အောက်တိုဘာလ ၈ ရက်နေ့ ညနှောင်းပိုင်းတွင် စစ်ကောင်စီတပ်က တရုတ်နယ်စပ်မှ ကချင်အမျိုးသား လွတ်လပ်ရေး အဖွဲ့ချုပ် (KIO) အုပ်ချုပ်မှုအောက်ရှိ ကချင်မြို့တခုဖြစ်သော လိုင်ဇာကို ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် ပြည်တွင်းနေရပ်စွန့်ခွာ စခန်းတခု စုတ်ပြတ်သတ်သွားပြီး ကလေး ၁၂ ဦး အပါအဝင် အရပ်သားများ အများအပြား သေဆုံးစေသည်။
ထိုတုန်လှုပ်စရာကောင်းသော ဖြစ်ရပ်သည် ၎င်းတို့၏ မသမာသော သမိုင်းတလျှောက် မြန်မာစစ်တပ်က အရပ်သားများကို ကျူးလွန်သည့် ဆိုးရွားလှသော ရာဇဝတ်မှု အများအပြားတွင် နောက်ဆုံး ကျူးလွန်သည့် ရာဇဝတ်မှုများအနက် တခုမျှသာဖြစ်သည်။
စစ်ကောင်စီဆန့်ကျင်ရေး ဒီမိုကရေစီ ခုခံတော်လှန်ရေးကို ဦးဆောင်နေသည့် စင်ပြိုင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က နောက်ဆုံး ထုတ်ပြန်သည့် အစီရင်ခံစာအရ စစ်ကောင်စီသည် ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်း တနိုင်ငံလုံးတွင် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ၁၄၄ ခု ကျူးလွန်ပြီး လူပေါင်း ၁,၅၉၅ ဦးကို သတ်ဖြတ်ခဲ့ကြောင်း သိရသည်။ စစ်တပ်သည် ၂၀၁၇ ခုနှစ်တွင် ရိုဟင်ဂျာ လူနည်းစုများကို ကုလသမဂ္ဂ၏ အဆိုအရ လူမျိုးတုံး သတ်ဖြတ်ပြီး လူပေါင်း ၇၅၀,၀၀၀ ကို ဘင်္ဂလားနိုင်ငံသို့ ထွက်ပြေးစေသည့် ပြစ်မှုကို ကျူးလွန်သည့် စစ်တပ်ပင် ဖြစ်သည်။
သို့သော် နိုင်ငံတကာ အသိုက်အဝန်းသည် မြန်မာစစ်ရာဇဝတ်ကောင် ဗိုလ်ချုပ်များကို ၎င်းတို့၏ အကြိမ်ကြိမ်သော လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့်ရာဇဝတ်မှုများအတွက် အရေးယူရန် ပျက်ကွက်နေဆဲ ဖြစ်သည်။
ထိုသို့ အရေးမယူသည့်အပြင် အချို့ကမ္ဘာတဝန်းမှ မြန်မာ့အရေး ပါဝင်ဆက်စပ်သူများက လတ်တလော ထိတွေ့ဆက်ဆံခြင်းသည် တည်ငြိမ်ရေးလမ်းကြောင်းကို ဖြစ်စေသည်ဆိုသည့် သိနားလည်မှုနည်းပြီး အမြင်တိုသော အယူအဆဖြင့် စစ်တပ်နှင့် ထိတွေ့ဆက်ဆံပြီး ၎င်း၏ ပြစ်ဒဏ်ကင်းလွတ်နေခြင်းကို အဆင်ပြေ ချောမွေ့အောင် လုပ်နေသည်။
