မြန်မာနိုင်ငံရေးသမိုင်းမှာ အာဏာရှင်တွေက မွေးဖွားပေးပြီး ရွေးကောက်ပွဲ ဝင်စေခဲ့တဲ့ပါတီဆိုရင် ၁၉၉၀ ပြည့်နှစ်က တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည) နဲ့ ၂၀၁၀ ပြည့်နှစ်မှာ ရွေးကောက်ပွဲ စဝင်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) တို့ကို လူထုက သိကြပါတယ်။
မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (မဆလ) အသွင်ပြောင်း တစညကတော့ ၉၀ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို အပြတ်အသတ် ရှုံးနိမ့်ပြီးတဲ့နောက်ပိုင်း နိုင်ငံရေးအခင်းအကျင်း အဆက်ဆက်မှာလည်း အိမ်ဖြည့်အဆင့်အနေနဲ့ပဲ အသုံးတော်ခံခဲ့ရပါတယ်။
ဒီလို အိမ်နိမ့်စံဘဝကို တစည လျှောကျသက်ဆင်းခဲ့ရတာကလည်း နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (နဝတ) စစ်တပ်က လက်ကိုင်တုတ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း (USDA) ကို မွေးမြူခဲ့လို့ပါပဲ။
၁၉၉၃ ခုနှစ်ကစတဲ့ USDA ဟာ နဝတခေါင်းဆောင်တွေ ကိုယ်တိုင် ဦးစီးဦးဆောင်ခဲ့သလို ဗိုလ်သန်းရွှေကိုယ်တိုင် နာယက နေရာယူခဲ့တာမို့ လူထုက တပ်နဲ့ ကြံ့ခိုင်ရေးအသင်းကို တွဲမြင်ခဲ့ကြသလို လူထုအကျိုးပြုအသင်းကြီး အမည်ခံပေမယ့် လူထုနှလုံးနာခဲ့ရတဲ့ “စွမ်းအားရှင်အသင်း” အဖြစ်သာ ထင်ကျန်ခဲ့ရပြီး သူတို့အခေါ် “ပြည်ခိုင်ဖြိုး” အစား “ကြံ့ဖွတ်”၊ “ကြံ့ဖွံ့” လို့သာ လူအများက သုံးစွဲခဲ့ကြတာကလည်း သူတို့ကို လူထု ဘယ်လိုသဘောထားလဲ ပေါ်လွင်နေပါတယ်။
၂၀၁၀ ပြည့်နှစ်မှာ နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ (နအဖ) က ရွေးကောက်ပွဲ လုပ်ချိန်မှာတော့ USDA အသင်းကနေ USDP ပါတီအဖြစ် ပြောင်းခဲ့တဲ့နောက် နအဖ ဗိုလ်ဟောင်းတွေ ကြီးစိုးတဲ့ပါတီ၊ စစ်တပ်နဲ့အတူတူဆိုတဲ့ အမြင်မျိုးကိုပဲ လူထုကြားမှာ ထင်ဟပ်ပါသေးတယ်။
၂၀၁၀ ပြည့်နှစ်မှာ နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ (နအဖ) က ရွေးကောက်ပွဲ လုပ်ချိန်မှာတော့ USDA အသင်းကနေ USDP ပါတီအဖြစ် ပြောင်းခဲ့တဲ့နောက် နအဖ ဗိုလ်ဟောင်းတွေ ကြီးစိုးတဲ့ပါတီ၊ စစ်တပ်နဲ့အတူတူဆိုတဲ့ အမြင်မျိုးကိုပဲ လူထုကြားမှာ ထင်ဟပ်ပါသေးတယ်။
