အာဏာရှင်အစိုးရတွေ သက်တမ်းရှည်ကြာလွန်းတဲ့ မြန်မာပြည်မှာ အာဏာနိုင်ငံရေးအကြောင်း စကားဆိုကြရင် အာဏာဗဟိုချက်ရပ်ဝန်းမှာ ဘယ်သူတွေ အာဏာကြီး တန်ခိုးထွားနေလဲ ဆိုတာကလည်း အမြဲသတိထား စောင့်ကြည့်ရတဲ့ကိစ္စရပ် ဖြစ်ပါတယ်။
၁၉၆၂ ခုနှစ်က စလို့ စစ်ခေါင်းဆောင်တွေကသာ အချိန်အများစု ကြီးစိုးချယ်လှယ်နေတဲ့ နိုင်ငံရေးအာဏာမှာ လက်တဆုပ်စာ လူတစု စင်ပေါ်ရောက်လိုက်၊ ဘေးရောက်လိုက် ဖြစ်စဉ်တွေလည်း များစွာရှိပါတယ်။
မြန်မာ့နိုင်ငံရေး အာဏာလက်ဆုပ်လက်ကိုင် ရှိသူများအကြောင်း ဆိုလိုက်ရင် တစ်ခွဲ (၁ ခွဲ) ဆိုတဲ့ ဝေါဟာရကလည်း မပါမဖြစ်ပါပဲ။ အာဏာအရှိဆုံး ထိုင်ခုံပေါ်က လူကို နံပါတ် ၁ လို့ ဆိုရရင် နံပါတ် ၁ နဲ့ နံပါတ် ၂ အကြားမှာ မြေပြင်လက်တွေ့ အာဏာရှိသူတွေကိုတော့ ၁ ခွဲ လို့ သမုတ်ကြပါတယ်။
ဒီဝေါဟာရကို စတင်သုံးစွဲလာတာက ဗိုလ်နေဝင်းရဲ့ တော်လှန်ရေးကောင်စီနဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (မဆလ) ခေတ်မှာဖြစ်ပြီး ဦးနေဝင်းက နံပါတ် ၁၊ ဦးစန်းယုက နံပါတ် ၂ လို့ သတ်မှတ်ထားကြချိန်မှာ သမ္မတရဲ့ စစ်ဘက်လက်ထောက် ထောက်လှမ်းရေးညွှန်မှူး ဗိုလ်မှူးချုပ် တင်ဦး (မျက်မှန်ကြီး) က ၁ ခွဲ ဖြစ်ခဲ့ပါတယ်။
ဗိုလ်နေဝင်းရဲ့ မွေးစားသားလို့ သမုတ်ခံရတဲ့ မျက်မှန်ကြီး တင်ဦးဟာ အရှင်မွေးလို့ နေ့ချင်းကြီးခဲ့ရသူဖြစ်သလို မြန်မာစစ်တပ်ရဲ့ ထောက်လှမ်းရေး ကွန်ရက်ကိုလည်း သူ့လက်ထက်မှာ အခိုင်အမာ တည်ဆောက်နိုင်ခဲ့သူလို့ သတ်မှတ်ကြပါတယ်။
ဗိုလ်နေဝင်းရဲ့ မွေးစားသားလို့ သမုတ်ခံရတဲ့ မျက်မှန်ကြီး တင်ဦးဟာ အရှင်မွေးလို့ နေ့ချင်းကြီးခဲ့ရသူဖြစ်သလို မြန်မာစစ်တပ်ရဲ့ ထောက်လှမ်းရေး ကွန်ရက်ကိုလည်း သူ့လက်ထက်မှာ အခိုင်အမာ တည်ဆောက်နိုင်ခဲ့သူလို့ သတ်မှတ်ကြပါတယ်။
ဗိုလ်နေဝင်းရဲ့ မျက်စိအောက်မှာပဲ အရိပ်အာဝါသ ခိုရင်း စစ်ထောက်လှမ်းရေးကို တစိုက်မတ်မတ် လေ့လာခဲ့ရတဲ့ သူဟာ တိုက်ခိုက်ရေးတပ်မှူးတွေ ကြီးစိုးတဲ့ စစ်တပ်အတွင်း သူ့ရဲ့ ထောက်လှမ်းရေးပညာရပ် အရေးပါပုံကို ပဲခူးရိုးမ ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) စစ်ဆင်ရေးတွေမှာ ပြသနိုင်ခဲ့လို့ စင်တော်က တော်ကောက်ခံခဲ့ရပါတယ်။
