အီလွန်မတ်စ်ပိုင် X ရဲ့ AI Chatbot Grok က အမျိုးသမီးနဲ့ ကလေးငယ် ဓာတ်ပုံတွေကို ပိုင်ရှင်ရဲ့ ဆန္ဒမပါဘဲ ပြုပြင်ခဲ့မှုကို ဥရောပ သမဂ္ဂ (EU) က စစ်ဆေးနေပြီး Grok နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ၂၀၂၆ နှစ်ကုန်ထိ သိမ်းဆည်းထား ဖို့ အမိန့် ချမှတ်လိုက်ပါတယ်။
Grok ဟာ အမျိုးသမီးတွေနဲ့ အသက် မပြည့်သေးတဲ့ ကလေးငယ်တွေရဲ့ ဓာတ်ပုံတွေကို ပုံတင်သူရဲ့ ဆန္ဒမပါဘဲ Comment မန့်သူတွေ တောင်းဆိုတဲ့ အတိုင်း ဝတ်လစ္စလစ် အနေအထားထိ ဖြစ်အောင် ပြုပြင်ခဲ့တာ ဖြစ်ပြီး ဖြစ်ရပ်ပေါင်း ဒါဇင်နဲ့ ချီ ရှိခဲ့တယ်လို့ သိရပါတယ်။
ဖြစ်ရပ်တခုမှာ ဆိုရင် AI Chatbot Grok က “အသုံးပြုသူ တယောက်ရဲ့ ခိုင်းစေမှုကြောင့် ၂၀၂၅ ဒီဇင်ဘာ ၂၈ ရက်နေ့မှာ အသက် ၁၂ နှစ်နဲ့ ၁၆ နှစ်ကြား အမျိုးသမီးငယ် နှစ်ယောက်ရဲ့ပုံကို လိင်ပိုင်းဆိုင်ရာ ပြုပြင်ခဲ့တဲ့ မတော်တဆမှု အတွက် တကယ်ကို နောင်တရပါတယ်” လို့ ပြန်လည် တောင်းပန်ခဲ့ပါ သေးတယ်။
Grok ရဲ့ လုပ်ရပ်အတွက် ဝေဖန်မှုတွေ မြင့်တက်ခဲ့ပေမယ့် အီလွန်မတ်စ်ကတော့ ဘီကီနီ ဝတ်ဆင်ထားတဲ့ သူကိုယ်တိုင် ရဲ့ပုံ အပါအဝင် နာမည်ကြီး ပုဂ္ဂိုလ်တွေရဲ့ AI-edit ပုံတွေကို ရယ်နေတဲ့ emoji နဲ့ အပျော်သဘော တုံ့ပြန်ခဲ့သေးပါတယ်။
ဆွီဒင်နိုင်ငံရဲ့ ဝန်ကြီးချုပ်ပုံ ကိုလည်း Grok အသုံးပြုသူ တယောက်က Prompt ရေးသားတောင်းဆိုမှု ပြုလုပ်ခဲ့ပြီး တဲ့နောက် AI နဲ့ ထုတ်ထားတဲ့ ပုံတွေဟာ လက်ခံနိုင်စရာ မရှိကြောင်း ဆွီဒင်နိုင်ငံက ဝေဖန်ခဲ့ပါတယ်။
EU က Grok နဲ့ပတ်သက်လို့ စစ်ဆေးနေပြီး X ရဲ့ ပူးပေါင်းလိုက်နာမှု အပေါ် သံသယ ရှိတာကြောင့် အချက်အလက်နဲ့ လည်ပတ် လုပ်ဆောင်ပုံတွေကို ဖျက်မပစ်ဘဲ ၂၀၂၆ နှစ်ကုန်ထိ သိမ်းဆည်းထားဖို့ အမိန့် ချမှတ်လိုက်တာ ဖြစ်တယ်လို့ EU ပြောရေးဆိုခွင့်ရှိသူ Thomas Regnier က ပြောပါတယ်။
အဆိုပါ ဖြစ်ရပ်များနဲ့ ပတ်သက်ပြီး X ကို မှတ်ချက်ပေးဖို့ ဆက်သွယ်ခဲ့ပေမယ့်လည်း ငြင်းဆိုခဲ့ပါတယ်။
Ref : Reuters, ABC














