အာရက္ခတပ်တော် (AA)က တရုတ်စီမံကိန်းကြီးများရှိသော မဒေးကျွန်းနှင့် ဓညဝတီရေတပ်ဌာနချုပ်တို့ဆီသွားရာ လမ်းကို ဖြတ်တောက်ထားလိုက်ပြီး စစ်ကောင်စီ၏ အမှတ် ၃၂ ရဲတပ်ရင်း ကာကင်းစခန်းများကို တိုက်ခိုက်နေသဖြင့် တိုက်ပွဲပြင်း ထန်နေကြောင်း မြေပြင်စစ်ရေးသတင်းရင်းမြစ်များနှင့် ဒေသခံများက ပြောသည်။
ကျောက်ဖြူမြို့မှ ဓညဝတီရေတပ်ဌာနချုပ်နှင့် မဒေးကျွန်းတို့ဆီ သွားရာလမ်းရှိ မင်းတပ်တောင်၊ နှမ်းဖဲတောင်နှင့် စက်မှု၊ လက်မှုသင်တန်းကျောင်းတို့တွင် အခြေစိုက်ထားသော စစ်ကောင်စီတပ်စခန်းတို့ကို သိမ်းပိုက်ပြီးနောက် မြို့နှင့် သုံးမိုင်ဝန်း ကျင်သာ ဝေးတော့သည့် ရဲတပ်ရင်းကို ဆက်လက် ချဉ်းကပ်တိုက်ခိုက်လာခြင်းဖြစ်သည်။
မြေပြင်ရှိ AA နှင့်နီးစပ်သော ဒေသခံစစ်ရေးသတင်းရင်းမြစ်တဦးက “အခု ပြိုင်းစေ့ကေ (ရွာ) နား အနီးဝန်းကျင်၊ ရဲတပ်ရင်း နားမှာ တိုက်ပွဲဖြစ်နေပါတယ်” ဟု ဧရာဝတီသတင်းဌာနကို ပြောသည်။
ရဲတပ်ရင်းဝန်းကျင် ကာကင်းစခန်းများမှ စစ်ကောင်စီတပ်သားများ ရှေ့တိုးစစ်ဆင်လာသည့်အတွက် ဇွန် ၉ ရက်တွင် တိုက်ပွဲဖြစ်ပွား ရခြင်းဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။
ယင်းသို့ တိုက်ပွဲပြင်းထန်နေသည့် ရဲတပ်ရင်းအနီးဝန်းကျင်နှင့် မလကျွန်းရွာအနီးဝန်းကျင်ကို စစ်ကောင်စီတပ်က ယမန်နေ့ က ဂျက်ဖိုက်တာ၊ ထောက်ပို့လေယာဉ် (Y 12) တို့ဖြင့် ငါးကြိမ်ထက်မနည်း ဗုံးလာကြဲပြီး စက်တပ်လေထီး၊ ဒရုန်း တို့နှင့်ပါ ဗုံးကြဲခဲ့ကြောင်း ဒေသခံများက ပြောသည်။
မြေပြင်နှင့်အဆက်အသွယ်ရသည့် ကျောက်ဖြူဒေသခံတဦးက “ဂျက်တွေနဲ့ရော၊ ဓညဝတီရေတပ်က နေဗီတွေနဲ့ရော တောက်လျောက် ပစ်တယ်၊ အရပ်သားအထိအခိုက်တွေလည်း ရှိနိုင်တယ်” ဟု ဇွန်လ ၆ ရက် ညနေပိုင်းတွင် ပြောသည်။
အမှတ် ၃၂ ရဲတပ်ရင်းသည် ပြိုင်းစေ့ကေရွာအနီး၌တည်ရှိပြီး စစ်ကောင်စီ၏ အမှတ် ၅၄၃ ခြေမြန်တပ်ရင်း (ခမရ ၅၄၃)နှင့် နှစ်မိုင်ခွဲဝန်းကျင် ကွာဝေးကာ အမှတ် ၅၄၂ ခြေမြန်တပ်ရင်း (ခမရ ၅၄၂)၊ အမှတ် ၃၄ ခြေလျင်တပ်ရင်း (ခလရ ၃၄) တို့နှင့်ဆိုလျှင် သုံးမိုင်ဝန်းကျင် ကွာဝေးသည်။
