တက္ကသိုလ်ဝင်တန်းကျရှုံးခဲ့သည့်အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ သလပ်ခွာကျေးရွာအုပ်စု မဒေါ့ကုန်းကျေးရွာမှ အသက် ၁၈ နှစ်အရွယ် မနှင်းယုခိုင်မှာ ယမန်နေ့ နံနက်ပိုင်းက နေအိမ်အနောက်ဘက်ရှိ အိမ်သာအတွင်း ကြိုးဆွဲချ သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
“၁၀ တန်းစာမေးပွဲကျလို့ စိတ်ဓာတ်ကျပြီးတော့ အခုလို သူ့ကိုယ်သူ သတ်သေသွားတယ်လို့ သိရပါတယ်။ သူ့အိမ်အနောက်ဘက်က အိမ်သာကို ဂျက်ထိုးပြီး အိမ်သာထဲမှာ ဆွဲကြိုးချ သတ်သေသွားတာပါ”ဟု သလပ်ခွာ တိုက်နယ် ရဲစခန်းမှူး ရဲအုပ် ဝင်းမြင့်ထွန်းက ဧရာဝတီကို ပြောသည်။
မနှင်းယုခိုင်မှာ ပြီးခဲ့သည့် ၂၀၁၆ – ၁၇ ပညာသင်နှစ်တွင် သလပ်ခွာကျေးရွာအထက်တန်းကျောင်း၌ တက္ကသိုလ် ဝင်တန်းကို ဒုတိယအကြိမ်မြောက် တက်ရောက်ခဲ့သူဖြစ်ပြီး လပတ်စာမေးပွဲများတွင် ပုံမှန် အောင်မြင်ခဲ့သော် လည်း တက္ကသိုလ်ဝင်တန်းအောင်စာရင်းထွက်ချိန်တွင် ကျရှုံးနေခဲ့သည့်အတွက် ကြိုးဆွဲချသတ်သေခဲ့ရာ ခန္ဓာကိုယ်တွင်ပြင်ပဒဏ်ရာမရှိဘဲ ကြိုးကွင်းဒဏ်ရာဖြင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သလပ်ခွာ ရဲတပ်ဖွဲ့၏ စစ်ဆေးချက်များအရ သိရသည်။
“မိဘတွေအနေနဲ့ ၁၀ တန်းကျတဲ့ ကိုယ့်သားသမီးတွေကို စိတ်ဓာတ်ခွန်အား မြှင့်တင်ပေးဖို့ လိုပါတယ်။
၁၀ တန်း ကျတာ ဘဝပျက်တာမှ မဟုတ်တာဗျာ။ ပြန်ဖြေလို့ အောင်နိုင်တာပဲ။ ပညာပါရမီ မပါခဲ့ရင်လည်း တခြား အသက်မွေးဝမ်းကျောင်းပညာတစ်ခုခု သင်ယူပြီး ဘဝကို အောင်မြင်အောင် ကြိုးစားလို့ရပါတယ်။ အဲလို မဟုတ်ဘဲ ၁၀ တန်းကျလို့ မိဘက ဆူပူအပြစ်တင်တာတွေ လုပ်မယ်ဆိုရင် ကလေးတွေက ဒီလိုမျိုးမကောင်းတဲ့ လမ်းကြောင်းတွေကို ရွေးသွားတဲ့အခါ အရမ်းဝမ်းနည်းဖို့ကောင်းပါတယ်”ဟု ပုသိမ်မြို့မှကျောင်းသားမိဘတစ်ဦး ဖြစ်သူ ဦးမြတ်မင်းဦးက ပြောသည်။
ဧရာဝတီတိုင်းဒေသကြီးတွင် ၂၀၁၆ – ၁၇ ပညာသင်နှစ်၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူ ၈ သောင်းကျော်ရှိသည့်အနက် ၂ သောင်း ၂ ထောင်ကျော်သာ အောင်မြင်ခဲ့ပြီး ၅ သောင်း ၉ ထောင်ကျော် စာမေးပွဲကျရှုံးခဲ့ကာ အောင်ချက်ရာခိုင်နှုန်းမှာ ၂၇.၄၆ ရာခိုင်နှုန်း ရှိခဲ့ကြောင်း သတင်းရရှိသည်။
ပြီးခဲ့သည့် ဇွန်လ ၁၇ ရက်နေ့ကလည်း အင်္ဂပူမြို့နယ်၊ ထူးကြီးအထက်တန်းကျောင်းမှ ၁၀ တန်း ကျောင်းသူ တစ်ဦးမှာ နေအိမ်ထုပ်တန်းတွင် ကြိုးဆွဲချ၍ မိမိကိုယ်ကို သတ်သေမှုတစ်ခု ဖြစ်ပွားခဲ့သေးသည်။