“တချို့ စာအုပ်တွေဟာ မမေ့သင့်ဘဲ မေ့နေကြတယ်။ ဒါပေမယ့် ဘယ်စာအုပ်မှ မမှတ်မိသင့်ဘဲ မှတ်မိနေတာ မရှိဘူး”
ဒဗလျူအိပ်ချ် အော်ဒင်
အထက်ပါ ကောက်နုတ်ချက် စကားကို အမှတ်မထင် ဆိုသလိုဘဲ စာအုပ် တအုပ်ရဲ့ အဖွင့် စာမျက်နှာမှာ ဖတ်လိုက်ရတယ်။ စားပွဲပေါ်က စာအုပ်တွေကို ရှင်းရင်းနဲ့ ဆိုပါတော့။
မနေ့က မဂ္ဂဇင်း ဖောင်ပိတ်ပါတယ်။ ဒါကြောင့် ကနေ့ အိမ်မှာ နားပါတယ်။ မနေ့က ဘယ်နေ့၊ ကနေ့ ဆိုတဲ့ ရက်စွဲတွေကိုတော့ ထားလိုက်ပါတော့။ လဆန်းပိုင်း စောစော တရက်ပဲ ဆိုပါတော့။
ကနေ့ မဂ္ဂဇင်း အယ်ဒီတာတွေရဲ့ တာဝန်ထဲမှာ မဂ္ဂဇင်း ဖောင်စောစော ပိတ်ဖို့ ဆိုတာလည်း အရေးကြီးတဲ့ အချက် တချက် ပါပဲ။
မိမိ သိသလောက် ပြောရရင် မဂ္ဂဇင်း အယ်ဒီတာတွေ အနေနဲ့ အပျော်ဆုံးနေ့ တနေ့ကတော့ ဖောင်ပိတ်တဲ့နေ့ပါပဲ။ ဒါကြောင့်လည်း ဖောင်ပိတ်ပွဲကလေးတွေ အမှတ်တရ လုပ်ကြတာပေါ့။ အဲ ဖောင်ဖွင့်ပွဲ ဆိုတာလည်း ရှိပါသေးတယ်။ ဖွင့်ပွဲ ပိတ်ပွဲတွေပဲပေါ့။
ဖောင်ပိတ်ပြီး နောက်တနေ့ အိမ်မှာ နားရတယ် ဆိုပေမယ့် တကယ်တော့ နားရတာ မဟုတ်ပါဘူး။ အလုပ်မသွားဘဲ အိမ်မှာ ရှင်းလင်းရေး လုပ်ရတာပါပဲ။
ပြီးသွားတဲ့ မဂ္ဂဇင်း အတွက် အသုံးပြုခဲ့တဲ့၊ ရည်ညွှန်း ကိုးကားခဲ့တဲ့ စာရွက်စာတမ်းတွေနဲ့ စာအုပ်တွေကို ပြန်ပြီး သိမ်းရ ဆည်းရတယ်။ သူ့နေရာနဲ့သူ ပြန်ထားရတယ်။
နောက်ပြီးတော့ ဖောင်ပိတ်မှ ဖတ်မယ်လို့ ထားတဲ့ စာမူတွေ၊ စာအုပ်တွေ၊ မဂ္ဂဇင်းတွေကို ဖတ်ဖို့ အစီအစဉ် လုပ်ရတယ်။ နောက်ပြီးတော့ ဖောင်ပိတ်မှ ရေးမယ်လို့ထားတဲ့ စာမူတွေကိုလည်း ရေးဖို့ ပြင်ဆင်ရတယ်။
တဆက်တည်းမှာပဲ နောက်လ မဂ္ဂဇင်း အတွက် ပြင်ဆင်ရတယ်။ ထားတော့။
စားပွဲပေါ်မှာ ပြည့်နေတဲ့ စာအုပ်တွေကို ရှင်းရင်း စာအုပ် တအုပ်ရဲ့ အဖွင့် မျက်နှာမှာ အထက်ပါ အော်ဒင် ရဲ့ ကောက်နုတ်ချက် စကားကို သွားဖတ်မိတာပဲ။
အံ့သြစရာ ကောင်းတာကတော့ အဲဒီစာအုပ်ဟာ မိမိ လက်ထဲမှာ ရှိနေတာလည်း အတော်ကလေး ကြာနေပြီ။ အဲဒီ စာအုပ်ကို အသုံးပြုနေတာလည်း အကြိမ် အတော်ကလေး များနေပြီ။
