စစ်ကောင်စီအဖွဲ့ဝင် ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကို အဂတိလိုက်စားမှုအတွက် နေအိမ်တွင် အကျယ်ချုပ်ဖမ်းဆီးထားသည်။ သူ၏ အဓိကလက်ထောက်များအနက် တဦးကို ဖမ်းဆီး စစ်ဆေးမှုနှင့် သူနှင့်အဆက်အသွယ်ရှိသော စီးပွားရေးလုပ်ငန်းရှင်များကို စစ်ဆေးမေးမြန်းပြီးနောက် ယခုကဲ့သို့ နေအိမ်အကျယ်ချုပ် ဖမ်းဆီး စစ်ဆေးခြင်းဖြစ်သည်။
မြင့်တက်နေသည့် ကုန်ဈေးနှုန်းနှင့် နိုင်ငံခြားငွေလဲနှုန်းကို ထိန်းချုပ်ရန် လှုပ်ရှားမှု တစိတ်တပိုင်းအဖြစ် စစ်ကောင်စီသည် ၎င်း၏ ကုန်သွယ်ရေးနှင့် ကုန်စည်စီးဆင်းမှုချောမွေ့ရေးကော်မတီကို ဦးဆောင်သူ ဗိုလ်ချုပ်ရန်နောင်စိုးအား လွန်ခဲ့သောအပတ်တွင် ဖမ်းဆီးခဲ့သည်။ ထိုအချိန်မှစတင်ပြီး စစ်ကောင်စီသည် ရာပေါင်းများစွာသော ပို့ကုန်သွင်းကုန်သမားများ၊ ဘဏ်လုပ်ငန်းရှင်များနှင့် မြဝတီဘဏ်နှင့် မြန်မာ့ စီးပွားရေးကော်ပိုရေးရှင်းကဲ့သို့သော စစ်တပ်ပိုင်လုပ်ငန်းများမှ အရာရှိများကိုပင် စစ်ဆေးမေးမြန်း နေသည်။
ထိုစစ်ဆေးမေးမြန်းမှုများအရ မိုးမြင့်ထွန်းသည် လွန်ခဲ့သော ၂ နှစ်အတွင်း စီးပွားရေးသမားများထံမှ လာဘ်ငွေ အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာ ရယူခဲ့ကြောင်း ပေါ်ပေါက်လာသည်။ ထိုစီးပွားရေးသမားများအနက်အချို့က ၎င်းတို့သည် သူ့ကိုတွေ့ဆုံခွင့်ရရေးသက်သက်အတွက်ပင် အနည်းဆုံး အမေရိကန်ဒေါ်လာ ၂၀၀၀၀ သို့မဟုတ် ထိုပမာဏနှင့် ညီမျှသည့် ရွှေနှင့် လက်ဆောင်များ ပေးရကြောင်း ဧရာဝတီသတင်းဌာနသို့ ပြောသည်။ ( ၇၅၀ မီလီလီတာ တပုလင်းလျှင် အမေရိကန်ဒေါ်လာ ၄၀၀၀ တန်ကြေးရှိ Louis XIII cognac ကော့ညက်အရက်ကို လွန်စွာ သဘောကျကြောင်းလည်း သိရသည်။)
မြန်မာစစ်တပ်တွင် နံပါတ် ၆ အဆင့်ရှိသူ မိုးမြင့်ထွန်းသည် မြန်မာ့စီးပွားရေးကို ကြီးကြပ်ရပြီး မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) နှင့် နိုင်ငံခြားငွေကြီးကြပ်မှုကော်မတီ (FESC) တို့၏ ဥက္ကဋ္ဌ ဖြစ်သည်။ FESC သည် ဒေါ်လာမလုံလောက်မှုကို တုံ့ပြန်ရန် စစ်ကောင်စီက ဖွဲ့စည်းထားသည့် အဖွဲ့ဖြစ်ပြီး မြန်မာဗဟိုဘဏ်ကို ထိန်းချုပ်သည်။
မိုးမြင့်ထွန်းနှင့်ပတ်သက်ပြီး အစိုးရသက်သေအဖြစ် လုပ်ကိုင်စေရန် ရန်နောင်စိုးကို လွှတ်ပေးသည်။ ရန်နောင်စိုးသည် ကုန်သွယ်ရေးနှင့် ဆက်စပ်ကိစ္စများအတွက် မိုးမြင့်ထွန်း၏ ကြီးကြပ်မှုအောက်တွင် လုပ်ကိုင်ရသူဖြစ်သည်။
စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်သည် သူ့တပည့်ရင်း မိုးမြင့်ထွန်း ပါဝင်ပတ်သက်နေသည့် အဂတိလိုက်စားမှု အရှုပ်တော်ပုံကြောင့် အရှက်ကွဲသွားသည်။ မိုးမြင့်ထွန်းသည် မင်းအောင်လှိုင်ကို ဆက်ခံမည့်သူ ဆိုသည့် ခန့်မှန်းပြောဆိုမှုများပင် ရှိခဲ့ဖူးသည်။
မင်းအောင်လှိုင်ထက် ၁၀ နှစ်ငယ်ပြီး အသက် ၅၅ နှစ်ရှိ မိုးမြင့်ထွန်းသည် စစ်ကောင်စီခေါင်းဆောင်ကို အမှန်တကယ် ယုံကြည်သူဖြစ်ပြီး မင်းအောင်လှိုင်၏ ယုံကြည်မှု ရသောကြောင့် ထူးချွန်သော စစ်ရေး အုပ်ချုပ်ရေး အရည်အချင်း မှတ်တမ်း မရှိသော်လည်း ရာထူး အတက်မြန်လာသည်။ သူသည် အသက်အငယ်ဆုံး စစ်ကောင်စီဝင်ဖြစ်လာပြီး စစ်ကောင်စီထိန်းချုပ် MIC နှင့် FESC တွင် အကျိုးအမြတ်များသည့် ရာထူးများ ရခဲ့သည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ General Close to Myanmar Junta Boss Placed Under House Arrest, Interrogated for Corruption ကို ဘာသာပြန်သည်။)
You may also like these stories:
ရွှေဗျိုင်းဖြူပိုင်ရှင် ဦးသိန်းဝင်းဇော် ထိန်းသိမ်းခံရ
လာဘ်စားမှုနှိမ်နင်းရေးမှာ မိုးမြင့်ထွန်း မပါဘူးလား
ကုန်သွယ်ရေး တာဝန်ခံ ဗိုလ်ချုပ်ရန်နောင်စိုးနှင့် စီးပွားရေးသမားတချို့ စစ်ဆေးခံနေရ
မင်းအောင်လှိုင်ကိုသာ ဖြုတ်လဲပါ