ရခိုင်ပြည်နယ် မြို့တော် စစ်တွေနှင့် ကျောက်ဖြူမြို့များတွင် ငြိမ်သက်နေသောတိုက်ပွဲများက ရွေးကောက်ပွဲအပြီး ဇန်နဝါရီ ၄ ရက်မှစ၍ ပြန်ဖြစ်လာရာ လေကြောင်းနှင့် လက်နက်ကြီးများပင်သုံးသည့်အထိ ပြင်းထန်ကြောင်း ဒေသခံများကပြော သည်။
တရုတ်စီမံကိန်းများ ရှိရာကျောက်ဖြူမြို့နယ်တွင်း တိုက်ပွဲများတွင် အာရက္ခတပ်တော် (AA)က ခံစစ် သဘောမဆောင်တော့ ဘဲ ထိုးစစ်အသွင်ပြောင်းလာကာ မြို့အနီးဝန်းကျင်အထိပါ ထိုးဖောက်၍ မြို့ထဲရှိတပ်ရင်းများဆီသို့ ဦးတည်လာကြောင်း တိုက်ပွဲအခြေအနေကို စောင့်ကြည့်နေသူများကဆိုသည်။
“တိုက်ပွဲတွေ ပြင်းလာတယ်ပြောရမယ်၊ ကိုယ့်ဘက်ကလည်း အရင်လို ဆုတ်လိုက်၊ တိုးလိုက်မဟုတ်တော့ဘဲ ထိုးစစ် သဘောမျိုးနဲ့ လုပ်နေတယ်။ စကမကတော့ ရှေ့တိုးမလာနိုင်တော့ဘူး၊ ဓညဝတီရေတပ်ဘက်မှာလည်း စစ်ကြောင်းတွေ အရင်လို မထိုးလာနိုင်တော့ဘူး ” ဟု ကျောက်ဖြူဒေသခံ AA နှင့် နီးစပ်သည့် စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
လက်ရှိတွင် ကျောက်ဖြူမြို့နယ် သိုင်းချောင်း၊ ဇိုင်ချောင်း၊ အမှတ်(၃၂)ရဲတပ်ရင်းဝန်းကျင်၊ မြို့အနီးဝန်းကျင်နှင့် တပ်ရင်းများ အနီးတို့တွင် တိုက်ပွဲများဖြစ်ပွားနေပြီး စစ်တပ်ဘက်က အကျအဆုံးများ နေကာ ရှေ့တိုးမလာနိုင်အောင် ထိုးစစ်ဆင် ဖြတ်တောက်ထားကြောင်း မြေပြင်သတင်းရင်းမြစ်များက ပြောသည်။
ကျောက်ဖြူမြို့နီးပတ်လည်တွင် အခြေစိုက်တပ်ရင်းများဖြစ်သည့် ခလရ ၃၄၊ ခမရ ၅၄၂၊ ခမရ ၅၄၃ တို့ တည်ရှိပြီး မြို့နှင့် ငါးမိုင်ဝန်းကျင်အကွာတွင် အမှတ်(၃၂)ရဲတပ်ရင်း၊ ဓညဝတီရေတပ်ဌာနချုပ် ၊ အုံးကျွိန်၊ တောင်မော်ကြီး ရေတပ်စခန်း တို့အပြင် ကာကင်းစခန်းများစွာ ရှိနေသည်။
စစ်တွေမြို့နယ်တွင်လည်း အမြင့်ကျွန်း၊ ကံ့ကော်ကျွန်း၊ ကျားမသောက်ရွာ အနီးဝန်းကျင် တိုက်ပွဲများဖြစ်နေပြီး လက်နက် ကြီးငယ်သံများ ပိုကြားရကြောင်း ဆိုသည်။
“၄ ရက်နေ့ မနက်အာရုဏ်လောက်မှာ သေနတ်သံတွေစကြားရတယ်၊ တမနက်လုံး ဖြစ်တာ၊ မနေ့ကမနက်ပိုင်းလည်း ကြားတယ်။ ဒီနေ့တော့ မနက်ပိုင်းမကြားဘူး၊ ခုဏ ကြားလိုက်တယ်။ တိုက်ပွဲဖြစ်တယ်လို့ ပြောကြတယ်” ဟု စစ်တွေမြို့မှ အမျိုးသားတဦးက ဧရာဝတီသို့ ဇန်နဝါရီ ၆ ရက်တွင် ပြောသည်။
စစ်တပ်အခြေစိုက်တပ်ရင်းများနှင့် ရှေ့တန်းကာကင်းစခန်းများကို အာရက္ခတပ်တော် (AA)က ပြောက်ကျား စနစ်ဖြင့် ဝင်ရောက်တိုက်ခိုက်နေပြီး ဒရုန်း၊ လက်နက်ကြီးများနှင့် တိုက်ခိုက်သည့်အတွက် စစ်ကော်မရှင်တပ်သား ဆယ်ဂဏန်းခန့် သေဆုံးမှုရှိကြောင်း AA နှင့် နီးစပ်သူတဦးက ပြောသည်။