ဒါပေမယ့် အဖွင့် မျက်နှာက အဲဒီ စာကိုတော့ မဖတ်မိဘူး။ အခုမှပဲ အမှတ်မထင် ဖတ်မိပြီး နှစ်ခါ သုံးခါ ထပ်ဖတ်မိနေတယ်။
“တချို့စာအုပ်တွေဟာ မမေ့သင့်ဘဲ မေ့နေကြတယ်” တဲ့။
အော်ဒင်ရဲ့ စာက မိမိရဲ့ စိတ်အစဉ်နဲ့ မှတ်ဉာဏ်ကို လှုပ်ခတ်သွားစေပါတယ်။
သြော် ဒါနဲ့ ဒဗလျူ အိပ်ချ် အော်ဒင် (၁၉၀၇-၁၉၇၃) ဆိုတာက အင်္ဂလိပ် ကဗျာဆရာနဲ့ ဝေဖန်ရေး ဆရာကြီးပဲပေါ့။
မိမိသည် စားပွဲမှာ ခဏထိုင်ပြီး စဉ်းစားနေရင်းနဲ့ တချိန်က မိမိကြိုက်နှစ်သက်ခဲ့ပြီး အခုလောလောဆယ်မှာ အကြောင်း အားလျော်စွာ မေ့လျော့သလို ဖြစ်နေတဲ့ စာအုပ်တွေကို ပြန်ပြီး အမှတ်ရလာပါတယ်။
မိမိ စာဖတ်စ အရွယ်ကတည်းက ဖတ်ခဲ့တဲ့ စာအုပ်တွေမှာ အတော်ကလေး ကြိုက်နှစ်သက်တဲ့ စာအုပ်တွေ ရှိပါတယ်။ အဲဒီစာအုပ်တွေကို သပ်သပ်သိမ်းထားပြီး နောင်တချိန်မှာ ထပ်ဖတ်ဖို့ စိတ်ကူးထားပါတယ်။
တချို့ စာအုပ်တွေကိုလည်း ပြန်ဖတ်ဖြစ်ပါတယ်။ တချို့ စာအုပ်တွေကိုလည်း မေ့နေမိပါတယ်။ အဲ တချို့ စာအုပ်တွေကို ပြန်ဖတ်တဲ့ အခါမှာ ကြိုက်တာတွေလည်း ရှိပါတယ်။
မကြိုက်တော့တာတွေလည်း ရှိပါတယ်။
နောက်ပြီးတော့ တချို့ စာအုပ်တွေ အကြောင်း အလျင်းသင့်တဲ့အခါမှာ ရေးဖို့ “တေး” ထားတာတွေလည်း ရှိပါတယ်။
ဒါနဲ့ အနားမှာ ရှိတဲ့ စာအုပ်စင် တစင်ကို သွားကြည့်မိပါတယ်။ အဲဒီမှာ မိမိ ကြိုက်နှစ်သက်တဲ့ စာအုပ် သုံးလေးအုပ်ကို အဆင်သင့် တွေ့ရလို့ တအုပ်ကို ယူပြီး ဖတ်မိ၏။
ဒုတိယအကြိမ် ပြန်ဖတ်တာပဲပေါ့။ အဲဒီလို ဖတ်တဲ့အခါမှာ ပထမ တခါလိုပဲ ကြိုက်နှစ်သက်နေဆဲပဲ ဖြစ်ပါတယ်။ ဒါကြောင့် မိမိ နှစ်သက်တဲ့ စာအုပ်ကလေးကို စာဖတ်သူတွေ ဖတ်ကြည့်ဖို့ လက်ဆင့် ကမ်းလိုက်ပါတယ်။
ဖတ်ဖူးပြီးသား ဆိုရင်လည်း နောက်တခါ ထပ်ဖတ်ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်။
စာအုပ်က ထုကြီးထည်ကြီး မဟုတ်ပါဘူး။ တောင်တက် အတွေ့အကြုံ ခရီးသွား စာအုပ် ခပ်ပါးပါးကလေးပါပဲ။
