အမျိုးသမီးများအနေဖြင့် အုပ်ချုပ်ရေး, တရားစီရင်ရေး, လွှတ်တော်ကဏ္ဍ စသည်တို့တွင် ယခုထက် ပိုမို ပါဝင်ခွင့်ရရှိရန် လိုအပ်နေဆဲဖြစ်ကြောင်း အမျိုးသမီး အခွင့်အရေး လှုပ်ရှားသူများက ထောက်ပြကြသည်။
“ကျမတို့ အဖွဲ့ချုပ် အနေနဲ့ကတော့ ရွေးကောက်ပွဲအတွက် အမျိုးသမီးပါဝင်ရေးလို့ သီးသန့် မလုပ်ပေမယ့် ပါတီတွေမှာ အမျိုးသမီး လွှတ်တော် ကိုယ်စားလှယ် အနည်းဆုံး ၃၀ ရာခိုင်နှုန်း ပါဝင်ရေးကို လုပ်ဆောင် သွားမှာ ဖြစ်ပါတယ်။ အမျိုးသမီးတွေကိုတော့ လွှတ်တော်ထဲမှာ ပါဝင်စေချင်တယ်။ ဒါပေမယ့် အနှစ်သာရ ရှိတဲ့ ပါဝင်မှုတော့ ဖြစ်စေချင်တယ်။ပြီးရင် တကယ့်ပြုပြင်ပြောင်းလဲမှုကို လုပ်နိုင်တဲ့ အမျိုးသမီးတွေလည်း ဖြစ်စေချင်တယ်”ဟု အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ) WLB ၏ အထွေထွေအတွင်းရေးမှူး နော်ဆဲဆဲ က ပြောသည်။
အဓိကအားဖြင့် ဥပဒေပြဌာန်းသည့် နေရာတွင် အမျိုးသမီးများ ပိုမို ပါဝင်လာမယ်ဆိုပါက အမျိုးသမီးအရေး များကို ပိုမို ထည့်သွင်းစဉ်းစားနိုင်မည်ဟု ယုံကြည်ကြောင်း ၎င်းက ရှင်းပြသည်။
လက်ရှိ ဦးဆောင်မှုအခန်းကဏ္ဍတွင် အမျိုးသမီးအရေအတွက်မှာ လက်တဆုပ်စာသာ ရှိသော်လည်း စံနမူနာ အနေဖြင့် ရှေ့မှ ဦးဆောင် ဦးရွက် လုပ်ဆောင်ပြပါက အများက ယုံကြည်လာမည်ဖြစ်ကြောင်း၊ ထိုအခြေအနေမှ တဆင့်တဖြည်းဖြည်းချင်း ပြောင်းလဲလာပါက လွှတ်တော်အတွင်း အမျိုးသမီးပါဝင်မှု ပိုမိုအားကောင်းလာနိုင်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး၊ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာက ထောက်ပြသည်။
မတ်လ ၅ ရက်နေ့က ပြင်သစ်သံရုံးက ဦးဆောင်ကျင်းပသည့် ရွေးကောက်ပွဲနှင့် အမျိုးသမီးကဏ္ဍဆွေးနွေး ပွဲတွင် ၎င်းက “၂၀၁၇-၁၈မှာ အမျိုးသမီးလွှတ်တော်အမတ်ကို ရွေးမလား၊ မရွေးဘူးလားလို့ စစ်တမ်း ကောက်ကြည့်တော့ မရွေးဘူးဆိုတဲ့ အမျိုးသမီးတွေက ပိုများနေတယ်။ နောက် ရွေးကောက်ပွဲမှာ ဝင်ပြိုင်တဲ့ လူ ၆ထောင်ကျော်မှာ အမျိုးသမီးရွေးကောက်ခံကိုယ်စားလှယ် ၈၀၀လောက်ပါလာတယ် ဆိုပေမယ့် တကယ်ရွေးလိုက်တော့ ထင်သလောက် မဖြစ်ခဲ့ဘူး။ ဒါက အမျိုးသမီးတွေကို အမျိုးသမီးတွေ ကိုယ်တိုင်က သိပ်ပြီး အားမပေးတဲ့ အခြေအနေ တရပ်လည်း ကျမတို့နိုင်ငံမှာ တွေ့နေရဆဲဖြစ်တယ်” ဟု ဧရာဝတီသို့ ပြောသည်။