ထင်ရှားသော ဥပမာတခုမှာ ကုလသမဂ္ဂ ကလေးသူငယ်အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ ယူနီဆက် (Unicef) နှင့် တရားမဝင် အာဏာသိမ်းမှုနောက်ပိုင်း ကလေးငယ် ရာပေါင်းများစွာကို သတ်ဖြတ်နေသည့် မြန်မာစစ်ကောင်စီတို့ အမေရိကန် ဒေါ်လာ ၃ သန်းတန် သဘောတူစာချုပ်တခု မကြာသေးမီက ချုပ်ဆိုခြင်းပင်ဖြစ်သည်။
လူသားချင်းစာနာမှု အကူအညီပေးရေးနှင့် ကြားနေရေး အရေခြုံကာ စစ်ကောင်စီနှင့် ဗြောင်ကျကျ ထိတွေ့ဆက်ဆံနေသည့် နိုင်ငံတကာအဖွဲ့အစည်း နောက်ထပ် အများအပြား ရှိသေးသည်။ သံတမန်များနှင့် အကူအညီပေးရေးတွင် ပါဝင်နေသူများသည် မြန်မာစစ်ဗိုလ်ချုပ်များ၏ သွေးစက်စက်နစ်နေသည့် လက်များကို လက်ဆွဲနှုတ်ဆက်ရန် နေပြည်တော်သို့ ဆက်လက် သွားရောက်နေသလို အခြားသူများကလည်း ၎င်းတို့ကို နိုင်ငံတကာ လေ့ကျင့်ရေး အစီအစဉ်များ၊ အစည်းအဝေးများနှင့် သံတမန်ရေး အခမ်းအနားများသို့ ဖိတ်ခေါ်ကြသည်။
ထင်ရှားသော ဥပမာတခုမှာ ကုလသမဂ္ဂ ကလေးသူငယ်အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ ယူနီဆက် (Unicef) နှင့် တရားမဝင် အာဏာသိမ်းမှုနောက်ပိုင်း ကလေးငယ် ရာပေါင်းများစွာကို သတ်ဖြတ်နေသည့် မြန်မာစစ်ကောင်စီတို့ အမေရိကန် ဒေါ်လာ ၃ သန်းတန် သဘောတူစာချုပ်တခု မကြာသေးမီက ချုပ်ဆိုခြင်းပင်ဖြစ်သည်။
၎င်းတို့က ထိုသို့ ထိတွေ့ဆက်ဆံခြင်းသည် ရှောင်လွှဲမရ သို့မဟုတ် အကူအညီပေးရန် ကြိုတင်လိုအပ်သော အခြေအနေဖြစ်သည်ဟု ပြောကြသည်။ သို့သော် ထိုလုပ်ရပ်များသည် မြန်မာပြည်သူများနှင့် ၎င်းတို့အတွက် တိုက်ပွဲဝင်သော လှုပ်ရှားမှု၏ မျက်နှာကို တံထွေးဖြင့် ထွေးလိုက်သကဲ့သို့ စစ်တပ်အတွက် အပြစ်ကင်းလွတ်မှု ဖြစ်စေသော နိုင်ငံတကာအသိုက်အဝန်း၏ ရှည်လျားလှသော သမိုင်းမှ နောက်ထပ် ဥပမာများသာ ဖြစ်သည်။
ထိုသို့သော ထိတွေ့ဆက်ဆံမှုကို ထောက်ခံသူများက ၎င်းတို့တွင် အခြားရွေးစရာ မရှိကြောင်း ဆင်ခြေပေးကြသည်။ ပိုမိုရိုးသားသော ဒေသတွင်း ကြားဝင်ဆောင်ရွက်သူများက ၎င်းတို့သည် သေနင်္ဂဗျူဟာ အကျိုးစီးပွား အောင်မြင်ရေးအတွက် စစ်ကောင်စီနှင့် ထိတွေ့ဆက်ဆံရကြောင်း ပြောသည်။
အခြားသူများက ၎င်းတို့သည် တည်ငြိမ်မှုရစေရန် သို့မဟုတ် ပဋိပက္ခကြောင့် ထိခိုက်သည့် လူမှုအသိုက်အဝန်းများသို့ အရေးပါသော အကူအညီပေးရန် ထိတွေ့ဆက်ဆံကြောင်း ပြောသည်။ ထိုပြောဆိုချက်များအနက် မည်သည်မှ မှန်ကန်ခြင်း မရှိပေ။
