ရွေးကောက်ပွဲအပိုင်း ၂ တွင် ပါဝင်နေသည့် မန္တလေး မဟာအောင်မြေ၊ ပြည်ကြီးတံခွန်၊ အမရပူရမြို့နယ်များတွင် ဇန်နဝါရီ လဆန်းပိုင်းမှစတင်ကာ မဲစာရင်းကြည့်ရန်နှင့် မဲစာရင်းနံပါတ်များထုတ်ယူကြရန် အုပ်ချုပ်ရေးပိုင်းနှင့် ပြည်သူ့စစ်အမည်ခံ ပျူစောထီးအဖွဲ့များ လိုက်လံနှိုးဆော်နေကြောင်း ဒေသခံများထံက သိရသည်။
မဟာအောင်မြေနှင့် ပြည်ကြီးတံခွန်မြို့နယ်များတွင် ရပ်ကွက်ကြီး ၁၈ ခုစီနှင့် အမရပူရမြို့နယ်၌ ရပ်ကွက်ကြီး ၉ ခု၊ ကျေးရွာ အုပ်စု ၄၂ အုပ်စု၊ ကျေးရွာပေါင်း ၁၇၀ ထိ ရှိပြီး သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာများအလိုက် အိမ်တိုင်းမဖြစ်မနေ မဲစာရင်း စစ်ဆေးကြရန်နှင့် မဲစာရင်းနံပါတ်ကတ်ပြားများ ထုတ်ယူရန်အတွက် လော်စပီကာများဖြင့် အော်၍ အသိပေးခြင်းနှင့်အတူ အိမ်တိုင်ရာရောက် လိုက်လံပြောဆိုနေကြောင်း သိရသည်။
အမရပူရမြို့နယ်အရှေ့ခြမ်းကျေးရွာတခုမှ ဒေသခံတဦးက “လဆန်း ၂ ရက်နေ့လောက်ကတည်းက မဲစာရင်းတွေ လာကြည့် ဖို့ မဲကတ်တွေ လာထုတ်ဖို့ တနေကုန်နီးပါး လော်စပီကာနဲ့ အော်နေတာ။ ကျနော်တို့ ရွာဘက်ဆိုရင် ကြံ့ခိုင်ရေးအုပ်ကြီး ကိုယ်တိုင် မဲစာရင်းကြည့်ပြီးပြီလား မပါရင် ပြောနော် မဲကတ်တွေ ထုတ်ကြနော်ဆိုတာမျိုး အဖွဲ့တွေနဲ့ လိုက်သတိပေး တာမျိုးတွေ လုပ်သွားတယ်” ဟု ပြောသည်။
ထိုသို့ လော်စပီကာများဖြင့်သာမက မြေပြင်၌ အိမ်တိုင်ရာရောက် အသိပေးခြင်းများကို ပြည်သူ့စစ် အမည်ခံ ပျူစောထီး များ၊ ပြည်သူ့လုံခြုံရေးအဖွဲ့ (အပြာဝတ်) များက လက်နက်ကိုင်လုံခြုံရေးအဖြစ် လိုက်ပါ ဆောင်ရွက်ပေးကြောင်း သိရ သည်။
ထို့ပြင် မဟာအောင်မြေ၊ ပြည်ကြီးတံခွန်မြို့နယ်များမှ မြို့ပေါ်ရပ်ကွက်များအလိုက် အုပ်ချုပ်ရေးရုံးများတွင် ဇန်နဝါရီ ၃ ရက် ကစတင်ကာ မဲစာရင်းနံပါတ်များထုတ်ပေးနေသလို ဇန်နဝါရီ ၄ ရက်မှ စတင်ကာ ကြိုတင်မဲပေးနေရကြောင်း သိရသည်။