စာပေဗိမာန်က ထုတ်တဲ့ “ပြည်သူ့ လက်စွဲစာစဉ်” တအုပ်ပဲပေါ့။ ၁၉၇၆ ခုနှစ်က ထုတ်ဝေခဲ့တာ ဆိုတော့ စာအုပ် သက်တမ်း ၁၆ နှစ် ရှိပြီ ဆိုရမယ်။
အဲဒီ စာအုပ်က မောင်ဘမြင့် (ဘူမိ) ရဲ့ “မိုးကိုမျှော်၍ တိမ်ကိုကျော်” ပဲ ဖြစ်ပါတယ်။ တခုတော့ ရှိတယ်။ အဲဒီ စာအုပ်က ၁၉၇၄ ခု၊ စာပေဗိမာန် စာမူဆု၊ စာပဒေသာ ပထမဆု ရခဲ့တယ်။
စာအုပ်ကို ရေးတဲ့ မောင်ဘမြင့် (ဘူမိ) ဟာ ၁၉၄၈ ခုနှစ်ဖွား ဆိုတော့ စာအုပ်ကို ရေးတဲ့ အချိန်တုန်းက ၂၆ နှစ်ပဲ ရှိပါသေးတယ်။ ကျောင်းသား တယောက်ပေါ့။
သူက ၁၉၇၃ ခုနှစ်မှာ ရန်ကုန် ဝိဇ္ဖာ နှင့် သိပ္ပံ တက္ကသိုလ်က ဘူမိဗေဒ အဓိက နဲ့ သိပ္ပံဘွဲ့ ရရှိခဲ့ပြီး ဘွဲ့လွန် အသုံးချ ဘူမိဗေဒ ဒီပလိုမာ သင်တန်းမှာ ဆက်တက်ခဲ့တယ်။
ဒီစာအုပ်ဟာ သူ့ရဲ့ ပထမဆုံး စာအုပ်ပဲပေါ့။ သူ့ရဲ့ တောင်တက်နဲ့ ခရီးသွား အတွေ့အကြုံများကို ပြန်ရေးထားတာပါပဲ။
တက္ကသိုလ်မှာ ခြေလျင် နဲ့ တောင်တက် အသင်းက တောင်တက် လက်ရွေးစဉ် ကျောင်းသား ကျောင်းသူ ၂၇ ဦးဟာ ကချင်ပြည်နယ် ပူတာအို မြို့ရဲ့ အနောက်ဘက်မှာ ရှိတဲ့ ၁၁၅၀၀ မြင့်တဲ့ “ဖွန်ဂန်” ရေခဲတောင်ကြီးကို ၁၉၇၄ ခုနှစ် ဧပြီလ အတွင်းက အောင်မြင်စွာ တက်ရောက်ခဲ့ကြပါတယ်။
မြန်မာ့သမိုင်းမှာ မြန်မာနိုင်ငံရဲ့ ရေခဲတောင် တခုကို မြန်မာ လူငယ်များအနေနဲ့ ပထမဆုံး တက်ရောက်ခဲ့ခြင်း ပါပဲ။
အဲဒီ ကျောင်းသူ ကျောင်းသားတွေဟာ သုံးနှစ်တိုင်တိုင် အချိန်ယူ လေ့ကျင့်ခဲ့ရပါတယ်။ ပထမမှာ မိုင် ၂၀ လမ်းလျှောက် ကြရတယ်။ နောက် တခါ ချင်းပြည်နယ်က ပေ ၁၀၂၀၀ မြင့်တဲ့ ဝိတိုရိယ တောင်နဲ့ ရှမ်းပြည်နယ် တောင်ပိုင်းက ရာစကျီ တောင်၊ အရှေ့မြင် အနောက်မြင် တောင်တွေကို တက်ခဲ့ကြရတယ်။
ပထမပိုင်းမှာ လူ ၂၀၀ ကျော် ရှိပေမယ့် နောက်ပိုင်းမှာ လက်ရွေးစဉ် ၂၇ ဦးပဲ ကျန်တယ်။ အဲဒီ အထဲမှာ စာရေးသူ မောင်ဘမြင့် (ဘူမိ) လည်း ပါတာပေါ့။
မောင်ဘမြင့် (ဘူမိ) ဟာ အဲဒီ တောင်တက် ခရီးကို ရန်ကုန်မြို့ကနေ စတင်တဲ့ ဧပြီလ ၃ ရက်နေ့ကနေပြီး ရန်ကုန်ကို ပြန်ရောက်တဲ့ ဧပြီလ ၃၀ ရက်နေ့အထိ နေ့စဉ် မှတ်တမ်း အဖြစ် မှတ်တမ်း တင်ထားပါတယ်။
