တရုတ်စီမံကိန်းများရှိရာ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်၌ ရွေးကောက်ပွဲကျင်းပမည် ကြေညာပြီးနောက် တိုက်ပွဲဧရိယာ ပိုမိုကျယ်ပြန့်လာရာ လေကြောင်း၊ လက်နက်ကြီးပစ်ခတ်မှုတို့ ပိုလုပ်လာသဖြင့် နေရပ်စွန့်ခွာ စစ်ဘေးရှောင်ထောင် ချီ တိုးလာကြောင်း သိရသည်။
ယခင်ကျောက်ဖြူမြို့အနီး ငါးမိုင်ဝန်းကျင်နှင့် ဓညဝတီရေတပ်ဌာနချုပ်အနီး လေးမိုင်ဝန်းကျင်ပတ်လည်တို့တွင်သာ တိုက်ပွဲ များ ရှိခဲ့သော်လည်း ယခုစစ်တပ်က လက်နက်၊ အင်အားအလုံးအရင်းဖြည့် တန်ပြန်ထိုးစစ်များလုပ်လာသဖြင့် မြို့နှင့် ဆယ်မိုင်ဝန်းကျင်၊ ရေတပ်ဌာနချုပ်နှင့် ရှစ်မိုင်ဝန်းကျင်ထိ တိုက်ပွဲများဖြစ်လာကြောင်း ဒေသခံများက ဆိုသည်။
“မင်းပြင်ရွာနားတဝိုက်မှာ တိုက်ပွဲအရမ်းပြင်းနေတယ်၊ ကိုယ့်ဘက်က သိုင်းချောင်းကို ပေးလိုက်ရတော့ စစ်တပ်က ရှေ့တိုး လာတာကို ပြန်တိုက်နေတာ၊ အခုတော့ မင်းပြင်နားဝန်းကျင်၊ သိုင်းချောင်းနားတဝိုက် အဲဒီနားတွေမှာ နေ့တိုင်း ပြင်းပြင်း ထန်ထန်ဖြစ်တယ်၊ လေကြောင်းကလည်း တောက်လျောက် ကြဲနေတာ” ဟု မြေပြင်တွင်ရှိနေသော AA နှင့် နီးစပ်သည့် သတင်းရင်းမြစ်တဦးက ဧရာဝတီသို့ ပြောသည်။
စစ်ကော်မရှင်တပ်သည် နိုဝင်ဘာ ၁၄ ရက်နေ့တွင် AA ထိန်းချုပ်ထားခဲ့သည့် သိုင်းချောင်းတောင်စခန်းကို သိမ်းပိုက်ခဲ့ပြီး ကျောက်ဖြူမြို့နှင့် ဆယ်မိုင်ဝန်းကျင်အကွာ ရေနံတောင်၊ ချောင်းဝ၊ မင်းပြင်ရွာအနီးတတိုက် AA စခန်းများကိုပါ ဆက်လက် ထိုးစစ်ဆင်လာခဲ့ခြင်းဖြစ်သည်။
ယခုအခါ မင်းပြင်စခန်းကို AA က ပြန်ရသွားခဲ့ပြီး မင်းပြင်နှင့် သိုင်းချောင်းကြား၊ သိုင်းချောင်းနှင့် မင်းတက်တောင် (ကျောက်ဖြူမြို့နှင့် ရေတပ်ဌာနချုပ်သို့သွားရာ လမ်းဆုံကြားရှိ စစ်စခန်းများကို AA က ပြန်လည် တိုက်ခိုက်နေသည်ဟု မြေပြင်သတင်းရင်းမြစ်များက ပြောသည်။
