တဖွဲဖွဲ အဆက်မပြတ် ရွာသွန်းနေသည့် မိုးစက်မိုးပေါက်များက အင်ဖက်မိုး ဝါးထရံကာ တဲအိမ်ပေါ်သို့ တဖြောက် ဖြောက် ကျလို့ နေသည်။ ပတ်ဝန်းကျင် တခုလုံး ထိုမိုးစက်မိုးပေါက်သံများမှ တပါး တိတ်ဆိတ်နေသည်။
“စိတ်အားငယ်မှု ရှိပေမယ့်လည်း မိဘ ရှိနေတယ်ဆိုတော့ မိဘကို လုပ်ကျွေးရမယ် ဆိုတဲ့စိတ် သမီးလေးကို စောင့်ရှောက် ရမယ်ဆိုတဲ့ စိတ်နဲ့ပဲ ဘဝကို အကောင်းဆုံးဖြစ်အောင် ဖြတ်သန်းတယ်” ဟု ပြောဆိုရင်း ကရင်တိုင်းရင်းသူလေး နော်ဖောက ထိုတိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။
အသားဖြူဖြူနှင့် သနပ်ခါးဘဲကြား မျက်နှာအပြည့် လူးထားသည့် အသက် ၂၂ နှစ် အရွယ် နော်ဖောက အိမ်ထောင်နှင့် ကွဲနေသူဖြစ်ပြီး သူသည် ၂ နှစ်ကျော် အရွယ်ရှိ သမီးလေးနှင့်အတူ ဘဝကို ရုန်းကန် လှုပ်ရှားနေရသူ ဖြစ်သည်။
နော်ဖောက သူ့ပေါင်ပေါ် တက်ထိုင်နေသည့် ချစ်စဖွယ် ဖြူဖြူဖွေးဖွေး ဖွံ့ဖွံ့ထွားထွား သမီးငယ်လေးကို ငေးကြည့် ရင်းက အတိတ်အကြောင်းကို ပြန်ပြောင်း ပြောပြရန် အားယူလိုက်သည်။
နော်ဖောတို့ မိသားစုသည် ၂၀၁၁ ခုနှစ်က ကရင်နယ်ခြားစောင့်တပ် (BGF) နှင့် ကရင်အမျိုးသား အစည်းအရုံး (KNU) တို့ကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် ဇာတိရွာကို စွန့်ခွာကာ မြိုင်ကြီးငူ အထူးဒေသတွင် လာရောက် စစ်ရှောင်နေရ သည့် ပထမအသုတ် တိုက်ပွဲရှောင် မိသားစုများထဲက ဖြစ်သည်။
လက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပွားရာ အနက်ရောင် နယ်မြေတွင် ကြီးပြင်းလာရသူပီပီ နော်ဖောသည် အတန်းပညာ ကိုလည်း ကောင်းကောင်း မသင်ယူခဲ့ရသလို ဘဝရည်မှန်းချက် ဟူသည်လည်း ပျောက်မှန်းမသိ ပျောက်ခဲ့ရသည်။
သူ့အသက် ၁၈ နှစ်လောက်တွင် အိမ်ထောင်ပြုခဲ့ပြီး သမီး တယောက် ထွန်းကား ခဲ့သော်လည်း ကလေး အသက် ၁ နှစ် မပြည့်သေးခင်ပင် အိမ်ထောင်ကွဲ သွားခဲ့သည်။
“ကြိုက်လို့ မဟုတ်ဘူး။ မိဘပေးစားလို့ ယူရတာ။ မကြိုက်ပေမယ့်လည်း မိဘ ပေးစားတော့ ယူရတာပေါ့” ဟု သူက ပြောပြသည်။
မွေးချင်းမောင်နှမ ၄ ယောက် ရှိသည့်အနက် သူသည် အကြီးဆုံး ဖြစ်ပြီး မိခင်ဖြစ်သူက ကိုယ်ဝန် ၉ လ ရှိနေပြီ ဖြစ်ရာ မကြာခင် သူတို့အိမ်တွင် မိသားစုဝင် တိုးလာတော့မည် ဖြစ်သည်။
