ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နှင့် တရုတ်နိုင်ငံ၊ ကူမင်းမြို့တို့ကို ဆက်သွယ်မည့် ရထားလမ်းစီမံကိန်းအား စတင်ရန် ယခုရက်ပိုင်း တရုတ်နိုင်ငံသားများ ကွင်းဆင်း၍ မြေပြင်တိုင်းတာမှုများ ပြုလုပ်နေကြောင်း သတင်း ရရှိသည်။
အောက်တိုဘာ ၇ ရက်၊ ၈ ရက်နေ့တို့တွင် အမ်းမြို့နယ်၊ တန်းတင်၊ မွှား၊ စနဲ စသည့်ကျေးရွာအုပ်စုအတွင်းရှိ အမ်း- မအီ ကားလမ်းဘေးတလျှောက် မြေနေရာများအား ရဲတပ်ဖွဲ့ဝင်များဖြင့် လုံခြုံရေးယူကာ မြေယာတိုင်းတာမှုများ ပြုလုပ်ခဲ့ ခြင်းဖြစ်ကြောင်း အမ်းဒေသခံ အရပ်ဘက်လူမှုအဖွဲ့အစည်းမှ တာဝန်ရှိသူတဦးက ပြောသည်။
၎င်းက “တရုတ်တွေ ကားတွေနဲ့လာပြီး အမ်း- မအီကားလမ်းဘေးအနီးက မြေတွေကို လာတိုင်းသွားတာ။ ရထားလမ်း ဖောက်ဖို့အတွက် အကြိုအနေနဲ့ မြေတိုင်းထွာမှုလုပ်တာလို့ သိရတယ်။ တခြား ဘာပွင့်လင်းမြင်သာမှုမှ မရှိဘူး။ အဲဒီ မြေတိုင်းတဲ့နေရာက စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူးတွေကိုတောင် အသိပေး၊ ခေါ်ပြောတာ မရှိဘူး။ ရဲလုုံခြုံ ရေးတွေပါရင် တရုတ်တွေက သူတို့သဘောနဲ့သူတို့ လုပ်လို့ရတယ်ဆိုတဲ့ ပုံစံမျိုးနဲ့ လာပြီး ကွင်းဆင်းသွားတာ” ဟု ဧရာဝတီသို့ ပြောသည်။
ကျောက်ဖြူ- ကူမင်းရထားလမ်းဖောက်ရန် မအီ- ကျောက်ဖြူကားလမ်းအနီးတလျှောက်ရှိ နေရာများကို စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များ လုံခြုံရေးယူ၍ တရုတ်နိုင်ငံသားများက အကြိုအင်ဂျင်နီယာလုပ်ငန်းများ စတင်နိုင်ရန် ကွင်းဆင်းနေကြောင်း သိရသည်။
ကျောက်ဖြူမြို့ခံ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးဖိုးစံက ရထားလမ်းစီမံကိန်း စတင်ရန်လုပ်ဆောင်နေ သည်ကို ကြားသိရသော်လည်း လက်ရှိအချိန်အထိ သက်ဆိုင်ရာဌာနများက ဒေသခံများအား အသိပေးခြင်း၊ တွေ့ဆုံ ဆွေးနွေးခြင်း မရှိသေးကြောင်း ပြောသည်။
၎င်းက “ကျနော်တို့ ဒေသမှာလုပ်တဲ့ ဘယ်စီမံကိန်းပဲဖြစ်ဖြစ် ဒေသခံအတွက် အကျိုးဖြစ်ထွန်းမယ်။ အလုပ်အကိုင် အခွင့်အလမ်းရှိမယ်ဆိုရင်တော့ ကြိုဆိုပါတယ်။ ဒါပေမယ့် တရုတ်တွေအတွက်ပဲ အကျိုးရှိမယ်၊ ပြည်ပက လူတွေပဲ အလုပ်အကိုင်ရရှိမယ်ဆိုရင်တော့ ဒီစီမံကိန်းကို အလိုမရှိဘူး” ဟု ဧရာဝတီသို့ ပြောသည်။
ကျောက်ဖြူမြို့နယ်အတွင်း ပြီးခဲ့သည့် အစိုးရလက်ထက်က တည်ဆောက်ခဲ့သည့် ရွှေသဘာဝဓာတ်ငွေ့စီမံကိန်း၊ မဒေး ကျွန်းဒေသတွင်တည်ရှိသော ဧရာမ ရေနံသိုလှောင်ကန်စီမံကိန်းနှင့် ပိုက်လိုင်းစီမံကိန်းတို့မှာ ဒေသခံအတွက် အကျိုး ဖြစ်ထွန်းမှုမရှိဘဲ၊ မြေယာဆုံးရှုံးခြင်း၊ ရေနံတင်သင်္ဘောများ ဆိုက်ကပ်ခြင်းတို့ကြောင့် ငါးဖမ်းလုပ်ကွက်များ ဆုံးရှုံးခြင်း တို့သာ ဖြစ်ပေါ်ခဲ့ကြောင်း ဦးဖိုးစံက ပြောဆိုသည်။
၂၀၁၁ ခုနှစ် ဦးသိန်စိန်အစိုးရလက်ထက်၌ ကျောက်ဖြူမှ တရုတ်နိုင်ငံသို့ သွယ်တန်းခဲ့သည့် ရေနံနှင့်သဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်းကာလတွင်လည်း တရုတ်နိုင်ငံသည် ပိုက်လိုင်းဖြတ်သန်းရာ လမ်းတလျှောက် ကျေးရွာများအား၂၄ နာရီ လျှပ်စစ်မီးရရှိရန်နှင့် မြေယာလျော်ကြေးများ အပြည့်အဝပေးရန် ကတိကဝတ်ပြုခဲ့သော်လည်း လက်ရှိအချိန် အထိ မြေယာလျှော်ကြေးများ အပြည့်အဝ မရခဲ့ကြောင်း အမ်းဒေသခံများက ဆိုသည်။
