ရွေးကောက်ပွဲတိုင်း ဇွဲမလျှော့ဘဲ အကြိမ်ကြိမ်ယှဉ်ပြိုင်ခဲ့တဲ့ ဇောတိက ဦးခင်လှိုင်ဟာ အာဏာသိမ်း စစ်တပ်ကျင်းပနေတဲ့ ရွေးကောက်ပွဲမှာတော့ ရွှေတိုင်မြေ ကြည့်မြင်တိုင်မြို့နယ်မှာ ပြိုင်ဘက်ပါတီ ကိုယ်စားလှယ်လောင်းတွေကို မဲအပြတ် အသတ်နဲ့ အနိုင်ရခဲ့ပြီ ဖြစ်ပါတယ်။
ရွေးကောက်ပွဲအပိုင်း (၂) မှာ ပါဝင်တဲ့ ရန်ကုန်မြို့၊ ကြည့်မြင်တိုင်မြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မှာ တသီးပုဂ္ဂလ အနေနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ဦးခင်လှိုင်ဟာ စစ်တပ်လက်ဝေခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့) ကိုပါ မဲတသောင်းခန့်အသာနဲ့ အနိုင်ရတာဖြစ်တယ်လို့ ရွေးကောက်ပွဲကော်မရှင် မဲရလဒ်စာရင်းအရ သိရပါတယ်။
ရပ်ကွက်ပေါင်း ၂၂ ရပ်ကွက်ရှိတဲ့ ကြည့်မြင်တိုင်မြို့နယ်မှာ မဲရုံ ၄၈ ရုံ ဖွင့်လှစ်ခဲ့ပြီး ကိုယ်စားလှယ်လောင်း ၇ ဦး ယှဉ်ပြိုင်ခဲ့ ပါတယ်။ မဲအားလုံး ရေတွက်မှုအရ ဦးခင်လှိုင်က မဲ ၁၅၀၀၀ နီးပါးရခဲ့ပြီး အနီးဆုံးပြိုင်ဘက်တွေဖြစ်တဲ့ ကြံ့ဖွံ့ပါတီက မဲ ၄ ထောင်ကျော်၊ ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီက မဲ ၂ ထောင်ကျော်သာရခဲ့လို့ မဲအပြတ်အသတ် ကွာခြားခဲ့ တာ တွေ့ရပါတယ်။
အာဏာသိမ်း စစ်တပ်က ဖန်တီးကျင်းပတဲ့ ကျင်းပတဲ့ရွေးကောက်ပွဲမှာ စစ်တပ်နဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတွေရဲ့ ကြိုတင်မဲတွေ နဲ့ မဲဆန္ဒနယ်တိုင်း အသာစီးရထားတဲ့ ကြံ့ဖွံ့ပါတီနဲ့ တခြားပါတီကိုယ်စားလှယ်လောင်းတွေကို ကျော်ဖြတ်ပြီး တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းတဦးအနေနဲ့ မဲအပြတ်အသတ်နဲ့ အနိုင်ရခဲ့တဲ့ ထူးခြားဖြစ်စဉ်တခုလည်း ဖြစ်ပါတယ်။
တသီးပုဂ္ဂလကိုယ်စားလှယ် ဦးခင်လှိုင်ဟာ ဇောတိကသင်္ကန်း ထုတ်လုပ်ဖြန့်ချိရေးပိုင်ရှင် စီးပွားရေးလုပ်ငန်းရှင် တဦးဖြစ်တဲ့ အတွက် ဇောတိက ခင်လှိုင်လို့ လူသိများသူလည်း ဖြစ်ပါတယ်။
သူဟာ ၂၀၁၀ အထွေထွေရွေးကောက်ပွဲကစလို့ ကြားဖြတ်ရွေးကောက်ပွဲတွေရော စည်ပင်သာယာ ရွေးကောက်ပွဲတွေပါ မကျန် တသီးပုဂ္ဂလအနေနဲ့ အကြိမ်ကြိမ်ယှဉ်ပြိုင်ခဲ့သူဖြစ်ပေမယ့် ၂၀၁၄ ခုနှစ် ရန်ကုန်မြို့တော် စည်ပင်သာယာ ရွေးကောက် ပွဲမှာသာ ကော်မတီဝင်အဖြစ် တကြိမ်သာ အနိုင်ရဖူးသူ ဖြစ်ပါတယ်။