“စစ်တွေနားမှာ တိုက်ပွဲဖြစ်နေတာ။ ကိုယ့်ဘက်က ဝင်တိုက်တာပါ၊ စကစတွေ သေတာရှိတယ်၊ ကားတစီး ဒရုန်းနဲ့ချတာ ရလိုက်တယ်။ တဆယ်၊ နှစ်ဆယ်လောက်ပါမယ်၊ သေတာလည်း များတယ်” ဟု ၎င်းက ဆိုသည်။
စစ်တပ်သည် စစ်တွေမြို့နှင့် ဆယ်မိုင်ဝန်းကျင်အကွာရှိ အမြင့်ကျွန်းရွာအနီးဝန်းကျင်၊ မင်းချောင်းတံတား၊ စစ်တွေမြို့နှင့် ခြောက်မိုင်ဝန်းကျင်အကွာ ကံ့ကော်ကျွန်း၊ ရွှေမင်းဂံကျေးရွာတဝိုက်တို့တွင် ရှေ့တန်းကာကင်း စခန်းများ တိုးချကာ စက်သေနတ်တင်ကားများနှင့်လည်း နေ့စဉ်ကင်းလှည့်နေပြီး ယင်းရှေ့တန်းကာကင်းများနှင့် စစ်ကြောင်းများအား AA က တိုက်ခိုက်ခြင်းဖြစ်သည်။
“အမြင့်ကျွန်းဘက်မှာတော့ တိုက်ပွဲတွေ ဆက်တိုက်ရှိနေတယ်။ ကံ့ကော်ကျွန်း၊ ဝါဘိုကတော့ ဖြစ်လိုက်၊ နားလိုက် ပဲ” ဟု AA နှင့် နီးစပ်သည့် သတင်းရင်းမြစ်က ပြောသည်။
မြို့ပေါ်တပ်ရင်းများမှ လက်နက်ကြီးပစ်ခတ်မှုများနှင့် လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ရှိနေပြီး စစ်တွေမြို့နယ်နှင့် ထိစပ်နေသည့် ပုဏ္ဏားကျွန်း၊ ပေါက် တောမြို့နယ်များသို့ ကျရောက်ပေါက်ကွဲမှုတို့ရှိကြောင်း ဒေသခံများက ပြောသည်။
“လက်နက်ကြီးကတော့ နေ့တိုင်း အသံကြားတယ်၊ ဒီနေ့ မနက်ကဆိုရင် လေယာဉ်တစီးလည်း သွားတယ်၊ ဘယ်နား ချခဲ့လဲမသိဘူး၊ စစ်တွေဘက်ကတော့ အသံကြားလိုက်တယ်” ဟု ပေါက်တောမြို့နယ် ဒေသခံ အမျိုးသမီးတဦးက ပြောသည်။
စစ်တွေမြို့နယ်အတွင်း နှစ်ဖက်တိုက်ပွဲများဖြစ်ပွားနေသလို မြို့တွင်း၌လည်း စစ်ကော်မရှင်တပ်ဖွဲ့ဝင်များနှင့် ဒေါ်စောမြရာဇာလင်း ဦးဆောင်သော ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော်(ALP)တပ်ဖွဲ့ဝင်များက နေအိမ်များကို ဝင်ရောက်စစ်ဆေး၊ ဖမ်းဆီးမှုများ လုပ်နေကြောင်း မြို့ခံများက ပြောသည်။
စစ်တွေမြို့တွင် ပြည်နယ်အစိုးရအဖွဲ့ရုံးစိုက်ထားပြီး ဒေသစစ်ဆင်ရေးကွပ်ကွဲမှုဌာနချုပ်(ဒကစ စစ်တွေ)လည်း အထိုင်ချ ထားသည့်အပြင် အမ်းမှ တပ်ဆုပ်ပြေးလာရသည့် လက်ကျန်တပ်သားများနှင့် စုဖွဲ့ ကာ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကိုလည်း စစ်တွေမှာ အထိုင်ချထားပြီး ရေတပ်ဌာနချုပ်၊ လက်ရုံးတပ်များအပါ အဝင် အခြေစိုက်တပ်ရင်း တဆယ်ကျော် ရှိနေသည်။
ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ရခိုင်ပြည်နယ်အတွင်း စစ်ကော်မရှင် ထိန်းချုပ် ထားသည့် စစ်တွေမြို့ပေါ်၊ ကျောက်ဖြူမြို့ပေါ်နှင့် မြို့နီးဝန်းကျင်ကျေးရွာအချို့၊ မာန်အောင်မြို့နယ်တို့အပါအဝင် ၁၀၂ မြို့နယ်၌ ရွေးကောက်ပွဲ ကျင်းပခဲ့သည်။
စစ်တပ်သည် ရခိုင်ပြည်နယ်အတွင်း မာန်အောင်မြို့နယ်တခုတည်းတွင်သာ မြို့ရော၊ နယ်ပါ နေရာစုံ ရွေးကောက်ပွဲ ကျင်းပနိုင်ခဲ့ပြီး စစ်တွေနှင့် ကျောက်ဖြူမြို့နယ်တွင် လက်လွှတ်ထားရသည့် ကျေးရွာအုပ်စုပေါင်း ၁၀ ရွာကျော်၌ ရွေးကောက်ပွဲမကျင်းပနိုင်ခဲ့ပေ။
နေရာစုံရွေးကောက်ပွဲကျင်းပနိုင်သည့်အနေအထားမရှိသလို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အပါအဝင် ဒီမိုကရက်တစ်အတိုက်ခံပါတီများပါဝင်ခွင့်မရှိဘဲ တရုတ်အလိုကျ ရွေးကောက်ပွဲမှ နိုင်ငံရေးထွက်ပေါက် ရှာရန် ကြိုးစားနေသည့် စစ်ကော်မရှင်၏ ရွေးကောက်ပွဲအလွန် ပေါ်လာမည့်လွှတ်တော်သည်လည်း စစ်တပ်အလိုကျလွှတ် တော်သာ ဖြစ်လာမည်ဖြစ်သဖြင့် ရခိုင်အပါအဝင် နိုင်ငံအဝန်း တိုက်ပွဲများ တိုးလာနိုင်ကြောင်း ရခိုင်ဝါရင့်နိုင်ငံရေးသမား၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းက သုံးသပ်သည်။
“မဲလည်းမရ၊ ရရင်လည်း ပြောလို့မရ၊ ပြောရင်လည်း ဘာမှမဖြစ်၊ အဲဒီလိုအခြေအနေမျိုးလို့ မြင်တွေ့ရတယ်။ အဲဒီတော့ စစ်ရေးနည်းနဲ့ဖြေရှင်းကြမယ်လို့ပဲ မြင်ပါတယ်။ စစ်ရေးအသာစီးရတဲ့သူက နိုင်မှာပဲပေါ့လေ၊ ကျန်တာ ဘာရှိဦးမလဲ၊ သူတို့တွေရဲ့ လွှတ်တော်ရဲ့အဆုံးအဖြတ်ဟာ ULA/AA ဘက်က လက်ခံနိုင်စရာအကြောင်းရှိမယ့်ဟာ မဟုတ်ဘူး၊ အဆုံးမှာတော့ စစ်ရေးနဲ့ ဖြေရှင်းကြရမယ့်အနေအထား” ဟု ၎င်းက ဆိုသည်။
ထို့ကြောင့် ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများ ပြင်းထန်လာနိုင်ပြီး စစ်တွေနှင့် ကျောက်ဖြူမြို့နယ်တို့ကို AA က အပြီးသတ် တိုက်ခိုက်သိမ်းပိုက်လာနိုင်ကြောင်း ရခိုင်ဒေသခံစစ်ရေးလေ့လာသူတဦးက ပြောသည်။
“စစ်တွေနဲ့ ကျောက်ဖြူကတော့ အပြတ်တိုက်ရမှာပဲ၊ ဒီအတိုင်းချန်ထားခဲ့လို့မှ မရတာဆိုတော့၊ တမြို့မှာတော့ စစ်ရှိန်မြှင့်ပြီး တိုက်လာမယ်လို့ ထင်တယ်” ဟု ဆိုသည်။
ရခိုင်ပြည်နယ် ရွေးကောက်ပွဲတွင် စစ်တပ်ပါတီ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ပြည်သူ့လွှတ်တော် အတွက် နှစ်နေရာ၊ အမျိုးသားလွှတ်တော်(နိုင်သူအကုန်ယူ – FPTP စနစ်)အတွက် နှစ်နေရာ၊ ပြည်နယ်လွှတ်တော် (နိုင်သူအကုန်ယူ – FPTP စနစ်) နှစ်နေရာ၊ အမျိုးသားလွှတ်တော်(အချိုးကျကိုယ်စားပြု – PR စနစ်)အတွက် သုံးနေရာ၊ ပြည်နယ်လွှတ်တော် (အချိုးကျကိုယ်စားပြု – PR စနစ်)အတွက် ကိုးနေရာ အနိုင်ရခဲ့သည်။ ယင်းအပြင် ချင်းတိုင်းရင်းသား ရေးရာဝန်ကြီး နေရာ ကိုလည်း ကြံ့ခိုင်ရေးပါတီကသာ အနိုင်ရခဲ့သည်။