မဟာအောင်မြေမြို့နယ်တွင် နေထိုင်သူတဦးက “ကျနော်တို့မိသားစုက တဝင်းထဲမှာပဲ စုနေကြတာဆိုတော့ လူကများတယ်၊ မဲပေးရမယ့်သူ ၁၄ ယောက်ထိ ရှိတာ မဲပေးကတ်တွေ လာထုတ်ဖို့ အိမ်ကို လာပြောလို့ သွားထုတ်ခဲ့ရတယ်၊ သူတို့ဆီမှာ အိမ်ထောင်စုစာရင်းတွေရှိနေတော့ အိမ်အထိ လာပြောတာကို သွားမထုတ်လို့ တခုခုဖြစ်ရင် ဘယ်လိုလုပ်မလဲလို့ အဖေက ပြောတာနဲ့ သွားထုတ်ခဲ့တာ။ ကျနော်ဆိုရင် ၂၀၁၀ ရွေးကောက်ပွဲကတည်းက မဲပေးခဲ့တာ တခါမှ မဲပေးခွင့်ကတ်ထုတ်ရ တယ်ဆိုတာ မကြုံဖူးဘူး၊ အခုက ပထမဆုံးအကြိမ်ပဲဗျ” ဟု ပြောသည်။
ဇန်နဝါရီ ၁၁ ရက်တွင် ပြုလုပ်မည့် အပိုင်း ၂ ကို နိုင်ငံတဝှမ်း မြို့နယ် ၁၀၀ မြို့နယ်၌ ပြုလုပ်သွားမည်ဖြစ်ရာ မန္တလေးမြို့ပေါ် မြို့နယ်များဖြစ်သည့် ပြည်ကြီးတံခွန်၊ မဟာအောင်မြေ၊ အမရပူရမြို့နယ်များနှင့်အတူ မန္တလေးတိုင်းမှ စဉ့်ကိုင်၊ ကျောက် ပန်းတောင်း၊ တံတားဦး၊ ဝမ်းတွင်း၊ သာစည်၊ မတ္တရာမြို့နယ်များ ပါဝင်နေပြီး မဲရုံပေါင်း ၁၀၇၃ ရုံ ရှိမည်ဖြစ်ကြောင်း သိရသည်။

ရွေးကောက်ပွဲ အပိုင်း ၂ တွင် ပါဝင်သည့် ပြည်ကြီးတံခွန်မြို့နယ်အတွင်း မဲပေးနိုင်မည့် အသက် ၁၈ နှစ်အထက် ၁၁၁၃၀၂ ဦး ရှိပြီး မဟာအောင်မြေမြို့နယ်တွင် မဲပေးနိုင်မည့် အသက် ၁၈ နှစ်အထက် ၁၄၁၀၆၁ ဦး ရှိကြောင်း၊ အမရပူရမြို့နယ်၌ မဲပေး နိုင်မည့် ၁၈ နှစ်အထက် ၁၆၁၆၁၉ ဦး ရှိကြောင်း စစ်ကော်မရှင်၏ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ၂၀၂၃ မတ်လ ၃၁ ရက် ထုတ်ပြန်ထားသည့် အချက်အလက်များအရ သိရသည်။
ထို့အတူ စစ်ကော်မရှင်၏ ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင် (UEC) က ဇန်နဝါရီ ၁၁ ရက်တွင် ပြုလုပ်မည့် ရွေး ကောက်ပွဲ အပိုင်း ၂ အတွက် မဲဆွယ်စည်းရုံးမှုကို ဇန်နဝါရီ ၉ ရက်အထိ ခွင့်ပြုပေးထားရာ မတ္တရာမြို့နယ်မှအပ စဉ့်ကိုင်၊ ကျောက်ပန်းတောင်း၊ တံတားဦး၊ ဝမ်းတွင်း၊ သာစည်မြို့နယ်များတွင်လည်း မဲဆွယ် စည်းရုံးမှုများ ဆက်လက်ပြုလုပ်နေ သလို မန္တလေးမြို့ပေါ်မြို့နယ်များ၌ မြေပြင်ဆင်း၍ မဲဆွယ်စည်းရုံးမှုကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ကသာ အများဆုံးပြုလုပ်ပြီး ကျန်ပါတီများအနေဖြင့် အောင်နိုင်ရေးဆိုင်းဘုတ်များ ထောင်ခြင်း၊ မဲဆွယ် Campaign ပြုလုပ်ကာ လက်ကမ်းစာစောင်ဝေခြင်းများ ပြုလုပ်နေသည်။
