ပန်းကန်ပြားပျံ Archives - ဧရာဝတီ https://burma.irrawaddy.com/tag/ပန်းကန်ပြားပျံ Covering Burma and Southeast Asia Sun, 19 May 2024 08:00:08 +0000 en-US hourly 1 https://wordpress.org/?v=7.0.7 https://burma.irrawaddy.com/wp-content/uploads/2023/03/cropped-The-Irrawaddy-Favicon-32x32.png ပန်းကန်ပြားပျံ Archives - ဧရာဝတီ https://burma.irrawaddy.com/tag/ပန်းကန်ပြားပျံ 32 32 ပန်းကန်ပြားပျံ ပေါ်က ညိုဆော https://burma.irrawaddy.com/article/2024/05/12/383487.html Sun, 12 May 2024 00:30:54 +0000 https://burma.irrawaddy.com/?p=383487 ပန်းကန်ပြားပျံထဲမှာ အပျံစား ဈေးအကြီးဆုံး အရက်တွေ၊ ကော့ညက်တွေ…အကောင်းဆုံး Sound System နဲ့ ကာရာအိုကေ စက်တွေ…အလန်းလေးတွေ…ကိုရီးယား ဂျပန် အစားအစာတွေ…ပြီးတော့ ဒေါ်လာ တွေက အထပ်လိုက် အပုံလိုက်။]]>

ကျနော် ဘန်ကောက်မှာ အခန်း ဝယ်ပြီးနေတာ သူငယ်ချင်းတွေ သိကြပါသည်။

ကျနော့် မိန်းမ ရှမ်းပြည်က အချောမလေးနှင့် ညနေဘက် Central Chidlom အပေါ်ဆုံး ထပ်မှာ ညနေစာ ထွက်စားလေ့ ရှိပါသည်။

မနေ့ညကတော့ ထူးထူးခြားခြား Sukhumvit မှာ ဖွင့်ထားတဲ့ Burbrit Craft Beer ဆိုင်မှာ ထိုင်ဖြစ်ပါသည်။

မြန်မာဖွင့်တဲ့ ဆိုင်လည်း ဖြစ်၊ ကျနော်လည်း သူတို့ ပြောတဲ့ ဘီယာလေးတွေ စမ်းကြည့်… မြည်းကြည့်…

အစ်ကို …Burma Pale Ale လေး ကောင်းတယ် သောက်ကြည့်…

အေးကွာ…

အစ်ကို … Padaung Weizen လည်း မဆိုးဘူး 4.8 % ပဲ ရှိတယ် …

အေးကွာ …

နောက်ဆုံး ကျနော် Shan Hills IPA နှင့် တွေ့သွားသည်။ ကျနော်က ရှမ်းမ ဆိုလျှင် သံယောဇဉ် ရှိတတ်သူ ဆိုတော့ ရှမ်းကုန်းမြေမြင့်ကို တက်မိသည်။ သူက 6.2 % ရှိသည်။

ဘေးက ထိုင်သောက်နေသော တောင်ကြီးသူ မိန်းမက တော်ပါတော့ ကိုရယ် ဟု ပြောရသည် အထိ။

ကျနော်တို့ အိမ်ကို ပြန်ခဲ့ကြသည် ဆိုပါတော့။

******

မနက် ကျနော် အိပ်ယာက နိုးတော့…ကျနော် ကျောက်ဂူ တခုထဲ ရောက်နေသည်။ ဘေးမှာလည်း မိန်းမ မရှိတော့။

ကျနော့် ဘေးမှာလည်း ကျောက်ခေတ် လူသားတွေ ထမင်း ဟင်းချက်၊ မီးမွှေး၊ ဂူထဲ နှင့် ဂူပြင် ထွက်လိုက် ဝင်လိုက် အလုပ် ရှုပ်နေကြတာကို တွေ့လိုက်ရသည်။