စစ်ကောင်စီနှင့် ထိတွေ့ဆက်ဆံခြင်း၊ ၎င်းတို့ကို တောင့်တင်းစေခြင်းသည် တည်ငြိမ်မှုကို ဆောင်ယူပေးမည် သို့မဟုတ် ၎င်းတို့အကျိုးစီးပွားကို ဖြစ်စေသည်ဟု ထင်သော ထင်ယောင်ထင်မှား နိုင်ငံတကာ ‘ငြိမ်းချမ်းရေး တည်ဆောက်သူများ’ အနေဖြင့် ၎င်းတို့၏ မသိနားမလည်မှုကို ယခုအခါ ဝန်ခံနေသည်ဟု မျှော်လင့်ရသည်။ လက်တွေ့တွင် စစ်ကောင်စီသည် မြန်မာမှ မတည်ငြိမ်မှုနှင့် ဖရိုဖရဲအခြေအနေများ၏ အခြေခံ ရင်းမြစ်ဖြစ်ပြီး မြန်မာပြည်သူများအကြား ဒုက္ခများကို သက်ဆိုးရှည်စေကာ ဒေသတွင်းတည်ငြိမ်မှုနှင့် အိမ်နီးချင်းနိုင်ငံများ၏ အကျိုးစီးပွားကို ထိခိုက်စေသည်။
နိုင်ငံတကာမှ လာရောက်ပတ်သက်နေသူများသည် စစ်ကောင်စီနှင့် ထိတွေ့ဆက်ဆံရင်း အလုပ်ရှုပ်နေချိန်တွင် အကြမ်းဖက်မှုနှင့် သဘာဝ ဘေးအန္တရာယ်များကြောင့် အထိခိုက်ဆုံးသော လူမှုအသိုက်အဝန်းများသည် မည်သည့် အထောက်အပံ့ အကူအညီမှ မရပေ။
နိုင်ငံတကာ အသိုက်အဝန်းမှ အချို့သည် ထိုအနှစ်သာရ ကင်းမဲ့သော ရည်မှန်းချက်များ အောင်မြင်ရေးအတွက် အမျိုးမျိုးသော လိုက်လျောမှုများ ပြုလုပ်ကြသည်။ ထိုသို့ ထိတွေ့ဆက်ဆံမှုတိုင်းက မြန်မာစစ်ဗိုလ်ချုပ်များ အနေဖြင့် အာဏာ ဆက်လက် ဆုပ်ကိုင်နိုင်ပြီး ထိုရည်မှန်းချက် အောင်မြင်ရေးအတွက် ၎င်းတို့ ကြိုက်သည့်နည်းဖြင့် မြန်မာပြည်သူများကို အခွင့်အရေး ချိုးဖောက်နိုင်စေသည်ဆိုသည့် မှားယွင်းသော ယုံကြည်မှုကို ပိုမို ယုံကြည်စေသည်။ ထိုချဉ်းကပ်မှုမျိုးသည် မြန်မာပြည်သူများ၏ ခံစားရသောဒုက္ခ၊ လူမျိုးတုံးသတ်ဖြတ်နေသည့် အာဏာရှင်များကို ခိုင်မာစေမှုနှင့် ပြည်တွင်စစ် ရှည်ကြာစေရေးကိုသာ တိုးပွားကျယ်ပြန့်လာစေသည်။
ဇာတ်လမ်းတင်ပြပုံသစ်တခု မကြာသေးမီက ပေါ်ပေါက်လာပြီး ထိုတင်ပြပုံကို ဒီမိုကရေစီလှုပ်ရှားမှုအပေါ် ထောက်ခံမှု လျော့ကျစေရန်နှင့် စစ်ကောင်စီနှင့် ထိတွေ့ဆက်ဆံခြင်းသည် မှန်ကန်ကြောင်း ပြသရန် အသုံးပြုနေကြသည်။ ထိုဇာတ်လမ်းတင်ပြပုံတွင် စစ်ကောင်စီနှင့် ဒီမိုကရေစီအင်အားစု နှစ်ဘက်လုံးသည် အရပ်သားများကို အကြမ်းဖက်မှု ကျူးလွန်နေသည့် တာဝန်ခံမှုမဲ့သူများ ဖြစ်သည်ဟု ပြောသည်။
