ယခုတလော မြန်မာနိုင်ငံကို အကြိမ်ကြိမ် အာဏာသိမ်းခဲ့သော မြန်မာစစ်တပ် ခေါင်းဆောင်များနှင့် သူတို့၏နောက်လိုက်များ၊ စစ်တပ်လော်ဘီများ ကျယ်ကျယ်လောင် ပြောဆို ဝါဒဖြန့်နေသည်မှာ စစ်တပ်အာဏာသိမ်းသည်ကို ငြိမ်ခံနေလိုက်ရင် ဘာမှမဖြစ်ဘဲ အေးအေးဆေးဆေးနှင့် ပြီးသွားမည်ဟု ဆိုနေခြင်းဖြစ်၏။
ယနေ့တိုင်းပြည် ဆူဆူပူပူဖြစ်နေသည်မှာ စစ်တပ်အာဏာသိမ်းသည်ကို ငြိမ်မခံဘဲ တုံ့ပြန်နေမှုကြောင့် ဖြစ်၏၊ ‘စစ်ကိုခေါ်၍ စစ်လာသည်’ ဟု မြန်မာစစ်တပ်နှင့် သူ့လော်ဘီများက ဆိုကြသည်။ သူတို့ကို တိုက်ခိုက်မှုမရှိလျှင် ဤသို့သော စစ်ပွဲမရှိဟု ဆိုကြ၏။
ထို့ပြင် ဆူပူဆန္ဒပြမှုများ၊ နိုင်ငံခြား ပိတ်ဆို့မှုများကြောင့် စီးပွားရေး ကျပ်တည်းရ၏။ ဤသို့မဟုတ်လျှင် တိုင်းပြည်စီးပွားရေး အရမ်းကို တိုးတက်တော့မလိုလို စစ်တပ်နှင့် စစ်တပ်လော်ဘီများက ဆိုကြ၏။ အထူးသဖြင့် စစ်တပ်လော်ဘီများက ဒေသတွင်း စစ်တပ်အာဏာသိမ်းသည့် နိုင်ငံများကို လက်ညိုးထိုးလေ့ရှိကြ၏။ သို့သော် သူတို့သည် သူတို့ လက်ညိုးထိုးသည့် နိုင်ငံများကဲ့သို့ ချမ်းသာကြွယ်ဝအောင် သမိုင်းတလျှောက် လုပ်ဆောင်နိုင်ခြင်း မရှိခဲ့ကြပေ။
မြန်မာစစ်တပ်နှင့် ၎င်းတို့၏ လော်ဘီများသည် ခေတ်အဆက်ဆက် သူတို့၏ အုပ်ချုပ်ရေးညံ့ဖျင်းမှုကို ဖုံးကွယ်ပြီး သူတို့၏ အုပ်ချုပ်ရေး မအောင်မြင်ရသည်မှာ အခြားသူများကြောင့်ဟု လက်ညိုးထိုးလာသည်မှာ နေဝင်း၊ သန်းရွှေတို့ ခေတ်သာမက မင်းအောင်လှိုင် ခေတ်အထိပင် ဖြစ်၏။ ပြောရလျှင် သူခိုးက လူလိုဟစ်သည့် မြန်မာစစ်တပ်ဟု ဆိုရမည်။ မြန်မာစစ်တပ် အာဏာသိမ်းသည်ကို ငြိမ်ခံနေလိုက်ပါက တိုင်းပြည်ကောင်း၏ မကောင်း၏ သိလိုပါက မြန်မာစစ်တပ် အာဏာသိမ်းသည့် ကာလပိုင်းများကို ပြန်လည် ဆန်းစစ်ကြည့်နိုင်ပါသည်။
၁၉၆၂ ခုနှစ်မှ ၁၉၈၈ ခုနှစ်ထိ ၂၆ နှစ်တာကာလ
၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်နေ့တွင် စစ်တပ်အာဏာသိမ်းမှု စတင်ပါသည်။ ထို့စဉ်က လူထုဆန္ဒပြမှု၊ ကန့်ကွက်မှု မရှိပါ။ ထိုစဉ် အာဏာသိမ်းသည့်ကာလက မှတ်တမ်းဓာတ်ပုံများကို ကြည့်ပါက အေးအေးလူလူ အသွားအလာ မပျက်သည့် ရန်ကုန်လူထုကို တွေ့ရမည်ဖြစ်သည်။ ဇွန်၊ ဇူလိုင်မှ ရန်ကုန်တက္ကသိုလ် ကျောင်းသားဆန္ဒပြပွဲရှိ၏။ ထိုသို့ ဆန္ဒပြသည်မှာလည်း တက္ကသိုလ်နယ်မြေတွင်းသာ ဖြစ်၏။ ၇ ရက် ဇူလိုင် အရေးအခင်းမှလွဲ၍ ၁၉၆၂ ခုနှစ် စစ်တပ်အာဏာသိမ်းသည်ကို ပြင်းပြင်းထန်ဆန့်ကျင်သည့် လူထုဆန္ဒပြပွဲကြီးများ မရှိဟု ဆိုရမည်။