လက်ဝဲ လက်ယာ အတိုက်အခံ နိုင်ငံရေးအင်အားစုတွေကို နှိပ်စက်ညှဉ်းပန်း ဖြိုခွင်းရာမှာ လက်သံပြောင်ခဲ့လို့လည်း မျက်မှန်ကြီး တင်ဦးဟာ ဗိုလ်နေဝင်းရဲ့ ယုံကြည်ကိုးစားမှုကို တိုးရရှိခဲ့ပြီး အဲဒီအခါက နိုင်ငံတော်သမ္မတရဲ့ စစ်ဘက်လက်ထောက်ဆိုတဲ့ ရာထူးကို အသစ်ဖန်တီး ခန့်ထားခံခဲ့ရပါတယ်။

သမ္မတအိမ်တော်နဲ့ သမ္မတကတော်ရဲ့ ဝန်ထမ်းတွေထဲ ကွန်မြူနစ်တွေ စိမ့်ဝင်နေလို့ဆိုပြီး အိမ်တော်ကိုပါ ဝင်ရောက်ရှာဖွေခွင့်ပြုခံရတဲ့အထိ ဝကွက်အပ်ရလောက်အောင် တန်ခိုးထွားခဲ့သူ ဖြစ်ပါတယ်။
နောက်ပိုင်းမှာ မဆလပါတီရဲ့ တွဲဖက်အတွင်းရေးမှူးအဖြစ် ခန့်အပ်ခံရတဲ့အထိ ဖြစ်ခဲ့ပြီး ပါတီရော ထောက်လှမ်းရေးမှာပါ တန်ခိုးကြီးလာပါတယ်။ ဒါပေမယ့် သံသယကြီးပြီး သူ့ကို ယှဉ်လာမယ့် ဘယ်သူ့ကိုမဆို ရှင်းပစ်တတ်တဲ့ ဦးနေဝင်းရဲ့ အမျက်တော်ရှမှုကို မျက်မှန်ကြီး တင်ဦး မရှောင်လွှဲနိုင်ခဲ့ပါဘူး။
မျက်မှန်ကြီးတယောက် ပါတီရော စစ်တပ်မှာပါ သူ့ဩဇာ တစတစ တိုးတည်ဆောက်လာတယ်လို့ ယူဆလာတဲ့ ဦးနေဝင်းဟာ မျက်မှန်ကြီး တင်ဦးကို အမြန် အရာချခဲ့ပါတယ်။ မျက်မှန်ကြီးရဲ့ သားဖြစ်သူ ဇနီးမောင်နှံရဲ့ ဟန်းနီးမွန်းခရီးမှာ ထိုင်းသံရုံးက ကော်ဇောနီခင်းကြိုတာက အမျက်ထွက်စရာလို့ ဆိုစမှတ်ရှိကြပေမယ့် တပ်ထိပ်ပိုင်းက အရာရှိကြီးတွေ၊ ပါတီထိပ်ပိုင်းခေါင်းဆောင်တွေက မျက်မှန်ကြီးကို မလိုလားလို့ ဥက္ကဋ္ဌကြီး ဦးနေဝင်းကို တင်ပြကြတာတွေရှိတယ်လို့လည်း ဆိုကြပါတယ်။
ဘာပဲဖြစ်ဖြစ် ၂၆ နှစ်တာ အာဏာတည်ထောင်ခန်းမှာတော့ ၁ ခွဲ လုပ်ခဲ့သူ မျက်မှန်ကြီး တင်ဦးတယောက် အခန့်မသင့်လို့ ရာဇပလ္လင် အဝေးကို ရောက်ခဲ့ရပါတော့တယ်။
မျက်မှန်ကြီးနောက်ပိုင်း ၁ ခွဲလို့ ပြောရလောက်အောင် တန်ခိုးထွားသူကတော့ ၈ လေးလုံး လူထုအရေးတော်ပုံကြီးရဲ့နောက် စစ်အာဏာသိမ်းမှုနဲ့အတူ ပေါ်ပေါက်လာတဲ့ စစ်ထောက်လှမ်းရေးခေါင်းဆောင် ဗိုလ်ခင်ညွန့်ပါပဲ။