မန္တလေးတိုင်းတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများအနေဖြင့် ပြည်သူ့ရှေ့ဆောင်ပါတီ (PPP)၊ တိုင်း ရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တစည)၊ USDP၊ ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက် တစ်ပါတီ၊ ပြည်သူ့ပါတီ(PP)၊ မြန်မာနိုင်ငံတောင်သူ လယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီနှင့်အတူ လူမှုစီးပွားမြှင့်တင်ရေးပါတီ၊ မျိုးဆက်သစ်ဝံသာနုပါတီ၊ ဒီမိုကရက်တစ် အင်အားစုလေဘာပါတီများနှင့် တသီးပုဂ္ဂလများအပါ ကိုယ်စားလှယ်လောင်း ၅၃၆ ဦးထိ ရှိကြောင်း သိရသည်။
မန္တလေးမြို့တွင် ရွေးကောက်ပွဲပထမပိုင်း၌ ပါဝင်သည့် မန္တလေးတိုင်း ၈ မြို့နယ်အတွင်း မဲပေးနိုင်မည့် အသက် ၁၈ နှစ် အထက် လူဦးရေ ၁၂၈၃၁၉၁ ဦးထိ ရှိကြောင်း စစ်တပ်ကောက်ယူထားသည့် သန်းခေါင်စာရင်းများအရသိရသလို မဲပေးခဲ့သူ ၆၀ ရာခိုင်နှုန်းကျော်ရှိခဲ့ကြောင်း၊ မြို့နယ်အားလုံး USDP မှ လွှတ်တော်နေရာများ အားလုံးနီးပါးအတွက် အနိုင်ရရှိထား ကြောင်း UEC ၏ ထုတ်ပြန်ချက်အရ သိရသည်။
၂၀၂၀ ရွေးကောက်ပွဲတွင် မန္တလေးတိုင်း မြို့နယ် ၂၈ မြို့နယ်၌ မဲရုံပေါင်း ၅၄၄၇ ခုရှိပြီး မဲပေးသူပေါင်း ၃ သန်း ၈ သိန်းထိ ရှိခဲ့ရာ မန္တလေးတိုင်းအတွင်းရှိ မဲပေးနိုင်သူများ၏ ၈၀ ရာခိုင်နှုန်းခန့်အထိ မဲပေးခဲ့ကြောင်း ရွေးကောက်ပွဲမှတ်တမ်းများအရ သိရသည်။
လက်ရှိအချိန်၌ မန္တလေးမြို့တွင် လုံခြုံရေး တိုးမြှင့်ထားသလို စစ်ဆေးမှုများ အရှိန်မြှင့်တင်လုပ်ဆောင်နေပြီး စစ်တပ်၊ ရဲ၊ ထွေအုပ်၊ ယာဉ်ထိန်းများပါဝင်သည့် အဖွဲ့စုံ အနည်းဆုံး အင်အား ၄၀ ခန့်ပါ အဖွဲ့ပေါင်း ၂၀ ခန့်ဖြင့် မန္တလေးမြို့ အဝင် အထွက်များနှင့် မြို့တွင်းလှည့်လည်စစ်ဆေးနေကာ ရပ်/ကျေးလုံခြုံရေးအဖြစ် ဖွဲ့စည်းပေးထားသော အပြာရောင် ယူနီဖောင်းဝတ်များ၊ ပြည်သူ့စစ်အမည်ခံ ပျူစောထီးများ၊ အရပ်ဝတ်များဖြင့်ပါ စစ်ဆေးနေခြင်းဟု သိရသည်။
You may also like these stories:
မန္တလေးမှာ ကြံ့ဖွံ့ တပါတီသာ မဲဆွယ်စည်းရုံးရေးလုပ်နေ
ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်လောင်း အလုံးအရင်းဖြင့် ပြိုင်ဘက်များကို အင်အားပြ
ရွေးကောက်ပွဲနီးပေမယ့် မန္တလေးမှာ ၂ ပါတီသာ စည်းရုံးရေးဆင်း