AA သည် ရဲတပ်ရင်းအနီးဝန်းကျင်ရှိ ကာကင်းစခန်းများကို တိုက်ခိုက်နေသလို အခြေစိုက်တပ်ရင်းများနှင့် ကုန်းကြောင်း ဆက်သွယ်ရေးလမ်းကြောင်း ပြတ်သွားပြီဖြစ်သည့် ဓညဝတီရေတပ်ဌာနချုပ်ကိုလည်း အဝေးပစ်လက်နက်များနှင့် မကြာခဏ တိုက်ခိုက်မှုများ ပြုလုပ်နေကြောင်း မြေပြင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
ထို့ပြင် တရုတ်အစိုးရပိုင် Power China သဘာဝဓာတ်ငွေ့ဓာတ်အားပေးစက်ရုံ၊ ကုန်းတွင်းသဘာဝဓာတ်ငွေ့ လက်ခံ သိုလှောင်ပို့ဆောင်ရုံ (OGT) တို့နှင့်ကပ်ရပ်၊ မလကျွန်း၊ ပြင်ချေ၊ လိပ်ခမော်၊ လိပ်ခမော်ရွာဟောင်းတို့ဝန်းကျင် ကမ်းခြေ တလျှောက်ရှိ စစ်ကောင်စီကာကင်းစခန်းများနှင့်လည်း မြေပြင်တိုက်ပွဲအချို့ ရံဖန်ရံခါ ရှိနေသည်။ လိပ်ခမော်ရွာဟောင်းရှိ စစ်ကောင်စီတပ်စခန်းကို AA က သိမ်းပိုက်ရထားပြီး ဖြစ်သည်။
ယင်းပြင် ဓညဝတီရေတပ်စခန်းသို့ သွားရာလမ်းရှိ ပြားတဲစခန်းကိုလည်း သိမ်းပိုက်ထားပြီးဖြစ်ကာ ထိုတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်အရာရှိများအပါအဝင် အများအပြားသေဆုံးခဲ့ပြီး အရှင်ဖမ်းဆီးမိသူများလည်းရှိကြောင်း မြေပြင် သတင်းရင်းမြစ်များက ပြောသည်။
အာရက္ခတပ်တော် (AA) သည် ကျောက်ဖြူမြို့နယ်အတွင်း ပြင်းထန်သည့်ထိုးစစ်မျိုး ဖော်ဆောင်ခြင်းမရှိသေးသော်လည်း ရင်ဆိုင်တိုက်ပွဲများ နေ့စဉ်နီးပါးရှိနေပြီး စစ်ကောင်စီတပ်ကလည်း လေကြောင်း၊ လက်နက်ကြီး ပစ်ခတ်မှုများ ရက်ဆက် လုပ်ဆောင်နေကာ အရပ်သားသေဆုံး၊ ထိခိုက်မှုများရှိနေကြောင်း စစ်ရေးသတင်းရင်းမြစ်များနှင့် ဒေသခံတို့က ဆိုသည်။
နောက်ထပ် စစ်ရေးသတင်းရင်းမြစ်တဦးက “ကျောက်ဖြူပုံစံက ထိုးစစ်ကို အလွန်တရာ တဟုန်ထိုးလုပ်တဲ့ ပုံစံမျိုး မဟုတ် ဘူး၊ မတိုက်တဲ့ပုံစံမျိုးလည်း မဟုတ်၊ ခံစစ်ပုံစံမျိုးလည်း မဟုတ်ဘူး၊ စစ်ကောင်စီဘက်ကတော့ အတတ်နိုင်ဆုံး ထိုးစစ်လုပ် ဖို့ ပြင်နေကြတာပဲ၊ သိမ်းခံရတဲ့နေရာတွေကိုရော၊ တခြားနေရာတွေကိုရော အမြဲတမ်း ပြင်ဆင်နေတာပဲ၊ ဒရုန်း တွေ၊ ပါရာမိုတာ (စက်တပ်လေထီး) တွေနဲ့ လာချတာတွေ ရှိတယ်” ဟု ပြောသည်။