ဒါပေမယ့် သူ့ရဲ့ အရေးအသားက သာမန် နေ့စဉ်မှတ်တမ်း ရေးသားနည်းမျိုး မဟုတ်ဘဲ ရသသဘော ပါတဲ့အတွက် ဖတ်လို့ ကောင်းလှပါတယ်။ အတွေ့အကြုံတွေက ထူးခြားပြီး အရေးအသား သွက်လက် ရှင်းလင်းလှပါတယ်။
ဧပြီလ ၃ ရက်နေ့မှာ ရန်ကုန်က စထွက်လာတဲ့ တောင်တက်အဖွဲ့ဟာ ရထားတတန်၊ လေယာဉ်တတန်၊ ကားတတန်နဲ့ ဧပြီလ ၇ ရက်နေ့မှာ ပူတာအိုမြို့ အနောက်ဘက် ၁၁ မိုင်လောက်မှာ ရှိတဲ့ အောက်ရှန်ကောင် ရွာကလေးကို ရောက်ရှိသွား ပါတယ်။ တောင်ခြေစခန်းပဲ ဆိုပါတော့။ အဲဒီက စပြီး သူတို့ တောင်တက်ကြရတော့တာပဲ။
သူတို့ဟာ အောက်ရှန်ကောင်ရွာ အနီးမှာ ရှိတဲ့ ကျောက်စိမ်းတွင်းကို ဖြတ်သန်းကြရပါတယ်။ ကျောက်စိမ်းတွင်းရဲ့ ဟိုဘက်မှာတော့ တောင်တက်ခရီးဟာ ကြမ်းလာတယ်။ တောကလည်း နက်လာတယ်။ တောင်တွေကလည်း မြင့်လာတယ်။ အမြင့်ပေ ၄၆၀၀ လောက်ကို ရောက်နေကြပြီကိုး။
သူတို့ဟာ ချောင်းတွေထဲမှာ ကျောက်ငါးတွေနဲ့ ကျောက်ကြမ်းပိုးတွေကို ဖမ်းစားကြရတယ်၊ ကချင်ပြည်နယ်မှာတော့ ကျောက်ကြမ်းပိုးဟာ နာမည်ကြီးပဲ။ အင်မတန် စားလို့ကောင်းတယ် ပုရစ်ကြော်လိုပဲပေါ့။
သူတို့ဟာ မှိုခြောက် ပန်းခြောက် လုပ်တဲ့ မှိုမျိုးတွေကိုလည်း စားကြရတယ်။ နောက်ပြီးတော့ သူတို့ဟာ ငှက်ပျောဖူး ဟင်းကိုလည်း ခံတွင်းတွေ့ကြရတယ်။
ပေ ၃၀၀၀ ကျော်ကို ရောက်တဲ့ အခါမှာ သူတို့ဟာ အင်မတန်လှတဲ့ တောင်ဇလပ် ပန်းတွေကို တွေ့ရပါတယ်။ ပေ ၈၀၀၀ လောက် ရောက်တဲ့အခါမှာတော့ ဆေးဖက်ဝင် ခန်းတောက်မြစ်တွေကို တွေ့ရတယ်။ ခန်းတောက်မြစ်ဟာ ခါးသက်တဲ့ အရသာ ရှိပြီး ငှက်ဖျားကို နိုင်ပါတယ်။ ခန်းတောက်မြစ်ကို ဝါးစားထားရင် မဖျားတော့ဘူးလို့ ဆိုပါတယ်။
သူတို့ဟာ ပေ ၉၅၀၀ လောက် ရောက်တဲ့ အခါမှာတော့ နိုင်ငံခြား ရုပ်ရှင်တွေမှာလို ရေခဲတုံးတွေ ပေါက်ကစားကြရပါတယ်။
ဧပြီလ ၁၆ ရက်နေ့မှာ တောင်ထိပ်ကို အောင်မြင်စွာ တက်ရောက်နိုင်ခဲ့ကြပါတယ်။ ဧပြီလ ၁၇ ရက်နေ့မှာ ပြန်ဆင်းကြပါတယ်။