ထိုသို့ပြောဆိုခြင်းသည် လက်နက်ကိုင် ပါဝင်ပတ်သက်သူများကို မောင်းနှင်သည့် အခြေခံစေ့ဆော်မှု နောက်ကွယ်မှ အကြောင်းရင်းကို လျစ်လျူရှုသည်။ စစ်ကောင်စီ၏ တခုတည်းသော ရည်မှန်းချက်မှာ ဆက်လက် ရှင်သန်ရေးသာ ဖြစ်သည်။ ပြည်တွင်းထောက်ခံမှု ဆုံးရှုံးသွားပြီးနောက် စစ်ကောင်စီ၏ ရှင်သန်ရေး အခြေခံဗျူဟာသည် လူထုကို ဒုက္ခပေးရေး ဖြစ်သည်။
ဒီမိုကရေစီအင်အားစုများသည် တာဝန်ခံမှုမဲ့သည်ဟုဆိုလျှင်ပင် ထိုသို့တာဝန်ခံမှုမဲ့သူမှာ လူနည်းစုသာဖြစ်ပြီး လက်ရှိအချိန်အထိ ထိုသို့သော မှားယွင်းမှုများ ပေါ်ပေါက်လာတိုင်း ခုခံတော်လှန်ရေး အင်အားစုများက ၎င်းတို့ကို ကိုင်တွယ်ဖြေရှင်းရန် ကြိုးစားအားထုတ်ကြသည်။ ၎င်းတို့ အများစုသည် မြန်မာပြည်သူများ၏ အကျိုးကို ဆောင်ကြသည်။ ထို့ကြောင့်ပင် ၎င်းတို့ လက်နက်စွဲကိုင်ကြခြင်း ဖြစ်သည်။ ပြည်သူလူထုသည် ၎င်းတို့၏ အင်အား၊ ရန်ပုံငွေနှင့် တရားဝင်မှု ရင်းမြစ်ဖြစ်သည်။
ဇာတ်လမ်းတင်ပြပုံသစ်တခု မကြာသေးမီက ပေါ်ပေါက်လာပြီး ထိုတင်ပြပုံကို ဒီမိုကရေစီလှုပ်ရှားမှုအပေါ် ထောက်ခံမှု လျော့ကျစေရန်နှင့် စစ်ကောင်စီနှင့် ထိတွေ့ဆက်ဆံခြင်းသည် မှန်ကန်ကြောင်း ပြသရန် အသုံးပြုနေကြသည်။
စိတ်အားတက်ကြွမှုနှင့် စေ့ဆော်မှု မတူညီခြင်းသည် အရပ်သားသတ်ဖြတ်မှု၏ လွန်စွာများပြားသော အတိုင်းအတာအတွက် စစ်တပ်တွင် မည်သည့်အတွက် တာဝန်ရှိသည်ကို ရှင်းပြနေသည်။ ကုလသမဂ္ဂ လူ့အခွင့်အရေး အကြီးအကဲက “စစ်တပ်နဲ့ စစ်တပ်နဲ့ဆက်စပ် လက်နက်ကိုင်တွေက ချိုးဖောက်မှု အများစုအတွက် တာဝန်ရှိနေတယ် ဆိုတာကို ပြသနေတယ်။ အဲဒီအမှုတွေရဲ့ အချို့ဟာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုနဲ့ စစ်ရာဇဝတ်မှုမြောက်တယ်” ဟု ပြောသည်။
စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်များ ဖြန့်ကြက်ပြီး ဒုံးကျည်များစွာ တကြိမ်တည်းပစ်နိုင်သည့် စနစ်များ သုံးနေသည့် အချိုးအစား မညီသော အခြေအနေတွင် ရက်စက်ကြမ်းကြုတ်သော စစ်တပ်၏ လုပ်ရပ်များအား ကိုယ့်ကိုယ်ကို ကာကွယ်သူများ၏ လုပ်ရပ်များနှင့် တန်းတူပြုခြင်းသည် မရိုးသားရုံမက ရက်စက်ကြမ်းကြုတ်သည်။ ထိုဇာတ်လမ်းသည် ရာဇဝတ်သား ဗိုလ်ချုပ်များနှင့် ကိုယ်ကျိုးစီးပွားအရ ထိတွေ့ဆက်ဆံမှုကို ကျိုးကြောင်းဆီလျော်စေရန် ရည်ရွယ်သော မရိုးသားသည့် ဇာတ်လမ်းတင်ပြမှုလည်း ဖြစ်သည်။