မြတ်စွာဘုရား…

ငါ ဘယ်ကို ရောက်နေတာလဲ…။

ကျနော် ဂူအပြင်ကို ပြေးထွက်လိုက်သည်။ ကျောက်ခေတ် လူသား ၄၊ ၅ ယောက်ခန့် ရှိသည်။

သူတို့ရဲ့ လက်နက်တွေနဲ့ ပစ်ဖမ်းပြီး ရလာသော ဂျီလိုလို သမင်လိုလို ဒရယ်လိုလို ဘာကောင်မှန်း မသိ ချိုတော့ ပါသည်။ ခုတ်ထစ်နေတာ တွေ့လိုက်ရသည်။

သူတို့ကို ကျနော် မိတ်ဆွေ ဖွဲ့ပြီး စကားပြောဖို့ ကြိုးစားသည်။

မင်္ဂလာပါ…

ဆဝါဒီခပ်…

ဘာမှ ပြန်မပြောပါ။ ကျနော့်ကို ရန်ပြုမယ့် ပုံလည်း မပေါ်။ စိတ်တော့ အေးရသည်။

ပတ်ဝန်းကျင်ကို အကဲခတ်စဉ်မှာပဲ မြောက်ဘက် အရပ်မှ အလင်းတန်းကြီး ပေါ်လာပြီး ပန်းကန်ပြားပျံကြီး တစင်း ကျနော်တို့ ဂူနားကို ဆိုက်လာသည်။

မျက်လုံး အပြူသားနှင့် ကျနော် ကြည့်နေမိသည်။ တံခါး ပွင့်လာပြီး လူတွေ ဆင်းလာကြသည်။

ဟာ… ကျနော် လန့်ပြီး အော်လိုက်မိသည်။

ဒီလူတွေကို၊ ပန်းကန်ပြားပျံ ပေါ်က လူတွေကို ကျနော် သိတာပဲ၊ တချို့ကို ဆိုပါတော့။

ညီအစ်ကို သုံးယောက်…

အစ်ကိုကြီးက စီးပွားရေး သတင်း၊ အားကစား သတင်းနဲ့ သူတပါးကို Black mail လုပ်သည့် သတင်းတွေ ရေးပြီး ကြီးပွား ချမ်းသာ လာသူ။

အလတ်ကောင်က စစ်တပ် အတွက် လက်နက် သွင်းပြီး ချမ်းသာ ကြွယ်ဝလာသူ။

အငယ်ဆုံး ကောင်ကတော့ ဘာမှ မလုပ်။ သူ့ကို သူ့အဖေက မသေခင် ဂငယ် သင်တန်း ၂ ခု ပေးခဲ့သည်ဟု သိရသည်။

တခုက “ဂါနည်း”။ နောက်တခုကတော့ “ဂေါက်ရိုက်နည်း”။

သူသည်လည်း ဂါပြီး ဂေါက်ရိုက်တတ်သော အတတ်ပညာကြောင့် ချမ်းသာ ကြွယ်ဝသူ ဖြစ်လာသည်။

မကြာခဏ ဆိုသလို တပ်မတော်က ဗိုလ်ချုပ်ကြီးတွေနဲ့ အတူ ဂေါက်ရိုက်တတ်သူ။ နံပါတ် ဝမ်း၊ နံပါတ် တူး အားလုံးနှင့် အဆင်ပြေပါသည်။ သူ့အစ်ကိုတွေ စစ်တပ် စီးပွားရေး ကိစ္စတွေနဲ့ ပတ်သက်ပြီး ဒုက္ခရောက်ရင် ဂေါက်ရိုက်ရင်း ဖြေရှင်းပေးလိုက်သည်။ ပိုင်တယ်နော်။

နောက်ဆင်းလာတဲ့ တယောက်က အာဏာသိမ်းပြီး နောက်ပိုင်း ဘဏ်ထောင်ပြီး ချမ်းသာလာသူ။ အားလုံးနှင့် အဆင်ပြေအောင် ပေါင်းတတ်သူ။ လူတွေ့လျှင် အစ်ကို ဘာလိုလဲ။ ဒီလို မေးတတ်သည်။