၂၀၁၀ ပြည့်နှစ် နောက်ပိုင်းမှာလည်း ယူနီဖောင်းချွတ် ဗိုလ်ချုပ်တွေအများစု ပါတီဘက်ပြောင်းရတာ၊ သန်းခေါင်ယံအာဏာသိမ်းပွဲလို့ လူသိများတဲ့ ၂၀၁၅ ခုနှစ်၊ ဩဂုတ်လလို ပါတီတွင်း တိုက်ပွဲတွေ ပြင်းထန်ခဲ့တဲ့ ကာလတွေမှာလည်း တပ်က ဝင်ပါတာမျိုးတွေကြောင့် USDP ဟာ တပ်ပါတီလို့ပဲ ပုံရိပ်ရှိနေခဲ့ပါတယ်။
အမျိုး ဘာသာ သာသနာ ကာကွယ်စောင့်ရှောက်ရေးဆိုတဲ့ အမျိုးသားရေးအလံကို စစ်တပ်နည်းတူ လွှင့်ထားတဲ့ USDP အတွက် ပါတီလိုင်းကို ပိုခိုင်မာပြီး တသီးတသန့်ဖြစ်တဲ့ပုံစံ တည်ဆောက်ယူဖို့ ကြိုးစားလာတာတွေကိုတော့ ၂၀၁၅ ရွေးကောက်ပွဲ အရှုံးရလဒ် အပြီးမှာ တစတစ စတွေ့လာခဲ့ရပါတယ်။
ပါတီထိပ်ပိုင်းနေရာမှာ ထိပ်တန်းစစ်ဗိုလ်ဟောင်းတွေအစား ဒုတိယတန်း စစ်ဗိုလ်ဟောင်းတွေ ရောက်လာပေမယ့် တခြားသော ပါတီတာဝန်တွေမှာတော့ USDA အသင်းဘဝကတည်းက ကေဒါအဆင့်ကနေ ပါတီထဲရောက်လာပြီး ပါတီမှာ နေရာရလာကြတဲ့ အရပ်သား USDP ဝင်တွေ နေရာရလာကြပါတယ်။ ဒီအထဲ ထင်ရှားတာက ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ နန္ဒာလှမြင့်ပါ။
သူတို့လို အရပ်သားပါတီဝင်တွေကို မီဒီယာတွေနဲ့ ထိတွေ့ခိုင်းတာ၊ ပွဲထုတ်တာမျိုးတွေလုပ်ပြီး အရပ်သားပါတီဝင်တွေ ပါတီမှာ နေရာရှိကြောင်း၊ တပ်ထွက် စစ်ဗိုလ်ချုပ်ကြီးတွေချည်းနဲ့ တည်ထားတာ မဟုတ်ကြောင်း ပုံရိပ်တခု တည်ဆောက်လာပါတယ်။
USDP ရဲ့ ဒီလို ကြိုးပမ်းမှုဟာ အာဏာသိမ်းမှုအပြီးမှာတော့ သဲထဲရေသွန် ဖြစ်ရပြန်ပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲမှာ အရှုံးကြီးရှုံးခဲ့တဲ့ ဥက္ကဋ္ဌဟောင်း ဦးသန်းဌေးကို ၂၀၂၂ ပါတီညီလာခံကနေ ကျန်းမာရေးအကြောင်းပြ အနားယူစေပြီး စစ်ကောင်စီ (စကစ) လူဝင်မှုကြီးကြပ်ရေးဝန်ကြီး “လက်မရွံ့ခင်ရီ” ကို ဥက္ကဋ္ဌနေရာ ထားတဲ့အပြင် တပ်က ထိပ်တန်း ဒုတိယဗိုလ်ချုပ်ကြီး နှစ်ဦးဖြစ်တဲ့ စစ်ရေးချုပ် မျိုးဇော်သိမ်းနဲ့ ကစထမှူး အောင်စိုးတို့ကို ယူနီဖောင်းချွတ်ကာ ပါတီတွင်း ဒုဥက္ကဋ္ဌနေရာနဲ့ ဗဟိုအလုပ်မှုဆောင်နေရာမှာ နေရာတန်းပေးခဲ့တာပါ။
ဒီဖြစ်ရပ်ကို ကြည့်မယ်ဆိုရင် မင်းအောင်လှိုင်ဟာ စစ်တပ်အပြင် တပ်နဲ့နှီးနွှယ်ပါတီအထိပါ သူ့ရဲ့ အာဏာလက်တံကို ရှည်သထက်ရှည်အောင် ဆန့်လိုက်တာလို့ သဘောပေါက်လို့ရပါတယ်။ တဘက်မှာလည်း သူ့စီနီယာဟောင်းတွေ တည်ဆောက်ခဲ့တဲ့ ပါတီအပေါ် မင်းအောင်လှိုင် မယုံကြည်ဘူးဆိုတာ လှစ်ဟနေပါတယ်။
