စစ်ကောင်စီသည် ကချင်ပြည်နယ်၊ မုန်လိုင်ခက်ကျေးရွာကို အောက်တိုဘာ ၉ ရက်နေ့ညက တိုက်ခိုက်မှုအတွင်း ၎င်း၏ လေကြောင်းမှ ကြဲသည်ဗုံးများအနက် အကြီးဆုံးကို သုံးခဲ့ကြောင်း နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) ၏ စုံစမ်းစစ်ဆေးမှုအရ သိရသည်။
ဝိုင်းမော်မြို့နယ်တွင် အောက်တိုဘာ ၉ ရက်နေ့ညက ဖြစ်ပွားသည့် ထိုတိုက်ခိုက်မှုအတွင်း ကလေးငယ် ၁၃ ဦး အပါအဝင် လူအနည်းဆုံး ၂၉ ဦး သေဆုံးပြီး ၅၇ ဦး ဒဏ်ရာရသည်ဟု ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) က ပြောသည်။ KIA ဌာနချုပ် လိုင်ဇာမြောက်ဘက် ၂ မိုင်ခန့်အကွာမှ မုန်လိုင်ခက်ကျေးရွာကို စစ်ကောင်စီတပ်က ဗုံးကြဲသည်ဟု KIA က ပြောသည်။
“နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ လက်နက်ကျွမ်းကျင်သူသည် တိုက်ခိုက်မှုအပြီး ဓာတ်ပုံများနှင့် ဗီဒီယိုများကို လေ့လာရာတွင် ကြီးမားသော တခုတည်းသော ပေါက်ကွဲမှုက အနီးရှိ အဆောက်အအုံ ဒါဇင်ပေါင်းများစွာကို ပြိုကျစေပြီး မီးလောင်ကြောင်း တွေ့ရသည်” ဟု AI က သောကြာနေ့က ထုတ်ပြန်ချက်တွင် ပြောသည်။ ပြိုကျသွားသော အဆောက်အအုံများတွင် ဘုရားကျောင်းတခု၊ မူကြိုကျောင်းတခုနှင့် နေအိမ်အများအပြား ပါဝင်သည်။
ပထမဆုံးအကြိမ် ပေါက်ကွဲမှုအပြီးတွင် နောက်ဆက်တွဲ ပေါက်ကွဲမှုများလည်းရှိကြောင်း ထိုတိုက်ခိုက်မှုမှ ရှင်ကျန် လွတ်မြောက်လာသူများကို ထိုကြေညာချက်တွင် ကိုးကားဖော်ပြသည်။
ပထမဗုံး ပေါက်ကွဲမှုကြောင့် ဖြစ်လာသည့် ကျင်းအရွယ်အစားနှင့် အပျက်အစီးသည် မြန်မာစစ်တပ်တွင် ရှိနေသည်ဟု သိရသည့် လေကြောင်းမှကြဲသည့် ဗုံးများတွင် အကြီးမားဆုံဗုံးနှင့် ကိုက်ညီကြောင်း AI က ပြောသည်။ စစ်ကောင်စီတပ်သည် ပဲ့ထိန်းမပါသည့် ဗုံးကို အသုံးပြုသည်မှာ သေချာသလောက်ရှိပြီး ထိုသို့သော ဗုံးများကို အရပ်သားများနှင့် နီးကပ်သောနေရာများတွင် လုံးဝသုံးရန်မသင့်ပေ။
“မြန်မာစစ်တပ်ရဲ့ နောက်ထပ် လူသတ်တိုက်ခိုက်မှုက သူတို့ဟာ အရပ်သားအသက်ကို လုံးဝဂရုမစိုက်ဘူးဆိုတာ ထပ်မံ သက်သေပြလိုက်တာဖြစ်တယ်” ဟု AI ၏ အကျပ်အတည်းတုံ့ပြန်ရေး ဒါရိုက်တာ မစ္စတာ မက်သရူး ဝဲလ်စ်က ပြောသည်။ “မြန်မာမှာ နေ့စဉ်ဖြစ်နေတဲ့ ကြောက်မယ်ဖွယ်တွေကို ကမ္ဘာက အလေးထားရမယ်” ဟုလည်း ၎င်းကပြောသည်။
စစ်ကောင်စီက ထိုတိုက်ခိုက်မှုအတွက် တာဝန်မယူဘဲ အမိုနီယမ် နိုက်ထရိတ် တန်ချိန် ၁၀၀ ကျော်နှင့် လက်နက်များပါဝင်သည့် KIA ကုန်လှောင်ရုံ ပေါက်ကွဲခြင်းဖြစ်ကြောင်း အောက်တိုဘာ ၁၁ ရက်နေ့တွင် ပြောသည်။