နှစ်ဖက်လုံးတွင် တာဝန်ရှိသည်ဆိုသည့် ဆင်ခြေသည် ယခုပဋိပက္ခ၏ စေ့ဆော်မှုစနစ်နှင့် အဓိကလှုပ်ရှားမှုကို လျစ်လျူရှုသည်။ ယခုဖြစ်ရပ်သည် အာဏာသိမ်းပြီး သုံးနှစ်ကြာသည်အထိ ပြည်သူ့အကျိုးစီးပွားကို ထောက်ကူသည့် ပြည်သူလူထုက ကျယ်ကျယ်ပြန့်ပြန့် ထောက်ခံသော အမျိုးသားအုံကြွမှုဖြစ်သည်။
ပိုမိုတိကျစွာပြောရလျှင် ထိုအုံကြွမှုသည် မြန်မာပြည်သူလူထုကို နှစ်ပေါင်း ၆၀ ကျော်ကြာ ဒုက္ခပေးနေသည့် အဓိကရင်းမြစ်ဖြစ်သော တာဝန်ခံမှုမဲ့ အကြမ်းဖက် တရားမဝင် စစ်အာဏာရှင်စနစ်ကို ဖြိုဖျက်ပစ်ရန် ရည်ရွယ်သည်။ အမေရိကန် ပြည်ထောင်စု ငြိမ်းချမ်းရေး အင်စတီကျု (USIP) မှ လုပ်ဖော်ကိုင်ဖက်များနှင့် စာရေးသူသည် ထိုသို့သော ကောက်ချက်ကို ထောက်ကူသည့် ကျယ်ပြန့်စနစ်ကျသော သုတေသန ပြုလုပ်ပြီးဖြစ်သည်။
ငြိမ်းချမ်းစွာ ဆန္ဒပြပွဲများကို အာဏာသိမ်းကာလအလွန် ရက်စက်ကြမ်းကြုတ်စွာ နှိမ်နင်းမှု အရှိန်မြင့်နေချိန်တွင် မြန်မာပြည်သူများက နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့် ကြားဝင်ပြီး ၎င်းတို့အနေဖြင့် လက်နက် မကိုင်ရစေရန် ထိုအကြမ်းဖက်မှုများ ရပ်တန့်အောင်လုပ်ရေး မေတ္တာရပ်ခံသည်။ နိုင်ငံတကာ အသိုက်အဝန်းက မည်သို့မှ လုပ်ဆောင်ခြင်း မရှိသောကြောင့် ပြည်သူများအနေဖြင့် ကိုယ့်ကိုယ်ကို ကာကွယ်ရန် လက်နက်စွဲကိုင်ရေးမှအပ အခြား ရွေးစရာ မရှိအောင် လုပ်ဆောင်ခဲ့သည်။
မြန်မာစစ်တပ်၏ လုပ်ရပ်များသည် အာဏာသိမ်းကာလအလွန်တွင်သာ တွေ့ရသည့် အသစ်အဆန်း မဟုတ်ပေ။ ထိုလုပ်ရပ်များသည် ပြစ်ဒဏ်ကင်းလွတ်ခွင့်နှင့် နိုင်ငံတကာလျစ်လျူရှုမှုကြောင့် သက်ဆိုးရှည်နေသည့် အင်စတီကျူးရှင်းတခုတွင် နက်ရှိုင်းစွာ အမြစ်တွယ်နေသည့် လုပ်ရပ်များဖြစ်သည်။
