ရခိုင်ပြည်နယ်၊ ကျောက်ဖြူကို အာရက္ခတပ်တော် (AA) က ဝိုင်းထားပေမယ့် ကျောက်ဖြူ အထူးစီးပွားရေးဇုန် (SEZ) နဲ့ ရေနက်ဆိပ်ကမ်းကို တည်ဆောက်ဖို့ စစ်ကောင်စီက တရုတ်နဲ့ ဆက်လက် လုပ်ကိုင်နေပါတယ်။
ဇန်နဝါရီလ ၁၄ ရက်နေ့မှာ စစ်ကောင်စီ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဒေါက်တာ ကံဇော်က နေပြည်တော်မှာ သူဥက္ကဋ္ဌလုပ်တဲ့ အထူးစီးပွားရေးဇုန်များ လုပ်ငန်းကော်မတီ အစည်းအဝေးမှာ မိန့်ခွန်းပြောပါတယ်။
အဲဒီ စီမံကိန်းနဲ့ လုပ်ထုံးလုပ်နည်းတွေ လိုက်နာမှုကို အရှိန်မြှင့်တင်ဖို့ မြန်မာအစိုးရ ဖွဲ့စည်းထားတဲ့ ကျောက်ဖြူလုပ်ငန်းစု ကုမ္ပဏီလီမိတက်နဲ့ တရုတ်ရဲ့ CITIC လုပ်ငန်းစုအကြား ထိထိရောက်ရောက် ပူးပေါင်းဆောင်ရွက်ရေးကိုသာမက သက်ဆိုင်ရာ ဝန်ကြီးဌာနများနဲ့ ညှိနှိုင်းမှုလုပ်ဖို့ သူကတိုက်တွန်းပါတယ်။
ကျောက်ဖြူဆိပ်ကမ်းနဲ့ SEZ ဟာ တရုတ်ရဲ့ ယူနန်ပြည်နယ်၊ ကူမင်းနဲ့ အိန္ဒိယ သမုဒ္ဒရာကို ဆက်သွယ်တဲ့ ကီလိုမီတာ ၁,၇၀၀ ရှိ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံမှာ အဓိကျပါတယ်။ ကျောက်ဖြူဟာ ယူနန်ပြည်နယ်ကို သဘာဝဓာတ်ငွေ့ပို့တဲ့ တရုတ်-မြန်မာပိုက်လိုင်း စတင်တဲ့နေရာလည်း ဖြစ်ပါတယ်။
ကျောက်ဖြူ SEZ အတွက် ကုန်ကျစရိတ်က အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံဖြစ်ပြီး ဆိပ်ကမ်းအတွက် ကုန်ကျစရိတ်က အမေရိကန်ဒေါ်လာ ၇ ဒသမ ၃ ဘီလီယံ ကုန်ကျမယ်လို့ မျှော်လင့်ရပါတယ်။ အဲဒီ စီမံကိန်းတွေဟာ ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်က မဒေးကျွန်းပေါ်မှာ ၁၅၀ ဟက်တာနဲ့ ရမ်းဗြဲကျွန်းမှာ ၉၆ ဟက်တာ ကျယ်ဝန်းပါတယ်။
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလမှာ ထိုးစစ် စတင်ပြီးနောက်ပိုင်း AA ဟာ ရခိုင်ပြည်နယ်က မြို့နယ်ပေါင်း ၁၇ ခုအနက် ၁၄ ခုကို သိမ်းပိုက်ထားပြီး တရုတ်စီမံကိန်း အများအပြားကို ထိန်းချုပ်ကာ စစ်ကောင်စီရဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ကို သိမ်းပိုက်ထားပါတယ်။
အခုအခါ AA ထိန်းချုပ်မှုအောက်ကို ရောက်နေတဲ့ တရုတ်ရင်းနှီးမြှုပ်နှံမှု စီမံကိန်းတွေမှာ အမ်း၊ ဂွနဲ့ သံတွဲက ၂၀၂၃ ခုနှစ်မှာ လက်မှတ်ထိုးခဲ့တဲ့ လေအားလျှပ်စစ် စီမံကိန်းတွေလည်း ပါဝင်ပါတယ်။ အဲဒီမြို့ သုံးခုလုံးကို AA က သိမ်းပိုက်ထားပါတယ်။
