် အနေနဲ့တော့ ဒီသက်ငယ်မုဒိမ်းမှုကို ခွင့်မလွှတ်သင့်ဘူး မကျေအေးသင့်ဘူး” ဟု ပြောသည်။
ရဲစခန်းသို့ တိုင်ကြားထားပြီးမှ ကျေအေးသွားသည့် သက်ငယ်မုဒိမ်းမှု ၃ ပုံ ၂ ပုံခန့်ရှိပြီး များသောအားဖြင့် ရဲစခန်း မရောက်မီ ရိုးရာအရ ကျေအေးပေးမှုက များပြားသည်ဟု သိရသည်။
ဆလိုင်းဒေါ့လျန်မှုန် က “ကလေးတွေ အများစုက သူတို့ ဘယ်လိုခံစားရတယ် ဆိုတာကို မပြောနိုင်ကြဘူး။ ကျနော် တို့က အဓိကက ကလေးကို ကြည့်တယ်။ သူ့အဘိုးတွေ အဘွားတွေ ကိုယ်တိုင်က သူ့ဦးလေးက တဆင့်ခံပြီးမှ ခွင့်လွှတ်တယ်။ ကျေအေးလိုက်တယ်။ အဲဒီတော့ ကလေးတွေအတွက်က အရမ်းနစ်နာတယ်”ဟု ပြောသည်။
ချင်းပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာန စာရင်းအရ ၂၀၁၈-၂၀၁၉ ခုနစ် တနှစ်ကျော်ကာလအတွင်း သက်ငယ် မုဒိမ်းမှု ၁၁ မှု ဖြစ်ခဲ့ပြီး ဖြစ်ပွားခဲ့သည့် မြို့နယ်များက ဟားခါးတွင် ၃ မှု၊ ဖလမ်း၊ တွန်းဇံနှင့် မတူပီတို့တွင် ၁ မှုစီ၊ တီးတိန်တွင် ၂ မှုဖြစ်ခဲ့ပြီး ၂၀၁၉ တွင် ထန်တလန်၊ ဟားခါးနှင့် တွန်းဇံမြို့နယ်တို့တွင် ၁ မှုစီဖြစ်ပွားခဲ့သည်ဟု သိရသည်။
ထို့အပြင် ဇိုမီးကျောင်းသားနှင့် လူငယ်အဖွဲ့ တာဝန်ခံ ကိုမိုးဇက်ကလည်း မတော်တဆ ဖြစ်ပွားသည့် ယာဉ်တိုက် မှု၊ လက်ရောက်မှု တို့တွင်သာ ရိုးရာအရ ဖြေရှင်းခြင်းကို လက်ခံသော်လည်း သက်ငယ်မုဒိမ်းမှုကို ညှိနှိုင်းခြင်း၊ ကျေအေးခြင်းများကို လက်မခံနိုင်ပါဟု ဆိုသည်။
၎င်းက “သက်ငယ်မုဒိမ်းမှုမှာ ခံရသူတွေကတော့ နစ်နာမြဲပဲလေ။ ဒါကို တွန်းလှန်ဖို့ကတော့ ဥပဒေ အသိ လို တယ်။ ပြီးတော့ ရိုးရာဓလေ့ထုံးတမ်းတွေကို ပြန်လည် ဆန်းစစ်ပြုပြင်မှ ရမယ်”ဟု ထောက်ပြသည်။
ချင်းမျိုးနွယ်စု တခုဖြစ်သည့် ဇိုမီးလူမျိုးများတွင်လည်း ရိုးရာအရ ညှိနှိုင်း ဖြေရှင်းခြင်းများရှိကြောင်း၊ ဓလေ့ထုံးစံ အရ လျော်ကြေးတွင်လည်း မျိုးနွယ်တခုနှင့် တခုတူညီမှု မရှိကြကြောင်းလည်း သိရသည်။