ဦးနေဝင်းရဲ့ အိမ်တော်ပါ အရာရှိဘဝကနေ ထောက်လှမ်းရေးညွှန်ကြားရေးမှူး ဗိုလ်မှူးကြီးအဆင့်အထိ ရောက်ခဲ့တဲ့ ဗိုလ်ခင်ညွန့်ဟာ ၁၉၈၈ စစ်အာဏာသိမ်းဖို့ ထိုစဉ်က တပ်ချုပ် ဗိုလ်ချုပ်ကြီး စောမောင်နဲ့အတူ ဦးနေဝင်းဆီ သွားရောက်တိုင်ပင်ခဲ့တဲ့ အဓိကလူ ဖြစ်တယ်လို့လည်း သူ့ရဲ့ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိမှာ ဖော်ပြထားပါတယ်။
ဦးနေဝင်းရဲ့ နောက်ခံကြောင့် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (နဝတ) စစ်အာဏာသိမ်းကောင်စီမှာ အတွင်းရေးမှူး (၁) ဆိုတဲ့နေရာကို ဗိုလ်မှူးချုပ်ရာထူးတိုးနဲ့ ရခဲ့တဲ့ ဗိုလ်ခင်ညွန့်ဟာ တိုက်ခိုက်ရေးအရာမှာတော့ ထူးခြားတဲ့ စွမ်းဆောင်ရည်မျိုးမရှိဘဲ စစ်တိုင်းမှူးအဖြစ် ဆောင်ရွက်ခဲ့တာမျိုးလည်း မရှိတာမို့ ကောင်စီဝင် စစ်တိုင်းမှူးတွေကြား စစ်မတိုက်ဘဲ ဗိုလ်ချုပ် ဖြစ်လာသူလို့ တီးတိုး ဝေဖန်ခံခဲ့ရဖူးပါတယ်။
ဒါကြောင့်လည်း သူ့ရဲ့အရေးပါမှုကို မြှင့်တင်ဖို့ ထောက်လှမ်းရေးကွန်ရက်ကို ချဲ့ထွင်လာခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ မြန်မာပြည်ရဲ့ ဂက်စတာပို ထောက်လှမ်းရေး တခေတ် ဖြစ်ခဲ့ပြီး တိုက်ခိုက်ရေး တပ်မှူးတွေကပါ တပ်မတော်ထောက်လှမ်းရေးအဖွဲ့ (ကကလှမ်း) ကို ကြောက်ရတဲ့အထိ တန်ပြန်ထောက်လှမ်းရေးက ဓားထက်ခဲ့ပါတယ်။
ဒါကြောင့်လည်း သူ့ရဲ့အရေးပါမှုကို မြှင့်တင်ဖို့ ထောက်လှမ်းရေးကွန်ရက်ကို ချဲ့ထွင်လာခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ မြန်မာပြည်ရဲ့ ဂက်စတာပို ထောက်လှမ်းရေး တခေတ် ဖြစ်ခဲ့ပြီး တိုက်ခိုက်ရေး တပ်မှူးတွေကပါ တပ်မတော်ထောက်လှမ်းရေးအဖွဲ့ (ကကလှမ်း) ကို ကြောက်ရတဲ့အထိ တန်ပြန်ထောက်လှမ်းရေးက ဓားထက်ခဲ့ပါတယ်။
တဖက်မှာလည်း ဗိုလ်ခင်ညွန့်ရဲ့ ဩဇာချဲ့ထွင်မှုတွေကို နှစ်ကာလရှည်ကြာ တွေ့မြင်ခဲ့ရပါတယ်။ အစိုးရရဲ့ နိုင်ငံတော်အဆင့် ကော်မတီ၊ ကော်မရှင်တိုင်းလိုလိုမှာ ဥက္ကဋ္ဌ တာဝန်ယူခဲ့ပြီး ရုပ်မြင်သံကြားပေါ်မှာ ခဏခဏမြင်ရတဲ့ တီဗီမင်းသား လုပ်ခဲ့ပြန်ပါတယ်။
