ရခိုင်ပြည်နယ် မြို့တော် စစ်တွေအခြေစိုက် ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (ဒကစ)နှင့် ရွှေမင်းဂံ(ချောင်းနွယ်) ရေတပ် စခန်းတို့နှင့် နှစ်မိုင်ကျော်သာဝေးသည့် တောကန်၊ ကံ့ကော်ကျွန်းဝန်းကျင်မှ စစ်တပ်ကာကင်းများကို အာရက္ခတပ်တော် (AA)က ယခုရက်ပိုင်းအတွင်း သိမ်းလိုက်ကြောင်း စစ်ရေးသတင်းရင်းမြစ်များနှင့် ဒေသခံများက ပြောကြသည်။
AA နှင့် နီးစပ်သည့် စစ်ရေးသတင်းရင်းမြစ်တဦးက တောကန်နှင့် ကံ့ကော်ကျွန်းရွာအနီးမှ စစ်တပ်စခန်းများ အသိမ်းခံ ရသည်မှာ မှန်ကန်ကြောင်း၊ အသေးစိတ်အချက်အလက်များကိုတော့ မသိရသေးကြောင်း ဧရာဝတီသို့ ပြောသည်။
“ကံ့ကော်ကျွန်းနားကကောင်တွေ ရွှေမင်းဂံဘက် ဆုတ်ပြေးသွားကြပြီ၊ အဲဒီနားတွေမှာ တိုက်ပွဲဖြစ်နေတာ ကြာပြီ၊ ဒီရက်ပိုင်းမှာ ဆုတ်ပြေးသွားတာ။ ရေတပ်ထဲမှာ သွားစုနေကြတယ်” သူက ပြောသည်။
ကံကော်ကျွန်းနှင့် တောကန်စခန်းတို့သည် အင်အားရာကျော်ဖြည့်တင်းထားပြီး ကတုတ်ကျင်း၊ ဘန်ကာ၊ ဆက်သွယ်ရေး မြောင်းများနှင့် အခိုင်အမာတည်ဆောက်ထားသည့် ရှေ့တန်းကာကင်းစခန်းများ ဖြစ်သည်။
“ကိုယ့်လူတွေကတော့ တက်သိမ်းလိုက်၊ ပြန်ဆုတ်သွားလိုက် လုပ်နေတာပါ၊ စခန်းတွေရတာလည်း ဟုတ်ပါတယ်။ အရင်ရက်ကလည်း ဒကစထဲကို ဒရုန်းနဲ့ချလိုက်တာ နှစ်ဆယ်ကျော်လောက် သေသွားတယ်။ ကိုယ့်ဘက်ကလည်း နာကြတယ်” ဟု စစ်တွေဒေသခံ နောက်တဦးကလည်း ပြောသည်။
စစ်တွေမြို့နယ်နှင့် ချောင်းတခုသာခြားသည့် ပုဏ္ဏားကျွန်းမြို့နယ်ဘက်ခြမ်းတွင် အခိုင်အမာနေရာယူထားသည့် AA သည် ရွေးကောက်ပွဲအလွန် ဇန်နဝါရီ ၄ ရက်နေ့မှစ၍ စစ်တွေမြို့နယ်ဘက်ကမ်းရှိ ကံ့ကော်ကျွန်း၊ တောကန်၊ အမြင့်ကျွန်း ကျေးရွာဝန်းကျင်တို့ရှိ စစ်တပ် ရှေ့ထွက်ကာကင်းများကို အရှိန်အဟုန်မြင့် ထိုးစစ်ဆင်နေခဲ့ပြီး တိုက်ပွဲများ ပြင်းထန်နေခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်များနှင့် ဒေသခံများက ပြောထားကြသည်။
အဆိုပါစခန်းသိမ်းလိုက်သည်ဆိုသော သတင်းနှင့်ပတ်သက်၍ အာရက္ခတပ်တော်(AA)က အတည်ပြုထုတ်ပြန်ထားခြင်း မရှိသေးသလို AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခထံ ဆက်သွယ်မေးမြန်းထားသော်လည်း ပြန်လည် ဖြေကြားခြင်း မရှိပါ။