အဆင်းခရီးကတော့ သည်းထိပ်ရင်ဖို ဇာတ်လမ်းပါပဲ။ တကယ့် စွန့်စားခန်းပါပဲ။ ဘာဖြစ်လို့လဲ ဆိုတော့ အဆင်းခရီးမှာ မိုးသည်းထန်ပြီး ချောင်းတွေ ရေစီးသန်လို့ သက်စွန့်ဆံဖျား ဖြတ်ကူးရပါတယ်။
ဆရာ တယောက်နဲ့ ကျောင်းသူ တဦးဟာ ညအမှောင်ကြီးမှာ ရေစီးထဲ မျောပါသွားတာ အားလုံးကပဲ သေပြီလို့ မှတ်ယူကြရပါတယ်။ ကံကောင်း ထောက်မစွာ အဲဒီ နှစ်ဦးဟာ ကျောက်တောင်ကြီး တခုကို ဝင်တိုက်မိပြီး အဲဒီ ကျောက်တောင်ကြီးကို ခဲခဲယဉ်းယဉ်း တွယ်ဖက်ပြီး တက်ခဲ့ကြရပါတယ်။
သူတို့တွေဟာ ရေစီးသန်တဲ့ ချောင်းတွေကို ကချင်ရိုးရာ ကြိုးတံတားတွေ၊ ကြိမ်ကြိုးတွေနဲ့ သက်စွန့်ဆံဖျား ဖြတ်ကူးကြရပါတယ်။ အဲဒီအဖွဲ့ထဲမှာ ပါတဲ့ မိန်းကလေး ၇ ယောက်ရောပေါ့။
သူတို့ဟာ ဧပြီလ ၂၄ ရက်နေ့မှာ အောက်ရှန်ကောင်ကို ရွာကို ပြန်ရောက်ကြပါတယ်။ သက်ပြင်း ချနိုင်ကြပါတော့တယ်။
ဒီစာအုပ်နဲ့ ပတ်သက်ပြီး မချွင်းမချန် ပြောရရင်တော့ ဒီစာအုပ်ဟာ နိုင်ငံတကာ အဆင့်မီတယ်လို့ ဆိုရပါမယ်။ ရှင်းရှင်း ပြောရရင် ရီဒါးဒိုင်ဂျက်စ် မဂ္ဂဇင်း ရဲ့ စာအုပ် ကဏ္ဍမှာ ဖော်ပြသင့်တဲ့ စာအုပ်မျိုးပါပဲ။
မိမိဟာ အင်္ဂလိပ် ရုက္ခဗေဒ ပညာရှင်ကြီး ကင်ဒမ်ဝပ်ရဲ့ မြန်မာနိုင်ငံ ရေခဲတောင်တွေမှာ စွန့်စွန့်စားစား လှည့်လည် သွားလာပြီး မြန်မာနိုင်ငံက ပန်းနဲ့ သစ်ပင်တွေ အကြောင်း သုတေသနပြုတဲ့ စာအုပ်တွေကို စွဲမက်ခဲ့သူ တဦး ဖြစ်တဲ့ အတွက် မောင်ဘမြင့် (ဘူမိ) ရဲ့ စာအုပ်ကိုလည်း ကင်ဒမ်ဝပ်ရဲ့ စာအုပ်များနဲ့ နှိုင်းယှဉ်မိပါတယ်။
ဒီစာအုပ်ကို မမေ့သင့်ဘဲ မေ့နေကြမှာ စိုးလို့ အခုလို ရေးလိုက်ရတာပါ။ ။
ရွှေဝတ်မှုန်၊ ဇွန်၊ ၁၉၉၂
(စာရေးဆရာကြီး နတ်နွယ် ရေးသားခဲ့သည့် ဤဆောင်းပါးကို ပုဂံ စာအုပ်တိုက်က ၂၀၀၇ ခုနှစ်တွင် ထုတ်ဝေသော “တောအကြောင်း တောင်အကြောင်း (၃) ပထမအကြိမ်” စာအုပ်မှ ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။ ဆရာကြီး နတ်နွယ်သည် ၂၀၁၁ ခုနှစ် မေလ ၁၁ ရက် အသက် ၇၈ နှစ် အရွယ်တွင် ကွယ်လွန်သွားခဲ့ပါသည်။)