စစ်ကောင်စီတပ်၏ ထိုးစစ်၊ တိုက်ခိုက်မှုများတွင် တရုတ်က ဒရုန်းအပါအဝင် ခေတ်မီ စက်ကိရိယာများ ထောက်ပံ့ခြင်း၊ ဒရုန်းမောင်းပေးခြင်း စသည့် နည်းပညာပိုင်းဆိုင်ရာ အကူအညီပေးမှုများ ရှိနေသည်ဟုလည်း မြေပြင်သတင်းရင်းမြစ်များ က ပြောကြသည်။
“အဓိက ဒရုန်းနည်းပညာပေါ့၊ ဒရုန်းကူညီပေးတာ၊ ဝင်မောင်းပေးတာတွေ ရှိတယ်။ ဖမ်းဆီးရမိတာတွေတော့ မရှိသေးဘူး” ဟု ဒေသခံစစ်ရေးသတင်းရင်းမြစ်က ဧရာဝတီသို့ ပြောသည်။
ကျောက်ဖြူမြို့နယ်အတွင်းရှိ နယ်မြေအားလုံးနီးပါး၊ ရမ်းဗြဲမြို့နယ်နှင့် ထိစပ်နေသည့် မြို့နယ်တောင်ပိုင်းတခုလုံးကို ထိန်းချုပ် ထားပြီးဖြစ်သော AA သည် စစ်ကောင်စီအခြေစိုက်တပ်ရင်းများ၊ တရုတ်စီမံကိန်းများရှိရာနေရာများကိုပါ ဝိုင်းဝန်းပိတ်ဆို့၊ တိုက်ခိုက်ရန် ခြေလှမ်းပြင် ချည်းကပ်လာခြင်းဖြစ်ကြောင်း စစ်ရေးအကဲခတ်များက သုံးသပ်ကြသည်။

အာရက္ခဒေသတခုလုံးကို သိမ်းပိုက်၊ ထိန်းချုပ်သွားမည်ဟု အကြိမ်ကြိမ်ထုတ်ပြောထားပြီး ရခိုင်ပြည် မြို့နယ် ၁၄ ခုကို သိမ်းပိုက်ထားသော AA သည် တရုတ်စီ မံကိန်းများရှိရာ ကျောက်ဖြူကိုပါ အပြီးပြတ် ဆက်လက်သိမ်းပိုက်လာလိမ့်မည်ဟု စစ်ရေးအကဲခတ်များက ခန့်မှန်းထားပြီး မြေပြင်တွင်လည်း တိုက်ပွဲများ ပိုစိပ်လာသည်ကို တွေ့ရသည်။
“ကျောက်ဖြူရယ်၊ စစ်တွေရယ်ဆိုပြီး သီးသန့်ချန်ထားခဲ့လို့မှ မရတာ၊ အပြီးပြတ်သိမ်းလာမယ်ထင်တယ်” ဟု ရခိုင် ဒေသခံ စစ်ရေးအကဲခတ်တဦးက ပြောသည်။
ပြီးခဲ့သည့် ၂၀၂၃ နိုဝင်ဘာ ၂၃ ရက်တွင် စခဲ့သော AA ၏ ထိုးစစ်အစပိုင်းကာလကတည်းက ကျောက်ဖြူမြို့နယ် တောင်ပိုင်း စနဲ၊ ဇင်ချောင်း စသည့်ရဲစခန်းများမှ စစ်ကောင်စီတပ်သားများနှင့် ရဲတပ်ဖွဲ့ဝင်များ တပ်ဆုပ် သွားခဲ့ကြသည်။
ယင်းနောက် AA သည် ကျောက်ဖြူမြို့အနီး အခြေစိုက်တပ်ရင်းများနှင့် ရေတပ်စခန်းတို့အနီး ချဉ်းကပ်လာခဲ့ပြီး မြေပြင် တိုက်ပွဲအချို့ ရံဖန်ရံခါ ရှိခဲ့ကာ အဝေးပစ်လက်နက်များနှင့်လည်း မကြာခဏ ပစ်ခတ်မှုများရှိခဲ့သည်။ ယခုနှစ် နှစ်ဆန်းပိုင်း တွင် မြေပြင်တိုက်ပွဲ ပိုစိပ်လာခဲ့ပြီး စစ်ကောင်စီတပ်စခန်း၊ ကာကင်းများကိုပါ သိမ်းပိုက်လာခဲ့ခြင်း ဖြစ်သည်။