ဇိုမီးဓလေ့အရ ပြဿနာတခုဖြစ်ပါက နှစ်ဖက်သက်ဆိုင်ရာ လူကြီးများ တွေ့ဆုံ တောင်းပန်ကာ နစ်နာသူဘက်မှ ထိုတောင်းပန်မှုကို လက်ခံပါ လျော်ကြေးအတွက် ညှိနှိုင်းကြရသည်။ အနည်းဆုံး နို့ဆီတဗူး၊ သိကြား ၁ ပိသာ မှ စကာ ငွေသားဖြင့် ညှိနှိုင်းကြရသည်။
ကျူးလွန်သူဘက်မှ တတ်နိုင်သည့် ပမာဏာကို ဦးစွာချပြရပြီး နစ်နာ သူဘက်မှ မည်၍မည်မျှ နစ်နာခဲ့ကြောင်း ပြောဆိုကာ နစ်နာကြေး တောင်းခံရသည်။ ထိုသို့ နှစ်ဦးနှစ်ဖက် အပြန် အလှန် အလျော့အတင်းလုပ်ရင်းဖြင့် ကျေအေးကြရသည်ဟု ကိုမိုးဇက်က ရှင်းပြသည်။
သို့သော်လည်း သက်ငယ်မုဒိမ်းမှုကို တရားဥပဒေ အတိုင်းသာ ဖြစ်စေချင်ပြီး ရိုးရာအရ ညှိနှိုင်းမှုများကို လက်မခံ နိုင်ကြောင်း၊ ထိုကျေအေးမှုများက ရာဇဝတ်ကောင်များအတွက် ဥပဒေဘောင် ထဲမှ ထွက်ပေါက်ရစေပြီး ညှိနှိုင်း ၍ ရသည့်အတွက် မကောင်းမှု ကျူးလွန်ရာတွင် ဝန်လေးမှု မရှိနိုင်ကြောင်းနှင့် မသိ နားမလည်သူများကို ငွေဖြင့် ပေါက်ကာ လိမ်လည် လှည့်ဖြားနိုင်သည်ဟု ၎င်းက ဆိုသည်။
မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားလူမျိုးများ၏ ထုံးတမ်း အစဉ်အလာနှင့် ဖြေရှင်းမှုတချို့ ရိုးရာတခုအဖြစ် ရှိနေသော်လည်း သက်ငယ်မုဒိမ်းမှုကဲ့သို့သော ဖြစ်ရပ်များအပေါ် ထိုကဲ့သို့သော ရှေးထုံးများနှင့် ဖြေရှင်းမှုမှာ လူ့အခွင့်အရေးအရ ထောက်ပြစရာဖြစ်ကြောင်း ကလေးသူငယ်အခွင့်အရေး လှုပ်ရှားဆောင်ရွက်နေသော ညီမျှခြင်း မြန်မာ၏ ဒါရိုက်တာ ဦးအောင်မျိုးမင်းက ထောက်ပြသည်။
ဦးအောင်မျိုးမင်း က “ကလေးတွေရဲ့ အကောင်းဆုံးအကျိုးကို ထိခိုက်နစ်နာမှုဖြစ်လာရင်တော့ ဒါက ကျနော်တို့က ရိုးရာယဉ်ကျေးမှု ဆိုတဲ့ဘက်က မကြည့်ပဲနဲ့ လူ့အခွင့်အရေးဆိုတဲ့ ရှူဒေါင့်ရယ်၊ ကလေးတွေရဲ့ အကောင်းဆုံး အကျိုးဆိုတဲ့ ဦးစားပေးရမယ့်အချက်ကို ကျနော်တို့ ကြည့်ရပါလိမ့်မယ်။ ဒါကြောင့်မို့ ကလေးသူငယ် အခွင့်အရေး ဆိုင်ရာစာချုပ်ထဲမှာ အကျိုးခြင်း ယှဉ်လာမယ်ဆိုရင် ကလေးသူငယ်ရဲ့ ကောင်းကျိုးကို ပိုမိုဦးစားပေးရမယ် ဆိုတာလည်း တိတိလင်းလင်း ဖော်ပြထားတာဖြစ်ပါတယ်။ တဖက်မှာ ယဉ်ကျေးမှုအရ ဒါတွေကို ကျင့်သုံးခွင့်ရှိပေမယ့် အဲ့လိုမျိုးကျင့်သုံးဖို့က ကလေးတွေနဲ့ ပတ်သက်တဲ့ လိင်မှုပိုင်းဆိုင်ရာကိုထိခိုက်တယ်” ဟု ပြောသည်။
