စစ်ကောင်စီဖွဲ့စည်းထားသည့် ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှု မှန်ကန်မြန်ဆန်စေရေးဗဟိုကော်မတီ အတွင်းရေးမှူး ဗိုလ်ချုပ် ရန်နောင်စိုးနှင့် ကုန်သည်စက်မှုအသင်းချုပ် ( UMFCCI ) မှလုပ်ငန်းရှင်ကြီးအချို့တို့အား စစ်ကောင်စီက နေပြည်တော်တွင် ဖမ်းဆီး စစ်ဆေးနေကြာင်း သတင်းရရှိသည်။
ဗိုလ်ချုပ် ရန်နောင်စိုးအား ပြီးခဲ့သည့် ၄ ရက်ခန့်ကတည်းက ဖမ်းဆီးထားခြင်းဖြစ်ပြီး မိသားစုကိုပါ စစ်ဆေးနေကြောင်း၊ အလားတူကုန်သည်ကြီးများထဲတွင် စက်သုံးဆီ တင်သွင်းရောင်းချသူများ၊ စားအုန်းဆီ တင်သွင်းရောင်းချသူများနှင့် ပြောင်းကုန်သည်ကြီးများပါဝင်ပြီး ရန်ကုန်မှ နေပြည်တော်ကို ခေါ်ယူစစ်ဆေးနေခြင်းဖြစ်ကြောင်း ဧရာဝတီသတင်းရင်း မြစ်အချို့က ဆိုသည်။
ဧရာဝတီသတင်းရင်းမြစ်တဦးက “လောလောဆယ်တော့ နာမည်ကြီးနေတဲ့ ဆန်၊ ဆီနဲ့ ပြောင်းအချို့ပေါ့။ ပြောင်းကျတော့ ကုန်ဈေးနှုန်းနဲ့ မဆိုင်ဘဲ တရားမဝင် ကုန်သွယ်ရေးနဲ့ စကားပြောတာပေါ့။ ဆန်တို့ ဆီတို့ကျတော့ မတရားကြီးဈေးတွေ မြင့်တက်နေတယ်ဆိုပြီးတော့ ဈေးနှုန်းကျဆင်းရေးဆိုပြီး အဲဒီလိုလုပ်တယ်။ နောက်ပိုင်း ထင်တာကတော့ အသားငါး ကဏ္ဍ တွေလည်း ပါလာမယ်ထင်တာပဲ။ အသားငါး ထုတ်လုပ်တဲ့သူတွေ၊ ကြက်ဥ ထုတ်လုပ်တဲ့သူတွေ ပါလာမလား ဆိုပြီး တွေးနေကြရတယ်” ဟုပြောသည်။
ထိုသို့စစ်ဆေးခံရမည်ကို စိုးရိမ်သဖြင့် စီးပွားရေးလုပ်ငန်းရှင်တချို့လည်း ပြည်ပသို့ ရှောင်တိမ်းထွက်ခွာမှုများ ပြုလုပ်နေရာ ပြီးခဲ့သည့် ရက်ပိုင်းက ပို့ကုန်သွင်းကုန် ကုမ္ပဏီ ၂၂ ခုမှ ဒါရိုက်တာများ၏ နိုင်ငံကူး လက်မှတ်( Passport ) စာအုပ်များအား ပြည်ပထွက်ခွာခွင့် ပိတ်ပင်ထားကြောင်း၊ အဆိုပါ နိုင်ငံကူးလက်မှတ် ပိတ်ခံထားရသည့် ကုမ္ပဏီများထဲတွင် ဆောက်လုပ် ရေးလုပ်ငန်းသုံး သံနှင့် ဆေးပစ္စည်းတင်သွင်းသည့်ကုမ္ပဏီ၊ ဆန်တင်ပို့သည်ကုမ္ပဏီများပါဝင်သည်ဟု ကုန်သည်အချို့က ဆိုသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် အမေရိကန်ဒေါ်လာနှင့် မြန်မာကျပ်ငွေလဲနှုန်းသည် တနှစ်ထက် တနှစ် စံချိန်တင် ဈေးတက်လာခဲ့သဖြင့် ပြည်ပမှတင်သွင်းသော စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများလည်း ဈေးတက်လာခဲ့သည်။ လက်ရှိအချိန်တွင် စားအုန်းဆီဈေးမှာ စံချိန်တင်မြင့်တက်လာခဲ့ပြီး ပစ္စည်း ပြတ်လပ်သည့်အထိ ဖြစ်နေခဲ့သည်။
လက်ရှိ စီးပွားရေး လုပ်ငန်းရှင်များ ခေါ်ယူစစ်ဆေးနေမှုနှင့် ပတ်သက်၍ အမည်မဖော်လိုသည့်ကုန်သည်ကြီး တဦးက “ခေါ်သွားတာတွေကလည်း ထင်ထင်ရှားရှား မဟုတ်ဘူး။ လုံးဝဖမ်းသွားတယ်လို့ ပြောမရ သလို မဟုတ်ဘူးလို့လည်း မပြောနိုင်ဘူး၊ ကုန်သွယ်ရေးနဲ့ ပတ်သက်လို့ စစ်ဆေးဖို့ အဓိကတော့ ကုန်ဈေးနှုန်း ကျဆင်းရေးပါပဲ” ဟု ဧရာဝတီသို့ပြောသည်။