ဒုတိယမြောက် မွေးချင်း အသက် ၁၄ နှစ်အရွယ် သူ့ညီမလေးသည် မြိုင်ကြီးငူ ဆရာတော်၏ သာသနာပြု ဘုရား တည်သည့်လုပ်ငန်း (ကျောက်စာကွင်း) တွင် ကျောက်သယ်သည့် လုပ်အားပေး လုပ်နေရင်း တောင်ပေါ်မှ လိမ့်ကျ လာသည့် ကျောက်တုံးကြောင့် ထိခိုက်မိရာ ခြေထောက်တဖက် ဆုံးရှုံးခဲ့ရသည်။
သူ့ညီမငယ်သည် စာကြိုးစားပြီး ပညာရေးတွင် ထူးချွန်သကဲ့သို့ ကျန်းမာရေး ဝန်ထမ်း ဆရာမ တဦးဖြစ်ရန် အိပ်မက်မက်ခဲ့သူ ဖြစ်သည်။
သို့သော် တတိယတန်း အထိသာ ကျောင်းနေခွင့်ရပြီး ယခု ခြေထောက်တဖက်လည်း ဆုံးရှုံး သွားရသည်ဖြစ်ရာ ညီမငယ်၏ စိတ်ကူးအိပ်မက်များ ပျက်ပြယ်သွားသည့်အတွက် အတွက် နော်ဖောတယောက် စိတ်မကောင်း ဖြစ်ရုံသာ ရှိတော့သည်။
သူကတော့ သွေးတိုးရောဂါရှိပြီး အလုပ်ကြမ်း မလုပ်နိုင်သည့် ဖခင်၊ ကိုယ်ဝန်ဆောင် မိခင်နှင့် မသန်စွမ်း ညီမ ငယ်လေး အပါအဝင် မိသားစုဝင်ပေါင်း ၇ ဦး ရှိသည့် သူတို့ မိသားစုအတွက် တလလျှင် ဆန် တအိတ်ရမည့် ကျောက်စာကွင်း၌ ဝင်လုပ်ကာ မိသားစု တာဝန်ကို ထမ်းရတော့မည် ဖြစ်သည်။
သူတို့ စစ်ရှောင်ရသည့် သက်တမ်း ၉ နှစ်ခန့် ရှိနေပြီ ဖြစ်သော်လည်း ကိုယ့်ရပ် ကိုယ့်ရွာ ပြန်နိုင်မည့် အခြေအနေက ဝေဝါးနေဆဲဖြစ်ရာ လက်ရှိဘဝကိုသာ အဆင်ပြေအောင် ကြိုးစား ရုန်းကန်နေရသည်။
“ပြန်ဖို့ကတော့ မဖြစ်နိုင်သေးဘူးလေ။ ဒီလိုပဲ အဆင်ပြေအောင် နေရတာပေါ့” ဟု နော်ဖောက ဆိုသည်။
နေထိုင်ရေးအတွက် မြိုင်ကြီးငူ ဆရာတော်က နန်းလင်းကြိုင် ရပ်ကွက်တွင် နေစရာ တနေရာ ပေးထား၍ ပူပန်စရာ မလိုသော်လည်း စိုက်ပျိုးစရာ မြေမရှိ၊ အလုပ်အကိုင် အခွင့်အလမ်းကလည်း မရှိသောကြောင့် ရေရှည် ရှင်သန် ရပ်တည်ရေး အတွက် အခက်တွေ့နေဆဲ ဖြစ်သည်။
ထို့ထက်မက နော်ဖော၊ သမီးငယ်လေးနှင့် ညီမငယ်တို့ အပါအဝင် သူတို့ မောင်နှမများ၏ အနာဂတ်သည်လည်း ဘယ်ဆီဘယ်ဝယ် မှန်းမျှော်ရမှန်း မသိသေးရသည့် အခြေအနေတွင်ရှိသည်။
နော်ဖောတို့ မိသားစုကဲ့သို့ပင် မြိုင်ကြီးငူ အထူးဒေသမှ တခြားသော ဘဝတူ စစ်ဘေးရှောင် မိသားစုတို့၏ ဘဝသည် လည်းပဲ ထူးမခြားနားပင် ဖြစ်လို့နေသည်။
“ဒီမှာ အခက်ခဲတော့ ပိုပြီး ရှိတာပေါ့။ ကိုယ့်ရွာမှာ ပိုပျော်တယ်။ ဘယ်လိုပဲ စားရပါစေ။ ဒီမှာ မပျော်လည်း ပျော်အောင် နေရတာပေါ့လေ။ ဟိုကို ပြန်လို့ မရဘူးဆိုတော့” ဟု ဆံပင်တိုတို ခပ်နွမ်းနွမ်း မီးခိုးရောင်ဖျော့ အင်္ကျီလေးနှင့် ကရင်ရိုးရာ လုံချည်လေး ဝတ်ဆင်ထားသည့် နော်ထီးခုဖောက ဖွင့်ဟ ပြောဆိုသည်။