နောက်တယောက်ကတော့ မြေပိုင်ရှင်ကြီး။ သူက ခေတ် အဆက်ဆက် မြေတွေ သိမ်းပြီး ချမ်းသာလာသူ တရုတ်-မြန်မာ ကပြား။ သူကလည်း ခေသူ မဟုတ်။

ကွယ်ရာမှာ သူ့ကို “အဘ တဝက်၊ ကျနော် တဝက်” ဟု နောက်ပြောင် ခေါ်ကြသည်။ နာမည်က ငွေသံလွင် ဆော်ဝင်း။

ကျနော့်မှာ ခရီးသည်တွေကို ကြည့်ရင်း အံ့သြနေရသည်။

ဒါက မြန်မာပြည်က လာတဲ့ ပန်းကန်ပြားပျံ။ Special Flight အထူး အစီအစဉ်ပဲဟု နားလည်လိုက်သည်။

နောက်တယောက် ဆင်းလာသည်။

ညိုဆော…၊ ကျနော်တို့ ရွာက ညိုဆော။ ဒိုးပတ်သံ နှင့် ဆိုင်းချက်နှင့် အတူ ပန်းကန်ပြားပျံ ပေါ်က ခုန်ပေါက်ပြီး ဆင်းလာသည်။

ဘေးနားက မျက်မှန် အနက်တပ်၊ ဦးထုပ် ဆောင်းထားသော ဘုရားဒကာ ခရိုနီကြီးက “ဘယ်လိုလဲ ဟဲဟဲဟဲ” ဟု မေးလိုက်ရာ…

ညိုဆောက ပြုံးဖြဲဖြဲ နှင့်…

“အဘ ကခိုင်းလို့၊ ပုပ္ပားမှာ တပတ်လောက် ယတြာ သွားချေပေးနေတာ။ အခုတော့ လွတ်ပြီ ကျွတ်ပြီ”

ညိုဆော ဘေးမှာက အတွဲလိုက်။ ဇာဇာမင်းလတ်တို့၊ ယမင်းထွဋ်အောင်တို့… အလန်းတွေ အလန်းတွေ။ အခုမှ နားရတယ်ဗျာ…ဟု ပြောပြီး ဇာဇာ ၏ တင်ပါးကြီးကို လှမ်းကိုင်လိုက်သည်။

ဘေးမှ ကုတ်ချောင်းချောင်းနှင့် ပါလာသော အောင်ပြည့်ဇုံ က “အစ်ကိုကြီး ညိုဆော ကျနော်တို့ တင်ထားတဲ့ ပရော့ဂျက် အသစ်တွေ မြန်မြန် ချပေးဦး” ဟု အမိန့်ပေးသလို ပြောလိုက်သည်။

ညိုဆောက –

“ဒါလေးများ ညီလေးရာ မနေ့ကတည်းက လက်မှတ် ထိုးပြီးပြီ” ဟု ပြောပြောဆို ညိုဆောသည် ရှန်ပိန်ကို ဖွင့်လိုက်ပြီး မဒီလေးများကို ခေါ်ကာ ကျောက်ခေတ် Sightseeing လုပ်တော့သည်။

“ဒီကောင် မြေသိမ်းဖို့ လိုက်ကြည့်နေတာ ဖြစ်မယ်”

ပါလာသော ယုဇန အေးမြင့် ဆိုသူက ခပ်တိုးတိုး ပြောလိုက်ပြီး ပြုံးနေသည်။ အကြံတူနေပြီ။

ဘောလုံးသမားလေး ကိုဂျော်ဂျော်ကလည်း သူ့ရဲ့ ဘောလုံးကို တော့ကာ တော့ကာ နှင့် ယဉ်ပျံပေါ်မှ ဆင်းလာလေသည်။

မျက်မှန်နက် တပ်ထားသူကြီးက “ဒီကောင် ဘောလုံး ရန်ပုံငွေတွေ သုံးပြီး တခါမှလည်း မနိုင်ဖူးသေးဘူး” ဟု မကြားတကြား ပြောလိုက်ရာ ဘောလုံးသမားလေးက ဂျပန်လို ပြန်ဆဲလိုက်သည်။