AAသည် စစ်ကော်မရှင်အား စစ်တွေ၊ ကျောက်ဖြူအပါအဝင် စစ်မျက်နှာ ၆ ဖွင့်ကာ တိုက်ခိုက်နေရာ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် အပါအဝင် ဒေသကွပ်ကဲမှု စစ်ဌာနချုပ် အခြေချထားသည့် စစ်တွေစစ်မျက်နှာတွင် ကြည်းတပ်အင်အား ၂ ထောင်ခန့်၊ ရေတပ်စစ်သင်္ဘော ဆယ်စီးခန့်အပါအဝင် အင်အား ၁ထောင်ခန့်အပြင် ရဲ၊ မွတ်စလင် ပျူစောထီး၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ပြည်သူ့စစ်များဖြင့် ရင်ဆိုင်ထားသည်။
ထိုသို့သော အခြေအနေတွင် စစ်တွေရှိ ဒကစနှင့် နှစ်မိုင်ကျော်ဝေးသည့် ကာကင်းများကို AA က သိမ်းလိုက်သည်မှာ မှန်ကြောင်း စစ်တွေမြို့ခံ သတင်းရင်းမြစ်တဦးကလည်း ထပ်မံအတည်ပြုသည်။
“၇ ရက်နဲ့ ၈ ရက်နေ့တွေမှာ ပစ်သံတွေ တအားအကျယ်ကြီး ကြားရတယ်၊ လေယာဉ်တွေလည်း လာတယ်၊ ကြားတာ ကတော့ မနေ့က ဆုတ်ပြေးသွားကြတယ်လို့ ကြားတယ်။ ကိုယ့်ဘက်က စခန်းငယ်အပါဆိုရင် စခန်းသုံးခုလောက် ရလိုက်တယ်” ဟု စစ်တွေမြို့ခံ သတင်းရင်းမြစ်တဦးက ပြောသည်။
စစ်တွေမြို့အနီးပတ်လည်တွင် တိုက်ပွဲများ ဖြစ်ပွားနေသော်လည်း စစ်တွေမြို့ထဲတွင်မူ စစ်ကော်မရှင်က စစ်တွေမြို့တည် သက်တမ်း နှစ်နှစ်ရာပြည့်အခမ်းအနားကျင်းပနေပြီး မာရသွန် အပြေးပြိုင်ပွဲပြုလုပ်နေကြောင်း စစ်တွေမြို့ခံများက ပြောသည်။
စစ်တွေမြို့ မြောက်ဘက်ခြမ်း၊ ပုဏ္ဏားကျွန်းမြို့နယ်နှင့်အစပ်ရှိ ရှေ့တန်းကာကင်းစခန်းများအသိမ်းခံရသည့် စစ်တပ်သည် မြို့အနောက်ဘက်နှင့် တောင်ဘက်ပင်လယ်ပြင်တွင် စစ်သင်္ဘောအများအပြားချ၊ ကင်းလှည့်နေပြီး မြို့ပတ်လည် ချောင်းကမ်းစပ်၊ မြစ်ကမ်းစပ်တို့တွင်လည်း မြေမြှုပ်မိုင်းများ ထောင်ထားကြောင်း သိရသည်။
ထို့ပြင် မြို့တွင်းနေထိုင်သူများကိုလည်း နေ့စဉ်ပုံမှန် လူစာရင်းဝင်စစ်ခြင်း၊ မသင်္ကာလျှင် ဖမ်းဆီးခြင်းတို့ ရှိနေပြီး ယင်းသို့မြို့တွင်း ကင်းလှည့်၊ စစ်ဆေးသည့်လုပ်ငန်းများတွင် ဒေါ်စောမြရာဇာလင်းဦးဆောင်သည့် ALPတပ်ဖွဲ့ဝင်များလည်း ပါဝင်နေသည်။
စစ်တွေမြို့တွင် စစ်ကော်မရှင် ပြည်နယ်အစိုးရအဖွဲ့ရုံးစိုက်ထားပြီး ဒေသစစ်ဆင်ရေးကွပ်ကွဲမှုဌာနချုပ်လည်း ရှိသည်။ ယင်းအပြင် အမ်းမှ တပ်ဆုတ်လာရသည့် လက်ကျန်တပ်သားများနှင့် စုဖွဲ့ကာ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကိုလည်း ဖွဲ့စည်းထားပြီး ရေတပ်ဌာနချုပ်၊ လက်ရုံးတပ်များအပါအဝင် အခြေစိုက်တပ်ရင်း တဆယ်ကျော် ရှိနေသည်။