ဒီဖြစ်ရပ်ကို ကြည့်မယ်ဆိုရင် မင်းအောင်လှိုင်ဟာ စစ်တပ်အပြင် တပ်နဲ့နှီးနွှယ်ပါတီအထိပါ သူ့ရဲ့ အာဏာလက်တံကို ရှည်သထက်ရှည်အောင် ဆန့်လိုက်တာလို့ သဘောပေါက်လို့ရပါတယ်။ တဘက်မှာလည်း သူ့စီနီယာဟောင်းတွေ တည်ဆောက်ခဲ့တဲ့ ပါတီအပေါ် မင်းအောင်လှိုင် မယုံကြည်ဘူးဆိုတာ လှစ်ဟနေပါတယ်။
ဒါ့အပြင် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လကုန်မှာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ကို ဖွဲ့စည်းပြီးတဲ့နောက် ထိပ်သီး စစ်ဗိုလ်ချုပ်ကြီးအချို့နဲ့ တပ်အရာရှိ အများအပြားကို ယူနီဖောင်းချွတ်ကာ USDP ဘက် ကူးပြောင်းစေခဲ့ပါတယ်။
ဒီထဲမှာ ထင်ရှားသူတွေက ဗိုလ်ချုပ်ကြီးဟောင်းတွေဖြစ်တဲ့ အောင်လင်းဒွေး၊ မြထွန်းဦး၊ တင်အောင်စန်းနဲ့ သက်ပုံတို့ ဖြစ်ပါတယ်။ ဒီလို ထိပ်သီး စစ်ဗိုလ်ချုပ်တွေ USDP ထဲဝင်ပြီး ရွေးကောက်ပွဲဝင်လို့ သူတို့ယှဉ်ပြိုင်မယ့် မဲဆန္ဒနယ်တွေကို သီးသန့် ချန်လှပ်ထားရတာကြောင့် ပါတီတွင်း မိုးကျရွှေကိုယ် သဘောဆောင်ပြီး ပါတီတွင်းမှာ အောက်ခြေကနေ တက်လှမ်းလာကြတဲ့ အမတ်လောင်း အိပ်မက်ပိုင်ရှင်တွေအတွက်တော့ စိတ်မကျေချမ်းစရာပါ။
နောက်ထပ် တွေးဆစရာက ဒီဗိုလ်ချုပ်ကြီးတွေဟာ သူတို့ရဲ့ မဲဆွယ်စည်းရုံးရေးလုပ်ငန်းတွေကိုပါတီရဲ့ စီစဉ်မှုထက် ကိုယ်ပိုင် စီစဉ်လှုပ်ရှားမှုတွေနဲ့သာ မဲဆွယ်တာကြောင့် USDP နဲ့ သဟဇာတ မဖြစ်ဘူးလားဆိုတာ သံသယရှိစရာပါ။
ဒါ့အပြင် တချို့ စစ်ဗိုလ်ချုပ်ကြီးတွေရဲ့ မဲဆွယ်ပွဲတွေက ပြောစကားတွေဟာလည်း ၂၀၂၁ အာဏာသိမ်းစစ်အုပ်စုကပဲ ဒီရွေးကောက်ပွဲအလွန်မှာ အာဏာကို ထိန်းချုပ်ထားမယ်ဆိုတာကို လှစ်ဟပြနေပါတယ်။
ဥပမာအားဖြင့် ဗိုလ်ချုပ်ကြီးဟောင်း မြထွန်းဦးက ပြင်ဦးလွင် မြို့နယ်တွင်း မဲဆွယ်ပွဲတွေမှာ သူ့ကိုယ်သူ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌလောင်းလို့ ပြောပြီး မဲဆွယ်တာမျိုးပါ။ တဘက်ကလည်း ဦးခင်ရီ ဦးဆောင်တဲ့ USDP လိုင်းကလည်း လူမှုကွန်ရက်မှာရော မဲဆွယ်ပွဲတွေမှာပါ ရွေးကောက်ပွဲအလွန်မှာ သူတို့ အာဏာထိပ်သီးဖြစ်လာမှာ ကျိန်းသေသယောင် မဲဆွယ်နေကြပြန်ပါတယ်။