ကြည့်မြင်တိုင်မြို့နယ်သားဖြစ်လို့ ကြည့်မြင်တိုင်ကို ကိုယ်စားပြုပြီး ရွေးကောက်ပွဲငါးကြိမ်အထိ ယှဉ်ပြိုင်အရေးနိမ့်ခဲ့ပေမယ့် လက်မလျှော့ခဲ့တဲ့ ဦးခင်လှိုင်ဟာ ၆ ကြိမ်မြောက် ကိုယ်စားပြုယှဉ်ပြိုင်တဲ့ ဒီရွေးကောက်ပွဲမှာတော့ အနိုင်ရခဲ့ပြီ ဖြစ်ပါတယ်။
ကြည့်မြင်တိုင်သားတို့ အကျိုးစီးပွားသည်သာ ပထမလို့ ကြွေးကြော်ခဲ့တဲ့ ဦးခင်လှိုင်က ရွေးကောက်ပွဲအနိုင်ရလဒ်ဟာ ကြည့်မြင်တိုင်အတွက် ဇွဲမလျှော့ခဲ့တဲ့ ပြည်သူရဲ့အသိအမှတ်ပြုမှုလို့ ခံယူထားတယ်လို့ ဆိုပါတယ်။
“အနိုင်ရတယ်ဆိုတာ ပြည်သူက အသိအမှတ်ပြုလို့ပါပဲ၊ ရွေးကောက်ပွဲအကြိမ်တိုင်းမှာ တကယ့်ကို အားမလျှော့တမ်း ဇွဲလုံ့လနဲ့ ကြိုးစားခဲ့တယ်။ တနေ့ကျရင် ပန်းတိုင်တခုတော့ ရောက်မှာပဲဆိုတဲ့ စိတ်နဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာပါ။ ကိုယ့် ယုံကြည်ချက်ပေါ့၊ ကျနော့ရဲ့ ဆောင်ပုဒ်က ကြည့်မြင်တိုင်သားတို့ရဲ့ အကျိုးစီးပွားသည်သာ ပထမလို့ အဓိကထားခဲ့ပါတယ်” လို့ သူက ဆိုပါတယ်။
မြေပြင် မဲရလဒ်အရ အနိုင်ရနေပြီဆိုပေမယ့် ဘာမဆိုဖြစ်သွားနိုင်တဲ့ စစ်တပ်လက်အောက်က ရွေးကောက်ပွဲ အခင်းအကျင်း မှာ ရွေးကောက်ပွဲကော်မရှင်ရဲ့ အနိုင်ရသူအမည် တရားဝင် အတည်ပြုကြေညာချိန်ကို စောင့်မျှော်နေရဆဲ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အနိုင်ရခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲကို မဲစာရင်း မှာယွင်းမှုအကြောင်းပြပြီး အာဏာသိမ်းခဲ့တဲ့ စစ်တပ်က ၅ နှစ်တာအတွင်း NLD နဲ့ လူထုထောက်ခံတဲ့ ပါတီတွေ ဖျက်သိမ်း ကာ ပထမဆုံးအကြိမ် ရွေးကောက်ပွဲ ပြန်လည်ကျင်းပနေတာဖြစ်ပြီး ကျင်းပတဲ့မဲဆန္ဒနယ်အများစုမှာ စစ်တပ် လက်ဝေခံ ကြံ့ဖွံ့ပါတီက အနိုင်ရနေပါတယ်။
တော်လှန်ရေး အင်အားစုတွေကတော့ အာဏာသိမ်းစစ်တပ် ကျင်းပတဲ့ ရွေးကောက်ပွဲဟာ တရားမဝင်ကြောင်း ကန့်ကွက် ထားကြပြီး ပြည်သူတွေရဲ့ စိတ်ဝင်စားမှုနဲ့ မဲပေးမှုဟာလည်း ၂၀၂၀ ရွေးကောက်ပွဲနဲ့ယှဉ်ရင် အလွန်နည်းပါးလျက်ရှိပါတယ်။
You may also like these stories:
စစ်တပ်ရွေးကောက်ပွဲဝင် ရခိုင်ပါတီတို့ အရှုံးသာပိုက်ခဲ့ရ
၂၀၁၀ ကြိုတင်မဲ မသမာမှု နည်းဟောင်း USDP ထပ်မံကျင့်သုံးဟု စွပ်စွဲခံရ
မွန် ရွေးကောက်ပွဲ အပိုင်း ၂ ကြံ့ဖွံ့ကို MUP ပါတီ အနိုင်ယူ