မျက်မှတ်နက် တပ်ထားသူကြီး ပြန်မဆဲနိုင်ဘဲ ရှောင်ထွက်သွားလေသည်။

“အိုက်တိုး ပဂေးဆန်”

“အိုက်တိုး ပဂေးဆန်”

ဘောလုံးကို ကန်လိုက်ရင်း ဆက်ဆဲသည်။

ပန်းကန်ပြားပျံ ပေါ်မှာ ဘယ်သူတွေ ထပ်ပြီး ပါလာသေးလဲ ကျနော် မခန့်မှန်းနိုင်။

“အရလွယ်တိုင်းလည်း တွေ့တာ အကုန်မယူနဲ့…အန္တရာယ်က လက်တကမ်းမှာ…ကြာကြာဝါးမယ့်သွား ဘာစားစား အရိုးကြည့်ရှောင်ဟေ့

“တိုင်းချစ် ပြည်ချစ်” ပုဂ္ဂိုလ်ကြီးများ၊ နိုင်ငံတော် ဘွဲ့ထူး ဂုဏ်ထူးများကို ရရှိထားသူများ အမြားအပြား ပါဝင်သည်ဟုတော့ ကျနော် ရိပ်စားမိပါသည်။

“ကျနော်က ဒီတိုင်းပြည်ကို သိပ်ချစ်တာဗျ”

ဘုရင့်နောင်၊ တပင်ရွှေထီး တို့နှင့် ဆွေမျိုး စပ်သည်ဟု သိရသော သစ်ခိုးဂုဏ်းဝင် သတိုးသီရိ ဘွဲ့ရ သူဌေးကြီးက လက်စွပ်ကြီးကို ပွတ်လိုက်ရင်း ပြောလိုက်ရာ ဘေးမှ ကြားရသူများ ကြက်င်္သီး မွေးညင်းများပင် ထသွားတော့သည်။

“ကျနော်လည်း ဒီလိုပါပဲ”

ဆံပင်ကို သပ်ရင်း ဝင်ပြောသူက ဘဏ်အသစ် ထောင်ထားသူ အငယ်လေး ဆိုသော ခရိုနီ။ ရတာအကုန်ယူ။ ဘာလာလာ ဒေါင်းမည့်သူ။

ဘောလုံးသမား ကိုဂျော်ဂျော်၏ ဘောလုံးက သူ့ဘက်ကို အရှိန်ပြင်းပြင်းနှင့် ဝင်လာတော့ အငယ်လေးက အလန့်တကြား ငုံ့ရှောင်လိုက်သည်။ ဂျပန်လို ဆဲလိုက်သံက လွင့်ပျံပြီး ပါလာသည်။

အငယ်လေးက “ဒီဘောလုံးက သဘောထား ပါတယ်နော်” ဟု ပြောလိုက်သည်။

“ခင်ဗျားက သူခိုးလေ”

ဟိုတယ်တွေ၊ Resort တွေ အများကြီး ပိုင်ဆိုင်ထားသော သီရိ အဓမ္မ ခိုင်ကြူကြူရွ ၏ တပည့်လေး အောင်မျိုးမင်းခင် က ပြုံးဖြဲဖြဲနှင့် ဝင်ပြောတော့ –

အငယ်လေးက “မင်းကျတော့ရော အတူတူ နဲ့ အနူနူပဲ” ဟု ပြန်ပက်လိုက်သည်။

အောင်မျိုးမင်းခင် ရှက်ရှက်နှင့် ထွက်သွားရာ သူ့ဘေးမှ သူငယ်ချင်း ထွန်းမင်းကြပ်က ထိုင်းထောင်မှာ အနေကြာခဲ့သူ ဆိုတော့ အငယ်လေးကို ထိုင်းလို လှမ်းဆဲသည်။

“ခွိုင်”

