အာဏာသိမ်းစစ်တပ် ဦးဆောင်ပြုလုပ်တဲ့ ရွေးကောက်ပွဲ အပိုင်း (၁) ကျင်းပပြီးချိန် ဝင်ရောက်ယှဉ်ပြိုင်တဲ့ နိုင်ငံရေးပါတီတွေကြားမှာ ကြိုတင်မဲကိစ္စနဲ့ပတ်သက်လို့ မကျေနပ်ချက်တွေထွက်ပေါ်လာပါတယ်။
ကြိုတင်မဲလုပ်ငန်းစဉ်ဆောင်ရွက်ချိန် သက်ဆိုင်ရာမြို့နယ်တွေမှာ နိုင်ငံရေး ပါတီတွေကို အသိမပေးတာ၊ ပွင့်လင်းမြင်သာမှုမရှိတာ၊ လုပ်ထုံး လုပ်နည်းနဲ့အညီ မဆောင်ရွက်တာတို့နဲ့အတူ အငြင်းပွားဖွယ်ကြိုတင်မဲ ပြဿနာတွေကို ကြုံတွေ့ခဲ့ကြရတာလို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ နိုင်ငံရေးပါတီတွေက ပြောပါတယ်။
ဇန်နဝါရီလ ၅ ရက်နေ့က နေပြည်တော်မှာ ရွေးကောက်ပွဲကော်မရှင် (UEC) နဲ့ နိုင်ငံရေးပါတီတွေ တွေ့ဆုံကြတဲ့ပွဲမှာ နိုင်ငံရေးပါတီတွေဘက်က ရွေးကောက်ပွဲ အပိုင်း (၁) မှာဖြစ်ခဲ့တဲ့ ကြိုတင်မဲပြဿနာတွေ၊ လွဲချော်မှုတွေနဲ့ပတ်သက်လို့ တင်ပြဆွေးနွေးကြတဲ့အခါ UEC ဘက်က လာမယ့် ရွေးကောက်ပွဲ အပိုင်း ၂ ခုမှာ ပြင်ဆင်ဆောင်ရွက်ပေးမယ်လို့ ပြောသွားကြောင်း ၈၈ မျိုးဆက် ကျောင်းသား လူငယ်များပါတီ ဥက္ကဋ္ဌ ဦးရဲထွန်းက ဧရာဝတီကိုပြောပါတယ်။
လာမယ့် အပိုင်း (၂) နဲ့အပိုင်း (၃) မှာ ပြင်ဆင်ပေးမယ်လို့ပြောပေမယ့်လည်း လက်ရှိ အပိုင်း (၁) မှာ ဖြစ်ပျက်သွားခဲ့တဲ့ အငြင်းပွားဖွယ်ပြဿနာတွေကိုတော့ ဖြစ်ပြီးတဲ့ အတိုင်းသာ ထားလိုက်ရတဲ့အခြေအနေဖြစ်နေတယ်လို့ ဝင်ရောက်ယှဉ်ပြိုင်သူ ကိုယ်စားလှယ်လောင်းတချို့က ဧရာဝတီကိုပြောပါတယ်။
#မြန်မာ #ဧရာဝတီ #ရွေးကောက်ပွဲ #UEC #ကြိုတင်မဲ #အငြင်းပွား #WhathappensInMyanmar













