ရွေးကောက်ပွဲအပိုင်း (၂) ကို မွန်ပြည်နယ်ရှိ မြို့နယ် ၅ ခု၌ကျင်းပခဲ့ရာ မြေပြင်မဲရလဒ်များအရ စစ်တပ်ပါတီ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP)ကို မွန်ညီညွတ်ရေးပါတီ (MUP) က အနိုင်ရခဲ့ကြောင်း ပါဝင် ယှဉ်ပြိုင်သည့် ပါတီများက ပြောသည်။
MUP ဝင်မပြိုင်သည့် ဘီးလင်း မြို့နယ်တွင်သာ ကြံ့ခိုင်ရေးပါတီ အနိုင်ရခဲ့ပြီး ဘီးလင်း၊ မုဒုံ၊ သံဖြူဇရပ်၊ ရေးနှင့် ပေါင် ကျန်လေးမြို့နယ်လုံးမှာ MUP က အနိုင်ရခဲ့ခြင်း ဖြစ်သည်။
မုဒုံ၊ သံဖြူဇရပ်၊ ရေးနှင့် ပေါင်မြို့နယ်တို့တွင် MUP က နိုင်သူအကုန်ယူစနစ် (FPTP) ဖြင့် ကျင်းပသည့် ပြည်သူ့ လွှတ်တော် ၄ နေရာ၊ ပြည်နယ်လွှတ်တော် ၄ နေရာနှင့် အမျိုးသားလွှတ်တော် ၂ နေရာ စုစုပေါင်း ၁၀ နေရာတွင် အနိုင် ရရှိခဲ့ခြင်း ဖြစ် သည်။
ကြံ့ခိုင်ရေးပါတီသည် MUP မပြိုင်သော ဘီးလင်းမြို့နယ်မှ လွှတ်တော်သုံးရပ် ၃ နေရာနှင့် ပေါင်မြို့နယ်နှင့် သထုံမြို့နယ် တို့ပါဝင်သည့် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်တွင် အနိုင်ရခဲ့ခြင်း ဖြစ်သည်။
လက်ရှိ ရလဒ်များမှာ မြေပြင်မဲရေတွက်မှု ရလဒ်များသာရှိသေးပြီး ရွေးကောက်ပွဲကော်မရှင်က တရားဝင်ထုတ်ပြန်ပြီးမှသာ အတည်ပြု ပြောနိုင်မည်ဖြစ်ကြောင်း MUP ပါတီခေါင်းဆောင်တဦးက ပြောသည်။
ရွေးကောက်ပွဲ အပိုင်း (၁) ကျိုက်ထို၊ ကျိုက်မရော၊ ချောင်းဆုံ၊ မော်လမြိုင်နှင့် သထုံမြို့နယ်တို့၌ ကျင်းပခဲ့ရာ MUP အနေ ဖြင့် ချောင်းဆုံမြို့နယ် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့တွင်သာ အနိုင်ရကာ ကြံ့ဖွံ့ပါတီအား ရှုံးနိမ့်ခဲ့သော် လည်း အပိုင်း (၂) တွင် ပြန်လည် အနိုင်ယူနိုင်ခဲ့ခြင်း ဖြစ်သည်။

အပိုင်း (၂) အနိုင်ရလဒ်နှင့်ပတ်သက်ပြီး MUP ခေါင်းဆောင်တဦးက “ပြည်သူက အကြောက်တရားကြားကပဲ မဲလာထည့် ရတာ၊ ကျေးဇူးတင်စရာရှိရင် ပြည်သူကိုပဲ ကျေးဇူးတင်ရမယ်” ဟု ပြောသည်။
ထူးခြားချက်အနေဖြင့် ချောင်းဆုံမြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်တွင် စစ်တပ်ခန့်အပ်ထားသော လက်ရှိ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် ယှဉ်ပြိုင်ခဲ့ရာတွင် အစောပိုင်း မဲရလဒ်များအရ MUP အသာရခဲ့သော်လည်း နောက်ကျ မဲများဖြင့် ဦးအောင်ကြည်သိန်းက အနိုင်ရခဲ့သည့်အပေါ် ဒေသခံများကြား မေးခွန်းထုတ်စရာ ဖြစ်ခဲ့သည်။
ထိုဖြစ်ရပ်နှင့်ပတ်သက်ပြီး ဒေသခံများက ကြံ့ဖွံ့ပါတီကိုယ်စားလှယ် ဦးအောင်ကြည်သိန်း၏ နောက်ကျမဲများနှင့်အပေါ် သံသယရှိသော်လည်း MUP အနေဖြင့် ကန့်ကွက် အငြင်းပွားမှုလုပ်ဆောင်တော့မည် မဟုတ်ကြောင်းလည်း ပါတီ ခေါင်းဆောင်တဦးက ပြောသည်။
၎င်းက “ကန့်ကွက်လွှာတင်ဖို့ မလုပ်တော့ဘူး၊ ပြည်နယ်အခြေစိုက်ပါတီအနေနဲ့ ထပ်ပြီးပြောနေရင် ငွေကြေးကုန်မှာနဲ့ ပဋိပက္ခဖြစ်မှာ ကျနော်တို့ မလိုလားဘူး၊ အမှုလည်း မစွဲဘူး၊ စောဒကလည်း မတက်တော့ဘူး” ဟု ပြောသည်။
မြို့နယ် ၁၀ ခုရှိသည့် မွန်ပြည်နယ်တွင် အပိုင်း (၁) ၅ မြို့နယ်နှင့် အပိုင်း (၂) ၅ မြို့နယ်ကျင်းပခဲ့ပြီးဖြစ်ရာ မွန်ပြည်နယ် ရွေးကောက်ပွဲသည် ပြီးဆုံးခဲ့ပြီး ဖြစ်သည်။
လက်ရှိ မဲရလဒ်အခြေအနေများအရ နိုင်သူအကုန်ယူစနစ် (FPTP) အရ ကျင်းပခဲ့သည့် ၁၀ မြို့နယ်အတွက် ပြည်သူ့လွှတ် တော်တွင် MUP ၅ နေရာနှင့် ကြံ့ဖွံ့ ၅ နေရာ၊ ပြည်နယ်လွှတ်တော်တွင် MUP ၄ နေရာနှင့် ကြံ့ဖွံ့ ၆ နေရာ၊ အမျိုးသား လွှတ် တော်တွင် MUP ၃ နေရာနှင့် ကြံ့ဖွံ့ ၃ နေရာအနိုင်ရရှိခဲ့ပြီး အမျိုးသားလွှတ်တော်နှင့် ပြည်နယ်လွှတ်တော်အတွက် အချိုးကျ ကိုယ်စားပြုစနစ် (PR) ခွဲတမ်းတွင်လည်း MUP နှင့် ကြံ့ဖွံ့ပါတီကိုယ်စားလှယ်လောင်းများ ထပ်မံ နေရာရလာဦးမည် ဖြစ် သည်။
You may also like these stories:
စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ
၂၀၁၀ ကြိုတင်မဲ မသမာမှု နည်းဟောင်း USDP ထပ်မံကျင့်သုံးဟု စွပ်စွဲခံရ
စစ်တပ်ရွေးကောက်ပွဲဝင် ရခိုင်ပါတီတို့ အရှုံးသာပိုက်ခဲ့ရ