ကျန်ရခိုင်ပါတီများဖြစ်သည့် ဒေါက်တာအေးမောင်ဦးဆောင်သည့် ရခိုင့်ဦးဆောင်ပါတီ(AFP)က အမျိုးသားလွှတ်တော် (နိုင်သူအကုန်ယူ – FPTP စနစ်) အတွက် တနေရာ၊ အမျိုးသားလွှတ်တော်(အချိုးကျကိုယ်စားပြု – PR စနစ်) အတွက် နှစ်နေရာ၊ ပြည်နယ်လွှတ်တော်(နိုင်သူအကုန်ယူ – FPTP စနစ်) တနေရာ၊ ပြည်နယ်လွှတ်တော်(အချိုးကျ ကိုယ်စားပြု – PR စနစ်)အတွက် လေးနေရာ ရရှိခဲ့ပြီး ဦးဘရှိန်ဦးဆောင်သည့် ရခိုင်တိုင်းရင်းသားများပါတီ(RNP) က ပြည်သူ့လွှတ်တော် အတွက် တနေရာ၊ အမျိုးသားလွှတ်တော်(အချိုးကျကိုယ်စားပြု – PR စနစ်)အတွက် တနေရာ၊ ပြည်နယ်လွှတ်တော် (အချိုးကျ ကိုယ်စားပြု – PR စနစ်)အတွက် လေးနေရာသာ ရရှိခဲ့သည်။
“ရခိုင်မှာတော့ ရခိုင်ပြည်သူတွေရဲ့ ကိုယ်စားပြောမယ့်သူလည်း မရှိဘူး၊ လွှတ်တော်ကိုယ်စားလှယ်လည်း မရှိဘူး၊ ပြောလည်းမပြောရဲဘူး၊ ပြောလို့လည်း မရဘူးဆိုသလိုဖြစ်နေတယ်။ အားလုံး တနိုင်ငံလုံးမှာ ကြံ့ခိုင်ရေးပါတီက အများစု နိုင်တယ်၊ စစ်တပ်ကတော့ အချိုးကျရတယ်ဆိုတော့ လွှတ်တော်ကတော့ စစ်တပ်ကြီးစိုးတဲ့လွှတ်တော်ဖြစ်သွားမှာပဲ၊ စစ်တပ်အလိုကျ အဆိုတင်တယ်၊ အဲဒါကို ဆုံးဖြတ်မယ်၊ အတည်ပြုမယ် အဲဒီလောက်ပဲပေါ့၊ ဆိုတော့ ဘာမဆိုသူက အဆိုတင်လို့ရတယ်။ အေအေကို အပြတ်တိုက်မယ်၊ KIA ကို အပြတ် တိုက်မယ်၊ KNU ကို အပြတ် တိုက်မယ်၊ အဲဒီဟာတွေကို အကြမ်းဖက်အဖွဲ့အစည်းကြေညာမယ် စသဖြင့်ပေါ့” ဟု ဦးဖေသန်းက ပြောသည်။
ရခိုင်ပြည်နယ်အတွင်း မြို့နယ် ၁၄ ခု၊ ချင်းပြည်နယ် ပလက်၀မြို့နယ်တို့ကို သိမ်းပိုက်ထိန်းချုပ်ထားသော AA သည် စစ်ကော်မရှင်ကျင်းပသည့် ရွေးကောက်ပွဲအား လက်မခံကြောင်း ထုတ်ပြောထားပြီး ရခိုင်ဒေသတခုလုံးကို အပြီးသတ် သိမ်းပိုက်သွားမည်ဟု ထုတ်ပြန်ချက်များဖြင့် မကြာခဏ အသိပေးထားသည်။
You may also like these stories:
စစ်တွေနဲ့ ကျောက်ဖြူမြို့တွေကို AA သိမ်းတော့မလား
ကျောက်ဖြူတိုက်ပွဲဧရိယာ ပိုမိုကျယ်ပြန့်လာ
AA အသာစီးရနေသည့် ကျောက်ဖြူတိုက်ပွဲ
တရုတ်ကြေးစားတပ်တွေ မြန်မာရောက်ရင် ဘာဖြစ်မလဲ
စစ်တပ်ရွေးကောက်ပွဲဝင် ရခိုင်ပါတီတို့ အရှုံးသာပိုက်ခဲ့ရ
ချင်းနဲ့ရခိုင် PR ခွဲတမ်းလည်း ကြံ့ဖွံ့ပါတီ အသာစီးထပ်ရ