ထို့ပြင် နိုင်ငံခြားပိတ်ဆို့မှု ဆိုသည်လည်း မရှိသေးပါ။ မရှိသေးသည့်အပြင် ကွန်မြူနစ်ဆန့်ကျင်ရေးအတွက် အနောက်နိုင်ငံများမှ အကူအညီများပါရသည့် ခေတ်ကာလ ဖြစ်သည်။ ဘိန်းဆန့်ကျင်ရေး ခေါင်းစည်းအောက်တွင် ရဟတ်ယာဉ်များ အပါအဝင် စစ်ရေးအကူအညီများပါ ရသည့်ခေတ်ကာလဟု ဆိုရမည်။ စစ်လက်နက်ခဲယမ်းများကို အနောက်တိုင်းမှ အခက်အခဲမရှိ ဝယ်ယူ၍ရသည့် ကာလဖြစ်၏။
၁၉၆၂ ခုနှစ် ၁၉၈၈ ခုနှစ်အထိ တော်လှန်ရေးကောင်စီ၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (မဆလ) အစိုးရ စသည့် အမည်များခံထားသည့် အာဏာသိမ်း မြန်မာစစ်တပ်သည် အာရှဖွံ့ဖြိုးရေးဘဏ် (ADB)၊ ကမ္ဘာ့ဘဏ် (WB)၊ ဂျပန်၊ ဒိန်းမတ်၊ ဂျာမနီ၊ ကနေဒါ၊ ဖင်လန်၊ ပြင်သစ်၊ အီတလီ၊ နယ်သာလန်၊ နော်ဝေ၊ ဩစတြီးယား၊ ဗြိတိန် စသည်တို့ ပါဝင်သည့် ပဲရစ်ကလပ် နိုင်ငံများမှ အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၁,၀၀၀ ကျော်ခန့် ချေးငွေရရှိခဲ့၏။
သို့သော် အာဏာသိမ်းစစ်တပ်သည် ၁၉၆၂ ခုနှစ်မှ ၁၉၈၈ အထိ ၂၆ နှစ်တာကာလအတွင်း တိုင်းပြည် တိုးတက်အောင် လုပ်နိုင်ပါ၏လော။ တိတိကျကျ ရှင်းရှင်းလင်းလင်း ပြောရလျှင် လုံးဝမလုပ်နိုင်ပါဟု ပြောရမည်။ စစ်တပ်အာဏာသိမ်းပြီး ၂၆ နှစ်အကြာတွင် တိုင်းပြည် မွဲပြာကျသွား၏။
အာဏာသိမ်းစစ်တပ်သည် ၁၉၆၂ ခုနှစ်မှ ၁၉၈၈ အထိ ၂၆ နှစ်တာကာလအတွင်း တိုင်းပြည် တိုးတက်အောင် လုပ်နိုင်ပါ၏လော။ တိတိကျကျ ရှင်းရှင်းလင်းလင်း ပြောရလျှင် လုံးဝမလုပ်နိုင်ပါဟု ပြောရမည်။ စစ်တပ်အာဏာသိမ်းပြီး ၂၆ နှစ်အကြာတွင် တိုင်းပြည် မွဲပြာကျသွား၏။
စစ်တပ်သည် ကိုယ်ထုတ်ထားသော ပိုက်ဆံကို တရားမဝင် သုံးကြိမ် ကြေညာခဲ့သည်။ ဖွံ့ဖြိုးမှု အနိမ့်ဆုံးနိုင်ငံစာရင်း ဝင်သွား၏။
နေဝင်းခေတ် ပထမအကြိမ် အာဏာသိမ်းသည့် မြန်မာစစ်တပ်သည် စတင်အာဏာသိမ်းစဉ်က လူထု၏ ဆန့်ကျင်မှုလည်း မခံရ။ နိုင်ငံတကာ၏ စီးပွားရေးပိတ်ဆို့မှုလည်း မခံရသည့်အပြင် ဂျပန်က စစ်လျော်ကြေး အပါအဝင် နိုင်ငံတကာ အကူအညီများ၊ နိုင်ငံတကာချေးငွေများ ရရှိခဲ့သည်။ ထို့ပြင် ကွန်မြူနစ်တို့၏ အန္တရယ်ကို လက်ညိုးထိုး၍ တဖက်လှည့်နှင့်စစ်ရေးအကူအညီရခဲ့၏။ သို့သော်လည်း မြန်မာစစ်တပ်သည် မြန်မာပြည်ကို ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတခုအဖြစ်မတည်ဆောက်နိုင်ပါ။ နိုင်ငံရေးအရ ဆန့်ကျင်ဖက်အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေး မတည်ဆောက်နိုင်ခဲ့ပါ။
သို့သော်လည်း မြန်မာစစ်တပ်က စစ်ဗိုလ်များသည် တိုင်းပြည်ကို သူတို့ စိတ်ကြိုက်ဥပဒေများ ပြဌာန်း၍ ၂၆ နှစ်တာ အုပ်ချုပ်ခဲ့သော်လည်း တိုင်းပြည်မွဲပြာကျပြီး မအောင်မြင်ခဲ့သည်နှင့် ပတ်သက်ပြီး တာဝန်ယူမှု၊ တာဝန်ခံမှု မရှိခဲ့ကြပေ။ သူတို့ လက်ညိုးထိုးသည်မှာ နိုင်ငံရေးအရဆိုလျှင် သောင်းကျန်းသူများ၊ စီးပွားရေးအရဆိုလျှင် အမြတ်ကြီးစားများ၊ မှောင်ခိုသမားများ၊ တန်းစီတိုးစားသူများကြောင့် ဖြစ်သည်ဟူ၍ လက်ညိုးထိုး အပြစ်တင်ကြ၏။ သူတို့၏ နိုင်ငံရေး၊ အုပ်ချုပ်ရေး ညံ့ဖျင်းမှုကို ဝန်မခံကြပေ။
စစ်ဗိုလ်များ နားမလည်ဘဲ ချမှတ်ခဲ့သော မဆလ လမ်းစဉ်နှင့် ပြည်သူပိုင်သိမ်းမှု၊ ဗဟိုချုပ်ကိုင်သည့် စီးပွားရေးစနစ်တို့နှင့် ပတ်သက်ပြီး သူတို့၏ အမှားများ၊ သူတို့၏ အရည်အချင်းညံ့ဖျင်းမှုများကို ဝန်ခံခြင်းမရှိကြပေ။ တာဝန်ယူမှု၊ တာဝန်ခံမှုလည်း မရှိကြပေ။
စစ်ဗိုလ်များ ဖျက်ဆီးခဲ့သောအရာများ
၁၉၆၂ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ ၂၆ နှစ်တာကာလ အတွင်း မြန်မာစစ်ဗိုလ်များ ဖျက်ဆီးခဲ့သော အင်စတီကျူးရှင်းများ၊ စနစ်များ တော်တော်များခဲ့သည်။
ပထမအချက်မှာ ပါလီမန်ဒီမိုကရေစီစနစ် ဖြစ်၏။ ပါလီမန်ဒီမိုကရေစီစနစ်ကို ဖျက်သိမ်းပြီး တပါတီစနစ်၊ တပါတီအာဏာရှင်စနစ်၊ စစ်အာဏာရှင်စနစ်နှင့် အစားထိုးခဲ့၏။ နိုင်ငံရေးပါတီများ၊ အသင်းအဖွဲ့များ လွတ်လပ်စွာ ဖွဲ့စည်းခွင့် ဖျက်သိမ်းခဲ့၏။ လွတ်လပ်စွာ ပြောဆိုရေးသား ထုတ်ဝေခွင့်များ ဖျက်သိမ်းခဲ့၏။ သပိတ်မှောက် ဆန္ဒပြခွင့်များ ပိတ်ပင်ဖျက်ဆီးခံခဲ့ရ၏။
၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးနောက်ပိုင်း ဖဆပလ အစိုးရခေတ်ကာလ မဆိုထားနှင့် ဗြိတိသျှ နယ်ချဲ့အစိုးရ အုပ်စိုးစဉ်ကာလက ရရှိထားခဲ့သည့် နိုင်ငံသားအခွင့်အရေးများသည် မြန်မာစစ်တပ် အာဏာသိမ်းပြီးနောက် ဆုံးရှုံးသွားခဲ့ရ၏။ ထိုသို့အခွင့်အရေးများ ဖျက်ဆီးရာတွင် မြန်မာစစ်တပ်သည် ရက်စက်ကြမ်းကြုတ်စွာ ပြုမူခဲ့ကြသည်။ နယ်ချဲ့ဆန့်ကျင်ရေးကာလ တလျှောက်လုံး ရှေ့တန်းက ပါဝင်ခဲ့ ကျောင်းသားသမဂ္ဂ အဆောက်အအုံကိုပင် မိုင်းခွဲဖျက်ဆီးခဲ့၏။ အင်္ဂလိပ်နယ်ချဲ့သမားပင် မလုပ်ခဲ့သော လုပ်ရပ်များကို မြန်မာစစ်တပ်မှ စစ်ဗိုလ်များ ပြုလုပ်ခဲ့ကြ၏။
ဒုတိယအချက်မှာ မြန်မာပြည်အုပ်ချုပ်ရေး၊ တရားစီရင်ရေး အင်စတီကျူးရှင်းများကို ဖျက်ဆီးခြင်းဖြစ်၏။ အင်္ဂလိပ်လိုနီခေတ်ကာလ ကတည်းကရှိသော ခိုင်မာသည့် အုပ်ချုပ်ရေး၊ တရားစီရင်ရေးစနစ်များကို ဖျက်သိမ်းပြီး ပြည်သူ့ကောင်စီ၊ ပြည်သူ့တရားသူကြီးစသည့် စမ်းသပ်အသုံးပြုသည့် စနစ်များနှင့် အစားထိုးခဲ့ကြ၏။
တတိယအချက်မှာ ပညာရေးစနစ်အား မူလတန်းမှ တက္ကသိုလ်အထိ စနစ်သစ်ပညာရေးဆိုသည့် စမ်းသပ်ပညာရေးနှင့် အစားထိုးခဲ့ခြင်းဖြစ်ပြီး ပြဌာန်းစာအုပ်များ၊ သင်ကြားရေးစနစ်များ၊ စာမေးပွဲစနစ်များအား စစ်ဗိုလ်များ စိတ်ကူးတည့်ရာ ပြောင်းလဲစမ်းသပ်ခဲ့ကာ မြန်မာစစ်တပ် အာဏာသိမ်းပြီး ၂၆ နှစ်အကြာတွင် မြန်မာ့ပညာရေး အဆင့်အတန်းသည် သိသိသာသာ နိမ့်ကျသွားခဲ့တော့၏။ အရှေ့တောင်အာရှတွင် ထိပ်တန်းနေရာတွင် ရှိခဲ့သော ရန်ကုန်တက္ကသိုလ်လည်း နောက်ဆုံးတန်းသို့ ရောက်ရှိသွား၏။