မြေပြင်တွင် ရှိနေသည့် AA နှင့် နီးစပ်သော စစ်ရေးသတင်းရင်းမြစ်က “ကျောက်ဖြူက တဖြည်းဖြည်းနဲ့ ဖြတ်စားပစ်လိုက် မယ့် ပုံစံမျိုးလို့ မြင်တယ်၊ ဟိုနားက နည်းနည်း၊ ဒီနားက နည်းနည်းနဲ့ လုပ်သွားမယ့် အခြေအနေ မြင်တွေ့ရတယ်။ သတင်း ကောင်းတွေလည်း ဆက်တိုက် ကြားလာရနိုင်တယ်” ဟု ပြောသည်။
ကျောက်ဖြူမြို့ပေါ်တွင် စစ်ကောင်စီ၏ ခလရ ၃၄ တပ်ရင်းတည်ရှိပြီး ယင်းနှင့်မလှမ်းမကမ်း ဂုံးချွိန်ရွာအနီးတွင် ခမရ ၅၄၂၊ မြို့နှင့် မိုင်ဝက်ဝန်းကျင်အကွာ ကျောက်တလုံး မွတ်ဆလင်ဒုက္ခသည်စခန်းအနီး၌ ခမရ ၅၄၃ တပ်ရင်းတို့ တည်ရှိသည်။ မြို့နှင့် သုံးမိုင်ဝန်းကျင်အကွာတွင် အမှတ် ၃၂ ရဲတပ်ရင်းတည်ရှိပြီး အနီးဝန်းကျင်ကျေးရွာများနှင့် တောင်တန်းများပေါ်တွင် လည်း ကာကင်းစခန်းအချို့ ချထားသည်။
သစ်ပုတ်တောင်ရွာအနီးတွင် ဓညဝတီရေတပ်စခန်း၊ ဓညဝတီရေတပ်စခန်းနှင့် သုံးမိုင်ကျော်အကွာ ရေလယ်ကျွန်းပေါ်၌ အထိုင်ချထားတဲ့ အုံးကျွိန်ရေတပ်စခန်း၊ တောင်မော်ကြီးရေတပ်စခန်းတို့လည်း တည်ရှိသည်။ ယင်းပြင် တရုတ်၏ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးစီမံကိန်း၊ သဘာဝဓာတ်ငွေ့ လက်ခံသိုလှောင်ပို့ဆောင်ရုံ (OGT) တို့အနီးဝန်းကျင်တွင်လည်း တပ်စခန်းငယ်များ တိုးချထားသည်။
စစ်ကောင်စီတပ်သည် အဆိုပါတပ်ရင်း၊ တပ်စခန်းများအားလုံးတွင် ရေကြောင်း၊ လေကြောင်း၊ ကုန်းကြောင်းတို့မှတဆင့် လက်နက်၊ ရိက္ခာ၊ စစ်သည်အင်အားရာချီ တိုးချထားခဲ့ကြောင်း မြေပြင်သတင်းရင်းမြစ်များက ပြောထား ကြသည်။
ယင်းကဲ့သို့ စစ်ကောင်စီ၏ အင်အားဖြည့်သည့်အထဲ စစ်မှုထမ်းဥပဒေအရ အတင်းအကျပ် စစ်မှုထမ်းရကာ မကြာသေးခင် က စစ်သင်တန်းဆင်းထားသူများလည်း အမြောက်မြားပါဝင်ပြီး ရှေ့တန်းစစ်မြေပြင်တွင် တွေ့ရကြောင်း နီးစပ်သူများက ပြောကြသည်။
“မွတ်ဆလင်တွေလည်း ပါတယ်၊ အဓိကကတော့ ပစ (ပြည်သူ့စစ်) တွေများတယ်၊ လူငါးဆယ်လောက်မှာမှ စစ်သား ၁၀ ကျော် ၂၀ ကျန်တာ ပစ(ပြည်သူ့စစ်)၊ အဒီလိုပုံစံမျိုး၊ တပ်က ပျက်နေတဲ့ပုံစံ” ဟု AA နှင့် နီးစပ်သည့် စစ်ရေးသတင်းရင်း မြစ်က ပြောသည်။