“နယ်မြေတွေ ပြန်သိမ်းဖို့ လုပ်နေတာ၊ စစ်တပ်က သေတာ အများကြီးပဲ၊ ကိုယ့်ဘက်ကတော့ ဆုတ်လိုက်၊ တက်လိုက်နဲ့ လုံးနေတာ၊ ဒီကောင်တွေ အခု သိုင်းချောင်းနားထိ ပြန်ဆုတ်သွားပြီ၊ ကိုယ့်ဘက်က ပြန်ပြီး အားသာနေတယ်” ဟု AA နှင့် နီးစပ်သည့် အထက်ပါသတင်းရင်းမြစ်က ပြောသည်။
အခြေစိုက်တပ်ရင်း သုံးခု၊ ရဲတပ်ရင်းတခု၊ ရေတပ်ဌာနချုပ်အပါအဝင် ရေတပ်စခန်းသုံးခုရှိသော ကျောက်ဖြူမြို့ နယ်တွင် စစ်ကောင်စီတပ်က ယခုလပိုင်းအင်အားထောင်ချီ ဖြည့်တင်းထားပြီး တင့်ကားများလည်း ရောက်ရှိနေကြောင်း၊ တရုတ်က လည်း ဒရုန်းနှင့် နည်းပညာအကူအညီများ ထောက်ပံ့ပေးနေကြောင်း ဒေသခံသတင်းရင်းမြစ်များက ပြောသည်။ တရုတ်၏ အကူအညီနှင့် ပတ်သက်၍ ဧရာဝတီက သီးသန့်အတည်မပြုနိုင်ခြင်း မရှိပါ။
ယင်းသို့ တိုက်ပွဲပြင်းထန်နေချိန် စစ်ကော်မရှင်တပ်သည် ကျေးရွာများကို လေကြောင်း၊ လက်နက်ကြီးများနှင့် ပစ်ခတ်တိုက် ခိုက်ခြင်းများ ဆက်တိုက်လုပ်နေပြီး နိုဝင်ဘာ ၁၇ ရက် ညက ကျောက်ဖြူမြို့နှင့် မိုင်နှစ်ဆယ်ကျော်အကွာ တိုက်ပွဲဖြစ်ပွားမှု မရှိသည့် တောင်ငူရွာထဲသို့ ဗုံးကြဲချ ခဲ့ရာ အမျိုးသမီးသုံးဦး သေဆုံးပြီး ကိုးတန်းကျောင်းသူနှစ်ဦးအပါအဝင် ငါးဦးထက်မနည်း ဒဏ်ရာရခဲ့သည်။
ထို့ပြင် နိုဝင်ဘာလ ၁၇ ရက် နေ့လယ်ပိုင်းမှာပင် ကျောက်ဖြူမြို့နယ် ကျောက်ကလေရွာ၊ လိပ်တင်ရွာတို့ကိုလည်း ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ လိပ်တင်ကျေးရွာ စာသင်ကျောင်းသို့ ကျရောက်ပေါက်ကွဲပြီး ကလေးငယ်များ အချိန်မီရွေ့ပြောင်းနိုင်ခဲ့ သည့်အတွက် ဒဏ်ရာမရခဲ့ကြသော်လည်း ကျောင်းဆောင်တခုလုံး ပျက်စီးခဲ့ကြောင်း AA က ထုတ်ပြန်ထားသည်။
“စာသင်ကျောင်းကို တမင်ချတာ၊ ကံကောင်းလို့ ကြိုရွေ့ထားလို့ ဘာမှမဖြစ်လိုက်ဘူး၊ နေဗီကလည်း လက်နက်ကြီး တွေ နေ့တိုင်းပစ်တယ်၊ အခု ဒီလူတွေမှာ မပြေးရင်တောင် ဘာမှ လုပ်စားလို့မရတော့ဘူး၊ ငါးရှာထွက်ဖို့ မပြောနဲ့၊ ဘယ်ချိန် လာပစ်မလဲ ကြောက်နေရတယ်” ဟု ကျောက်ဖြူမြို့နယ်မှ ဒေသခံအမျိုးသားတဦးက ပြောသည်။