အသက် ၂၆ နှစ်အရွယ် နော်ထီးခုဖောတို့ မိသားစုသည်လည်း စစ်ဘေးရှောင် မိသားစုများထဲက တစုဖြစ်ကာ သူတို့ သည် ၂၀၁၆ စက်တင်ဘာ ၉ ရက်နေ့တွင် မြိုင်ကြီးငူသို့ ရောက်ရှိလာခဲ့သည်။
တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA – ခွဲထွက်အဖွဲ့)နှင့် တပ်မတော် – ကရင် နယ်ခြား စောင့်တပ် (BGF) တို့ တိုက်ပွဲများ ဖြစ်ပွားမှုကြောင့် ကရင်ပြည်နယ် မဲ့သဝေါ ဒေသမှ ပြည်သူများသည် နေရပ်စွန့်ခွာပြီး စစ်ဘေး လွတ်ကင်းရာ မြိုင်ကြီးငူဒေသကို ထွက်ပြေးတိမ်းရှောင် လာကြသည်မှာ ပြီးခဲ့သည့် စက်တင်ဘာ ၉ ရက်နေ့တွင် ၃ နှစ် ပြည့်ခဲ့ပြီ ဖြစ်သည်။
စစ်ဘေးရှောင်များအတွက် မြိုင်ကြီးငူ ဆရာတော်က အေးလင်းမြတ်ရှင်နှင့် မြတ်ပန်းဝတ်မှုံ အမည်ရှိ တိုက်ပွဲရှောင် စခန်း ၂ ခု ဖွင့်လှစ်ပေးခဲ့ပြီး လက်ရှိတွင် ရွာပေါင်း ၂၈ ရွာမှ စစ်ဘေးရှောင် ၅၀၀၀ ကျော် ကျန်ရှိနေသေးကြောင်း သိရသည်။
စခန်းထဲတွင် ခိုလှှုံနေသည့် စစ်ရှောင်များ စားသောက်ရေးအတွက် ထမင်းတမျိုးတည်းကိုသာ တနေ့ နှစ်ကြိမ် လိုသ လောက် လာရောက် ယူနိုင်သော်လည်း ဟင်းကဲ့သို့ တခြား လိုအပ်သည်များကိုတော့ ကိုယ့်နည်း ကိုယ့်ဟန်ဖြင့် ရှာဖွေကြ ရကြောင်း၊ အလှူရှင် ရှိသည့်အခါ ငရုတ်သီး၊ ငါးပိ စသည်တို့ ရရှိနိုင်ကြောင်း အမျိုးသမီး ကျန်းမာရေး ဆရာမ (မြိုင်ကြီးငူ ကျေးလက်ကျန်းမာရေးဌာန) နော်နန်းသဇင်က ပြောပြသည်။
လူဦးရေများသည့် မိသားစု တချို့ကတော့ အပြင်ထွက် အလုပ်လုပ်ကြသည်ဟုလည်း စခန်းတွင်း အခြေအနေကို သူက ရှင်းပြသည်။
“သူတို့ရွာလေးကို သိပ်ပြန်ချင်တာပေါ့။ လုံခြုံမှုပေါ့။ တိုက်ပွဲတော့ မဖြစ်တာကြာပြီ။ ဒါပေမယ့် မိုင်းကြောင့် သူတို့ စိတ်ပူရတာ။ တချို့ မြေမြှုပ်မိုင်းတွေက မမြင်နိုင်တာတွေ ရှိတယ်လေ။ သူတို့ခမျာလည်း ပြန်ချင်လှပါပြီ” ဟု နော်နန်းသဇင်က ဖွင့်ဟ ပြောဆိုသည်။
နော်ထီးခုဖောတို့ ဇာတိ ဝက်ဘွေးတူရွာလေးသည် တောင်ပေါ်ရွာလေး တရွာဖြစ်ပြီး စပြေးလာစဉ်က မြိုင်ကြီးငူသို့ ရောက်ရန် ၂ ရက်ခန့် အချိန်ယူခဲ့ရကြောင်း ရိုးရာ ကရင်အင်္ကျီ တထည်ကို ယက်ကန်း ရက်လုပ်နေရင်းက ပြောပြ သည်။
သူတို့ စပြေးလာစဉ်က သမီးအကြီးသည် ၇ လသား အရွယ်ဖြစ်ပြီး စခန်းရောက်မှ သမီး အငယ်လေးကို ထပ်မွေးခဲ့ရာ ယခုဆိုလျှင် ထို ကလေးပင် အသက် ၁ နှစ်ပင်ကျော်နေပြီ ဖြစ်သည်။