စစ်တွေအပြင် ကျောက်ဖြူမြို့နယ်တွင်လည်း တိုက်ပွဲများ ပြင်းထန်နေပြီး ယခုတိုက်ပွဲများမှာ ယခင်ကဲ့သို့ AA က ခံစစ် သဘောမျိုး မဟုတ်ဘဲ ထိုးစစ်အသွင်ပြောင်းလာပြီး ကျောက်ဖြူမြို့ အနီးဝန်းကျင်ထိပါ ထိုးဖောက်ကာ မြို့ထဲ တပ်ရင်းများဆီ ဦးတည်လာသည်ကို တွေ့ရကြောင်း စစ်ရေးနီးစပ်သူများနှင့် ဒေသခံများက ပြောသည်။
လက်ရှိတွင် ကျောက်ဖြူမြို့နယ် အမှတ်(၃၂)ရဲတပ်ရင်း၊ မြို့အနီးဝန်းကျင် အခြေစိုက်တပ်ရင်းများနှင့် ဓညဝတီရေတပ် ဌာနချုပ်အနီးဝန်းကျင်တို့တွင် တိုက်ပွဲများဖြစ်ပွားနေပြီး စစ်တပ်ဘက်က အကျအဆုံးများနေကာ ရှေ့တိုးမလာနိုင်အောင် ထိုးစစ်ဆင်၊ ဖြတ်တောက်ထားကြောင်း မြေပြင်သတင်းရင်းမြစ်များက ပြောသည်။
ကျောက်ဖြူမြို့နီးပတ်လည်တွင် စစ်ကော်မရှင်၏ အခြေစိုက်တပ်ရင်းများဖြစ်သည့် ခလရ ၃၄၊ ခမရ ၅၄၂၊ ခမရ ၅၄၃ တို့ ရှိပြီး မြို့နှင့် ငါးမိုင်ဝန်းကျင်အကွာတွင် အမှတ်(၃၂)ရဲတပ်ရင်းတိုရှိကာ ဓညဝတီရေတပ်ဌာနချုပ် ၊ အုံးကျွိန်၊ တောင်မော်ကြီးရေတပ်စခန်းတို့အပြင် ကာကင်းစခန်းများစွာ ရှိနေသည်။
ရခိုင်ဒေသခံစစ်ရေးလေ့လာသူတဦးက “စစ်တွေနဲ့ ကျောက်ဖြူကတော့ အပြတ်တိုက်ရမှာပဲ၊ ဒီအတိုင်းချန်ထားခဲ့လို့မှ မရတာဆိုတော့၊ တမြို့မှာတော့ စစ်ရှိန်မြှင့်ပြီး တိုက်လာမယ်လို့ ထင်တယ်” ဟု သုံးသပ်သည်။
ရခိုင်ပြည်နယ်အတွင်းမှ မြို့နယ် ၁၄ ခု၊ ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့ကို သိမ်းပိုက်ထိန်းချုပ်ထားသော AA သည် စစ်ကော်မရှင်ကကျင်းပသည့် ရွေးကောက်ပွဲလက်မခံကြောင်း ထုတ်ပြောထားပြီး ရခိုင်ဒေသတခုလုံးကို အပြီးသတ် သိမ်းပိုက်သွားမည်ဟု ထုတ်ပြန်ချက်များတွင် မကြာခဏ အသိပေးထားသည်။
You may also like these stories:
ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား
ရွေးကောက်ပွဲအပြီး စစ်တွေ၊ ကျောက်ဖြူ၌ တိုက်ပွဲများ ပြန်ပြင်းထန်လာ
စစ်တွေနဲ့ ကျောက်ဖြူမြို့တွေကို AA သိမ်းတော့မလား
ကျောက်ဖြူတိုက်ပွဲဧရိယာ ပိုမိုကျယ်ပြန့်လာ