ထိုအင်စတီကျူးရှင်းမှ လူများသည် ၁၉၈၈ ခုနှစ်နှင့် ၂၀၀၇ ခုနှစ်က ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို ပစ်သတ်ခဲ့သူများ၊ တိုင်းရင်းသားလူနည်းစု အသိုက်အဝန်းများကို ဆယ်စုနှစ်ပေါင်းများစွာ စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့သူများနှင့် လွန်ခဲ့သော ခြောက်နှစ်ခန့်ကပင် လူမျိုးတုံး သတ်ဖြတ်မှု ကျူးလွန်ခဲ့သူများပင် ဖြစ်သည်။
မြန်မာစစ်တပ်၏ လုပ်ရပ်များသည် အာဏာသိမ်းကာလအလွန်တွင်သာ တွေ့ရသည့် အသစ်အဆန်း မဟုတ်ပေ။ ထိုလုပ်ရပ်များသည် ပြစ်ဒဏ်ကင်းလွတ်ခွင့်နှင့် နိုင်ငံတကာလျစ်လျူရှုမှုကြောင့် သက်ဆိုးရှည်နေသည့် အင်စတီကျူးရှင်းတခုတွင် နက်ရှိုင်းစွာ အမြစ်တွယ်နေသည့် လုပ်ရပ်များဖြစ်သည်။
မြန်မာ့နိုင်ငံရေးတွင် မြန်မာစစ်တပ် လွှမ်းမိုးမှုကို မရှောင်လွှဲနိုင်သောကြောင့် မြန်မာစစ်တပ်နှင့် ထိတွေ့ဆက်ဆံရမည်ဆိုသည့် ဆင်ခြေကို မိမိတို့ အကြိမ်ကြိမ် ကြားရသည်။ ထိုအချက်သည် မမှန်ပေ။ မြန်မာစစ်တပ်သည် နိုင်ငံတကာ အသိုက်အဝန်းက ဖြစ်ပေါ်စေသည့် အပြစ်ကင်းလွတ်ခွင့်စနစ်၏ ထုတ်ကုန်တခုသာ ဖြစ်သည်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု နောက်ပိုင်းတွင် နိုင်ငံတကာ အသိုက်အဝန်းသည် ထိုပုံစံမျိုသာ ဖြစ်နေသည်။ မြန်မာစစ်တပ်ကို အပြစ်ကင်းလွတ်ခွင့်ပေးပြီး မြန်မာစစ်တပ်က အမျိုးသားအုံကြွမှုကို နှိမ်နင်းနိုင်သည်ဆိုသည့် ထင်ယောင်ထင်မှားဖြစ်မှုကို နက်ရှိုင်းစေသည့် ထိတွေ့ဆက်ဆံရေး သေနင်္ဂဗျူဟာကို ပြန်လည် ကျင့်သုံးနေသည်။ မြန်မာပြည်သူများကို ထိုသို့ သစ္စာဖောက်ခြင်းသည် ပဋိပက္ခကို သက်ဆိုးရှည်အောင်သာ လုပ်သည်။
လိုက်ဖက်မညီသော မိတ်ဖက်များ (Imperfect Partners) ဆိုသည့် သူ၏စာအုပ်တွင် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ဟောင်း စကော့ မာစီရယ်က မြန်မာစစ်တပ်နှင့် တွေ့ဆုံဆွေးနွေး ထိတွေ့ဆက်ဆံရေး၏ စိန်ခေါ်မှုများကို မီးမောင်းထိုးပြသည်။ သူ၏စာအုပ်တွင် အရှေ့တောင်အာရှတဝန်းနှင့် အမေရိကန် ထိတွေ့ဆက်ဆံရေး မြှင့်တင်ရန် ဖော်ပြထားသော်လည်း မြန်မာစစ်တပ်နှင့် ဆွေးနွေးမှုသည် အချည်းနှီးသာဖြစ်ကြောင်း အလေးထားဖော်ပြသည်။ မြန်မာစစ်တပ်၏ ရက်စက် ကြမ်းကြုတ်မှု၊ ကျယ်ကျယ်ပြန့်ပြန့် လူထုဆန့်ကျင်ခံရမှု၊ တွေ့ဆုံဆွေးနွေးရေးတွင် သို့မဟုတ် မည်သည့် အပေးအယူတွင်မှ သဘောရိုးဖြင့် ပါဝင်ရန် စိတ်အားထက်သန်ခြင်း မရှိမှုတို့ကြောင့် ထိတွေ့ဆက်ဆံရန် ခက်ခဲကြောင်း ၎င်းကဖော်ပြသည်။