အမျိုးသမီးအချင်းချင်း အားပေးမှုများ နည်းနေသေးသည့်အတွက်ကြောင့် လွှတ်တော်အတွင်း အမျိုးသမီး ကိုယ်စားလှယ်များ နည်းနေရခြင်းဖြစ်ကြောင်း၊ ၂၀၁၀ ခုနှစ်တွင် အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ် ၆ရာခိုင်နှုန်း ပါဝင်ခဲ့ရာမှ ၂၀၁၅ ခုနှစ်တွင် ၁၃ရာခိုင်နှုန်း အထိ ပါဝင်လာကြောင်း၊ ထို့အတွက် ၂၀၂၀ ခုနှစ် လွှတ်တော် အတွင်း အမျိုးသမီးပါဝင်မှုက ၁၃ရာခိုင်နှုန်းမှ ၂၀/၂၅ရာခိုင်နှုန်းအထိ များလာနိုင်ကြောင်း ဒေါ်ကြည်ပြာက ၎င်း၏ သဘောထားကို ပြောကြားသည်။
ချင်းအမျိုးသမီးများ၏ အမွေဆက်ခံပိုင်ခွင့်နှင့်ပတ်သက်ပြီး ဆောင်ရွက်နေသော NiNu အဖွဲ့မှ ဒါရိုက်တာ ဒေါ်မိုင်လန်းကလည်း လွှတ်တော်ထဲတွင် အမျိုးသမီးများစွာ ရှိခြင်းအားဖြင့် အမျိုးသမီးများအတွက် တရားမျှတသည့် ဥပဒေများ ထွက်ပေါ်လာနိုင်သည့်အတွက် အမျိုးသမီးများက အမျိုးသမီးကိုယ်စားလှယ်လောင်းများကို မဲပေးကြရန် တိုက်တွန်းသည်။
သို့သော် ၎င်းက အမျိုးသမီးတိုင်းသည် အမျိုးသမီးအခွင့်အရေးကို လက်ခံကြခြင်း မဟုတ်သလို အမျိုးသားတိုင်းကလည်း အမျိုးသမီးအခွင့်အရေးကို ဆန့်ကျင်နေခြင်း မဟုတ်ကြောင်းကိုလည်း သတိထားရန်လိုအပ်ပြီး မဲပေးရာတွင် ထိုအကြောင်းအရာကို ထည့်သွင်းစဉ်းစားကြရန် မေတ္တာရပ်ခံထားသည်။
၎င်းက“ကျမတို့ ချင်းပြည်နယ်မှာ အမျိုးသမီးတွေက မနက်အိပ်ယာထကနေ ညအိပ်ယာဝင်ချိန် အထိ အလုပ်လုပ်ရပြီး ဘာမှ ပိုင်ခွင့်မရဘူး ဆိုတာက ဒါလုံးဝမတရားတဲ့ဥပဒေဖြစ်တယ်။ ဒီလို မတရားတဲ့ ဥပဒေပြုသူတွေက အမျိုးသားတွေဖြစ်တယ်” ဟု ပြောသည်။
ထို့ကြောင့် အမျိုးသမီးများအတွက် တရားမျှတသည့် ဥပဒေများထွက်ပေါ်လာရန်နှင့် အမျိုးသမီးများကို အကာအကွယ်ပေးသည့် ဥပဒေများထွက်ရှိလာရန်အတွက်က အမျိုးသမီးများ ကိုယ်တိုင်က ဆုံးဖြတ်ချက်ချ သည့် နေရာများတွင် ဥပဒေပြုသူများ ဖြစ်ရန် လိုအပ်ကြောင်း ၎င်းက ဆက်ပြောသည်။
ဧရာဝတီမှ ဆက်သွယ်မေးမြန်းချက်များအရ အချို့သောပါတီများတွင် လူငယ်နှင့် အမျိုးသမီးများကို လာမည့် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် ဦးစားပေးမည့် မူဝါဒ ရှိသည်။
အာဏာရ NLD ပါတီသည် အရည်အချင်း တူညီပါက လူငယ်နှင့် အမျိုးသမီးကို ဦးစားပေးမည်ဟု ပြောကြားထားသည်။