ဗိုလ်စောမောင်နဲ့ ဗိုလ်သန်းရွှေတို့ နံပါတ် ၁ နေရာတွေမှာ လူပြောင်းခဲ့ပေမယ့် ဗိုလ်ခင်ညွန့်ကတော့ ၁ ခွဲပါပဲ။ ထောက်လှမ်းရေးကြောင့် ကျဆုံးခဲ့ရတဲ့ ရဟန်းရှင်လူ ပြည်သူအပေါင်းဟာလည်း ဒုနဲ့ဒေး ဖြစ်ခဲ့ပါတယ်။
ဗိုလ်ခင်ညွန့်နဲ့ စစ်ထောက်လှမ်းရေးဟာလည်း တပ်တွင်းမှာ သူတို့ဩဇာ ကျယ်ပြန့်ရေး၊ လွှမ်းမိုးနိုင်ရေးကို ကြိုးပမ်းရင်း စစ်မဟာဗျူဟာ လေ့လာရေးဌာနကြီးမှူးဆိုတဲ့ ရာထူးကိုပါ တီထွင်ခဲ့ပြီး ၂၀၀၂ခုနှစ်မှာတော့ ဗိုလ်ချုပ်ကြီးရာထူး ရရှိခဲ့တဲ့အထိ အာဏာတက်ခဲ့ပါတယ်။

ဒါပေမဲ့ ဗိုလ်သန်းရွှေရဲ့ စစ်ရုံးဟာ ဗိုလ်ခင်ညွန့်ကို လွှတ်မထားခဲ့ပါဘူး။ နဝတကောင်စီမှာ အတွင်းရေးမှူး (၃) နေရာအထိ ချဲ့ထွင်ပြီး အာဏာချိန်ညှိခဲ့ပါတယ်။ နောက်ဆုံးမှာတော့ နိုင်ငံတော်ဝန်ကြီးချုပ်ရာထူးကို ပေးပြီး နဝတကောင်စီနဲ့ ဝေးစေခဲ့ပါတယ်။
နဝတကို စစ်တက္ကသိုလ် DSA အပတ်စဉ် ၉၊ ၁၀၊ ၁၁၊ ၁၂ ဆင်း စစ်ဗိုလ်ချုပ်တွေက နေရာယူလာခဲ့ပါတယ်။ ထောက်လှမ်းရေးတပ်ဖွဲ့တွေရဲ့ အကျင့်ပျက်ခြစားမှု၊ စစ်အင်္ဂါစဉ်ကို ကျော်လွန်လာမှုတွေက ကက (ကြည်း) အတွက် လက်မခံနိုင်တော့ဘဲ မွေးမိတဲ့ ထောက်လှမ်းရေးသရဲကို ပြန်နှိမ်နင်းရာမှာတော့ ၂၀၀၄ ခုနှစ်၊ အောက်တိုဘာလမှာ ၁ ခွဲ ဗိုလ်ခင်ညွန့် ထောင်နန်းစံခဲ့ရပါတယ်။
ဒါဟာ အာဏာဘယ်သူ ပိုင်သလဲ ဆိုတာကို ဗိုလ်သန်းရွှေက ပြလိုက်တာ ဖြစ်သလို ဗိုလ်သန်းရွှေ အင်ပါယာ ထူထောင်ခန်းရဲ့ အဆုံးသတ် အောင်ပွဲလည်း ဖြစ်ပါတယ်။
၂၀၁၀ ပြည့်နှစ်မှာ အသွင်ကူးပြောင်းရေး ဖြစ်စဉ် ဖြစ်ခဲ့ပြီးနောက် သမ္မတစနစ်နဲ့ လွှတ်တော်တွေ ပြန်ပေါ်ပေါက်လာပါတယ်။ စစ်အစိုးရလက်ထက် အမျိုးသားညီလာခံကို ဦးစီးကျင်းပခဲ့ပြီး ဝန်ကြီးချုပ်တာဝန်ယူခဲ့တဲ့ ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်က သမ္မတ ဖြစ်လာခဲ့ပါတယ်။