“ဒီမှာက မပျော်ပေမယ့် ကိုယ်နေရမယ့် အတူတူ ပျော်အောင် နေရတော့မှာပေါ့။ ပျော်အောင် နေပါတယ်။ တကယ်လို့ အေးချမ်းပြီး ရွာကို ပြန်ရတယ် ဆိုရင်တော့ အတိုင်းထက်အလွန်ပေါ့။ ပြန်မှာပေါ့။ အဓိကက ငြိမ်းချမ်းဖို့ပဲလေ” ဟု နော်ထီးခုဖောက သူ၏ အဖြစ်ချင်ဆုံးသော ဆန္ဒ ကိုပြောသည်။
နော်ထီးခုဖော ရက်လုပ်နေသည့် ကရင်အင်္ကျီ တထည် ပြီးစီးရန် တပတ်ခန့် ကြာမြင့်ပြီး မိသားစု စားသောက်ရေး အတွက် တဖက်တလမ်းက ဝင်ငွေရှာသည့် အနေဖြင့် ရက်လုပ်နေခြင်း ဖြစ်သော်လည်း ဈေးကွက် မရှိခြင်းကြောင့် သိပ်တွင်ကျယ်လှသည်တော့ မဟုတ်ပါ။
ရက်လုပ်ပြီး အထည်များကို ဘားအံ သို့မဟုတ် မြိုင်ကြီးငူ ဆိုင်များတွင် သွင်းနိုင်သော်လည်း ငွေအရင်းအနှီး အခက်အခဲကြောင့် စီးပွားဖြစ် မလုပ်ကိုင်နိုင်သေးကြောင်း သိရသည်။
စစ်ရှောင်စခန်းရှိ အထူးသဖြင့် အမျိုးသမီးငယ် တချို့သည် ကျောက်စာကွင်းတွင် လုပ်အားပေး သွားလုပ်ကြပြီး တချို့ကတော့ အပြင်ထွက်ကာ အိမ်အကူ လုပ်ကြသကဲ့သို့ နေ့စား အလုပ်လုပ်ကြသူများ ရှိကြောင်း နော်နန်းသဇင်က ပြောပြ သည်။
သို့သော် အများစုသော အမျိုးသမီးငယ်တို့၏ အခြေအနေမှာ အလုပ် မယ်မယ်ရရ မရှိသဖြင့် ဘဝအတွက် အနာဂတ် အတွက် ပိုပြီး မျှော်လင့်ချက် မရှိသလို ခံစားနေရကြောင်း သူက ရှင်းပြသည်။
“သူတို့လေးတွေ တတ်ထားတဲ့ ဂျက်ခုပ်(ယက်ကန်း) ပညာလေးတွေကို တစိုက်မတ်မတ် စိတ်ပါဝင်စားမှု ပိုရှိ လာ အောင် သေချာ ပညာပေး အချိန်ယူ၊ ဂျက်ခုပ်နဲ့ ပတ်သက်တဲ့ ပစ္စည်း လိုအပ်တာတွေကို အရင်းအနှီး ထုတ်ပေး နိုင်ခဲ့ ရင် သူတို့ရဲ့ ဝေဝါးနေတဲ့ စိတ်လေးတွေ ကြည်လင် ပြတ်သားလာနိုင်မှာပါ” ဟုလည်း သူက ဆိုသည်။
ထို အသက်မွေးကြောင်း ပညာကလည်း လတ်တလော ၎င်းတို့စိတ် ပိုတည်ငြိမ်လာစေရန်သာ ဖြစ်ပြီး ၎င်းတို့၏ ရည်မှန်းချက် ပန်းတိုင်များ အောင်မြင်ရန် အတွက်မှာ အချိန်နှင့် တခြားသော အထောက်အပံ့များ လိုအပ်သည်ဟု နော်နန်းသဇင်က အကြံပြုသည်။
ကရင်ပြည်နယ်တွင် ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် အစိုးရတို့အကြား တနိုင်ငံလုံး ပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ် ရေးထိုးသော်လည်း NCA ပါ သဘောတူညီချက်များကို အကောင် အထည် မဖော်နိုင်သေးသောကြောင့် စစ်ဘေးရှောင်တို့သည် နေရပ်ဒေသသို့ ပြန်နိုင်ခြင်း မရှိသေးပေ။