နီဗီးလ် ချိန်ဘာလိန်၏ ဟစ်တလာကို နားချရေး မူဝါဒကို ကိုးကားပြီး အီတလီခေါင်းဆောင် ဘန်နီတို မူဆိုလိုနီက “သားရိုင်းကို သွေးစမ်းမြည်းစေခြင်း” နှင့်တူသည်ဟု တခါက ထင်ရှားကျော်ကြားစွာ မှတ်ချက်ချသည်။
နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့် ထိုသို့သော ထိတွေ့ဆက်ခြင်းဖြင့် အရိုင်းအစိုင်း စစ်ကောင်စီကို အတင့်ရဲစေမည့် အန္တရာယ်များကို ကောင်းစွာ သတိပြုသင့်သည်။ ၎င်းတို့အနေဖြင့် ပြည်သူများ ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့်ရရေး တိုက်ပွဲကို တက်ကြွစွာ မထောက်ခံနိုင်လျှင်ပင် မြန်မာစစ်ဗိုလ်ချုပ်များသည် ၎င်းတို့ အာဏာချုပ်ကိုင်မှုကို ထိန်းထားနိုင်သည်ဆိုသည့် မှားယွင်းသော ယုံကြည်မှုပေးပြီး ပဋိပက္ခနှင့် ပြည်သူများ၏ ဒုက္ခကို သက်ဆိုးရှည်အောင် လုပ်ခြင်းကို ရှောင်ရှားသင့်သည်။
ထိုသို့သော မည်သည့် ထိတွေ့ဆက်ဆံမှုကို မဆိုကို မြန်မာပြည်သူများအပေါ် ကျူးလွန်သည့် စစ်ကောင်စီ၏ ဆိုးရွားသော ရာဇဝတ်မှုများတွင် ပူးပေါင်းကြံစည်ခြင်းအဖြစ် သမိုင်းတွင် မလွှဲသာမရှောင်သာ မှတ်တမ်းတင်ရမည်ဖြစ်သည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ ရဲမျိုးဟိန်း၏ Don”t Give a Wild Beast a Taste of Blood ကို ဘာသာပြန်သည်။ ရဲမျိုးဟိန်းသည် အမေရိကန် ပြည်ထောင်စု ငြိမ်းချမ်းရေး အင်စတီကျု [USIP] မှ ဧည့်ပညာရှင်နှင့် ဝီလ်ဆင်စင်တာတွင် သုတေသီ ဖြစ်သည်။)
You may also like these stories:
စစ်တပ်နဲ့ အပေါင်းအပါတွေအပေါ် နိုင်ငံတကာ ဒဏ်ခတ်မှုတွေ တိုးလာဦးမယ် (ရုပ်/သံ)
ယူကရိန်းကဲ့သို့ မြန်မာလည်း နိုင်ငံတကာအကူအညီများနှင့် ထိုက်တန်
အာဏာသိမ်း စစ်တပ် လူ့အခွင့်အရေး လေးစားလိုက်နာရန် နိုင်ငံတကာ သတိပေးထုတ်ပြန်
စစ်တပ်နှင့်ရဲ အကြမ်းဖက်မှုအပေါ် နိုင်ငံတကာက ရှုတ်ချ၊ တရုတ်နှင့် အာဆီယံ တိတ်ဆိတ်နေ
မြန်မာစစ်တပ်၏ အရပ်သားများအပေါ် အကြမ်းဖက်နေမှု “အယုတ်မာဆုံး လူမဆန်မှု”ဟု ကုလသမဂ္ဂပြော