ဦးသိန်းစိန်အစိုးရ လက်ထက်မှာတော့ ဦးအောင်မင်း (ဗိုလ်ချုပ်ဟောင်း) နဲ့ ဦးစိုးသိမ်း (ဒု ဗိုလ်ချုပ်ကြီးဟောင်း) နှစ်ယောက်က အဓိကကျတဲ့ Key Player အဖြစ် သတ်မှတ်ခံခဲ့ရပြီး တန်ခိုးထွားခဲ့ပါတယ်။ သမ္မတရုံးဝန်ကြီးနေရာကို ယူပြီး စီမံခန့်ခွဲမှုနဲ့ မူဝါဒရေးရာ ဦးဆောင်မှုတွေကို ဆောင်ရွက်ရတဲ့ သူတို့ကို Super Minister, De Facto သမ္မတ စသဖြင့် ခေါ်စမှတ်ရှိကြပါတယ်။
အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေထက် ခေါင်းတလုံးပိုမြင့်ပြီး သမ္မတရဲ့ လက်ရုံးတွေဖြစ်တဲ့ ဒီဝန်ကြီး နှစ်ဦးဟာ ဒု သမ္မတတွေထက် အရာပိုရောက်ကြလို့ စစ်တပိုင်းအစိုးရရဲ့ ၁ ခွဲတွေလို့ သတ်မှတ်နိုင်ပါတယ်။
၂၀၁၆ ခုနှစ်က စတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်မှာတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ရာထူးကို ဒေါ်အောင်ဆန်းစုကြည်က ရယူပြီး ပြည်ထောင်စု အင်္ဂါစဉ်မှာ ဒု သမ္မတတွေ အထက်မှာ နေရာယူခဲ့ပါတယ်။
ဒါပေမယ့် လူထုခေါင်းဆောင်အဖြစ် အများက လက်ခံထားသူမို့ သူသာလျှင် အရေးအပါဆုံး အနေထားမှာရှိနေခဲ့တာ မထူးဆန်းလှပါဘူး။ ဒါပေမယ့် ပါတီလိုင်းမှာတော့ ပါတီဥက္ကဋ္ဌ ပြီးရင် ပါတီ ၁ ခွဲတွေ ပေါ်ခဲ့ပါတယ်။
၂၀၁၆ ခုနှစ်မှာ ဖွဲ့စည်းတဲ့ အရပ်သားအစိုးရမှာ ဝန်ကြီးချုပ်နေရာအတွက် စဉ်တဲ့အခါမှာ အဓိကကျခဲ့တာကတော့ ဦးဝင်းထိန် ဖြစ်ပါတယ်။ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များကော်မရှင်ရဲ့ အဖွဲ့ဝင်လည်းဖြစ်တဲ့ ဦးဝင်းထိန်က စည်ပင်ရိပ်သာထဲမှာ ပါတီဝင်အမတ်တွေအပေါ် အထူးဩဇာညောင်းခဲ့တဲ့ ပါတီ ၁ ခွဲလို့လည်း ဆိုနိုင်ပါတယ်။
၂၀၁၈ ခုနှစ်မှာ ဩစတြေးလျနိုင်ငံကို အလည်အပတ် သွားရောက်ပြီးနောက်ပိုင်းကတည်းက ပါတီနဲ့ပတ်သက်တဲ့ အခန်းကဏ္ဍတွေမှာ ပါဝင်မှုနည်းသွားခဲ့ပြီး သဘာပတိအဖွဲ့ဝင် ဖြစ်လာပါတယ်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပွဲအပြီးမှာတော့ စစ်ဘောင်ကျယ်လာခဲ့သလို ယခင် စစ်အာဏာရှင်တွေလိုပဲ အာဏာယစ်မူးတဲ့ စစ်ဗိုလ်ချုပ်တွေ စစ်အာဏာရပ်ဝန်းကို ရောက်လာပါတယ်။ ဒီထဲမှာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းစဉ်ကနေ အခု ၂၀၂၅ ခုနှစ်အထိ အာဏာတည်မြဲပြီး အထိုင်မပျက်ဘဲ ရာထူးရ သူကောင်းပြုခံရတဲ့ ထိပ်တန်း စစ်ဗိုလ်ချုပ်တွေဆိုတာ လက်တဖက် အပြည့်တောင် မရှိပါဘူး။