ဒီအတွက် လက်ဝေခံပါတီနဲ့ စစ်ဗိုလ်တွေကြား နေရာခွဲတမ်းက မရေမရာပါ။ အထူးသဖြင့် စစ်ဗိုလ်ချုပ်ထိပ်သီးတွေကို USDP က ဝေဝေဆာဆာ မဲဆွယ်ပေးတာ၊ နေရာပေး ကြိုဆိုတာမျိုး မရှိဘဲ တသီးတသန့်စီ မဲဆွယ်နေကြတာတွေကလည်း စစ်ဗိုလ်လူထွက်အဟောင်းနဲ့ အသစ်ကြား တသားတည်းရှိမနေတဲ့ အားပြိုင်မှုတွေလို့ ယူဆစရာရှိပါတယ်။
ဒါကြောင့် ၂၀၂၅-၂၀၂၆ ရွေးကောက်ပွဲအလွန် အပြောင်းအလဲမှာလည်း USDP နဲ့ မင်းအောင်လှိုင် လက်သပ်မွေး ဗိုလ်ချုပ်ဟောင်းတွေကြား အာဏာခွဲဝေမှု အဝေမတည့်တာမျိုးတွေအပေါ် မူတည်ပြီး ပွတ်တိုက်မှုတွေ ထပ်ဖြစ်လာနိုင်သလို စစ်ခေါင်းဆောင်အုပ်စုဘက်ကလည်း ပါတီတွင်းအာဏာကို ထပ်ထိန်းချုပ်လာမှာ ဖြစ်ပါတယ်။
ဒီလို အားပြိုင်မှုတွေဟာ တချိန်ကဖြစ်ခဲ့တဲ့ “သန်းခေါင်ယံ အာဏာသိမ်းပွဲ” ကို အမှတ်ရစရာပါ။ တကယ်တော့ ၂၀၂၀ ရွေးကောက်ပွဲမှာ တောင်ပြိုကမ်းပြိုနိုင်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်တဲ့ အစိုးရကို အာဏာမသိမ်းမီကတည်းက ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကို စစ်တပ်က အရင် အာဏာသိမ်းခံထိခဲ့တာ ဖြစ်ပါတယ်။
တဘက်မှာလည်း အခုကျင်းပတဲ့ အတုအယောင် ရွေးကောက်ပွဲမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တပ်ချုပ်ကခန့်တဲ့ တပ်ကိုယ်စားလှယ် အစိတ်သားကလည်း လွှတ်တော်ထဲမှာ အခန့်သင့် နေရာယူပြီးဖြစ်တဲ့အတွက် ကျန်တဲ့ လွှတ်တော်မဲဆန္ဒနယ်တွေမှာ USDP အနေနဲ့ ၂၆ ရာခိုင်နှုန်းနဲ့အထက် အနိုင်ရရှိရင် သမ္မတရွေးချယ်တင်မြောက်ရေးမဲ လုံလောက်ပြီ ဖြစ်ပါတယ်။
ဒါ့အပြင် ရွေးကောက်ပွဲအပြီးမှာ စစ်ခေါင်းဆောင်ဘက်က သမ္မတရာထူးကို လောဘတက်ရင်း တပ်ချုပ်ရာထူးကိုပါ မစွန့်လွှတ်တဲ့အခါ အခြေခံဥပဒေ အတားအဆီးကိုပါ ကျော်ဖြတ်ဖို့ လွှတ်တော်ထဲက USDP ကို အမိန့်ပေးလာခဲ့ရင် USDP က သူ့ရဲ့ စစ်တက္ကသိုလ် (DSA) စီနီယာဟောင်းများက ပါတီကို မင်းအောင်လှိုင် တလက်ကိုင် စစ်တပ်လက်ပါးစေအဖြစ် အရောက်ခံမှာလား ဆိုတာကလည်း တွေးစရာပါ။
မင်းအောင်လှိုင်အတွက် USDP ဟာ လက်ခုပ်ထဲက ရေပမာ ဖြစ်နေပါပြီ။ ဒါပေမဲ့ ရွေးကောက်ပွဲအပြီး စစ်ခေါင်းဆောင်ဘက်က သမ္မတရာထူးကို လောဘတက်ရင်း တပ်ချုပ်ရာထူးကိုပါ မစွန့်လွှတ်တဲ့အခါ အခြေခံဥပဒေ အတားအဆီးကိုပါ ကျော်ဖြတ်ဖို့ လွှတ်တော်ထဲက USDP ကို အမိန့်ပေးလာခဲ့ရင် USDP က သူ့ရဲ့ စစ်တက္ကသိုလ် (DSA) စီနီယာဟောင်းများက ပါတီကို မင်းအောင်လှိုင် တလက်ကိုင် စစ်တပ်လက်ပါးစေအဖြစ် အရောက်ခံမှာလား ဆိုတာကလည်း တွေးစရာပါ။