ထိုဗုံးသည် မော်တော်ယာဉ် အမြဲတမ်းသွားနေသည့် လမ်းတခုအနီး ကွင်းပြင်တွင် ကျသောကြောင့် ထိုနေရာသည် အမိုနီယမ် နိုက်ထရိတ် သိုလှောင်သည့် နေရာမဖြစ်နိုင်ကြောင်း AI ၏ အစီရင်ခံစာတွင် ဖော်ပြသည်။
မြန်မာစစ်တပ်သည် အောက်တိုဘာ ၉ ရက်နေ့ညက တိုက်ခိုက်မှုကဲ့သို့ အခြား စစ်ဘေးရှောင်စခန်းများကို ရမ်းသမ်းပစ်ခတ်မှုများ ပြုလုပ်တတ်သည့် ကျယ်ပြန့်သော သမိုင်းရှိသည်။
KIA သည် အရပ်သားများအနီးတွင် မည်သည့်အခါမှ ယမ်း မသိုလှောင်ကြောင်း KIA ပြောခွင့်ရသူ ဗိုလ်မှူးကြီး နော်ဘူက အောက်တိုဘာ ၁၁ ရက်နေ့တွင် ဧရာဝတီ သတင်းဌာနသို့ ပြောသည်။
“KIA စုံစမ်းစစ်ဆေးရေးအဖွဲ့က ဗုံးအပိုင်းအစတွေတွေ့ပြီး စုံစမ်းစစ်ဆေးနေတယ်” ဟု ၎င်းက ပြောသည်။
မုန်လိုင်ခက်သည် တိုက်ခိုက်ဖျက်ဆီးမခံရမီက စစ်ရှောင် ၆၀၀ ကျော် ခိုလှုံနေသည့် နေရာဖြစ်သည်။ တိုက်ခိုက်မှု နောက်ပိုင်းတွင် ရှင်ကျန် လွတ်မြောက်သူများသည် ဝိုင်ချယိုင် စစ်ရှောင်စခန်းရုံးအနီးတွင် ခိုလှုံနေသည်။ ၎င်းတို့သည် လူသားချင်းစာနာမှုအကူအညီ အကြီးအကျယ်လိုအပ်နေကြောင်း ဒေသခံ အကူအညီပေးရေးအဖွဲ့တခုက ပြောသည်။
လွန်ခဲ့သောနှစ် အောက်တိုဘာလတွင် စစ်ကောင်စီ လေယာဉ်တစီးသည် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ အနန့်ပါကျေးရွာမှ လေဟာပြင် ဂီတဖျော်ဖြေပွဲကို ဗုံးကြဲတိုက်ခိုက်သောကြောင့် လူအနည်းဆုံး ၇၅ ဦး သေဆုံးသည်။ ထိုဂီတ ဖျော်ဖြေပွဲကို KIA ၏ နိုင်ငံရေးအဖွဲ့အစည်းဖြစ်သည့် ကချင်လွတ်လပ်ရေးအဖွဲ့ချုပ် (KIO) ထူထောင်သည့် ၆၂ နှစ်မြောက် အထိမ်းအမှတ် ကျင်းပခြင်းဖြစ်သည်။
နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေဖြင့် မြန်မာကို ကျယ်ပြန့်သည့် လက်နက် ပိတ်ဆို့အရေးယူမှု လုပ်ရန်နှင့် တာဝန်ရှိသူများကို ဥပဒေအရအရေးယူရန် အောက်တိုဘာ ၉ ရက်က တိုက်ခိုက်မှုကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC) သို့ လွှဲပြောင်းပေးရန် တောင်းဆိုသည်။
You may also like these stories:
မုန်လိုင်ခက် စစ်ရှောင်စခန်းမှ သန်းခေါင်ယံအိပ်မက်ဆိုး
မုန်လိုင်ခက်ဖြစ်ရပ် တရားမျှတမှုရရှိရေး AA လုပ်ဆောင်မည်
မုန်လိုင်ခက်စစ်ရှောင်စခန်း တိုက်ခိုက်မှုအပေါ် သဘောထားအမြင်များ
“သန်းခေါင်ယံသတ်ဖြတ်မှု”အပြီး ကျန်ရစ်သူ စစ်ဘေးရှောင်များ ရှင်သန်ရေး ရုန်းကန်နေရ
အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေကြား NCA နှစ်ပတ်လည်ပွဲ ဘယ်သူတွေ တက်မလဲ
အနန့်ပါဖြစ်စဉ် လုပ်ဆောင်သူတွေရော စေခိုင်းသူပါ တာဝန်ယူမှု၊ တာဝန်ခံမှုရှိအောင် လုပ်ရမယ် (ရုပ်/သံ)