တတိယအချက်မှာ ပညာရေးစနစ်အား မူလတန်းမှ တက္ကသိုလ်အထိ စနစ်သစ်ပညာရေးဆိုသည့် စမ်းသပ်ပညာရေးနှင့် အစားထိုးခဲ့ခြင်းဖြစ်ပြီး ပြဌာန်းစာအုပ်များ၊ သင်ကြားရေးစနစ်များ၊ စာမေးပွဲစနစ်များအား စစ်ဗိုလ်များ စိတ်ကူးတည့်ရာ ပြောင်းလဲစမ်းသပ်ခဲ့ကာ မြန်မာစစ်တပ် အာဏာသိမ်းပြီး ၂၆ နှစ်အကြာတွင် မြန်မာ့ပညာရေး အဆင့်အတန်းသည် သိသိသာသာ နိမ့်ကျသွားခဲ့တော့၏။
စတုတ္ထအချက်မှာ စီးပွားရေးစနစ် ဖြစ်၏။ မြန်မာစစ်ဗိုလ်များသည် ဈေးကွက်စီးပွားရေး၊ လွတ်လပ်သော စီးပွားရေးစနစ်ကို ၎င်းတို့ သေချာရေရာစွာ မသိသည့် ဗဟိုကချုပ်ကိုင်သည့် ဆိုရှယ်လစ်စနစ်ဆိုသည်နှင့် အစားထိုးသည်။ ဆိုရှယ်လစ်စီးပွားရေးစီမံကိန်း ဆိုသည်နှင့် အစားထိုး၏။
ရလဒ်အဖြစ် အစစအရာရာ ရှားပါးသွားသည်။ ကိုလိုနီခေတ်ကာလ တလျှောက်လုံးနှင့် လွတ်လပ်ရပြီး နောက်ပိုင်းကာလ တလျှောက်လုံး နိုင်ငံ တကာသို့ ဆန်တင်ပို့နေရသော မြန်မာပြည်တွင် ဆန်ရှားပါးပြီး ထမင်းငတ်သည့် အခြေအနေသို့ ဆိုက်ရောက်သည်။ အစစအရာရာ ရှားပါးသည်။
မှောင်ခိုခေတ်သို့ရောက်၏။ ပြည်သူ့ပစ္စည်းကော်ပိုရေးရှင်း (ပပက) ပြည်သူ့ဆိုင်များတွင် တန်းစီတိုးကြရသည်။ မြန်မာပြည်ထွက် ဆန်တို့၊ ထန်းလျက်တို့သည်ပင် တနယ်မှ တနယ်သို့သယ်လျှင် မှောင်ခိုပစ္စည်းအဖြစ် အဖမ်းခံကြရ၏။
“ထန်းလျက် မျိုးချန်”၊ ကျန်တာ နိုင်ငံခြားပို့ ဆိုသည့် မြန်မာ့စစ်ဗိုလ်များ၏လက်ချက်နှင့် တိုင်းပြည်လည်း စီးပွားပျက်၏။ ဤသို့စီးပွားရေးကြပ်တည်းမှု ပြဿနာကို မှောင်ခိုသမားများ၊ အမြတ်ကြီးစားများ၊ တန်းစီတိုးစားသမားများကြောင့်ဟု အပြစ်ဖို့သည်။ စီးပွားရေးအကြပ်အတည်း ပြဿနာကို ဖြေရှင်းရန် ကိုယ်ထုတ်ထားသော ငွေစက္ကူများကို ၂၆ နှစ်အတွင်း တရားမဝင် သုံးကြိမ်ကြေညာ၏။ လူထုကတော့ မွဲပြီးရင်း မွဲရင်းဖြစ်၏။
ပဉ္စမအချက်မှာ အစိုးရဌာနအသီးသီး ပျက်စီးသွားခြင်းဖြစ်၏။ စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံရေးရာထူးဖြစ်သော ဝန်ကြီးရာထူးများ ယူရုံသာမက ဌာနဆိုင်ရာများသို့ အထူးအရာရှိဟူသော အမည်များဖြင့် စစ်ဗိုလ်များ စတင်စေလွှတ်၏။ နောက်ပိုင်းတွင် လက်ထောက်ညွှန်ကြားရေးမှူး၊ ညွှန်ကြားရေးမှူး၊ ညွှန်ကြားရေးမှူးချုပ်၊ မန်နေဂျာ၊ အထွေထွေမန် နေဂျာစသည့် အရပ်ဖက်ဌာနဆိုင်ရာ ရာထူးများအား စစ်ဗိုလ်များကရယူကြ၏။ ဌာနဆိုင်ရာများတွင် လုပ်ငန်း မကျွမ်းကျင်သူများ၊ အောက်သက်မကြေသူများ စတင်တွေ့လာရ၏။
သို့သော်လည်း ၁၉၇၂ ဝန်းကျင်အထိ အရာရှိလစာမှာ ရွှေတကျပ်သားခန့် ရှိသဖြင့် မဆလခေတ် အစောပိုင်းတွင် ဝန်ထမ်းလောက လာဘ်ပေးလာဘ်ယူ နည်းပါးသေးသည်။ သို့သော် မဆလ ဇာတ်သိမ်းပိုင်း ရောက်ခါနီးတွင်မူ အကျင့်ပျက် လာဘ်စားမှုများ ဝန်ထမ်းလောကတွင် စတင်လာပြီဖြစ်၏။
ဤသို့ ၁၉၆၂ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေးစသည့် ဘက်ပေါင်းစုံ အကျပ်အတည်းဆိုက်ခြင်းသည် မြန်မာစစ်ဗိုလ်များ ညံ့ဖျင်းမှုကြောင့်ဖြစ်၏။ အရည်အချင်း မရှိမှုကြောင့်ဖြစ်၏။ အာဏာရှင်စနစ် ကျင့်သုံးမှုကြောင့်ဖြစ်၏။ မူဝါဒအမှားများကြောင့်ဖြစ်၏။
အထက်တွင် ဖော်ပြထားသကဲ့သို့ ၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်နေ့ အာဏာသိမ်းစဉ်က မြန်မာလူထု ဆန့်ကျင်မှု မရှိပါ။ ရန်ကုန်မြို့တွင်း အသွားအလာပင် မပျက်ပါ။ နိုင်ငံတကာကလည်း လုံးဝပိတ်ဆို့မှု မရှိသည့်အပြင် အာရှဖွံ့ဖြို့ရေးဘဏ်၊ ကမ္ဘာ့ဘဏ်နှင့် အနောက်နိုင်ငံများမှ နိုင်ငံတကာချေးငွေ ဒေါ်လာသန်းပေါင်း ၁၁,၀၀၀ ကျော်ပင် ချေးငှား၍ရသေးသည်။ ကွန်မြူနစ်ဆန့်ကျင်ရေး ခေါင်းစဉ်အောက်တွင် စစ်ရေးအကူအညီများပင် ရသေးသည်။ အနောက်နိုင်ငံများထံမှ လက်နက်ခဲယမ်း အခက်အခဲမရှိ ဝယ်၍ရသည်။ ယနေ့ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီကြွေးကြော်နေသည့် အနောက်နိုင်ငံများသည် ကွန်မြူနစ်ဆန့်ကျင်ရေး ခေါင်းစည်းအောက်တွင် အာဏာသိမ်းစစ်ဗိုလ်များကို အားပေးအားမြှောက်ပင် ပြုနေသည့်ကာလဖြစ်၏။
သို့သော် အာဏာသိမ်းပြီး ၂၆ နှစ်တာကာလအတွင်း မြန်မာပြည် ချွတ်ခြုံကျသွားခြင်းသည် မြန်မာစစ်ဗိုလ်များ ညံ့ဖျင်းမှုကြောင့်ဖြစ်၏။ မြန်မာစစ်ဗိုလ်များ၏ တာဝန်သာဖြစ်၏။ မြန်မာစစ်တပ် အာဏာသိမ်းသည်ကို လူထုက ငြိမ်ခံနေခဲ့၍ စစ်ဗိုလ်များ ထင်တိုင်းကြဲနိုင်ခဲ့ခြင်း ဖြစ်၏။ သို့သော် ယနေ့အထိ မြန်မာစစ်တပ်သည် တာဝန်ယူမှု မရှိပေ။ သမိုင်းတလျှောက်လုံး သူတို့မှန်သည်ဟု လိမ်လည်နေကြ၏။
၁၉၈၈ မှ ၂၀၁၀ အထိ ၂၂ နှစ်တာ ကာလ
၁၉၉၈ ခုနှစ် စစ်တပ်အာဏာသိမ်းမှုကို ဒုတိယအာဏာသိမ်းမှုဟု ဆို၍ရ၏။ ဒုတိယအကြိမ် အာဏာသိမ်းမှုကို ပြည်တွင်းကရော ပြည်ပကပါ ဆန့်ကျင်ကြ၏။ အနောက်နိုင်ငံများက စီးပွားရေးပိတ်ဆို့များ စတင်ပြုလုပ်ခဲ့၏။ ၁၉၆၂ ခုနှစ်ကစ၍ အာဏာသိမ်းခဲ့ပြီး ၂၆ ကျော် ထင်တိုင်းကြဲခဲ့ကာ တိုင်းပြည်ကို မွဲပြာကျအောင် ပြုလုပ်ခဲ့သော မြန်မာစစ်တပ်အား လွှတ်ထား၍မရတော့၊ လက်ပိုက်ကြည့်နေ၍ မဖြစ်တော့ဟု မြန်မာလူထု ကောင်းစွာ သဘောပေါက်ခဲ့ပြီ ဖြစ်၏။