ယင်းသို့ တိုက်ပွဲများနှင့် စစ်ကော်မရှင်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ကျောက်ဖြူမြို့နယ် ကျေးရွာပေါင်း နှစ်ဆယ်ဝန်းကျင်မှ ဒေသခံပြည်သူများမှာ ဘေးလွတ်ရာတိမ်းရှောင်နေကြရပြီး လူဦးရေတသောင်းဝန်းကျင် ထိ ရှိနိုင် ကြောင်း စစ်ဘေးရှောင်အရေးကူညီပေးနေသူများက ပြောသည်။
“မင်းပြင်တို့ တောင်ငူတို့ ဆိုတာက အရင်က စစ်ဘေးရှောင်တွေ နေကြတဲ့နေရာ၊ အခု အဲဒီရွာတွေလည်း အကုန်လုံး ထပ်ပြေးကြရတယ်၊ ဒီလိုလေယာဉ်တွေ လာနေရင် မနေရဲတော့ဘူးလေ၊ လူက ထောင်ချီမယ် ထပ်ရွှေ့ကြရတာ၊ တ သောင်းလောက်တောင် ရှိမယ်” ဟု စစ်ဘေးရှောင်အရေးကူညီပေးနေသူတဦးက ပြောသည်။
ထိုစစ်ဘေးရှောင်များအတွက် ယာယီခိုလှုံရာနေရာနှင့် အခြေ ခံစားနပ်ရိက္ခာများ အရေးပေါ်လိုအပ်နေကြောင်းလည်း စစ်ရှောင်အရေးကူညီပေးနေသူများက ပြောကြသည်။
ကျောက်ဖြူမြို့နယ်တွင် ယခင်က စစ်ဘေးရှောင်ဒုက္ခသည်ပေါင်း လေးသောင်းဝန်းကျင်ရှိခဲ့ပြီး ယခုအခါ ထပ်မံတိုး လာသဖြင့် ငါးသောင်းဝန်းကျင်ထိ ရှိလာခဲ့သည်။ စပါးစိုက်တောင်သူနည်းပါးပြီး ရေလုပ်ငန်းကိုသာ အဓိကထား လုပ်ကိုင်ကြသည့် ကျောက်ဖြူမြို့နယ်တွင် ဆန်အပါအဝင် အခြေခံစားသောက်ကုန်များနှင့် ဈေးနှုန်းမြင့်တက်နေသလို ကျောက်ဖြူမြို့ပေါ်သို့ လေကြောင်းဖြင့်လာသူများမှအပ နယ်ကျေးရွာမှ ပြည်သူများ ဝင်ထွက်ခွင့်ကို စစ်တပ်က လုံးဝပိတ်ထားပြီး ကုန်စည်၊ ဆေးဝါးတင်သွင်းခွင့်လည်း မပြုသဖြင့် မြို့ပေါ်နေပြည်သူများနှင့် ဒေသခံများမှာ စားဝတ်နေရေးအခက်အခဲများစွာနှင့် ကြုံနေရကြောင်း သိရသည်။
You may also like these stories:
AA ၏ တန်ပြန်တိုက်ခိုက်မှုကြောင့် ကျောက်ဖြူမင်းပြင်၌ စစ်သား ဆယ်ချီ သေဆုံး
ကျောက်ဖြူကို စစ်ကောင်စီ အင်အားဖြည့်
ကျောက်ဖြူ အမှတ် ၃၂ ရဲတပ်ရင်းအနီး တိုက်ပွဲများ ပြင်းထန်
AA ဝိုင်းထားလည်း ကျောက်ဖြူစီမံကိန်း ဆက်လုပ်ရန် စစ်ကောင်စီ ပြော
AA အသာစီးရနေသည့် ကျောက်ဖြူတိုက်ပွဲ
တရုတ်ကြေးစားတပ်တွေ မြန်မာရောက်ရင် ဘာဖြစ်မလဲ