ကျောက်ဖြူမြို့ဟာ စစ်ကောင်စီထိန်းချုပ်မှုအောက်မှာ ရှိနေသေးပေမယ့် AA တပ်တွေက ဝိုင်းထားပါတယ်။
ရခိုင်ပြည်နယ် နေရာအများစုကို ထိန်းချုပ်ပြီးနောက် ဒီဇင်ဘာလ ၂၉ ရက်နေ့မှာ AA က ပြည်နယ်ထဲက ပဋိပက္ခကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ အသင့်ရှိကြောင်း ကြေညာပါတယ်။
နိုင်ငံမှာ ပြင်းထန်နေတဲ့ လက်နက်ကိုင် ပဋိပက္ခတွေအကြားမှာ စစ်ကောင်စီနဲ့ တရုတ်နိုင်ငံပိုင်လုပ်ငန်း CITIC တို့ဟာ ကျောက်ဖြူ ရေနက်ဆိပ်ကမ်းအတွက် နောက်ဆက်တွဲ သဘောတူစာချုပ်ကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလမှာ လက်မှတ်ရေးထိုးကြပါတယ်။
ရခိုင်ပြည်နယ်နဲ့ ရင်းနှီးမြှုပ်နှံသူတွေ နှစ်ဖက် အပြန်အလှန် အကျိုးရှိကြောင်း အာမခံတဲ့ ဘယ်နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကိုမဆို AA က ကြိုဆိုထားပြီး လက်ရှိ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ရင်းနှီးမြှုပ်နှံသူတွေရဲ့ လုံခြုံရေးကို ကာကွယ်ဖို့ ကတိပြုထားပါတယ်။
မြင့်မားလာတဲ့ စစ်ရေးတင်းမာမှုတွေနဲ့ တိုက်ပွဲငယ်တွေ ရှိနေပေမယ့် ဒေသတွင်းမှာ ကျယ်ပြန့်တဲ့ တရုတ်အကျိုးစီးပွားတွေကြောင့် နှစ်ဖက်လုံးက အခြေအနေ စောင့်ကြည့်နေတယ်လို့ ကျောက်ဖြူဒေသခံတဦးက ပြောပါတယ်။
တရုတ်စီမံကိန်းတွေ၊ စီးပွားရေးလုပ်ငန်းတွေနဲ့ သူတို့ ဝန်ထမ်းတွေ လုံခြုံရေးကို ကာကွယ်ဖို့ စစ်ကောင်စီနဲ့ မြန်မာက အတိုက်အခံတွေကို တရုတ်က အကြိမ်ကြိမ် ပြောထားပါတယ်။ တရုတ်နဲ့ စစ်ကောင်စီဟာ မြန်မာက တရုတ် ရင်းနှီးမြှုပ်နှံမှုတွေကို ကာကွယ်ဖို့ ဖက်စပ်ကုမ္ပဏီတခု ထူထောင်ရေးကိုလည်း လုပ်ကိုင်နေကြပါတယ်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Myanmar Junta Pushes Key Chinese Projects in Rakhine Despite Looming AA Threat ကို ဘာသာပြန်သည်။)
You may also like these stories:
AA တပ်တွေ ဝိုင်းထားတဲ့ ကျောက်ဖြူမြို့ (ရုပ်/သံ)
ကျောက်ဖြူ- ကူမင်းရထားလမ်းစရန် ရဲအစောင့်အရှောက်ဖြင့် တရုတ် မြေတိုင်း
ကျောက်ဖြူ SEZ ဧရိယာရှိ လယ်မြေများ လျော်ကြေးမရဘဲ သိမ်းခံရမည်ကို ဒေသခံများ စိုးရိမ်
အမ်းလည်း ပေးရ၊ ဂွလည်း ကျရတဲ့ စစ်ကောင်စီ
ဒေါ်လာ ၈ ဘီလီယံကျော်တန် ကျောက်ဖြူစီမံကိန်းဖြင့် စစ်ကောင်စီက တရုတ်ကို အချိုသတ်
တရုတ်ကြေးစားတပ်တွေ မြန်မာရောက်ရင် ဘာဖြစ်မလဲ