စစ်ကောင်စီအနေနဲ့ လက်ရှိ စစ်ပွဲတွေမှာ ဆက်တိုက်ရှုံးနိမ့်မှုတွေရှိနေပြီး ၂၀၂၅ မှာ လုပ်မယ်လို့ ပြောဆိုထားတဲ့ ရွေးကောက်ပွဲကလည်း လုပ်နိုင်မယ်မထင်ဘူးလို့ ထိုင်းတော်ဝင်စစ်တပ်ရဲ့ ဗိုလ်ချုပ် Witthaya Semathong က မှတ်ချက်ပြုခဲ့ကြောင်း အစည်းအဝေးတက်ရောက်ခဲ့သူက ဧရာဝတီကို ပြောပါတယ်။
ဘန်ကောက်မြို့ရှိ ထိုင်းလွှတ်တော် B 1 ခန်းမမှာ မတ်လ ၂၂ရက်နေ့ကစပြီး ၂ရက်တာ ပြုလုပ်ခဲ့တဲ့ မြန်မာ့အရေးဆွေးနွေးပွဲမှာ အခုလို ပြောဆိုခဲ့တာလို့ အဆိုပါ ပွဲကို ကိုယ်တိုင်တက်ရောက်ခဲ့တဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ (CRPH) က ဦးအာကာမျိုးထက်က ဧရာဝတီကို ပြောပါတယ်။
ဒီပွဲကို မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် တွန် အမ်ဒရူးစ်အပါအဝင် ထိုင်းအောက်လွှတ်တော် နယ်စပ်လုံခြုံရေးကော်မီတီဥက္ကဋ္ဌ၊ ထိုင်းတော်ဝင် စစ်တပ်က အရာရှိတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းကပညာရှင်တွေ၊ တော်လှန်ရေးအဖွဲ့အစည်းတွေဘက်က ကိုယ်စားလှယ်အချို့ တက်ရောက်ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံဖက်က ကိုယ်စားပြုအနေနဲ့ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) ကိုယ်စားလှယ်တွေ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ (CRPH) ကိုယ်စားလှယ်တွေနဲ့ အရပ်ဖက်အဖွဲ့အစည်း တချို့က တက်ရောက်ခဲ့ကြပါတယ်။
ဆွေးနွေးပွဲမှာ မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ စစ်ပွဲတွေ၊ ရွေးကောက်ပွဲနဲ့ စစ်ကောင်စီရဲ့လက်ရှိအခြေအနေတွေအကြောင်း၊ ရုရှားနဲ့ စစ်ကောင်စီ ပူးပေါင်းပြီးနျူးကလီးယားစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံတွေတည်ဆောက်မယ့်အပေါ် စိုးရိမ်ချက်တွေနဲ့ပတ်သက်ပြီး ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။
ဆွေးနွေးပွဲမှာ ထိုင်းလွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ပြောကြားချက်၊ ထိုင်းတော်ဝင်စစ်တပ်ပြောကြားချက်၊ မြန်မာ့အရေးဆိုင်ရာ ဆွေးနွေးခဲ့တာတွေနဲ့ပတ်သက်ပြီး CRPH ရဲ့ နိုင်ငံတကာဆက်ဆံရေးကော်မတီဝင် ဦးအာကာမျိုးထက်ကို ဧရာဝတီက ဆက်သွယ်မေးမြန်းထားပါတယ်။
#မြန်မာ #ဧရာဝတီ #ထိုင်းလွှတ်တော် #ထိုင်းတော်ဝင်စစ်တပ် #မြန်မာ့အရေးဆွေးနွေးပွဲ #CRPH #NUCC
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy







