ဘာမဆိုလုပ်ရဲသည်ဟု ပြောကတည်းက မင်းအောင်လှိုင် ခေါ် သာဝတယောက် မိုက်လုံးကြီးမှန်း သိသာ၏။ ထိုစကားမျိုးသည် လူလိမ္မာတယောက်၊ ပညာတတ်တယောက်၊ ဆင်ခြင်တုံတရားရှိသူတယောက် ပြောသည့် စကားမျိုး မဟုတ်ပေ။ ဘာမဆိုလုပ်ရဲသည်ဟု ဆိုကတည်းက ကောင်းတာရော၊ ဆိုးတာရော၊ မှန်တာရော၊ မှားတာရော အကုန်လုပ်ရဲသည်ဟု အဓိပ္ပာယ်ထွက်နေသည်။ ဘာမဆိုလုပ်ရဲသည်ဟူသည့် စကားသည် လူမိုက်တယောက်၊ လူ့အန္ဓတယောက်၊ ပညာမဲ့တယောက်၏ စကားဖြစ်၏။ သို့သော်လည်း ဘာမဆို လုပ်ရဲသည်ဆိုသည့် သာဝတယောက် ဘာမှမလုပ်တတ်သည်က ခက်နေ၏။
သာဝနှင့် ငွေကြေးဖောင်းပွမှု
ဘာမဆိုလုပ်ရဲသော သာဝတယောက် အာဏာသိမ်းပြီးနောက် မြန်မာငွေကြေးဖောင်းပွမှုက ထိန်းမရတော့။ တဒေါ်လာ ၁,၃၀၀ ကျော်မှ ၃,၅၀၀ ဖြစ်သွားသည်။ ရွှေဈေး ၁၁ သိန်းမှ ၃၇ သိန်းဝန်းကျင် ဖြစ်သွား၏။ ငွေကြေးဖောင်းပွမှုနှင့်အတူ ကုန်ဈေးနှုန်းများ ကြီးမြင့်သွား၏။ လွတ်လပ်သော ငွေကြေးဈေးကွက်ကို ဖျက်သိမ်းပြီး နိုင်ငံခြားငွေဈေးကို ချုပ်ကိုင် သတ်မှတ်သည်။
သတ်မှတ်ဈေးဖြင့် ကုန်သည်များ၏ နိုင်ငံခြားငွေများကို သိမ်း၏။ နိုင်ငံခြားငွေလဲသူများကို အမြတ်ကြီးစားများ၊ မှောင်ခိုသမားများ၊ တိုင်းပြည်ဖျက်ဆီးသူများအဖြစ် စွပ်စွဲဖမ်းဆီးသည်။ နိုင်ငံခြားငွေဈေး သုံး၊ လေးမျိုး ဖြစ်နေသည်ကိုပင် ဧရာမ တီထွင်မှုကြီးသဖွယ် ဆိုခဲ့သေး၏။ သို့သော် ဘယ်အရာမှ မအောင်မြင်ခဲ့။
သုံးနှစ်နီးပါး ထင်ရာစိုင်းပြီးသကာလ နောက်ဆုံးတွင် ငွေကြေးဈေးကွက်ကို လွတ်လပ်သည့် ငွေကြေးဈေးကွက်အဖြစ် ပြန်သတ်မှတ်ပေးလိုက်ရ၏။ ဖွင့်ပေးခါစက အတန်ငယ် တည်ငြိမ်နေသေးသော်လည်း အတန်ငယ်ကြာသောအခါ ငွေဈေးက တအိအိ ပြန်တက်နေသည်။ သာဝ ဘာလုပ်ဦးမလဲ မပြောတတ်။ စိတ်ရူးပေါက်သလို ထလုပ်တတ်သည်ဖြစ်ရာ နှုန်းရှင် အမြဲဖွင့်ပေးထားမည်ဟု ယုံကြည်၍ မရပေ။ သေချာသည်က မလုပ်ရဲတာ ဘာမှမရှိသည့် သာဝ မလုပ်တတ်သည်ကတော့ သေချာ၏။
သာဝနှင့် ကုန်သွယ်ရေး
ပို့ကုန်ရသလောက်ဝင်ငွေနှင့် သွင်းကုန်ပြန်သွင်းလျှင် ကုန်သွယ်ရေးလိုငွေ မရှိဟူသော စီးပွားရေးနှင့် ပတ်သက်သည့် လူပြိန်းအသိဖြင့် သာဝတယောက် တိုင်းပြည်စီးပွားရေးကို စီမံခန့်ခွဲသည်။ ကားသွင်းခွင့် အပါအဝင် နိုင်ငံခြားကုန်ပစ္စည်း တင်သွင်းခွင့်များ ကန့်သတ်သည်။
မြန်မာပြည် အနေအထားအရ နေ့စဉ်သုံး ပစ္စည်းများမှအစ၊ သယ်ယူပို့ဆောင်ရေးယာဉ်များ၊ စက်သုံးဆီများ အလယ်၊ မရှိမဖြစ် ဆေးဝါးအဆုံး နိုင်ငံခြားမှ တင်သွင်းရသည့် တိုင်းပြည်ဖြစ်ရာ နိုင်ငံခြားမှ တင်သွင်းရသည့် ပစ္စည်းအားလုံး ပစ္စည်းရှား၊ ဈေးတွေကြီးပြီး မှောင်ခိုခေတ် ပြန်ရောက်သည်။
မြန်မာပြည် အနေအထားအရ နေ့စဉ်သုံး ပစ္စည်းများမှအစ၊ သယ်ယူပို့ဆောင်ရေးယာဉ်များ၊ စက်သုံးဆီများ အလယ်၊ မရှိမဖြစ် ဆေးဝါးအဆုံး နိုင်ငံခြားမှ တင်သွင်းရသည့် တိုင်းပြည်ဖြစ်ရာ နိုင်ငံခြားမှ တင်သွင်းရသည့် ပစ္စည်းအားလုံး ပစ္စည်းရှား၊ ဈေးတွေကြီးပြီး မှောင်ခိုခေတ် ပြန်ရောက်သည်။
ထို့ကြောင့်လည်း မြန်မာစစ်ဗိုလ်များ စီးပွားရေးနှင့် ပတ်သက်လျှင် အိမ်ဆိုင်ကုန်စုံဆိုင်ကိုပင် စီမံခန့်ခွဲမှု မလုပ်တတ်ဟု စင်ကာပူတို့က ပြောခြင်းဖြစ်၏။ သေချာသည်က ဘာမဆိုလုပ်ရဲသော သာဝတယောက် ကုန်သွယ်ရေးလည်း မလုပ်တတ်။
သာဝနှင့် လောင်စာဆီ
မြန်မာပြည်၏ သယ်ယူပို့ဆောင်ရေးအတွက် လိုအပ်သည့် လောင်စာဆီ ရာခိုင်နှုန်း အများစုက ပြည်ပမှ တင်သွင်းရသည်။ နိုင်ငံခြားငွေနှင့် ဝယ်ရ၏။ သာဝက နိုင်ငံခြားငွေ ဖြတ်တောက်ရန် ကြိုးစားသည်။ သူကြိုးစားသည်နှင့် ဆီပြတ်လပ်သည်။ ဆီဆိုင်များတွင် ကားများ၊ ဆိုင်ကယ်များ ကြိတ်ကြိတ်တိုး ဖြစ်ကုန်၏။ ရုပ်ပျက်ဆင်းပျက် ဖြစ်သည့်အပြင် စီးပွားရေး၊ လူမှုတည်ငြိမ်ရေးပါ ထိခိုက်လာသဖြင့် ပြန်လက်လျှော့ရပြန်သည်။
သို့သော်လည်း မူက တသမတ်တည်း မဟုတ်တော့။ လောင်စာဆီက ပြတ်လိုက်၊ ရုတ်ရုတ်သည်းသည်း ဖြစ်လိုက်၊ ပြန်ဖွင့်လိုက်ဖြင့် ဝရုန်းသုန်းကားဖြစ်နေ၏။ လောင်စာဆီအခြေအနေက အရူး လင်လုပ်ရသလို ဖြစ်နေသည်။
‘ကြက်မတွန်၍ မိုးမလင်း’ ဟု စွပ်စွဲခဲ့သည့် လူထုက ရွေးကောက်တင်မြှောက်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်က ဓာတ်ဆီဆိုင်များက ဆီလာထည့်သူများကို ရေသန့်ဘူးပေး၍၊ လုံချည်ပေး၍၊ လက်ဆောင်ပစ္စည်းပေး၍ ဝယ်သူကို ဆွဲဆောင်ရ၏။ ဆိုင်ကြီးများဆိုလျှင် မော်တော်ကား ကံစမ်းမဲပင်ဖောက်၍ ဆွဲဆောင်ရ၏။
ကြက်ဖကြီး သာဝ တွန်သည့်အခါတွင်မှ ဆီဆိုင်များတွင် ဆီပြတ်ပြီး ညအိပ်စောင့်ရသည်။ အပေါ့အပါးသွားဖို့ ဘူးပင် ဆောင်လာရသည်။ ညအိပ်စောင့်ဖို့ ခြင်ထောင်ယူလာရ၏။ လောင်စာဆီကိစ္စလည်း သာဝ မလုပ်တတ်သည်က သေချာ၏။
သာဝနှင့် လျှပ်စစ်မီး
သမ္မတ ဦးသိန်းစိန် လက်ထက်ကပင် လျှပ်စစ်မီးကို အလှည့်ကျပေးရသည်။ ကြက်မတွန်၍ မိုးမလင်းဟု ဆိုခဲ့သော်လည်း လူထုက ရွေးကောက်တင်မြှောက်ခဲ့သည့် NLD အစိုးရလက်ထက်က ရန်ကုန်၊ မန္တလေးမြို့ကြီးများတွင် လျှပ်စစ်မီး မှန်မှန်ရခဲ့သည်။ မီးစက်မလို၊ အင်ဗာတာမလို၊ ဆိုလာ တပ်စရာမလိုခဲ့။ လျှပ်စစ်နှင့်ပတ်သက်ပြီး လူထုတွင် အပိုကုန်စရာ မလိုခဲ့ပေ။
ယခု ကြက်ဖကြီးတွန်သည့် သာဝလက်ထက်တွင် ရန်ကုန်မြို့တွင်ပင် လျှပ်စစ်မီး မလာ။ အလှည့်ကျ ပုံမှန်ပျက်နေသည်။ တတ်နိုင်သူများက မီးစက်၊ အင်ဗတာ၊ ဆိုလာတို့ဖြင့် အပိုကုန်ရသည်။ မတတ်နိုင်သူများ ဖယောင်းတိုင်ဖြင့် ယပ်ခတ်နေကြရ၏။ မီးစက်ဝယ်နိုင်သူတောင် လောင်စာဆီဝယ်ဖို့ မလွယ်ကူကြပေ။
သာဝကမူ သူပုန်များ၊ အဖျက်သမားကြောင့် မီးပြတ်သည်ဟု လွှဲချသည်။ ဦးသိန်းစိန် မြစ်ဆုံဆည် မဆောက်ခဲ့၍ဟု အပြစ်တင်သည်။ တကယ်တော့ NLD အစိုးရလက်ထက်က လျှပ်စစ်ထုတ်လုပ်မှုမှာ မီဂါဝပ် ၄,၀၀၀ ကျော်ရှိ၏။ သာဝခေတ်တွင် မီဂါဝပ် ၂,၅၀၀ ခန့်သာ ထုတ်လုပ်နိုင်သည်။
သဘာဝဓာတ်ငွေ့ဖြင့် လျှပ်စစ်ထုတ်လုပ်မှုများကို နိုင်ငံခြားငွေဖြင့် မပေးနိုင်၍ သာဝတို့ခေတ်တွင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု လျော့ကျသွားသည်။ မီးမှန်မှန်လာသည့်ခေတ်မှ မီးမှန်မှန်ပျက်သည်ခေတ်သို့ ရောက်သွားသည်။ လျှပ်စစ်ရထား၊ လျှပ်စစ်ကားကို ပါးစပ်က တဖွဖွပြောနေသော်လည်း လျှပ်စစ် မထုတ်လုပ်တတ်ပေ။ သာဝအစွမ်း အံ့မခန်းဟု ဆိုရမည်။
သာဝနှင့် စစ်ရေး
DSA စစ်တက္ကသိုလ်ကျောင်းတော်ကြီးမှ ဆင်းလျှင် အကုန်လုပ်တတ်သည်ဟု ထင်နေကြသော်လည်း စီးပွားရေးလည်း မလုပ်တတ်၊ ကုန်သွယ်ရေးလည်း မလုပ်တတ်ပေ။ သို့သော်လည်း စစ်ဗိုလ်တွေမို့ ကျန်တာ မလုပ်တတ်ရင်လည်း စစ်ရောတိုက်တတ်လားဆိုတော့ ဘာမဆိုလုပ်ရဲသော သာဝ တယောက် စစ်လည်းမတိုက်တတ်သည်ကို တွေ့ရသည်။
ရန်ကုန်မြို့ လမ်းမပေါ်မှာ ‘သေရဲတဲ့ကောင်ထွက်ခဲ့’ ဟု သာဝ၏ တပည့်သားမြေးများက အော်ဟစ်ခဲ့ကြ၏။ လက်နက်မဲ့သူများကို ဗိုလ်ကျခဲ့ကြ၏။ ရမ်းကားခဲ့ကြ၏။ သို့သော်လည်း လက်နက်ကိုင်၍ ဗိုလ်ကျရမ်းကားသူကို တိုင်းပြည်အနှံ့မှ လူမျိုးစုံ ပြည်သူများက လက်နက်နှင့် တုံ့ပြန်ခဲ့ကြ၏။
လက်လုပ်သေနတ်၊ လက်လုပ်မိုင်းများဖြင့် အစပြုခဲ့ကြသည့် စစ်ကိုင်းတိုင်းအား အစပိုင်းက ခြောက်လနှင့် အပြတ်ရှင်းမည်ဟု သာဝတို့ ကြွေးကြော်ခဲ့ကြ၏။ ယခုတော့ စစ်ကိုင်းတိုင်းတွင်းက ကောလင်း၊ မော်လူး၊ ရွှေပြည်အေး၊ ခမ်းပါတ်မြို့များကို PDF များက သိမ်းပိုက်ထိန်းချုပ်ထားသည်။ စစ်ကိုင်းတိုင်းတွင်းရှိ စစ်တပ်၊ ရဲနှင့်ပျူစောထီးတို့ ပေါင်းနေသော အင်အား ၅၀ မှ ၁၀၀ ထိရှိသည့် စခန်းအတော်များများ သိမ်းပိုက်ခဲ့သည်။ မြို့များ၏ ဆက်သွယ်ရေးလမ်းကြောင်းများကို ထိန်းချုပ်ဖြတ်တောက်ထားနိုင်၏၊၊ မြို့များကို ခြိမ်းခြောက်ထားနိုင်သည်။
သာဝအစွမ်း အံ့မခန်းဟုဆိုရမည်။ သာဝ၏ စစ်ရေးအစွမ်းကြောင့် စစ်ကောင်စီတပ် အထိနာပြီး စတင် ပြိုကွဲနေပြီဖြစ်၏။ ရှမ်းပြည်မြောက်ပိုင်းကို ပြန်လည်ထိုးစစ်ဆင်ဖို့ဝေးစွ။ မေမြို့ ခေါ် ပြင်ဦးလွင်၌ပင်လျှင် ခံစစ်ပြင်နေရသည့်အခြေကို ဆိုက်နေပြီဖြစ်၏။
ချင်းပြည်နယ်တွင်လည်း တူမီးဖြင့် စတင်ခဲ့ကြသည့် ချင်းတော်လှန်ရေး အင်အားစုများသည် ယခုအခါ ရိဒ်ခေါဒါရ်၊ ရေဇွာ၊ လိုင်လင်းပီ၊ နှာရိန်းစသည့် မြို့များ၊ စခန်းများကို သိမ်းပိုက်နိုင်ပြီး ဆက်သွယ်ရေးလမ်းများကို ဖြတ်တောက်ထိန်းချုပ်ကာ မြို့အားလုံးကို ခြိမ်းခြောက်ထားနိုင်၏။ ချင်းပြည်နယ်၏ နယ်မြေအများစုကို စိုးမိုးထားနိုင်၏။
အလားတူပင် တူမီးနှင့် စခဲ့ကြသည့် ကရင်နီပြည်နယ်တွင်လည်း မယ်စဲ့၊ မိုးဗြဲ၊ ဖယ်ခုံမြို့များကို ထိန်းချုပ်ထားနိုင်ပြီး ဆက်သွယ်ရေးလမ်းကြောင်း အားလုံးကို ဖြတ်တောက် စိုးမိုးထားနိုင်သည်။ ပြည်နယ်မြို့တော် လွိုင်ကော်၏ ဧရိယာအများစုကို ထိန်းချုပ်ထားနိုင်သည်။ သာဝ၏ တပ်များသည် ပြည်နယ်မြို့တော် အပါအဝင် ကရင်နီပြည်နယ် နယ်မြေအများစုကို အုပ်ချုပ်နိုင်ခြင်း မရှိတော့။ ကရင်နီနယ်မြေတွင် သာဝ စစ်သားအလောင်းပုံများ မကြာခဏတွေ့နေရသည်။
ဤနယ်မြေသုံးခုတွင် အများစုသည် နွေဦးတော်လှန်ရေးကာလတွင်မှ လက်နက်ကိုင်ကြသည့် အင်အားစုများ ဖြစ်သည်။ သုံးနှစ်ပင် မပြည့်တတ်ကြသေးပေ။ လက်နက်ခဲယမ်းပင် စုံလင်အောင် တပ်ဆင်နိုင်ခြင်း မရှိသေးပေ။ ထိုအင်အားစုများကို မြန်မာပြည်တွင်ရှိသည့် တခုတည်းသော တောင့်တင်းသည့် အင်စတီကျူးရှင်းဟုဆိုသော သာဝ၏ မြန်မာစစ်တပ်က အနိုင်ယူနိုင်ခြင်းမရှိ၊ စခန်းတွေ စွန့်နေရသည်။ မြို့တွေ လက်လွှတ်နေရသည်။ ဆက်သွယ်ရေးလမ်းကြောင်းများ မထိန်းသိမ်းနိုင်ကြတော့။ သာဝတို့ စစ်လည်း မတိုက်တတ်ကြ၊ မတိုက်ရဲကြတော့ပေ။
သာဝတို့၏ စစ်ရေးအစွမ်းအစ အလွန်အမင်း ညံ့ဖျင်းသည်ကို ပြသသည်ကတော့ ရှမ်းမြောက်နှင့် ရခိုင် ဆင်နွှဲခဲ့သည့် မြောက်ပိုင်းသုံးဖွဲ့နှင့် သူ၏မဟာမိတ်များ၏ ၁၀၂၇ စစ်ဆင်ရေး ဖြစ်သည်။ အချိန် နှစ်လကျော်ခန့်အတွင်း ရှမ်းမြောက်တွင် စခန်းပေါင်း ၃၀၀ ကျော်နှင့် မြို့ ၁၆ မြို့ခန့် စွန့်လွှတ်ခဲ့ရသည်။ ရခိုင်တွင် စခန်းပေါင်း ၁၅၀ ခန့် စွန့်လွှတ်ခဲ့ရပြီး မြောက်ဦး၊ ပေါက်တော၊ မင်းပြား၊ ရမ်းဗြဲမြို့များတွင် တိုက်ပွဲဖြစ်ပွားနေ၏။
ရှမ်းမြောက်တွင် တပ်မ ၉၉ တပ်မမှူး ဗိုလ်မှူးချုပ် တိုက်ပွဲကျ၏။ တပ်မ ၁၀၁ တပ်မမှူး ဗိုလ်မှူးချုပ် သုံ့ပန်းအဖြစ် အဖမ်းခံရ၏။ လောက်ကိုင် ဒကစမှူး၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ ဥက္ကဋ္ဌ၊ စကခ ၁၂ မှူး၊ စကခ ၁၄ မှူး၊ စကခ ၁၆ မှူး၊ တပ်မ ၅၅ မှူး ဗိုလ်မှူးချုပ် ခြောက်ဦး အပါအဝင် အရာရှိစစ်သည် ၂,၄၀၀ ခန့်နှင့် မိသားစုဝင် ၁,၆၀၀ လက်နက်ချရသည်။
တဖန် သတင်း မထုတ်ပြန်သော်လည်း ဟိုပန်၊ ပန်လုံဒေသရှိ စကခ ၁ မှူး ဗိုလ်မှူးချုပ်အဆင့်ဦးစီး အင်အား ၁,၀၀၀ နီးပါးခန့်မှာလည်း လက်နက်ချပြီး လားရှိုးသို့ ပြန်ဆုတ်ရသည်။ ယခုအချိန် မူဆယ်တွင် စကခ ၇ မှူး၊ အသစ်ခန့်သည့် တပ်မ ၉၉ မှူး ဗိုလ်မှူးချုပ် နှစ်ဦးနှင့် အင်အားအချို့ ရှိနေသည်။ သာဝ၏ ပြောင်မြောက်သည့် စစ်ဗျူဟာအစွမ်းကြောင့် ထိုဗိုလ်မှူးချုပ်နှစ်ယောက်နှင့် စစ်တပ်များသည် ရှမ်းမြောက်အစွန် တရုတ်နယ်စပ်တွင် အထီးတည်း ပိတ်ဆို့ခံထားရပြီး နောက်ဆုံးအချိန်ကို စောင့်နေရသည်။
လောလောဆယ် ရှမ်းမြောက်ရှိ ဗိုလ်မှူးချုပ်အဆင့်များထဲမှ တယောက်သေ၊ တယောက်သုံ့ပန်း၊ ခုနစ်ယောက် လက်နက်ချပြီး နှစ်ယောက် အဝိုင်းခံထားရသည်။ လားရှိုးရှိ ဒုတိုင်းမှူးနှင့် တိုင်းစစ်ဦးစီးအရာရှိချုပ် တာဝန်ယူထားသည့် ဗိုလ်မှူးချုပ် နှစ်ဦးအပြင် ဗိုလ်ချုပ်အဆင့် တိုင်းမှူး၊ ဒုတိယ ဗိုလ်ချုပ်ကြီးအဆင့် ကစထမှူးတို့လည်း သက်သောင့်သက်သာ အနေအထား မရှိတော့ပေ။ ယတြာချေလိုက်၊ ပရိတ်ရွတ်လိုက်နှင့် ဘုရားတနေကြပုံရ၏။
ယခင် တပ်ရင်းမှူးအဆင့် ဒုတိယ ဗိုလ်မှူးကြီးတယောက် CDM လုပ်စဉ်က သာဝ တပည့်ဖြစ်သူ ဗိုလ်ချုပ် ဇော်မင်းထွန်း (အရပ်ပြည်သူအခေါ် ဇော်မဲလုံး) က ဒီလိုအဆင့်တွေ သူတို့၏ စစ်တပ်တွင် အများကြီးရှိပါသည်ဟု ဆိုဖူးသည်။ ယခု ဗိုလ်မှူးချုပ်များ သေကြေ၊ သုံ့ပန်းဖြစ်သည့်အပြင် လက်နက်ချရသည့် အချိန်အခါတွင်လည်း ၎င်းတို့တပ်တွင် ဗိုလ်ချုပ်တွေ ပေါပါသည်ဟု ထပ်၍ဆိုနိုင်သည်။ သာဝ၏ စစ်တပ်တွင် ဗိုလ်ချုပ်ဆိုသည်က လမ်းဘေး ပိုင်ရှင်မဲ့ခွေးထက် များနိုင်၏။ သာဝ၏ စစ်တပ်က နောက်လိုက်မရှိသည့် ဗိုလ်တထောင်တပ် ဖြစ်ပုံရ၏။
လက်ရှိ မြန်မာပြည်တပြည်လုံးတွင် မြို့ကြီးမြို့ငယ် စုစုပေါင်း ၂၅ မြို့မှ ၃၀ ကြားအား သာဝတို့ လက်လွှတ်ထားရသည်။ တပြည်လုံးတွင် စခန်းပေါင်း ၅၅၀ ခန့် စွန့်လွှတ်ခဲ့ပြီဖြစ်၏။ သာဝ စစ်တပ်၏ တိုက်ခိုက်ရေးအင်အား သုံးပုံ နှစ်ပုံခန့်မှာလည်း အထိနာနေပြီး တပ်အားလုံးမှာလည်း တပ်ပမ်းနေပြီဖြစ်၏။ အဓိက ဆက်သွယ်ရေးလမ်းကြောင်းများ အပါအဝင် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများ၊ နယ်စပ်ကုန်သွယ်ရေး စခန်းများ၊ မြို့များကို ထိန်းချုပ်နိုင်ခြင်း မရှိတော့။
သာဝအစွမ်း အံ့မခန်းဟုဆိုရမည်။ သာဝ၏ စစ်ရေးအစွမ်းကြောင့် စစ်ကောင်စီတပ် အထိနာပြီး စတင် ပြိုကွဲနေပြီဖြစ်၏။ ရှမ်းပြည်မြောက်ပိုင်းကို ပြန်လည်ထိုးစစ်ဆင်ဖို့ဝေးစွ။ မေမြို့ ခေါ် ပြင်ဦးလွင်၌ပင်လျှင် ခံစစ်ပြင်နေရသည့်အခြေကို ဆိုက်နေပြီဖြစ်၏။
သေရဲတဲ့ကောင်ထွက်ခဲ့ဟူ၍ လက်နက်မဲ့ပြည်သူများကိုသာ ရမ်းကားရဲကြသည့် သာဝ၏ လူမိုက်သား လူရမ်းကားများသည်လည်း အပြေးပြေးအလွှားလွှား ဖြစ်နေကြ၏။ ကရင်၊ ကရင်နီပြည်နယ်တို့နှင့် ဆက်စပ်နေသည့် ထိုင်းနယ်စပ်ရှိ သာဝ တပည့်များက ထိုင်းထဲကို ထွက်ပြေး၍ ထိုင်းစစ်တပ်ထံ လက်နက်အပ်ရ၏။ ထိုင်းက သာဝထံ ပြန်ပို့ပေးရ၏။
အိန္ဒိယနယ်စပ်တွင်ရှိ သာဝ၏ တပည့်များက အိန္ဒိယနိုင်ငံအတွင်း ဝင်ပြေးကြသည်မှာ ငါးကြိမ်ရှိပြီဖြစ်၏။ အိန္ဒိယစစ်တပ်ထံ လက်နက်အပ်ကြရပြီး အိန္ဒိယအစိုးရက အစောပိုင်း အကြိမ်များတွင် ပြန်ပို့ပေး၏။ နောက်ပိုင်းအကြိမ်များတွင် စစ်သား ရာနှင့်ချီပြီး အုပ်လိုက်သင်းလိုက်ပြေးကြ၍ သာဝက လေယာဉ်လွှတ်ပြီး ခေါ်ရသည်။ “နောက်ကျသည့် ခြေထောက် သစ္စာဖောက်”၊ “ပြေးနိုင်မှ လွတ်မယ်ဟေ့” ဆိုသည်က သာဝ စစ်တပ်အတွက် ဆောင်ပုဒ်များ ဖြစ်သွားပုံရ၏။ သာဝတပည့်များ ပြေးကြသည့်မှာ နိုင်ငံရပ်ခြားပင်ရောက်ပြီး သမိုင်းတွင်သည်။
ဤသို့ဖြစ်သည်မှာ သိပ်တော့ မထူးဆန်းပေ။ စစ်အာဏာရှင်များသည် သူ့ကို ဆက်ခံမည့်သူ ရွေးသောအခါ သူ့အားနာခံမည့် ခပ်ညံ့ညံ့သူများ ရွေးလေ့ရှိကြသည်။ သို့မှသာ သူကိုမလှန်မှာ၊ သူကိုနာခံမှာဟု မှတ်ယူထားကြ၏။ ထက်မြက်သူ၊ အရည်အချင်းရှိသူဆိုလျှင် သူ့ကို ပြန်လှန်မည် စိုးကြ၏။
“စစ်ခွေး နိဂုံး ၂၀၂၃” ဟု ကြွေးကြော်ခဲ့စဉ်က လှောင်ပြောင်သရော်ခဲ့သည့် စစ်တပ်လော်ဘီများ ချုံးပွဲချ ငိုကြွေးနေကြသည်ကို လူမှုကွန်ရက်များတွင် တွေ့မြင်နေရသည်။ သာဝနှင့် စစ်တပ်ကို ခွေးကတက်မှ အလုပ်အကြွေးပြုနေသည့် နိုင်ငံရေးဇာတ်ပျက်များသည်လည်း လေသံပြောင်းသူပြောင်း၊ ထန်းလက်နှင့် ကာသူကာဖြင့် အိန္ဒြေပျက်နေပြီ ဖြစ်၏။
သာဝသည် စီးပွားလည်း မလုပ်တတ်သလို စစ်လည်း မတိုက်တတ်သည်ကို တွေ့ရ၏။ စစ်စခန်းများ ဆုံးရှုံးမှု၊ နယ်မြေဆုံးရှုံးမှု၊ မြို့များဆုံးရှုံးမှု၊ ဗိုလ်မှူးချုပ်အဆင့်များအပါ စစ်အင်အားထောင်ချီ လက်နက်ချမှု၊ တပ်ပြေးမှု၊ CDM လုပ်မှုများအပြင် စစ်အင်အား သေဆုံးဒဏ်ရာရမှုများနှင့် ပတ်သက်လျှင် သာဝ ကာကွယ်ရေးဦးစီးချုပ် လုပ်နေချိန်တွင် အဆိုးဝါးဆုံး စံချိန်တင်၏။ အညံ့ဖျင်းဆုံး ကာကွယ်ရေးဦးစီးချုပ်အဖြစ် မှတ်တမ်းဝင်သည်။
စစ်မတိုက်တတ်၍ စစ်ရှုံးနေသော၊ ဘာမဆိုလုပ်ရဲသော သာဝတယောက် ၂၀၂၄ နှစ်ဆန်းတွင် စစ်သံမပေးရဲ၊ လေသံ မမာရဲတော့ပေ။ သန်းခေါင်စာရင်း ကောက်မလိုလို၊ ရွေးကောက်ပွဲ လုပ်မလိုလို၊ အရမ်းကို ငြိမ်းချမ်းရေး လိုချင်သလိုလိုနှင့် အရူးကွက်နင်းနေသည်။
ယခင် ၂၀၀၈ အခြေခံဥပဒေအောက်တွင် စစ်ဗိုလ်အဆောင်အယောင်နှင့် လက်နက်ကလည်း တကိုင်ကိုင်နှင့်ဆိုတော့ လွှတ်တော်ထဲတွင် ၂၅ ရာခိုင်နှုန်း ပေးရ၊ ဒုသမ္မတ တနေရာနှင့် ဝန်ကြီး သုံးနေရာပေးရ၊ စစ်တပ်သဘောမတူလျှင် ဘာဥပဒေမှ ပြဌာန်း၍မရ၊ ဘယ်နိုင်ငံရေးဆွေးနွေးမှုမှ ပြုမရနှင့် စစ်တပ်ကို ချော့မော့ပေါင်းသင်း ဆက်ဆံနေရသည်။
ယခုတော့ ဟိတ်ဟန်လေးနှင့် ၂၅ ရာခိုင်နှုန်း ရနေသည်ကို ကျေနပ်တင်းတိမ်မှုမရှိဘဲ လောဘကြီးကာ အာဏာသိမ်းလိုက်သည့် သာဝတယောက် မြက်မြက်ကလေးရမလားလို့ ဆိုင်းထဲလိုက်ခါမှ နှဲကြီးတက်နင်းလို့ လျော်ရသည့်ဘဝသို့ ဆိုက်ပြီ။ ထိုင်နေလျှင် အကောင်းသား ထသွားမှ ကျိုးမှန်းသိသည့် အခြေသို့ ဆိုက်ပြီဖြစ်၏။
သို့ဖြစ်ရာ ယခုအခါ ၂၀၀၈ မလိုတော့။ သာဝတို့၏ စစ်တပ်ကို အာဏာဝေစု ခွဲပေးရန် လုံးဝ မလိုအပ်တော့။ ဟိတ်ဟန်တခွဲသားနှင့် ဖြဲခြောက်နေသည့် သာဝတို့ မြန်မာစစ်တပ်သည် အသုံးမဝင်သည့် အကျိုးမှန်း သိခဲ့ရပြီဖြစ်သည်။
သာဝ ဆက်ရှိဖို့ လိုသတဲ့
ဤသို့ဖြစ်သည်မှာ သိပ်တော့ မထူးဆန်းပေ။ စစ်အာဏာရှင်များသည် သူ့ကို ဆက်ခံမည့်သူ ရွေးသောအခါ သူ့အားနာခံမည့် ခပ်ညံ့ညံ့သူများ ရွေးလေ့ရှိကြသည်။ သို့မှသာ သူကိုမလှန်မှာ၊ သူကိုနာခံမှာဟု မှတ်ယူထားကြ၏။ ထက်မြက်သူ၊ အရည်အချင်းရှိသူဆိုလျှင် သူ့ကို ပြန်လှန်မည် စိုးကြ၏။
ထို့ကြောင့်အာဏာရှင်များသည် ဆက်ခံမည့်သူအား တပည့်များထဲမှ အညံ့ဆုံးလူကို ရွေးလေ့ရှိကြ၏။ သို့ဖြစ်ရာ နေဝင်းကလည်း သန်းရွှေကို ရွေးချယ်ခဲ့သကဲ့သို့ သန်းရွှေကလည်း သာဝကို ရွေးခဲ့၏။ သို့နှင့် ပို၍ ပို၍ ညံ့လာကြ၏။
အဖွဲ့အစည်းတခုတွင် အညံ့ဆုံး၊ အဖျင်းဆုံး လူတယောက် ထိပ်ဆုံးရောက်လျှင် ထိုအဖွဲ့အစည်း ပျက်စီးတော့သည်သာ ဖြစ်၏။ ယခုလည်း ဘာမဆို လုပ်ရဲပြီး ဘာမှ မလုပ်တတ်သော၊ စစ်ပင် မတိုက်တတ်သော စစ်ဗိုလ်တယောက်ဖြစ်သည့် သာဝ ထိပ်ဆုံးရောက်ချိန်တွင် မြန်မာစစ်တပ် စတင်ပြိုကွဲ အထိနာနေပြီဖြစ်၏။ စစ်ရေးအရအထိနာပြီး ပြင်ဦးလွင်တွင်ပင် ခံစစ်ပြင်နေရပြီ ဖြစ်သည်။
သို့ဖြစ်ရာ မြန်မာစစ်တပ် ဘုံးဘုံးလဲသည့်အချိန်အထိ ဘာမဆိုလုပ်ရဲပြီး ဘာမှ မလုပ်တတ်သည့်၊ စစ်လည်း မတိုက်တတ်သည့် သာဝတယောက် မြန်မာစစ်တပ်၏ထိပ်ဆုံး၌ ဆက်ရှိနေဖို့လိုသည်ဟု ပြောလျှင် ခင်မမ လွန်ရာကြသည်ဟု မထင်ကြစေလိုပါ။
You may also like these stories:
ငြိမ်ခံနေရင် တိုင်းပြည် တိုးတက်မယ်တဲ့လား
တန်းစီတိုးစားရတဲ့ သမဝါယမခေတ် ပြန်လာပြီ
မင်းအောင်လှိုင်ကိုသာ ဖြုတ်လဲပါ