ရန်ကုန် သို့မဟုတ် မန္တလေးမြို့လယ်တွင် လမ်းလျှောက်ထွက်လာပါက ဘုန်းကြီးများ နောက်ဆုံးပေါ် မာစီဒီးများ သို့မဟုတ် ဘန်တလေ ဇိမ်ခံကားများဖြင့် သွားလာနေသည်ကို တွေ့ရသည့် မြင်ကွင်းကြောင့် မှင်တက်မိသွားနိုင်သည်။
သို့သော် မအံ့သြပါနှင့်။ ထိုမြင်ကွင်းသည် အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာမှ မြင်ကွင်းဖြစ်သည်။ ဗိုလ်ချုပ်များသည် ဗုဒ္ဓဘာသာကို ကိုးကွယ်ဆည်းကပ်ကြောင်း ပြသလာပြီး ထိုသို့ ပြသရာတွင် ကူညီသည့် ဘုန်းကြီးများကို ပူဇော်နေသောကြောင် စစ်ကောင်စီကို ထောက်ခံသော ဘုန်းကြီးများ၏ လာဘ်လာဘသည် ၎င်းတို့၏ သြဇာနှင့်အတူ တိုးလာသည်။
သို့သော် ထိုအခွင့်ထူးခံ အလှူခံစားသူများသည် အများပြည်သူဝေဖန်မှုကို ပိုမိုခံလာရပြီး “ဆယ်လီဘုန်းကြီး” နှင့် “ခရိုနီဘုန်းကြီး” စသည့် ဘွဲ့ထူးဂုဏ်ထူးများရခဲ့ပြီး ပြည်သူလူထု သပိတ်မှောက်ရမည့် ပစ်မှတ်များ ဖြစ်လာကြသည်။
စစ်အာဏာသိမ်းမှုကို လူသိရှင်ကြားထောက်ခံပြီး စစ်ကောင်စီ၏ တနိုင်ငံလုံးမှ အကြမ်းဖက်မှုများနှင့် ရက်စက်ကြမ်းကြုတ်မှုများကို နှုတ်ပိတ်နေသည့် ထိုကျော်ကြားသော ဘုန်းကြီးများကို နိုင်ငံမှ အဖိနှိပ်ခံပြည်သူများ၊ တက်ကြွလှုပ်ရှားသူများနှင့် အတိုက်အခံ နိုင်ငံရေးသမားများက မှတ်သားထားသည်။
မြန်မာမှ ဗုဒ္ဓဘာသာဘုန်းကြီးများသည် ပထမတွင် ဗြိတိသျှကိုလိုနီ အုပ်ချုပ်ရေးကို စိန်ခေါ်သည့် ဆော်သြသူများအဖြစ်နှင့် နောက်ပိုင်းတွင် လက်ရှိ စစ်ကောင်စီ မတိုင်မီ စစ်အုပ်စုကို ဆန့်ကျင်သူများအဖြစ် နိုင်ငံရေး လှုပ်ရှားမှုများအတွက် ကျော်ကြားသူများဖြစ်သည်။
ယနေ့တွင် ဘုန်းကြီးအများအပြား၊ အထူးသဖြင့် ဝါတော်ရ သြဇာကြီးမားသည့် ဘုန်းကြီးတချို့သည် ၎င်းတို့၏ နိုင်ငံရေး ရပ်တည်ချက်၊ အကောင်အထည် အတိအကျ တရားဝင် မပြနိုင်သည့် ချမ်းသာကြွယ်ဝမှုနှင့် မကြာသေးမီ ဆယ်စုနှစ်များအတွင်း ၎င်းတို့ တည်ဆောက်ထားသည့် ဘုန်းတော်ကြီး စီးပွားရေး လုပ်ငန်းများနှင့် ပတ်သက်ပြီး မေးခွန်းများကို ရင်ဆိုင်နေရသည်။
ယနေ့တွင် ဘုန်းကြီးအများအပြား၊ အထူးသဖြင့် ဝါတော်ရ သြဇာကြီးမားသည့် ဘုန်းကြီးတချို့သည် ၎င်းတို့၏ နိုင်ငံရေး ရပ်တည်ချက်၊ အကောင်အထည် အတိအကျ တရားဝင် မပြနိုင်သည့် ချမ်းသာကြွယ်ဝမှုနှင့် မကြာသေးမီ ဆယ်စုနှစ်များအတွင်း ၎င်းတို့ တည်ဆောက်ထားသည့် ဘုန်းတော်ကြီး စီးပွားရေး လုပ်ငန်းများနှင့် ပတ်သက်ပြီး မေးခွန်းများကို ရင်ဆိုင်နေရသည်။
ထိုဆက်ဆံရေးသည် မသူတော်ချင်း သတင်းလွေ့လွေ့ ပေါင်းဖက်တွေ့ခြင်း ဖြစ်သည်။ စစ်ခေါင်းဆောင်များသည် ၎င်းတို့နှင့် ပူးပေါင်းဆောင်ရွက်သော ဘုန်းကြီးများကို လာဘ်လာဘ ပူဇော်သက္ကာယနှင့် အကာအကွယ်ပေးသည်။
အပြန်အလှန်အားဖြင့် စစ်ခေါင်းဆောင်များသည် လိုနေသော တရားဝင် အသိအမှတ်ပြုခံရပြီး အစ္စလာမ်ဘာသာ ပျံ့နှံ့မည့် ခြိမ်းခြောက်မှုဟု ၎င်းတို့ အမည်တပ်သည့် ကိစ္စကို ကာကွယ်သော ဗုဒ္ဓဘာသာဝင်များအဖြစ် ပုံဖော်ကြသည်။
မြန်မာမှ လွန်စွာအသံကျယ်သည့် ကွန်ဆာဗေးတစ် အမျိုးသားရေးအစွန်းရောက် ဘုန်းကြီးအုပ်စုသည် စစ်တပ်က ၂၀၂၁ ခုနှစ် အာဏာမသိမ်းမီကပင် စစ်တပ်ကို အပြည့်အဝ ထောက်ခံမှုပေးကြသည်။ ဘာသာရေးဝှက်ဖဲကို ပိုမိုထိရောက်စွာ အသုံးပြုနိုင်ရန်အတွက် စစ်တပ်သည် မဘသ ဟုခေါ်သည့် အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့ အမျိုးသားရေး အစွန်းရောက်အုပ်စုနှင့် ခိုင်မာသောဆက်ဆံရေး ထူထောင်ထားသည်။
၂၀၁၂ ခုနှစ်တွင် တည်ထောင်သည့် ထိုအဖွဲ့ကို အမျိုးသားရေးအစွန်းရောက် ဘုန်းကြီးများက ဦးဆောင်ပြီး မြန်မာတွင် ဂိုဏ်းဂဏ တင်းမာမှုကို မီးထိုးပေးကာ ဘာသာရေးအကြမ်းဖက်မှုများ ဖြစ်ပွားစေရန် လှုံ့ဆော်နေသည်ဟု စွပ်စွဲခံရသည်။
ဗိုလ်ချုပ်ဟောင်း သမ္မတ ဦးသိန်းစိန်၏ ၂၀၁၁-၂၀၁၆ အစိုးရ သက်တမ်းအတွင်း စစ်တပ်နှင့် “ပြုပြင်ပြောင်းလဲရေးသမား” ဟုအမည်ခံသူ အရပ်ဘက် ခေါင်းဆောင်များသည် မဘသကို အလှူအတန်းများ၊ အကာအကွယ်ပေးခြင်းများနှင့် နိုင်ငံရေးအရ ကျောထောက်နောက်ခံပေးခြင်းများဖြင့် ထောက်ပံ့ကြသည်။
၂၀၂၁ ခုနှစ်တွင် အာဏာသိမ်းပြီးနောက် စစ်တပ်သည် ဘာသာရေးဝှက်ဖဲကို ဆက်လက် အသုံးပြုသည်။
အာဏာသိမ်းပြီးနောက်ပိုင်းတွင် ထင်ရှားသော ဘုန်းကြီး နှစ်ပါးသည် စစ်ကောင်စီ၏ အထူး ပစားပေးခံရသူများ ဖြစ်လာပြီး ၎င်းတို့မှာ သီတဂူ ဘုန်းကြီး ဦးဉာဏိဿရနှင့် ဓမ္မဒူတ ဦးဆေကိန္ဒတို့ ဖြစ်သည်။
အသက် ၈၇ နှစ်အရွယ် သီတဂူဆရာတော်သည် မြန်မာမှ ဗုဒ္ဓဘာသာဂိုဏ်းကြီး ကိုးဂိုဏ်းအနက် တဂိုဏ်းဖြစ်သော ရွှေကျင်ဂိုဏ်းကို ဦးဆောင်သည်။ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှု မတိုင်မီက ထိုဆရာတော်သည် ပြည်တွင်းပြည်ပ ကိုးကွယ်သူ သိန်းချီ ရှိပြီး ကိုးကွယ်ဆည်းကပ်ခံရဆုံးနှင့် သြဇာအကြီးမားဆုံး ဘုန်းကြီးများအနက် တပါးဖြစ်သည်။
ဓမ္မဒူတ ဦးဆေကိန္ဒသည် နွေရာသီ ကျောင်းပိတ်ရက်များအတွင်း ဆယ်ကျော်သက် ကလေးများအတွက် ဗုဒ္ဓဘာသာ အစီအစဉ်များ ဖွင့်ပြီး နှစ်စဉ် လူငယ် ရာပေါင်းများစွာကို ဆွဲဆောင်ကာ သူ၏ကျော်ကြားမှုကို တည်ဆောက်ခဲ့သည်။ သူသည် ရန်ကုန်တွင် အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ် (ITBMU) တွင် ပါမောက္ခချုပ်ရာထူးနှင့် မထိုက်တန်ကြောင်း ဝေဖန်နေသည့်ကြားက နေရာဝင်ယူပြီး စစ်တပ်အသိုက်အဝန်းမှ အများအပြား အပါအဝင် တနိုင်ငံလုံးတွင် ကိုးကွယ်သူ သောင်းချီရှိသည်။
၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်မှ စတင်ပြီး ထိုဆရာတော် နှစ်ပါးသည် အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်နှင့် ဆက်ဆံရေး ပိုမိုနက်ရှိုင်းအောင် လုပ်ဆောင်ခဲ့ကြပြီး နောက်ကွယ်တွင် ၎င်းတို့သည် အာဏာမသိမ်းမီ လပေါင်း များစွာကပင် အာဏာသိမ်းရန် စစ်တပ်ကို တိုက်တွန်းခဲ့သောကြောင့် အံ့သြဖွယ် မဟုတ်ပေ။ ၎င်းတို့ နှစ်ပါးလုံးသည် စစ်ကောင်စီ၏ ရက်စက်ကြမ်းမှုများကို နှုတ်ဆိတ်နေသောကြောင့် ဝေဖန်ခံနေရသူများ ဖြစ်သည်။
၂၀၂၂ ခုနှစ်တွင် မဘသ ဥက္ကဋ္ဌဟောင်း သီတဂူဆရာတော်ကို အာဏာသိမ်းခေါင်းဆောင်က မြန်မာမှ အမြင့်ဆုံး ဘာသာရေးဘွဲ့ ပေးပြီးနောက် ထိုဆရာတော်က အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ကို သဒ္ဓါပညာ အားကောင်းသည့် အစိုးရဟု ချီးကျူးသည်။
စစ်ကောင်စီ၏ ဖြိုခွဲမှုများ၊ စီးနင်းတိုက်ခိုက်မှုများ၊ လေကြောင်းတိုက်ခိုက်မှုများနှင့်အမြောက်ဖြင့် ပစ်ခတ်မှုများတွင် လူထောင်ပေါင်းများစွာ သေဆုံးပြီးနောက် ထိုဆရာတော်က မင်းအောင်လှိုင်ကို မင်းအဖြစ် ချီးကျူးခြင်းဖြစ်သည်။
စစ်ကောင်စီ၏ ဖြိုခွဲမှုများ၊ စီးနင်းတိုက်ခိုက်မှုများ၊ လေကြောင်းတိုက်ခိုက်မှုများနှင့်အမြောက်ဖြင့် ပစ်ခတ်မှုများတွင် လူထောင်ပေါင်းများစွာ သေဆုံးပြီးနောက် ထိုဆရာတော်က မင်းအောင်လှိုင်ကို သာသနာပိုင် မင်းအဖြစ် ချီးကျူးခြင်းဖြစ်သည်။
မင်းအောင်လှိုင်ကို အခိုင်မာဆုံး ထောက်ခံသည့် နောက်ထပ် သင်္ကန်းဝတ်မှာ ရှမ်းပြည်အရှေ့ပိုင်းမှ ဝစီပိတ် ဆရာတော်ဟု ကျော်ကြားနေသူ ဦးကောဝိဒ ဖြစ်သည်။ သူသည် ဗေဒင်တွက် အခါတော်ပေးခြင်းနှင့် ဝစီပိတ်ခြင်းကျင့်ခြင်းအတွက် ကျော်ကြားသူဖြစ်သည်။ လက်တွေ့တွင် သူ၏ကျင့်ကြံမှုများသည် ဗုဒ္ဓဘာသာနှင့် မသက်ဆိုင်ဘဲ ဟိန္ဒူအယူအဆ ဖြစ်သည်။ စစ်အာဏာသိမ်းမှု အစောပိုင်း လမ်းမများမှ ဆန္ဒပြပွဲများတွင် ဆန္ဒပြသူများကို စစ်ကောင်စီတပ်က ဦးခေါင်းတွင် ပစ်စေရန် “ခေတ်ကိုပြောင်းရန် ခေါင်းကိုပစ်” ဟု မင်းအောင်လှိုင်ကို ထိုဘုန်းကြီးက အခါတော်ပေးကြောင်း စွပ်စွဲ ပြောဆိုခဲ့ကြသည်။
နေပြည်တော်မှ ရာဇဝတ်ကောင်များကို ထောက်ခံသောကြောင့် ထိုဘုန်းကြီးများသည် စစ်ကောင်စီ၊ ၎င်းတို့နှင့်အပေါင်းပါ ခရိုနီများထံမှ အလှူငွေများ၊ တန်ဖိုးမြင့်သည့် ယာဉ်များ၊ ပြည်ပခရီးစဉ်များနှင့် မြင့်မားသော ဘွဲ့များ ရရှိကြသည်။
စစ်ကောင်စီ၏ သီတဂူဆရာတော် ဦးဉာဏိဿရနှင့် ဓမ္မဒူတ ဦးဆေကန္ဒိတို့၏ နီးကပ်သော ဆက်ဆံရေးကို စစ်ကောင်စီ ခေါင်းဆောင်များနှင့်အတူ ရုရှားနိုင်ငံ၊ မော်စကိုမှ ရွှေစည်းခုံ ဘုရားပုံတူ အနေကဇာတင်ရန် ရုရှားသို့ ပြည်ပခရီးတွင် လိုက်ပါသွားအခါ အထင်အရှား ပြသလိုက်သည်။
သဒ္ဓါတရား အားကောင်းသည့် နိုင်ငံကို အမြတ်ထုတ်အသုံးချခြင်း
မြန်မာသည် ကံ၊ ကံ၏အကျိုးကို နက်ရှိုင်းစွာယုံကြည့်သည့် သဒ္ဓါတရားဖြင့် အလှူဒါနပြုသူများအဖြစ် ခံယူမှုကြောင့် ၂၀၁၃ ခုနှစ်နှင့် ၂၀၁၉ ခုနှစ်များတွင် မြန်မာသည် ကမ္ဘာ့ရက်ရောမှု အညွှန်းကိန်းတွင် ထိပ်ဆုံးနီးပါးမှ ရှိနေသည်ဟု ဗြိတိန်မှ ပရဟိတအဖွဲ့တခုက ထုတ်ပြန်သည်။
ထိုအချက်သည် မြန်မာတွင် ထေရဝါဒ ဗုဒ္ဓဘာသာ သြဇာကြီးမားမှုကို ထင်ဟပ်သည်။ ယခုဘဝတွင် လုပ်ဆောင်သည့် လုပ်ရပ်များကို နောင်ဘဝတွင် အကျိုးဆက်ခံစားရမည်ဟု ကိုးကွယ်ယုံကြည်သူ အများအပြား ယုံကြည်ပြီး ထိုယုံကြည်ချက်ကို ပျံ့နှံ့စေရာတွင် ဘုန်းကြီးများသည် အဓိကအခန်းမှ ပါဝင်သည်။
ဘုန်းကြီးအများစု၏ တရားပွဲများတွင် အမြဲတမ်းတွေ့ရသည့် အကြောင်းအရာမှာ သံသရာဆိုသည့် စကားလုံးဖြစ်ပြီး ဗုဒ္ဓဘာသာဝင်များ ယုံကြည်သည့် ဇာတိ၊ ဇရာ၊ ဗျာဓိ၊ မရဏ ပဋိစ္စသမုပ္ပါဒ် စက်ဝိုင်းဖြစ်သည်။ ဘုန်းကြီးအများစုသည် ၎င်းတို့၏တရားများကို အဆုံးသတ်သောအခါ ဒါန သို့မဟုတ် လှူဒါန်းခြင်း၏ အရေးပါမှုကို ဟောပြောကြသည်။
လက်တွေ့တွင် အလှူအတန်းဖြင့် ကောင်းမှုကုသိုလ် ပြုလုပ်ခြင်းသည် မြန်မာဗုဒ္ဓဘာသာများအကြား အတွေ့ရ အများဆုံးနှင့် လူသိအများဆုံး ဘာသာရေး လုပ်ဆောင်မှု ဖြစ်သည်။ အများစုသည် သူတပါး အသက်သတ်ခြင်း၊ သူတပါး ပစ္စည်းခိုးယူခြင်း၊ သူတပါး သားမယားကို ပြစ်မှားခြင်း၊ လိမ်လည်ပြောဆိုခြင်းနှင့် အရက်သေစာ သောက်စားခြင်းတို့ကို ရှောင်ကျဉ်ပြီး ငါးပါးသီလ စောင့်ထိန်းကြကာ အလှူအတန်းများပြုလုပ်ခြင်း၊ အများအားဖြင့် ဘုန်းကြီးများနှင့် ဘုရားစေတီများသို့ လှူဒါန်းခြင်းမှတဆင့် ကုသိုလ်ယူရန်၊ ကောင်းမွန်သော နောက်ဘဝ ပြန်လည် မွေးဖွားရန် အများစုက ကောင်းသောအလုပ်များကို ကြိုးစား လုပ်ကိုင်ကြသည်။
ဝမ်းနည်းစရာကောင်းသည်မှာ ထိုသို့ယုံကြည်ခြင်းသည် မာစီဒီး၊ ဘန်တလေ၊ လင်ကွန်းနှင့် အခြား ကမ္ဘာကျော် ကားများကို စုဆောင်းထားသည့် သီတဂူဆရာတော်ကဲ့သို့ သြဇာကြီးမားသည့် ဘုန်းကြီးများအတွက် ဝင်ငွေ စီးကြောင်းပင် ဖြစ်သည်။
ဝမ်းနည်းစရာကောင်းသည်မှာ ထိုသို့ယုံကြည်ခြင်းသည် မာစီဒီး၊ ဘန်တလေ၊ လင်ကွန်းနှင့် အခြား ကမ္ဘာကျော် ကားများကို စုဆောင်းထားသည့် သီတဂူဆရာတော်ကဲ့သို့ သြဇာကြီးမားသည့် ဘုန်းကြီးများအတွက် ဝင်ငွေ စီးကြောင်းပင် ဖြစ်သည်။
မြန်မာမှ ဈေးကြီးသော ဇိမ်ခံကားများနှင့် မကြုံစဖူး ချမ်းသာကြွယ်ဝမှုသာမက တနိုင်ငံလုံးမှ ဘုရားကျောင်းကန်များကို အများပြည်သူ ပုံမှန်လှူဒါန်းမှုများ (နေ့ကြီးရက်ကြီးများတွင် အထူးသဖြင့် အလွန်များပြားသည်) အပါအဝင် ဘုန်းကြီးကျောင်းများနှင့် ပတ်သက်သည့် စီးပွားရေး အတိုင်းအတာကို မသိရသော်လည်း နှစ်စဉ် အမေရိကန် ဒေါ်လာ သန်းရာနှင့်ချီ ရှိသည်ဟု ယူဆနိုင်သည်။
မြန်မာတွင် ဆရာတော်ကြီးများသည် လွန်စွာချမ်းသာနေပြီး မြန်မာပြည်သူ ၅၄ သန်း၏ ထက်ဝက်နီးပါးမှာ ဆင်းရဲနွမ်းပါးမှု မျဉ်းအောက်တွင် ရှင်သန်နေရသည်။
ဒါန သို့မဟုတ် ဘာသာရေးဝင်ငွေ စီးဆင်းမှု
မြန်မာပြည်သူ အများစု ဆင်းရဲနွမ်းပါးနေသည့်တိုင် မြန်မာမှ ဗုဒ္ဓဘာသာ ဘုရားကျောင်းကန်များတွင် စည်ကားနေပြီး ဘုန်းကြီးအများစုသည် ဆက်လက် ချမ်းသာကြွယ်ဝ လာနေသည်။
၎င်းတို့၏ ဗြောင်ကျသည့် လောဘဇောတိုက်မှုကို ဝေဖန်မှုများလည်း ကြီးထွားလာနေသည်။
ထိုင်းသတင်းဌာန Khaosod က ဖော်ပြခဲ့သည့် ဘတ် ၇ သန်း နီးပါး (အမေရိကန်ဒေါ်လာ ၂ သိန်းခန့်) တန်သည့် BMW 750e တစီးလှူဒါန်းမှုကို လက်ခံသည့် ထိုင်းဘုန်းကြီး သတင်းကို ဧရာဝတီသတင်းဌာန မြန်မာပိုင်းက ဘာသာပြန် ဖော်ပြသောအခါ မြန်မာစာဖတ်သူများက လှောင်ပြောင်ကြပြီး မြန်မာဘုန်းကြီးများသည် ထိုမျှလောက်ဖြင့် အထင်ကြီးမည် မဟုတ်ကြောင်း ပြောဆိုကြသည်။
“BMW လောက်ကတော့ ကျနော်တို့ ဆယ်လီဘုန်းကြီးတွေက လှောင်ပြောင်စရာလို့ ထင်လိမ့်မယ်” ဟု ပရိသတ်တယောက်က ပြောသည်။
အခြားသူတဦးကလည်း “ဟင် … ဒါက ဘန်တလေကားမှ မဟုတ်တာ။ ကျနော်တို့နိုင်ငံမှာ ဗုဒ္ဓဘာသာ ထွန်းကားတယ်၊ ခင်ဗျားတို့ BMW က မြန်မာမှာ ဘာမှမဟုတ်ဘူး။ ကျနော်တို့ ဘုန်းကြီးတွေက လိုချင်တက်မက်မှု မရှိဘူး။ ဒါပေမယ့် သူတို့က ထိုင်းတွေထက် ပိုမိုဈေးကြီးတဲ့ကား စီးရတာပိုကြိုက်တယ်။ ကျနော်တို့အတွက် ပြဿနာမရှိဘူး” ဟု ရေးသည်။
“ကျနော်တို့ဘုန်းကြီးတွေ” ဆိုသည့် စကားလုံးသည် သီတဂူ ဆရာတော်ကဲ့သို့သော ဆယ်လီဘုန်းကြီးများကို ရည်ရွယ်ကြောင်း ယခုဆောင်းပါးကို ဖတ်နေသူမည်သူမဆို နားလည်မည်ဖြစ်သည်။
သို့သော် အမြဲတမ်း ထိုသို့ဖြစ်နေသည် မဟုတ်ပေ။ ကိုလိုနီခေတ်မှသည် ၂၀၀၀ ပြည့်နှစ်များ အစောပိုင်း ယခင်စစ်အုပ်စုခေတ်အထိ သံဃာထုသည် မြန်မာတွင် နိုင်ငံရေးလှုံ့ဆော်မှုအတွက် အဓိက ဗဟိုချက်ဖြစ်သည်။ ခေတ်သည် မည်မျှ ပြောင်းလဲသွားပါသနည်း။ ယနေ့ သံဃာအသိုက်အဝန်းသည် သွေးခွဲခံနေရပြီ ဖြစ်သည်။
စစ်ကောင်စီ ဆန့်ကျင်ရေး ဘုန်းကြီးများကို ဒဏ်ခတ်ပြီး ချိုးနှိမ်ကာ အမျိုးသားရေးဝါဒကို အားပေးသည့် ဘုန်းကြီးများ သို့မဟုတ် ကြားနေသည့် ဘုန်းကြီးများကို လွတ်လပ်စွာ လှုပ်ရှားခွင့်ပေးပြီး ကြွယ်ဝချမ်းသာစေသည်။ အထူးသဖြင့် စစ်ကောင်စီသည် ကိုးကွယ် ဆည်းကပ်သူများသည့် ဘုန်းကြီးများကို အသုံးချ ချဉ်းကပ်ရာတွင် တဖက်ကမ်းခတ် ကျွမ်းကျင်သည်ဟု ဆိုရမည်။
ကြွယ်ဝချမ်းသာသော အာဏာသိမ်း မြန်မာဗိုလ်ချုပ်များသည် အရပ်သားများအား သတ်ဖြတ်မှုကို နေ့စဉ်ကျူးလွန်နေကြပြီး ငါးပါးသီလကို နေ့စဉ်ချိုးဖောက်နေသော်လည်း ကျော်ကြားသော ဘုန်းကြီးများကို ၎င်းတို့၏ ခမ်းနားသော နေအိမ်များသို့ ပင့်ဖိတ်ကာ သို့မဟုတ် ကျောင်းကန်ဘုရားများသို့ သွားရောက်ကာ အကြီးအကျယ် ပေးကမ်းလှူဒါန်းကြသည်။
မြန်မာမှ အချမ်းသာဆုံးနှင့် အာဏာအကြီးဆုံး ကျော်ကြားသူအချို့သည် ဘဝတလျှောက်လုံးတွင် ချမ်းသာကြွယ်ဝမှုများ စုဆောင်းထားကြသည်။ ထိုသို့ဖြစ်နေခြင်းသည် အတိတ်က ကုသိုလ်ကြောင့် ဖြစ်ပါသလား။
တချိန်တည်းတွင် သန်းပေါင်းများစွာသော ပြည်သူများသည် ယခင်အတိုင်း ဆင်းရဲဒုက္ခရောက်ပြီး ဘာသာတရား ကိုင်းရှိုင်းစွာ ငွေကြေး အပါအဝင် ၎င်းတို့တတ်နိုင်သော အရာများကို ဘုရားကျောင်းကန်များသို့ ဆက်လက် လှူဒါန်းကြသည်။
တချိန်တည်းတွင် သန်းပေါင်းများစွာသော ပြည်သူများသည် ယခင်အတိုင်း ဆင်းရဲဒုက္ခရောက်ပြီး ဘာသာတရား ကိုင်းရှိုင်းစွာ ငွေကြေး အပါအဝင် ၎င်းတို့တတ်နိုင်သော အရာများကို ဘုရားကျောင်းကန်များသို့ ဆက်လက် လှူဒါန်းကြသည်။
မာစီဒီး၊ ဘန်တလေနှင့် နောက်ဆုံးပေါ် စမတ်ဖုန်းများကို အလှူအဖြစ် လက်ခံသည့် ဘုန်းကြီးများသည် ချမ်းသာကြွယ်ဝ အာဏာရှိသူများနှင့် ဆက်ဆံရေး ကောင်းနေသမျှ ဘာပြဿနာမှ ရှိပုံမရပေ။ ထိုဘုန်းကြီးများသည် စစ်တပ်က ပြည်သူများအား သတ်သည်ကို ရပ်တန့်ရန် ပြောမည်လား။
ထိုသို့သော အခြေအနေများ အားလုံးမှ ပေါ်ပေါက်လာသည့် မျှော်လင့်ချက် ရောင်ခြည်တခုမှာ နိုင်ငံသားများ ဆင်းရဲတွင်း နက်နေချိန်တွင် အတင့်ရဲစွာနှင့် အရှက်တရားကင်းမဲ့စွာ ၎င်းတို့၏ ဇိမ်ခံကားများကို ကြွားဝါနေသည့် ဘုန်းကြီးများကို မေးခွန်းထုတ်ရန် တိုးတက်သော သံဃာငယ်များ အပါအဝင် မြန်မာလူငယ်များ အသင့်ရှိနေခြင်း ဖြစ်သည်။
ရက်စက်ကြမ်းကြုတ်သော စစ်ကောင်စီက အုပ်ချုပ်နေပြီး ထိုစစ်ကောင်စီ၏ တပ်များက မုဒိန်းကျင့်၊ အရပ်သားပစ်မှတ်များကို ဗုံးကြဲကာ နေအိမ်များကို မီးရှို့သည့်နိုင်ငံတွင် ထိုသို့သော အပြုအမူများသည် ဘာသာရေးအရ သံသယရှိစရာကောင်းရန် မဆိုထားနှင့် သင့်တင်လျောက်ပတ်သည်ဟူ၍ ထိုဘုန်းကြီးများ ယူဆနေပါသလား။
ပစ္စုပ္ပန်နှင့် နိဗ္ဗာန်အကြား ရောက်သည့်နေရာတွင် သာယာနေပြီး သက်တော် ဝါတော်ရ ဘုန်းကြီးတချို့သည် သူတပါးအသက်ကို သတ်ဖြတ်ခြင်းတည်းဟူသော ပါရာဇိက အမှုတွင် ပါဝင်ပတ်သက်နေကြသည်ဟုသာ ဆိုရပေတော့မည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ အောင်ဇော်၏ Unholy Alliance: Myanmar’s Mercedes Monks and the Men in Green ကို ဘာသာပြန်သည်။ အောင်ဇော်သည် ဧရာဝတီ သတင်းဌာနကို တည်ထောင်သူနှင့် အယ်ဒီတာချုပ် ဖြစ်သည်။)
You may also like these stories:
အကျအဆုံးများနေသည့် စစ်တပ် ဘာသာရေးဖြင့် စိတ်ဓာတ်မြှင့်တင်ရေး လုပ်လာ
ဘာသာရေးအဆောက်အအုံများကို စစ်ရေးအတွက် စစ်ကောင်စီ အသုံးချနေ
မေမြို့မှာ အပူရှောင် စံကျောင်းတော် သီတဂူဆရာတော် ဆောက်လုပ် သီတင်းသုံး
ဘာသာရေးနဲ့ နိုင်ငံရေး စည်းခြားချိန် တန်ပြီ
အာဏာသိမ်း စစ်ကောင်စီ ဘာသာရေး၊ လူမျိုးရေး အသုံးချပြီး အာဏာတည်မြဲရေးကြိုးစား