ထို့အတူ အနောက်တိုင်းနိုင်ငံများ အဖို့လည်း အမေရိကန်ဒေါ်လာ သန်းပေါင်း ၁ သောင်းကျော်အား အတိုးနှုန်း သက်သာစွာဖြင့်သာ အနှစ် ၂၀ ကျော် ချေးငှားပေးခဲ့သော်လည်း တိုင်းပြည်ကို စီးပွားတိုးတက်အောင် မလုပ်နိုင်သည့်အပြင် တိုင်းပြည်လူထုအား ရက်စက်ကြမ်းကြုတ်စွာ ဖိနှိပ်နေသော၊ ကောင်းကွက် ရှာမတွေ့နိုင်သော မြန်မာစစ်တပ်အား စိတ်ကုန်သွားကြပုံရ၏။ မည်သူမပြု မိမိမှုသာ ဖြစ်၏။
ဒုတိယအကြိမ် စစ်တပ်အာဏာသိမ်းမှုတွင် ဈေးကွက်စီးပွားရေးကို တစိတ်တပိုင်း ဖွင့်ပေးသဖြင့် အသက်ရှူ အတန်ငယ်ချောင်ခဲ့ကြ၏။ သို့သော် အပြည့်အဝ လွတ်လပ်သည့် ဈေးကွက်စီးပွားရေး မဟုတ်ဘဲ အာဏာကို ချုပ်ကိုင်ထားသည့် မြန်မာစစ်ဗိုလ်များက လုပ်ပိုင်ခွင့်အာဏာပေါ် အခြေခံ၍ ကိုယ်ကျိုးစီးပွားရှာသည့် အာဏာအခြေပြု စီးပွားရှာသည့် စနစ်တရပ်ကို ထူထောင်ခဲ့ကြ၏။
အာဏာသိမ်း စစ်ဗိုလ်အဆင့်ဆင့်က ပြည်ပပို့ကုန်အဖြစ် တိုင်းပြည်၏ မြေပေါ်မြေအောက် သယံဇာတများကို ရောင်းချ၍ ကိုယ်ကျိုးစီးပွားရှာခြင်းသည် ဒုတိယအကြိမ် စစ်တပ်အာဏာသိမ်းမှုတွင် ထင်ရှားစွာ တွေ့ရသည့်အချက် ဖြစ်၏။ တိုင်းပြည်၏ သယံဇာတများသာ တဖြည်းဖြည်း ကုန်သွားသော်လည်း တိုင်းပြည်မှာ ဖွံ့ဖြိုးတိုးတက်ခြင်း မရှိ၊ တိုင်းပြည်၏ အခြေခံအဆောက်အုံများ တိုးတက်ကောင်းမွန်ခြင်း မရှိဘဲ မြန်မာစစ်တပ်နှင့် ခရိုနီများသာ ကျိကျိတက် ချမ်းသာကြွယ်ဝလာကြ၏။
ထို့ပြင် သွင်းကုန်အဖြစ် မော်တော်ယာဉ်၊ စက်ပစ္စည်း၊ အီလက်ထရောနစ်ပစ္စည်းများ၊ ဆေးဝါး၊ အဝတ်အထည် စသည်ဖြင့် သွင်းခွင့်ပြုသည့်ပါမစ် အပေါ်မှ အကျိုးအမြတ် ရှာနိုင်ကြသည်။
သာမန်လူများ ဝင်ငွေရှာပါက အရင်းအနှီးကိုအသုံးပြု၏။ နည်းပညာကို အသုံးပြုကြ၏။ လုပ်အားကို အသုံးပြုကြ၏။ ၁၉၈၈ ခုနှစ် အာဏာသိမ်းစစ်ဗိုလ်များသည် ၁၉၆၂ ခုနှစ် အာဏာသိမ်းစစ်ဗိုလ်များနှင့်မတူဘဲ အာဏာကို အလွဲသုံးစားပြု၍ ကိုယ်ကျိုးစီးပွားရှာကြရာ အာဏာသိမ်းစစ်ဗိုလ်များသည် သန်းကြွယ်သူဌေးကြီးများ ဖြစ်လာပြီး အာဏာကို ပို၍ တပ်မက်လာကြ၏။ မြန်မာစစ်ဗိုလ်များအတွက် အာဏာသည် ငွေတွင်းကြီးဖြစ်၏။
၁၉၈၈ ခုနှစ် အာဏာသိမ်းစစ်ဗိုလ်များသည် ၁၉၆၂ ခုနှစ် အာဏာသိမ်းစစ်ဗိုလ်များနှင့်မတူဘဲ အာဏာကို အလွဲသုံးစားပြု၍ ကိုယ်ကျိုးစီးပွားရှာကြရာ အာဏာသိမ်းစစ်ဗိုလ်များသည် သန်းကြွယ်သူဌေးကြီးများ ဖြစ်လာပြီး အာဏာကို ပို၍ တပ်မက်လာကြ၏။ မြန်မာစစ်ဗိုလ်များအတွက် အာဏာသည် ငွေတွင်းကြီးဖြစ်၏။
တဖက်ကလည်း အာဏာကို အလွဲသုံး၍ ကိုယ်ကျိုးရှားကြရာ ဒုတိယအကြိမ် အာဏာသိမ်းသည့် ၁၉၈၈ မှ ၂၀၁၀ အထိ မော်တော်ကား၊ ဖုန်းဆင်းကတ် တန်ဖိုးများသည် မည်သည့်နိုင်ငံတွင်မှ မရှိသည့် ဈေးနှုန်းများဖြစ်ပွားခဲ့ပြီး အာဏာရှိ စစ်ဗိုလ်များသည် လုပ်ပိုင်ခွင့်အသုံးပြု၍ ကိုယ်ကျိုးရှာခဲ့၏။ ထို့ပြင် လျှပ်စစ်မီးကဲ့သို့ အခြေခံအဆောက်အုံများကို တည်ဆောက်နိုင်ခြင်းမရှိခဲ့ပေ။