သက်ငယ်မုဒိမ်းမှု ကျူးလွန်သူများကို ထောင်ဒဏ် တသက်တကျွန်း ချမှတ်နိုင်သည့် ရာဇသတ်ကြီးအား ပြင်ဆင် သည့် ဥပဒေကြမ်းကို နိုင်ငံတော်သမ္မတက မတ် ၂၆ ရက်နေ့တွင် လက်မှတ်ထိုး အတည်ပြု ပြဌာန်းလိုက်သည်။
ပြင်ဆင်လိုက်သည့် ရာဇသတ်ကြီး ပုဒ်မ ၃၇၆ တွင် အတည်ပြု ပြဌာန်းလိုက်ပြီ ဖြစ်သည့်အတွက် အသက် ၁၂ အောက်နှင့် မသန်စွမ်း အမျိုးသမီးများအပေါ် မုဒိန်းကျူးလွန်သူများ အနည်းဆုံး ထောင်ဒဏ် အနှစ် ၂၀မှ ထောင်ဒဏ် တသက်ပြစ်ဒဏ်ကျခံရမည်ဖြစ်သည်။
ယင်းသို့သော ဥပဒေများကို ပြဌာန်းထားသော်လည်း ဝေးလံခေါင်သီသော တိုင်းရင်းသားဒေသအချို့တွင် ရိုးရာနည်းဖြင့် ကျေအေးမှုများ၊ ဘာသာရေး ဆရာများ၏ သြဇာဖြင့် ကျေအေးမှုများက ယခုချိန်ထိ ရှိနေကြဆဲဖြစ်သည်။
လူမျိုးစုပေါင်းများစွာ နေထိုင်ကြသော အိန္ဒိယနိုင်ငံက တချို့ဒေသများတွင် ကလေးများအပေါ်တွင်ထိခိုက် နစ်နာ စေမည့် ထုံးတန်းအစဉ်အလာနှင့် ဘာသာရေး ကျင့်စဉ်များဖြင့် ဆောင်ရွက်ခဲ့မှုများရှိကြောင်း နောက်ပိုင်းတွင် အစိုးရက ကလေးများ၏ အကျိုးကိုကြည့်၍ ဥပဒေဖြင့် တားမြစ်ခဲ့သည့် သာဓကများလည်း ရှိကြောင်း ဦးအောင်မျိုးမင်းက ထောက်ပြတိုက်တွန်းသည်။
“ဥပမာ အိန္နိယမှာဆိုလို့ ရှိရင် တချို့သော ထုံးတမ်းအစဉ်အလာနဲ့ ဘာသာရေးကျင့်စဉ်တွေက ကလေးတွေ အပေါ်မှာ ထိခိုက်တဲ့အရာတွေ ဥပမာ ငယ်ငယ်ရွယ်ရွယ်နဲ့ လက်ထပ်ပေးထာတာတွေ၊ နောက် ငယ်ငယ် ရွယ်ရွယ်နဲ့ ကိုယ်ဝန်ဆောင်တဲ့ ကိစ္စတွေ ရှိတယ်။ ဒါပေမယ့် ကလေးကောင်းကျိုးကို ဦးတည်ပြီးတော့ အိန္နိယအစိုးရက ဥပဒေနဲ့ တားမြစ်တာတွေ ရှိပါတယ်။ ဒါကြောင့် ဒီလိုမျိုးတွေက မရှိသင့်ဘူး။ ကလေးရဲ့ အကောင်းဆုံးအကျိုးကို ကြည့်ဖို့အတွက် ကျနော် တိုက်တွန်းလိုပါတယ်” ဟု ဦးအောင်မျိုးမင်း က ဆိုသည်။