ထို့ပြင် ၂ နှစ်ကျော် ကာလထဲ ရောက်လာပြီဖြစ်သော ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ – ၂၁ ရာစု ပင်လုံ (ဒုတိယအကြိမ်) ပြည်ထောင်စု သဘောတူညီစာချုပ် အစိတ်အပိုင်း (၁) ပါ လူမှုရေးကဏ္ဍ မူဝါဒ သဘောတူညီချက် များကိုလည်း အကောင်အထည်ဖော်မှု အားနည်းနေသေးကြောင်း မြေပြင် အခြေအနေများက မီးမောင်း ထိုးပြနေသည်။
လူမှုရေးကဏ္ဍ မူဝါဒ သဘောတူညီချက်ပါ အပိုဒ် ၃ အရ အမျိုးသမီးတို့၏ အခြေခံ ရပိုင်ခွင့်နှင့် အခွင့်အရေးများကို လူမျိုးရေး၊ ဘာသာရေး၊ ဆင်းရဲ၊ ချမ်းသာ စသည်ဖြင့် ခွဲခြားမှု မရှိဘဲ ထိရောက်စွာ ကာကွယ် စောင့်ရှောက်ရန်နှင့် လူမှုဘဝ မြှင့်တင်မှုကို ဆောင်ရွက်ရန်ဟု ဆိုထားသည်။
ဘားအံမြို့နယ် အခြေစိုက် လူမှုရေးရာ သုတေသနအဖွဲ့ (RISE) ၏ တာဝန်ခံ၊ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် နည်းပညာရပ် ပိုင်းဆိုင်ရာ ပံ့ပိုးပေးနေသူ နန်းမြသီတာကတော့ “ဒါက အရမ်းနက်နဲ သိမ်မွေ့တယ်။ ဘယ်လို အကောင်အထည်ဖော် ကြမလဲ ဆိုတာ ရှိမနေသေးဘူး” ဟု သုံးသပ်သည်။
ထိုသဘောတူညီချက်ကို အစုအဖွဲ့ ၇ ဖွဲ့ (အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့၊ နိုင်ငံရေးပါတီ၊ တိုင်းရင်းသားကိုယ်စားလှယ်နှင့် ပါဝင်သင့်ပါဝင်ထိုက်သူများ) က သဘောတူညီ ထားခြင်းဖြစ်ရာ အကောင်အထည်ဖော်သည့် အပိုင်းတွင်လည်း ၇ ဖွဲ့စလုံးက ညှိနှိုင်းပြီး လုပ်ဆောင်ရန် လိုအပ်သည်ဟုလည်း သူက အကြံပြုသည်။
“မျှော်လင့်ချက်ပေါ့။ သူတို့အတွက် မျှော်လင့်ချက်က ဘာလဲ။ သူတို့ အလုပ်အကိုင်တွေက ဘယ်လိုရှိမလဲ။ ကျမတို့က မျှော်လင့်ချက်နဲ့ အသက်ရှင်လို့ ပြောတာလေ။ ဒီဘဝအတွက် မျှော်လင့်ချက် မရှိဘူး။ ဘဝရဲ့ အနှစ်သာရ အတွက် အိပ်မက် မက်ခွင့် မရှိနေဘူး ဆိုရင် အမျိုးသမီးတွေရဲ့ စိတ်ဓာတ်ရေးရာပိုင်းကို ရိုက်ချိုးလိုက်သလိုပဲ” ဟု သူက ဆိုသည်။
စစ်ဘေး လွတ်ကင်းရာ ထွက်ပြေး တိမ်းရှောင်လာကြသော မြိုင်ကြီးငူ အထူးဒေသ အတွင်းရှိ စစ်ဘေးရှောင်များ အနက် အမျိုးသမီး ဦးရေသည် ၅၀ ရာခိုင်နှုန်း ကျော် ရှိနေပြီး ထိုထဲတွင် နော်ဖောတို့ ညီအစ်မကဲ့သို့သော အမျိုးသမီးငယ်ပေါင်း များစွာတို့သည်လည်း ငြိမ်းချမ်းရေးကို မျှော်လင့်ရင်း အခက်အခဲများစွာဖြင့် မရေရာသည့် အနာဂတ်လမ်းကို လျှောက်လှမ်းနေကြရဆဲ ဖြစ်သည်။ ။