“တော်ကြ တော်ကြ ခင်ဗျားတို့ ဒီလောက် ရနေကြတာပဲ မဝသေးဘူးလား”

ညိုဆောက ငေါက်သလိုလို ဖြန်ဖြေသလိုလို ပြောလိုက်သည်။ ညိုဆော အရက် မူးနေပြီ။

ပါလာသော ကောင်မကြီး၊ ကောင်မလေး၊ ကောင်မလတ် များနှင့် ရှန်ပိန် သောက်ရင်း မူစကူဒူးပြီးသွားပုံ ရသည်။ မျက်နှာမှာ အဆီတွေပြန်ပြီး ကျေနပ်နေပုံ ရသည်။

“အစ်ကိုကြီး ပျောက်နေတာ အကြာကြီးပဲနော်” ညုတုတု အသံက ဇာဇာဆီမှ။

“တိုင်းပြည်တာဝန် ထမ်းဆောင်ရတာ လေးပင်တော့ တခါတလေ နားရတာပေါ့။ ကဲကဲ နေစောင်းပြီ ပြန်ကြမယ်။ ဒီကိုလာရတာ စိတ်ချမ်းသာတယ်။ နောက်ပိုင်း လူကြီးတွေ ခေါ်လာပြီး ပြည်တွင်း ပြည်ပ ခရီးသွား လုပ်ငန်း တိုးချဲ့ရမယ်”

ပြောပြော ဆိုဆို ညိုဆော ပန်းကန်ပြားပျံပေါ် တက်သည်။ ချော်လဲမလို ဖြစ်တော့ ဘေးက ရင်ထွားထွား တင်ကားကား ဇာဇာက “အစ်ကိုကြီး ပြုတ်ကျဦးမယ်နော်” ဟု အော်ပြီး ထိန်းပေးလိုက်သည်။ ညိုဆောက ရင်ခွင်ထဲမှာ ပြုံးပြုံးကြီး။

“ဒါတပ်မတော်က ခေါ်ပြီး လျှို့ဝှက် သင်တန်း ပေးနေတဲ့ အရန် ကိုယ်လုပ်တော် တပ်က သူလေးတွေကွ”

ဟာသဉာဏ် ရှိသော ခရိုနီ ထွန်းမြင့်လှိုင်က ကြားဝင်ပြီး နှောက်သည်။

“ခင်ဗျားလည်း ပျောက်နေတယ်နော်”

မြန်မာ ပတ်စ်ပို့ ပြန်ကိုင်ပြီး သူ့ကိုယ်သူ ၁၀၀ ရာခိုင်နှုန်း Clean ဖြစ်ပါတယ် ဟု နိုင်ငံတကာ မီဒီယာကို အရှက်မရှိ ပြောတတ်သော ကိုထိမ်းဝေ သည် အလွန် ပျော်နေသည်။

ခရိုနီတွေက သူ့ကို သိပ်ပြီး ကြည့်မရ။

သူ့ရဲ့ ပေသီးမှာ လွန်ခဲ့တဲ့ ၃ နှစ်အတွင်း သူ့ဝင်ငွေက ၃ ဆ။ ဆင်းရဲသားနဲ့ လူအများဆီက ဘဏ်တိုးတွေ မတရား ယူခဲ့သည်။ မျက်ဖြူဆိုက်လေ၊ ဆရာ ကြိုက်လေ။ တိုင်းပြည် ဒုက္ခရောက်လေ၊ သူက အိတ်ဖောင်းလေ။

၂၀၂၁ သံလျင်က သူ့ရဲ့ Condo မှာ ဖမ်းပြီး အသတ်ခံရ၊ အဖမ်းခံရတဲ့ ကလေးတွေက သူ့ကိစ္စ မဟုတ်။

ဦးထိမ်းဝေသည် တရုတ်။ ၁၉၆၀ က သူ့ရဲ့ ဗမာ မှတ်ပုံနဲ့ နိုင်ငံကူး လက်မှတ်ကို အမှိုက်ပုံးထဲ ပစ်ထည့်ပြီး တိုင်းပြည်က ထွက်သွားခဲ့သူ။