သူ့အရင် အာဏာသိမ်းခေါင်းဆောင်တွေနဲ့ မင်းအောင်လှိုင်ကြားက မတူညီတဲ့ ပေးထားချက်က ဗိုလ်နေဝင်း၊ ဗိုလ်သန်းရွှေတို့လို လက်ကိုင်ပါတီသစ် ဖွဲ့စည်းခွင့်မရနေတာ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ USDP ကို တပ်ရဲ့ နိုင်ငံရေးပါတီအနေနဲ့ ဆက်ထားနေရပေမဲ့ တဘက်မှာ ချိန်ခွင်လျှာညှိလာတာတွေလည်း လုပ်လာပါတယ်။
ဒီရွေးကောက်ပွဲ မတိုင်ခင်ကာလမှာ စစ်တပ်အရာရှိဟောင်းများကို ယူနီဖောင်းလဲပြီး ပါတီဘက်ကူးစေရာမှာ တချိန်က မဆလအသွင်ပြောင်း တစညပါတီဘက်ကိုလည်း အငယ်တန်းနဲ့ အလတ်တန်းအရာရှိများ ထည့်သွင်းပေးခဲ့ပါတယ်။
ဒါကိုကြည့်ပြီး ဘာသုံးသပ်လို့ ရနိုင်မလဲဆိုရင် တပ်ရဲ့ အရိပ်အငွေ့မကင်းတဲ့ပါတီတိုင်းမှာ သူ့ရဲ့ဩဇာခံတွေနဲ့ အာဏာခံတွေနဲ့ အာဏာတည်ဆောက်ဖို့ ပြင်လာတယ်လို့ မြင်နိုင်သလို တပ်နဲ့ USDP ကြား တသားတည်းလို ဖြစ်နေတာကို သူ့ဘက်ကလည်း တဖြည်းဖြည်းနဲ့ လျှော့ချပြီး အနာဂတ်ကာလမှာ ကြားခံပါတီတွေနဲ့လည်း တပ်နဲ့ ချိတ်ဆက်လာနိုင်ပါတယ်။
ဘယ်လိုပဲဆိုဆို ၂၀၂၅-၂၀၂၆ ရွေးကောက်ပွဲ ပြင်ဆင်မှုကာလမှာ တပ်နဲ့ USDP ကြား အဟတွေကို သိသိသာသာ မြင်ရပါတယ်။ စစ်ခေါင်းဆောင်က အာဏာရမ္မက် တက်လွန်းရင် USDP နဲ့ ပွတ်တိုက်မှုတွေ ဖြစ်နိုင်လာသလို USDP ဘက်ကလည်း စစ်ခေါင်းဆောင်ပေးထားတဲ့ အကန့်အသတ် အာဏာကို ကျော်လွန်လာမယ်ဆိုရင် မင်းအောင်လှိုင်ဘက်က အမှားမခံတဲ့ အနေထားမျိုးမို့ ၂၀၂၆ အလွန်မှာ ကတ္တီပါလမ်းခွဲတွေ ဖြစ်လာနိုင်မလားဆိုတာ စောင့်ကြည့်ချင်စရာ ကောင်းပါတယ်။
(အုန်းညိုသည် ရန်ကုန်တက္ကသိုလ် နိုင်ငံရေးသိပ္ပံ ကျောင်းသားဟောင်းတဦးဖြစ်ပြီး ယခုအခါ ချင်းမိုင်တက္ကသိုလ် လူမှုသိပ္ပံ မဟာဌာနတွင် ပညာသင်ယူလျက်ရှိသည်။)
You may also like these stories:
ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ
စစ်အာဏာ အသက်ဆက်ဖို့ အကွက်ချထားတဲ့ ရွေးကောက်ပွဲ
စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်
မြန်မာပြည်က သားသုံးသား အယူအဆ အရွေ့
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ














