မြတ်ပန်တော်ပန်း
ခိုင်လုံးလန်းကို
ဟိုလောင်ပန်းပွင့်
ဘယ်ဂုဏ်နဲ့ ဝင့်မတုံး
ဘုန်းနှင့် ကံနှင့် ရွှေသဇင်…။
ဦးတိုး (ရာမရကန်မှ)
ကျမ သမီး မတင်ဝင်းက “မေမေ တောင်ကြီးက သဇင်ပန်း ပို့လိုက်ပြီတဲ့။ ကားဂိတ်မှာ သွားယူဖို့ မီးမီးက ဖုန်းဆက်တယ်” လို့ ပြောတော့ သြော်…ဝတ်မပျက်ရှာဘူး၊ တော်လိုက်တာ ဆိုပြီး ပန်းပို့ရှာတဲ့ မီးမီး အမေ ဒေါ်စောအုန်းကြူ နဲ့ မီးမီး အဖေ တောင်ကြီး ဦးထွန်းမြင့်ကလေး တို့ကိုပါ သတိရပြီး ကျေးဇူး တင်နေမိတယ်။
ကျမတို့ မန္တလေးသူတွေက ဒီအချိန်အခါမှာ ပွင့်တဲ့ တောင်ပေါ်သဇင်ကို တော်ဝင်တဲ့ ပန်း၊ ပန်းတကာမှာ အထွတ်အမြတ်ဆုံး ပန်းရယ်လို့ တန်ဖိုးထားပါတယ်။
ပဒေသရာဇ်စော် နံတာလားတော့ မသိပါဘူး။
ပြီးတော့ သဇင် ဆိုရင် ရခိုင်ပြည်နယ်တို့၊ တနင်္သာရီတို့၊ ရန်ကုန်တို့ ဘက်က အိမ်မှာ စိုက်ပြီး ပွင့်တဲ့ ဥကြီး သဇင်ကိုလည်း တောင်ပေါ်က ပွင့်တဲ့ တောသဇင်လို တန်ဖိုး ကြီးတယ် မထင်ပါဘူး။
ဥကြီးစိုက် သဇင်က အလှမှာရော၊ အပွင့်အခက်မှာရော တောင်ပေါ်သဇင်နဲ့ ဘာမှ မယှဉ်နိုင်ပါဘူး။ ပိုပြီး လှလည်းလှ၊ ကြီးလည်းကြီး၊ အပွင့်တွေလည်း အလွန်များ၊ အလွန်မြိုင်တာမို့ ခေါင်းမှာ ပန်လို့ သိပ်လှပါတယ်။
ဒါပေမယ့် ကျမတို့က တောင်ပေါ်သဇင်ရဲ့ အမွှေးနံ့ နဲ့ အရောင်အသွေး ဖက်ဖူးစိမ်း ကလေးကိုလည်း မြတ်နိုးမက်မော ပါတယ်။
ပြီးတော့ အဲဒီပန်းမှ တော်ဝင်တယ် ထင်ပါတယ်။
ဒီကိစ္စမှာ စာရေးဆရာ ဦးတိုး တို့လို ပုဂ္ဂိုလ်တွေရဲ့ ပယောဂလည်း ပါမှာတော့ အမှန်ပါပဲ။
ဦးတိုးက သူ့သဇင်ကို ချီးကျူးရာမှာ ချုံကြိုချုံကြားက ကန်သင်းရိုးကြားက ပေါက်ရှာတဲ့ မီးမလောင်ပန်းလို ဟာကိုများ ငေါက်လိုက် ငမ်းလိုက်သေးတယ်။
သူ့သဇင်က ပါရမီရော၊ ဂုဏ်ရော သင့်ရုံ ရှိတာ မဟုတ်ဘူးတဲ့။ ဒါကြောင့် ဟို…မီးမလောင်ပွင့်က နင့်မှာ ဘာဂုဏ်ရှိလို့ ဝင့်ချင်ရသတုံး၊ ငါ့သဇင်က ဘုန်းနဲ့ ကံနဲ့ ပန်းတဲ့လေ…။
အဲဒီ ကျမတို့ အလွန်မြတ်နိုးတဲ့ သဇင်ပန်းတွေ တနေ့တော့ ကျမဆီကို တောင်ကြီး-မန်း ကားတစီးက ခြင်းကြီးနဲ့ လာပို့ပါတယ်။ ပို့လိုက်သူက ဒေါ်စောအုန်းကြူ တောင်ကြီး ပါတဲ့။
ပန်းခြင်းထဲ ပါတဲ့ စာကလေးက “မမသား မွေးနေ့ စက်တင်ဘာ ၃၀ ရက်မှာ ဘုရား တင်ရအောင်ပါ” တဲ့။
ကျမက ပင့်သက်ကြီး တလုံး ချလိုက်ပြီး စိတ်ထဲက စောအုန်းကြူကို ကျေးဇူးတင် ဝမ်းသာနေမိတယ်။ ပြီးတော့ ကျမသား မွေးနေ့ သူမှတ်ထားတာကိုလည်း အံ့သြ ဝမ်းသာနေတယ်။
သူနဲ့ ကျမနဲ့က နေကြတာ တောင်ကြီးနဲ့ မန္တလေး။ ဒါပေမယ့် သူ့ယောက်ျား အိမ်ကခွာပြီး ၈ နှစ်ကြာ မော်စကို ရောက်နေတော့လည်း သူက ကျမဆီ ဆင်းလာလိုက်၊ ကျမက သူ့ဆီ သွားလိုက်။
သူ့ကလေး ၃ ယောက် ကျောင်းထားနိုင်ဖို့ သူက စာရေးမလေး ဝင်လုပ်နေရတော့လည်း ရန်ကုန်က မိတ်ဆွေ တယောက်နဲ့ ကျမက ကလေးတွေ ကျောင်းစရိတ် တတ်အားသလောက် ဝင်ခုပေးကြတယ်။
ကျမမှာ ဒုက္ခ သုက္ခ အမျိုးစုံ ကြုံနေရတော့လည်း သူ့ခမျာ ကျမဆီ ပြေးပြေးလာရှာတာမို့ ဆိုးတိုင်ပင်၊ ကောင်းတိုင်ပင်၊ ညီအစ်မလို့ပဲ ပြောကြပါစို့။
ခု သူက ကျမသားကို သတိရပြီး သဇင်ပန်းတွေ တကူးတကန့် ပို့လိုက်တယ် ဆိုတော့ စက်တင်ဘာ ၃၀ ရက်နေ့မှာ ကျမ မဟာမုနိ ဘုရားကြီးကို သွားပြီး သူ့သဇင်ပန်းတွေ လှူတယ်။
အိမ်က ဘုရားမှာလည်း ပန်းတွေ လှူတယ်၊ ဆုတွေလည်း တောင်းတယ်၊ သူတို့ မိသားစုကိုလည်း မေတ္တာ ပို့တယ်။
စောအုန်းကြူက နောက်တော့ သဇင်ပန်းကို နှစ်တိုင်း စက်တင်ဘာ ၃၀ ရက်နေ့ အမီ တောင်ကြီး ဈေးထဲမှာ ပန်းပေါ်တဲ့နေ့၊ တွေ့တဲ့ပန်း ဝယ်ပြီး အစည်းလေးတွေကိ ဖက်နဲ့ လုံအောင် ထုပ်တယ်။
ပြီးတော့ ဂျပ်သေတ္တာနဲ့ ထည့်တယ်။ ပြီးတော့ ကားနဲ့ တင်ပို့ပါတယ်။ တနှစ်မှ မပျက်ကွက်ခဲ့ဘူး။
၁၉၈၉ ခု မေလ ၃ ရက်နေ့ကတော့ စောအုန်းကြူ အနိစ္စ ရောက်သွားရှာတယ်။ ဦးထွန်းမြင့် ၁၉၉၇ ခု မေလ ၁၇ ရက်နေ့က အနိစ္စ ရောက်ရှာတယ်။
ကျမကို ချစ်တဲ့သူများ၊ ကျမကလည်း ချစ်တဲ့ လင်မယား မရှိရှာကြတော့ပါဘူး။ နို့ပေမယ့် ကျန်ရစ်တဲ့ သမီးကလေးက သူ့အမေ ပို့ပေးတဲ့ သဇင်ပန်း ကျမဆီကို နှစ်တိုင်း ရောက်အောင် ဆက်ပို့လာတယ်။
သမီးလေး ဒေါက်တာ စပယ်မြင့်ကြူ (ကျမတို့က ခေါ်တော့ မီးမီး) က သူ့အမေရဲ့ မေတ္တာနဲ့ ဆောင်ရွက်ချက် တခုကို ခုလို ဆက်လက်ပြီး ဆောင်ရွက်တယ်၊ အမွေ ဆက်ခံတယ် ဆိုတော့ ကျမက ပထမတော့ အံ့အားသင့်ပြီး အံ့သြနေတယ်။
နောက်တော့ ငါသာဆိုရင် ဒီလို ဆောင်ရွက်နိုင်ပါ့မလားလို့ ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်မိတယ်။ ကျမတို့ မိဘချင်း ခင်တာလည်း မှန်တယ်။ ကျမ သားသမီးတွေနဲ့ မီးမီးတို့ မောင်နှမတွေနဲ့ သူတို့ချင်း ခင်တာလည်း မှန်တယ်။
နို့ပေမယ့် ခုလို တနှစ်မှာ တခါ ရှားပါး မွန်မြတ်တဲ့ သဇင်ပန်းလို ပစ္စည်းကို မပျက်မကွက် ပို့ပေးတာမျိုး လုပ်နိုင်ပါ့မလားလို့ အခါခါ မေးမိပါတယ်။
သန့်စင်တဲ့ မေတ္တာ ဆိုတာ တယ်လည်း အေးမြပါကလား၊ တယ်လည်း နှလုံး စိတ်ဝမ်းကို ချမ်းမြေ့စေပါကလား…။
ဒီနှစ် မီးမီး ပန်းပို့လိုက်တဲ့ ကားက လမ်းမှာ ပြဿနာ ဖြစ်လို့တဲ့၊ မန္တလေးဂိတ်ကို ဝင်ချိန်တိုင်လို့ မဝင်လာဘူး။ ဖုန်းနဲ့ လှမ်းမေး၊ အားမရလို့ လူကိုယ်တိုင် သွားမေး၊ မရောက်လာဘူး။
ကနေ့ မရောက် နောက်နေ့ပေါ့၊ ပန်းတွေဟာ တရက်နဲ့ မပျက်နိုင်ပါဘူးလို့ ကျမ က ကိုယ့်သောကကို လျှော့ချထားတယ်။
နောက်ရက် ရောက်တော့ ကျမသားက ကားဂိတ်ကို မနက် သွားမေး၊ ညသွားမေး၊ မေးပေမယ့် ကားမဝင်သေးဘူးတဲ့။
“မီးမီးရေ ငါ့သမီး ပန်းထည့်ပေးလိုက်တဲ့ကား ခုထက်ထိ မရောက်သေးဘူးတော်၊ ပန်းတွေတော့ သေတ္တာထဲ ဘယ့်နှယ်များ နေရှာမယ် မသိ” လို့ တောင်ကြီးကို ဖုန်းဆက် ပြောချင်လိုက်တာ။
နို့ပေမယ့် ကိုယ့်သောကကို တယ်လီဖုန်းနဲ့ သူ့သောက ဖြစ်အောင် မလုပ်ရက်ပါဘူး ဆိုပြီး အတင်းချုပ်တည်း ဆုံးမ နေလိုက်ရတယ်။
နောက် ၁ ရက် ၁၀ နာရီလောက်မှ သားက ပန်းဘူးကြီး ယူလာပါတယ်။ ကတိုက်ကရိုက်ဖွင့်၊ ဖက်ထုပ်တွေကို ဖြည်ကြည့် လိုက်တော့ တစည်းမှာ ၂ ခက်၊ ၃ ခက်ပဲ နွမ်းပြီး ပျက်စီးပေမယ့် ကျန်အခိုင်တွေက ပွင့်နေတာ စိမ်းလို့၊ လန်းလို့၊ မွှေးလို့။
မပွင့်သေးတဲ့ အဖူးအငုံကလေးတွေ ကလည်း စိမ်းလို့၊ လန်းလို့၊ ဝမ်းသာလိုက်တာ။ အားလုံး သန့်စင်ပြီး ဘုရားတွေကို အားရပါးရ တင်ရတယ်။
ဘုရားပန်း ကပ်ပြီး ဆုတွေ တောင်းရတယ်။
ဘုရား ရှိခိုးတော့ စောအုန်းကြူ နဲ့ ဦးထွန်းမြင့် ကိုရော၊ မီးမီးတို့၊ တင်ကြည်လှိုင် တို့ မိသားစုကိုရော ဆုတောင်း မေတ္တာ ပို့ရတယ်။
ကျန်းမာကြပါစေ၊ လိုအင်ဆန္ဒ ပြည့်ဝကြပါစေ။
အားလုံး အေးချမ်း သာယာကြပါစေ…။
(အတွေးအမြင်၊ အမှတ်-၁၄၂၊ ဇန်နဝါရီ၊ ၂၀၀၀)
(စာရေးဆရာမကြီး လူထုဒေါ်အမာ ရေးသားခဲ့သည့် ဤဆောင်းပါးကို လူထု ကြီးပွားရေး စာအုပ်တိုက်က ၂၀၂၅ ခုနှစ် မေလတွင် ထုတ်ဝေသော “လွမ်းသူ့စာ” တတိယ အကြိမ် စာအုပ်မှ ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။ ဆရာမကြီးသည် ၂၀၀၈ ခုနှစ် ဧပြီလ ၇ ရက် အသက် ၉၃ နှစ် အရွယ်တွင် ကွယ်လွန်သွားခဲ့ပါသည်။)