စစ်ကောင်စီတပ်သည် ကျောက်ဖြူမြို့နယ်အတွင်း ယင်းကဲ့သို့ အင်အားအလုံးအရင်းတိုးချ၊ စစ်ရေးပြင်ဆင်မှုများ ရှိသည့် အပြင် တရုတ်စီမံကိန်းများအနီးတွင် ဘန်ကာများဆောက်၊ တပ်စခန်းသစ်များ တိုးချဲ့ခြင်းတို့လည်း ရှိနေ ကြောင်း မျက်မြင် စစ်ရေးသတင်းရင်းမြစ်များနှင့် ဒေသခံများက ပြောကြသည်။
ယင်းပြင် ကျောက်ဖြူတိုက်ပွဲပြင်းထန်ခဲ့သည့် ယခုနှစ် ဖေဖော်ဝါရီလကုန်ပိုင်းတွင် ကျောက်ဖြူမြို့နယ်သို့ တရုတ်လုံခြုံရေး တပ်ဖွဲ့ဝင် ငါးဆယ်ထက်မနည်းလည်း ရောက်လာခဲ့ကြောင်း ဒေသခံများက ပြောထားကြသည်။
တိုက်ပွဲဖြစ်နေသည့် ကျောက်ဖြူမြို့နယ်တွင် စစ်ဘေးရှောင်ဒုက္ခသည် လေးသောင်းကျော်အထိရှိနေပြီး မိုးတွင်းအတွက် ခြင်ထောင်၊ အဝတ်အစားနှင့် စားနှပ်ရိက္ခာများ အရေးပေါ်လိုအပ်နေကာ စစ်ကောင်စီတပ်၏ လေကြောင်းနှင့် စစ်ရေယာဉ် များမှ ပစ်ခတ်သည့် လက်နက်ကြီးအန္တရာယ်ကိုလည်း စိုးရိမ်နေကြရကြောင်း ကူညီပေးနေသူများက ပြောသည်။
ယင်းပြင် နေရပ်စွန့်ခွာ စစ်ဘေးရှောင်မဟုတ်သော ဒေသခံများသည်လည်း မြစ်ပြင်ထွက်ကာ ငါးမဖမ်းရ၊ မိုင်းအန္တရာယ် ကြောင့် သွားလာလုပ်စားရန် ခက်ခဲခြင်းတို့ကြောင့် စားဝတ်နေရေးကြပ်တည်းခက်ခဲနေကြသည်ဟု ဆို သည်။
စစ်ကောင်စီသည် ကျောက်ဖြူမြို့နှင့် နယ်ကျေးရွာများကို ဝင်ထွက်သွားလာခွင့် ဖြတ်တောက်ထားပြီး အရေးပေါ်ဆေး ကုသရန် လိုအပ်သူများကိုပင် မြို့တွင်းသို့ အလွယ်တကူဝင်ခွင့်မပေးဘဲ မြို့တွင်းဝင်လိုလျှင် နီးစပ်ရာ ပွဲစားများမှတဆင့် စစ်ကောင်စီထံ ငွေပေး ဝင်ကြရကြောင်း ကျောက်ဖြူဒေသခံများက ပြောသည်။
ဆက်သွယ်ရေးဖြတ်တောက်ခံထားရသည် ကျောက်ဖြူမြို့နှင့် နယ်ကျေးရွာများတွင် အခြေခံစားသောက်ကုန်ဈေး များလည်း အဆမတန်မြင့်တက်နေသည်။
You may also like these stories:
AA အသာစီးရနေသည့် ကျောက်ဖြူတိုက်ပွဲ
စစ်တွေနဲ့ ကျောက်ဖြူမြို့တွေကို AA သိမ်းတော့မလား
စစ်တွေနဲ့ ကျောက်ဖြူမြို့တွေကို AA သိမ်းတော့မလား
AA ဝိုင်းထားလည်း ကျောက်ဖြူစီမံကိန်း ဆက်လုပ်ရန် စစ်ကောင်စီ ပြော