ရွေးကောက်ပွဲဆိုင်ရာပြည်သူ့လှုပ်ရှားမှုအဖွဲ့မှ အမှုဆောင် ညွန်ကြားရေးမှူး ဦးစိုင်းရဲကျော်စွာမြင့်က လက်ရှိ ရှိနေသည့် ရွေးကောက်ပွဲစနစ်နှင့် နိုင်ငံရေးစနစ်က အမျိုးသမီးများ ပါဝင်ရန် အတွက် သက်တောင့်သက်သာဖြစ်သည့် အနေအထားတွင် မရှိသေးဟု မတ်လ ၅ ရက်နေ့က ပြင်သစ်သံရုံတွင် ပြုလုပ်သည့် ပွဲတွင် သုံးသပ်ပြောကြားသည်။
နိုင်ငံရေးပါတီများ အနေဖြင့် ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းမည့်နေရာတွင် နိုင်ခြေရှိသူကိုသာ စာရင်းသွင်းမည်ဖြစ်ပြီး အနိုင်ရသူ အကုန်ယူနိုင်သည်ဆိုသော နိုင်ငံရေးစနစ်ကြောင့် အမျိုးသားများကသာလျှင် အနိုင်ရ နိုင်ခြေပိုများသည့် စဉ်းစားချက်က နိုင်ငံရေးပါတီတိုင်းတွင် ရှိသည်ဟု ၎င်းက ရှင်းပြသည်။
ဦးစိုင်းရဲကျော်စွာမြင့်က “နိုင်ငံရေးပါတီတွေကလည်း များသောအားဖြင့် သူတို့ကိုယ်စားလှယ်လောင်း တင်သွင်းတဲ့နေရာမှာ အမျိုးသမီး ဘယ်လောက် ရာခိုင်နှုန်း ပါရမယ်ဆိုတဲ့ စဉ်းစားချက်မျိုး သူတို့ဆီမှာ မရှိဘူး” ဟု ဆိုသည်။
ထို့ကြောင့် နိုင်ငံရေးပါတီများအနေဖြင့် အမျိုးသမီးပါဝင်မှုကို စဉ်းစားသည့်အခါ အမျိုးသမီးများ လွှတ်တော်တွင်း ဝင်ရောက်ရန် ပထမဆုံးအဟန့်အတားဖြစ်နေကြောင်း ၎င်းက ထောက်ပြခဲ့သည်။
တိုင်းရင်းသား နိုင်ငံရေးပါတီဖြစ်သည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ကမူ လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် လူငယ်နှင့် အမျိုးသမီး ကိုယ်စားလှယ်လောင်း ၃၀ ရာခိုင်နှုန်း ပါဝင်ရန် ပါတီမူဝါဒ ချမှတ်ထားကြောင်း ပြောဆိုထားသည်။
USDP ကမူ ကိုယ်စားပြု လူငယ်နှင့် အမျိုးသမီး ကိုယ်စားလှယ်လောင်းများ ပါဝင်လာမည် ဖြစ်သော်လည်း လူငယ်ပါဝင်မှုကို ရာခိုင်နှုန်း သတ်မှတ်ချက် မရှိကြောင်း ဒေါက်တာနန္ဒာလှမြင့်က ဧရာဝတီသို့ မကြာမီက ပြောထားသည်။
အမျိုးသမီးများသည် ယခင်ကထက် နိုင်ငံရေးကဏ္ဍများတွင် ပိုမို ပါဝင်လာနိုင်ပြီဖြစ်သော်လည်း နိုင်ငံရေးစားပွဲဝိုင်းများတွင် ထဲထဲဝင်ဝင် ပိုမို ပါဝင်လာရေး၊ ဥပဒေပြုရေး၊ လွှတ်တော်စသည့် နေရာအသီးသီးတွင် ပါဝင်ခွင့် ရာခိုင်နှုန်း ပိုမို ရရှိရန် ကြိုးပမ်းကြရအုံးမည် ဖြစ်သည်။
ဆက်စပ်လင့်
အမျိုးသမီးတွေက စင်ပေါ် ပြောခွင့်ရတဲ့ နေရာကို မရောက်ဘူး
၂၀၂၀ ရွေးကောက်ပွဲမှာ လူငယ်ကိုယ်စားလှယ်လောင်းပါဝင်မှု ပိုများလာမလား