တိုင်းပြည်၏ သယံဇာတများသည် စစ်ဗိုလ်များ၏ အိတ်ထောင်များတွင်းသို့ ရောက်သွားသည်။ တိုင်းပြည်အတွက် အကျိုးရှိသည့်နေရာတွင် အသုံးပြုနိုင်ခြင်း မရှိခဲ့ပေ။ တိုင်းပြည်အတွက် အကျိုးရှိသည့် အခြေခံအဆောက်အအုံများ တည်ဆောက်မည့်အစား ကြက်ဆူပင် စိုက်ခြင်းကဲ့သို့ ရူးကြောင်ကြောင် အလုပ်များလုပ်ပြီး တိုင်းပြည်၏ လုပ်အား၊ ငွေကြေးအရင်းအနှီးနှင့် အချိန်များကို အလဟဿ ဖြုန်းတီးခဲ့၏။
ဒုတိယအကြိမ် အာဏာသိမ်းမှုတွင် တွေ့ရသည်မှာ အစိုးရဌာနဆိုင်ရာများတွင် အောက်ခြေမြို့နယ်အဆင့်မှစ၍ စစ်ဗိုလ်များ အလုံးအရင်းနှင့် ခန့်ထားခြင်းဖြစ်၏။ မိုးကျရွှေကိုယ်များဟု ခေါ်ဝေါ်သမုတ်ကျသည့် စစ်ဗိုလ်များသည် လုပ်ငန်းကျွမ်းကျင်မှု၊ တတ်ကျွမ်းမှုမရှိဘဲ ဌာနဆိုင်ရာများတွင် အရာရှိများဖြစ်လာ၏။
လုပ်ငန်းကျွမ်းကျင်မှု မရှိသည့်အပြင် စစ်ဗိုလ်များ၏ ထင်ရာစိုင်းမှုကြောင့် လုပ်ငန်းစည်းစနစ်များလည်း ပျက်စီးကုန်၏။ ပို၍ဆိုးဝါးသည်မှာ စစ်ဗိုလ်များ ရောက်လာပြီးနောက် အစိုးရဌာနဆိုင်ရာ အားလုံး လာဘ်ပေးလာဘ်ယူ ဗြောင်အတိအလင်း ပြုလုပ်လာခြင်း ဖြစ်၏။ ဒုတိယအကြိမ် စစ်တပ်အာဏာသိမ်းမှုတွင် အစိုးရဌာနဆိုင်ရာ အားလုံး၌ အကျင့်ပျက်လာဘ်စားမှုများ တောထလာသည်ကိုတွေ့မြင်ရ၏။
ယုတ်စွအဆုံး သာသနာရေးဝန်ကြီးဌာနတွင်ပင် ဘုန်းကြီးတပါး ဘွဲ့ဆက်ကပ်ရေးတွင် ဘယ်ဘွဲ့အတွက်ဆိုလျှင် ငွေပမာဏမည်မျှ လာဘ်ပေးရသည်ဟုသည့် နှုန်းထားများရှိလာ၏။ လမ်းမလယ်ခေါင် လူမြင်ကွင်းတွင်ရှိသော ယာဉ်ထိန်းရဲများကလည်း ဗြောင်ပိုက်ဆံတောင်းလာ၏။ ထိုသို့သော အခြေအနေတွင် ကျန်ဌာနများကတော့ ပြောစရာ မရှိပေ။ ဒုတိယအကြိမ်အာဏာသိမ်းမှုတွင် အစိုးရရုံးဌာန ယန္တယားအားလုံး အကျင့်ပျက်လာဘ်စားသည့် ယန္တယားများ ဖြစ်သွားခဲ့၏။
ဒုတိယအကြိမ် အာဏာသိမ်းရာတွင် ပညာရေးစနစ်က ပိုဆိုးလာသည်။ မြန်မာနိုင်ငံ၏ အထင်ကရ တက္ကသိုလ်များဖြစ်သည့် ရန်ကုန်တက္ကသိုလ်၊ စက်မှုတက္ကသိုလ်၊ စီးပွားရေးတက္ကသိုလ်၊ မန္တလေးတက္ကသိုလ်တို့တွင် စာသင်ကြားမှုများ ရပ်ဆိုင်းသွားသည်။
ထိုတက္ကသိုလ်များတွင် ကျောင်းသားများ စုသည်းထားပါက စစ်တပ်ကို ဆန့်ကျင်သည့် ကျောင်းသားလှုပ်ရှားမှုများ ဖြစ်ပေါ်သည်ဟု သတ်မှတ်ပြီး ကျောင်းများကို နယ်မြို့များတွင် ခွဲ၍ ဖွင့်၏။ ရန်ကုန်၊ မန္တလေးတွင်ဖြစ်စေ၊ နယ်မြို့များတွင်ဖြစ်စေ တက္ကသိုလ်၊ ကောလိပ်အဆောက်အအုံများကို မြို့ပြင်တွင် ထုတ်ထားသည်။ ကျောင်းသားများ စာသင်ကြားရေးထက် ကျောင်းသားသပိတ်များ ဖြိုခွဲရေးကို အဓိကထားခဲ့၏။