ရေနံသူဌေးကြီး မိုက်ကယ်ဂျိုးမြင့်က…အင်္ဂလိပ်လို ပျစ်ပျစ်နှစ်နှစ် တချက် ဆဲလိုက်ပြီး…

“အဲဒီ တရုတ်က နောက်မှ ပြန်လာပြီး ထောက်လှမ်းရေးနဲ့ ပေါင်းပြီး ကြီးပွားလာတဲ့ကောင်။ ဗမာပြည် ချစ်တာ မဟုတ်ဘူး။ သူ့ စင်္ကာပူက သူ့ရဲ့ Stock ကိုပဲ တွေးနေတာ…အခွင့်အရေးသမား…”

ပျစ်ပျစ်နှစ်နှစ် ဆဲသံများ ထွက်လာသည်။

ဦးထိမ်းဝေက မရှက်တတ်။ မရှက်လို့ ခရိုနီ ဖြစ်လာတာပဲ။ သူများ မျက်ရည်ကျမှ သူက ချမ်းသာတာ။

လက်တဘက်မှာတော့ ကျူးဘား ဆေးပြင်းလိပ်ကြီးကို ဟန်ပါပါ ကိုင်ထားပြီး နောက် လက်တဘက်က သူ၏ဘေးက ခပ်တောင့်တောင့် အတွင်းရေးမှူးမ၏ ပေါင်ကို ပွတ်သပ် ပေးနေသည်။

ပြီးတော့ မြန်မာပြည်မှာ တည်ငြိမ် အေးချမ်းပြီး စီးပွားရေး လုပ်ဖို့ ကောင်းကြောင်း ပါးစပ်က တဖွဖွ…

သူပြောနေတာတွေကို ဘေးက ကြားနေရသူ ကျနော်သည် သူ့မျက်နှာကြီးကို ကြည့်ရင်း ကြည့်ရင်း သွေးစုပ် ဖုတ်ကောင်ကြီး တကောင်၏ မျက်ခွက်ကြီးကို မြင်နေရသလို အာရုံရလာလေသည်။

“ကဲ တက်ကြ တက်ကြ လူစုံရင်ထွက်မယ်…နောက်ကျရင် အဘက ဆူနေဦးမယ်…ငါ့ကို တောင်ပြုံးတို့ ပုပ္ပားတို့ ပို့ပြီး ၃ ရက်ပျောက် ၄ ရက်ပျောက် ယတြာချေဆိုရင် ပြေးရဦးမယ်…ဒီတခေါက်သွားရင်တော့ ချစ်ချစ်လေးတွေ ခေါ်သွားရမယ်…ဟဲ ဟဲ…”

“ပုပ္ပားတောင် လိုက်ချင်ပါဘူး”

ဇာဇာက မျက်စောင်းထိုးပြီး ပြောလိုက်သည်။

“ဒီတခေါက် Maldives သွားမယ်…”

ညိုဆောက “ဇာ့သဘော…ဇာ့သဘော…”

ညိုဆော အူမြူးနေသည်။

ကျနော့် မျက်စိများကိုပင် မယုံနိုင်…

ပန်းကန်ပြားပျံထဲမှာ အပျံစား ဈေးအကြီးဆုံး အရက်တွေ၊ ကော့ညက်တွေ…အကောင်းဆုံး Sound System နဲ့ ကာရာအိုကေ စက်တွေ…အလန်းလေးတွေ…ကိုရီးယား ဂျပန် အစားအစာတွေ…ပြီးတော့ ဒေါ်လာတွေက အထပ်လိုက် အပုံလိုက်။

အပြန် ခရီးမှာတော့ –

“ကျနော်တို့ ပလက်ဖောင်း မင်းသား သီချင်းနဲ့ စတင် ဖျော်ဖြေပါ့မယ်”