အာဏာကို သူပဲ ချုပ်ကိုင်လိုပြီး တကိုယ်တော်မင်းသား လုပ်ချင်တဲ့ စစ်ခေါင်းဆောင် လက်ထက်မှာ အထူး ယုံကြည်ကိုးစားခံရပြီး တန်ခိုးထွားလာသူဆိုတာ ခပ်ရှားရှားပါ။
သမ္မတအိမ်တော် စီးနင်းမှုတွေကို ဦးဆောင်ခဲ့ပြီး နောင်တချိန် တပ်ခေါင်းဆောင် ဖြစ်လာမယ်လို့ ရေပန်းစားခဲ့သူ ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကိုလည်း ထောင်ချ အရေးယူပြီးတဲ့နောက် စစ်ကောင်စီမှာ စစ်ခေါင်းဆောင်ပြီးရင် တန်ခိုးအထွားဆုံး ၁ ခွဲဟာ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ) ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးလို့ ဆိုရမှာ ဖြစ်ပါတယ်။
စစ်ကောင်စီရဲ့ တွဲဖက်အတွင်းရေးမှူးဖြစ်သလို တဖက်မှာလည်း စစ်ဘက်ရေးရာလုံခြုံရေး အရာရှိချုပ် (စရခ) တာဝန်ကို ဗိုလ်ချုပ်ကြီးရာထူးနဲ့ မကြုံစဖူး ထမ်းဆောင်ခွင့်ရတာက သူ့အပေါ် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ယုံကြည်မှု ဘယ်လောက်အထိ ရှိသလဲဆိုတာကို ဖော်ပြနေပါတယ်။
စစ်ကောင်စီရဲ့ တွဲဖက်အတွင်းရေးမှူးဖြစ်သလို တဖက်မှာလည်း စစ်ဘက်ရေးရာလုံခြုံရေး အရာရှိချုပ် (စရခ) တာဝန်ကို ဗိုလ်ချုပ်ကြီးရာထူးနဲ့ မကြုံစဖူး ထမ်းဆောင်ခွင့်ရတာက သူ့အပေါ် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ယုံကြည်မှု ဘယ်လောက်အထိ ရှိသလဲဆိုတာကို ဖော်ပြနေပါတယ်။

DSA စစ်တက္ကသိုလ်ဆင်း စစ်ဗိုလ်ချုပ်တွေနဲ့ လွှမ်းမိုးထားတဲ့ စစ်ကောင်စီထိပ်ပိုင်းမှာ OTS (77) ဆင်း ရဲဝင်းဦးဟာ စစ်ခေါင်းဆောင်ရဲ့ ပွဲအထုတ်ခံရဆုံးလူလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ဗိုလ်ချုပ်ကြီးအဆင့် အရာရှိတွေ ပေါများလာတဲ့ စစ်ကောင်စီနဲ့ စစ်တပ်အတွင်းမှာ စစ်ဘက်ရာထူးပါ တွဲကိုင်ရတဲ့အရာရှိတွေထဲ ကာချုပ် (ရေ)၊ ကာချုပ် (လေ)၊ (ညှိကွပ်အသစ်မှာ အပွင့်မတင်ရသေး) ပြီးရင် ရဲဝင်းဦးသာ ရှိပါတယ်။