အမ်းဒေသခံတဦးကက “ဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်း အကောင်အထည်ဖော်တုန်းက သူတို့ (တရုတ်) တွေက စီမံကိန်းလုပ်တဲ့အချိန်မှာ မကန့်ကွက်ကြဖို့၊ စီမံကိန်း အောင်မြင်သွားရင် ပိုက်လိုင်းဖြတ်သန်းတဲ့ရွာတွေ လျှပ်စစ်မီး၂၄ နာရီ ရမယ်ပေါ့။ ပညာရေး၊ ကျန်းမာရေး အထောက်အကူတွေ ပေးမယ်။ ဒါပေမယ့် ဘာမှ ထိထိရောက်ရောက် လုပ် ပေးတာ မရှိဘူ။ ကျေးရွာအုပ်စု ၉ စုတောင် အခုထိ မြေယာလျော်ကြေးအပြည့်အဝ မရသေးဘူး” ဟု ဧရာဝတီကို ပြောသည်။
ယင်းပိုက်လိုင်းစီမံကိန်းအတွက် မြေယာလျော်ကြေး အပြည့်အဝမရရှိကြသည့် ကျေးရွာအုပ်စုများမှာ ကျောက်မြောင်း၊ တောင်ဖီလာ၊ နွားရုံတောင်၊ မွှား၊ တန်းတင်၊ စခမ်းမော်၊ အုပ်ရွာအုပ်စု၊ အမ်းတောင် စသည်တို့ဖြစ်ကြောင်း သိရသည်။
ယခု စတင်အကောင်အထည်ဖော်မည့် ကျောက်ဖြူ- ကူမင်း ရထားလမ်းစီမံကိန်းသည် ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၁ ခုနှစ်တွင် နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာ (MOU) လက်မှတ်ထိုးခဲ့သလို၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီအစိုးရလက်ထက်၂၀၁၉ ခုနှစ် က တရုတ်သမ္မတ ရှီကျင့်ဖျင်၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း နှစ်နိုင်ငံအစိုးကြား လက်မှတ်ရေးထိုးခဲ့ကြသည့် စီမံကိန်းစာချုပ် ၃၃ ခုထဲ၌ ယင်းရထားလမ်းစီမံကိန်းလည်း ပါဝင်ကြောင်း သိရသည်။
ယင်းရထားလမ်းစီမံကိန်းသည် တရုတ်နိုင်ငံ၏ ခေတ်သစ်ပိုးလမ်းမစီမံကိန်း (BRI) ဟူ၍ လူသိများသည့် တရုတ်စီပွား ရေး ကုန်သွယ်မှု မဟာဗျူဟာစီမံကိန်း အစိတ်အပိုင်းလည်း ဖြစ်သည်။
BRI သည် ကမာ္ဘ့နိုင်ငံပေါင်း ၁၅၀ နီးပါးနှင့် ချိတ်ဆက်ပြီး ကုန်းကြောင်း၊ ရေကြောင်း အသုံးပြု၍ စီးပွားရေးဖွံ့ဖြိုးတိုး တက်ရေး၊ အကောင်အထည်ဖော်လုပ်ဆောင်မည့် စီမံကိန်းတခုဖြစ်ကာ စီမံကိန်းဖြတ်သန်းမည့် နိုင်ငံများတွင် လက်ရှိ ပြည်တွင်းစစ်ဖြစ်ပွားနေသော မြန်မာနိုင်ငံလည်း ပါဝင်သည်။
ယင်းစီမံကိန်း၏ အစိတ်အပိုင်းတခုအောက်တွင် ရခိုင်ပြည်နယ်၊ ကျောက်ဖြူ အထူးစီးပွားရေးဇုန်စီမံကိန်း၊ ကျောက်ဖြူ မြို့မှ တရုတ် ကူမင်းမြို့အထိ ဆက်သွယ်မည့် ရထားလမ်းစီမံကိန်း၊ ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်နယ်စပ်များတွင် နယ်စပ်ဒေသ အထူးစီးပွားရေးဇုန်များ တည်ဆောက်မည့် လုပ်ငန်းများလည်း ပါဝင်ကြောင်း သိရသည်။
အဆိုပါ BRI နှင့် ပတ်သက်၍ မြန်မာနိုင်ငံအတွင်းမှ စီမံကိန်းအစိတ်အပိုင်းများအား လူ့အခွင့်အရေးပေါင်းများစွာ ချိုး ဖောက်နေသော စစ်ကောင်စီနှင့်ပူးပေါင်းပြီး မလုပ်ဆောင်ရန်လည်း ကချင် အမျိုးသမီးအစည်းအရုံး ထိုင်းနိုင်ငံ (KWAT) က အောက်တိုဘာ ၉ ရက်တွင် ထုတ်ပြန် တောင်းဆိုထားသည်။
You may also like these stories:
BRI စီမံကိန်း တိုးမြှင့်လုပ်ဆောင်မှုရပ်ရန် ကချင်အမျိုးသမီးအစည်းအရုံးတောင်းဆို
တရုတ် BRI ဖိုရမ်သို့ မင်းအောင်လှိုင်ကို ဖိတ်ခေါ်ဖွယ်မရှိ