မျက်မှန် အနက် တပ်ထားသူကြီးက အသံသေး အသံကြောင်နှင့် ထဆိုသည်။ အားလုံးက သတိဆွဲပြီး လိုက်ဆိုရသည်။ သူက ဂုဏ်းချုပ်ကြီး အထာ။

သူက ဂျပန်မှာ ဂေါက် အပျော် သွားရိုက်ပြီး ပြန်ရောက်တာ မကြာသေး။ စစ်တပ်က အာဏာ သိမ်းပေးလိုက်မှ စိတ်ချမ်းသာသွားသူကြီးထဲမှာ ပါသည်။

သူက အဲဒီလို ကိုယ့်ဒူး ကိုယ်ချွန် ချမ်းသာလာတာ…

သြော်…

တိုင်းပြည်နဲ့ လူမျိုးကို အရမ်း ချစ်တာ…

သြော်…

ဘုရားဒကာ…ကျောင်းဒကာ…

သြော်…

“ကြယ်ရောင်တွေ ပျောက်တဲ့ညမှာ…အပြင်လောကထဲ ထွက်လာသူ…” စိုင်းထီးဆိုင်ရဲ့ ပလက်ဖောင်း မင်းသား သီချင်းသံ။

ယာဉ်ပျံကြီးကတော့ အင်ဂျင်သံတောင် မကြားရ… ညင်သာစွာ ပျံတက်လေပြီ…။

“မာကျူရီ မီးလုံးအောက်မှာ…ကိုယ် အိတ်ထဲ လက်နှိုက်ရှာကြည့်…ငွေရယ်ဆိုလို့ ဆယ်တန်နဲ့ အကြွေတချို့…ရင်ခွင်မှာတော့ မျှော်လင့်ချက်ကြီး တခု…”

“ရေဆိုတာဟာ နွေအခါမှာ ခက်သေး…ငွေဆိုတာဟာ ရှာနိုင်သူအဖို့ မရှား…”

“အရလွယ်တိုင်းလည်း တွေ့တာ အကုန်မယူနဲ့…အန္တရာယ်က လက်တကမ်းမှာ…ကြာကြာဝါးမယ့်သွား ဘာစားစား အရိုးကြည့်ရှောင်ဟေ့…”

“ရွေးနေရအောင် မင်းက ဘာကောင်လဲ…အကောင်းဆုံးက အကောင်းဆုံးပေါ့…တန်ရာက တန်ရာပေါ့…”

ကျနော်နှင့် ကျောက်ခေတ် လူသားများမှာ ယဉ်ပျံကြီးကို ငေးကြည့်ရင်း ကျန်ခဲ့တော့သည်။

မီးရောင်စုံတွေ ဖွင့်ရင်း ပန်းကန်ပြားပျံကြီးသည် အဝေးသို့ ပျံသွားလေပြီ…။

သီချင်းသံ သဲ့သဲ့ ကြားရသလိုလို…ကျနော် လှမ်းအော်လိုက်သည်…

“ဟေ့လူတွေ…ကျနော်လည်း လိုက်မယ်လေ…ချန်မထားပါနဲ့…”

******

“ကိုကို ညက သောက်တာ တော်တော် များတယ်နော်”

မျက်လုံးများကို ဖွင့်လိုက်တော့ ဘေးမှာ ချစ်သူက ကော်ဖီခွက် ပြီးတော့ Asprin ဆေးပြားနှင့် မြင်နေကျ အပြုံးလေး…။

“ဟေ…ကိုကို ပန်းကန်ပြားပျံ ပေါ်မှာ ပါသွားတယ် အောက်မေ့နေတာ…ဇာဇာရော…”

“ကိုကို ဘာတွေ လာပြောနေတာလဲ…ဆေးသောက်…” ။ ။

(ဤစာစုသည် သရော်စာ သက်သက် ဖြစ်ပါသည်။ စာစုအတွင်း ပါဝင်သူများမှာ အပြင်လောကတွင် အမှန်တကယ် ရှိသူများ မဟုတ်ကြပါ။)

]]>