ဒါကလည်း သူ့အပေါ် စစ်ခေါင်းဆောင်ရဲ့ ယုံကြည်မှုနဲ့ တာဝန်ပေးခံရမှုကို ဖော်ပြနေပါတယ်။ ခမည်းခမက်တော်သူ ဗိုလ်ချုပ်ကြီး မောင်မောင်အေးကို ကာကွယ်ရေးဝန်ကြီး ရာထူးပေးပြီး အရန်အင်အား ပို့လိုက်ပေမယ့် သူကတော့ စစ်ကောင်စီရော၊ တပ်ရာထူးကိုပါ ဆက်ကိုင်ထားနိုင်တာကို ကြည့်ရင် အာဏာရပ်ဝန်းထဲက မိသားစုဝင်တွေ တန်ခိုးထွားမှုကို ဟန့်တားခဲ့ရင်တောင် ရဲဝင်းဦးကိုတော့ ပိုမိုယုံကြည် အရာပေးတယ်လို့ ယူဆနိုင်ပါတယ်။
ရဲဝင်းဦးရဲ့ အာဏာတန်ခိုးထွားလာမှု လာရာလမ်းဟာ သူ့ယခင်က မျက်မှန်ကြီး တင်ဦး၊ ဗိုလ်ခင်ညွန့်တို့နဲ့ အလားသဏ္ဍာန်တူတယ်လို့ တွေ့နိုင်ပါတယ်။ စစ်ထောက်လှမ်းရေးအရာရှိ နေရာကနေ ရာထူးတိုးမြင့်ရရှိပြီး တန်ခိုးထွားခဲ့တာ၊ နိုင်ငံရေးရာထူးဖြစ်တဲ့ ကောင်စီမှာပါ ရာထူးရခဲ့တာတွေဟာ သူ့ယခင် နောင်တော် ၁ ခွဲတွေရဲ့ လားရာနဲ့တူသလို စစ်ခေါင်းဆောင်တွေရဲ့ ယုံကြည်ကိုးစားမှုအတွက် ဒီမိုကရေစီလိုလားသူ အပြစ်မဲ့ပြည်သူတွေကို နှိပ်စက်ဖြိုခွင်းခဲ့ရာမှာလည်း တူပါတယ်။
ဒါဟာ အာဏာသိမ်း စစ်တပ်တိုင်းမှာ ဒီမိုကရေစီလှုပ်ရှားမှုတွေကို ဖြိုခွင်းဖို့ ထောက်လှမ်းရေးကို လက်ကိုင်တုတ်အနေနဲ့ အားထားတဲ့ ပုံစံ မပြောင်းလဲသေးတာကိုလည်း ပြနေပါတယ်။ ဒါပေမယ့် ရဲဝင်းဦးတယောက် ဘယ်လောက် တန်ခိုးထွားနိုင်မလဲ၊ အာဏာဇောနဲ့ လောဘတက်ရင်း သူ့အရင် ၁ ခွဲ ဗိုလ်ချုပ်တွေလို လားရာ မကောင်းပဲ နိဂုံးချူပ်သွားမလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။
(အုန်းညိုသည် ရန်ကုန်တက္ကသိုလ် နိုင်ငံရေးသိပ္ပံ ကျောင်းသားဟောင်းတဦးဖြစ်ပြီး ယခုအခါ ချင်းမိုင်တက္ကသိုလ် လူမှုသိပ္ပံ မဟာဌာနတွင် ပညာသင်ယူလျက်ရှိသည်။)
You may also like these stories:
ဖြုတ်ထုတ်ရှင်းတတ်တဲ့ မြန်မာအာဏာရှင်တွေရဲ့ ရက်စက်တဲ့ ကစားကွက်
ဦးနေဝင်းနဲ့ ဦးသန်းရွှေ သို့မဟုတ် ရာဇဝင်တူ အာဏာရှင်ကြီး နှစ်ဦး
အာဏာရှင်များနှင့် မြန်မာ့တပ်မတော် အပိုင်း- ၃ စစ်ထောက်လှမ်းရေး ခေါင်းထောင်လာခြင်း
၂၀၀၄ ခုနှစ် မတိုင်မီက မြန်မာ့ ထောက်လှမ်းရေး စနစ် (၆)