ထိုမှသည် မြန်မာပြည်ပညာရေးသည် အဆင့်နိမ့်သည်ထက် နိမ့်လာ၏။ ငွေကြေးတတ်နိုင်သူများက မိမိသားသမီးများကို နိုင်ငံခြားပို့၍ ကျောင်းထားကြရသည်။ မြန်မာပြည်မှရသည့် ဘွဲ့များသည် နိုင်ငံတကာတွင် မတိုးနိုင်တော့။ ဒုတိယအကြိမ် အာဏာသိမ်းပြီး စစ်ဗိုလ်များ ထင်ရာစိုင်းမှုကြောင့် မြန်မာပြည် ပညာရေးသည် ပို၍ နိမ့်ပါးခဲ့သည်ကို တွေ့ရ၏။
ဒုတိယအကြိမ် စစ်တပ်အာဏာသိမ်းရာတွင် အနောက်တိုင်း၏ စီးပွားရေးပိတ်ဆို့မှုများကို ခံခဲ့ရ၏။ ထို့ကြောင့် တိုင်းပြည်ဖွံ့ဖြိုးရေး ထိခိုက်သည်ဟု အကြောင်းပြကြပြီး ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ်နှင့် အနောက်နိုင်ငံများထံမှ မဆလ ခေတ်ချေးငွေ ဒေါ်လာ သန်း ၁ သောင်းကျော်ကို နဝတ၊ နအဖ အာဏာသိမ်းစစ်တပ်က ပြန်လည်ပေးဆပ်ခြင်းလည်းမပြုခဲ့ပေ။
ထို့ပြင် တဖက်ကလည်း အဓိက တရုတ်ထံမှ ချေးငွေရရှိခဲ့သည်။ ၁၉၈၈ မှ ၂၀၁၀ ထိ အာဏာသိမ်း စစ်တပ်လက်ထက်တွင် နိုင်ငံခြားချေးငွေ အမေရိကန်ဒေါ်လာ ၃၄၈၇ ဒသမ ၄၁၅ သန်း ချေးယူရရှိခဲ့၏။ ဆိုလိုသည်မှ လုံးဝ ချေးငွေမရသည့် အနေအထား မဟုတ်သည့်အပြင် ယခင် မဆလခေတ်က ချေးငွေများကို ဆပ်ခြင်း မပြုလုပ်ခဲ့ပေ။
ချုပ်၍ ဆိုလျှင် မြန်မာစစ်တပ် အာဏာသိမ်းမှု ပြီးခဲ့သည့် နှစ်ကြိမ်လုံးတွင် စစ်ဗိုလ်များ ထင်ရာစိုင်းခဲ့ပြီး ၁၉၆၂ ခုနှစ် ပထမအကြိမ် အာဏာသိမ်းရာတွင် တိုင်းပြည် မွဲပြာကျခဲ့၏။ ၁၉၈၈ ခုနှစ် ဒုတိယအကြိမ် အာဏာသိမ်းရာတွင် အာဏာကို အလွဲသုံး၍ စစ်ဗိုလ်များ ကိုယ်ကျိုးရှာခဲ့ကြ၏။ အစိုးရဌာနအားလုံး၊ အစိုးရ ယန္တယားအားလုံးသည်လည်း အကျင့်ပျက်ခြစားမှု၊ လာဘ်ပေးလာဘ်ယူမှုများ ဗြောင်အတိအလင်း ပြုလုပ်ပြီး ပျက်စီးသွား၏။
ချုပ်၍ ဆိုလျှင် မြန်မာစစ်တပ် အာဏာသိမ်းမှု ပြီးခဲ့သည့် နှစ်ကြိမ်လုံးတွင် စစ်ဗိုလ်များ ထင်ရာစိုင်းခဲ့ပြီး ၁၉၆၂ ခုနှစ် ပထမအကြိမ် အာဏာသိမ်းရာတွင် တိုင်းပြည် မွဲပြာကျခဲ့၏။ ၁၉၈၈ ခုနှစ် ဒုတိယအကြိမ် အာဏာသိမ်းရာတွင် အာဏာကို အလွဲသုံး၍ စစ်ဗိုလ်များ ကိုယ်ကျိုးရှာခဲ့ကြ၏။
ထို့ပြင် အာဏာသိမ်း စစ်ဗိုလ်များသည် ၁၅ ကျပ်၊ ၂၅ ကျပ်၊ ၃၅ ကျပ်၊ ၇၅ ကျပ်၊ ၉၀ ကျပ်စသည့် မည်သည့် တိုင်းပြည်တွင်မှ မရှိသည့် ဆယ်လီစိတ် မဟုတ်သော ငွေစက္ကူများ ထုတ်သည်။ အရည်ရော အဖတ်ပါမရသည့် ကြက်ဆူပင် စိုက်သည်။ အရင် တိုင်းမှူးတယောက်က သစ်ပင်စိုက်လျှင် နောက်တိုင်းမှူးက ခုတ်သည်။ အရင်တိုင်းမှူးက လမ်းလယ်ကျွန်းတွင် ဓာတ်တိုင်စိုက်ပါက နောက်တိုင်းမှူးက နုတ်၍ လမ်းဘေးတွင် ပြန်စိုက်ခိုင်း၏။
တိုင်းပြည်အတွက်ရော လူထုအတွက်ရော အကျိုးမရှိသည့် လုပ်ရပ်များကို အာဏာသိမ်းစစ်ဗိုလ်များက စိတ်ရူးပေါက်ရာ လုပ်ကြ၏။ စစ်ဗိုလ်ချုပ်များ၏ စိတ်ရူးပေါက်ရာ ပြောဆိုလုပ်ကိုင်မှုများအား ဥပဒေနှင့်အညီဟု ဆိုကြ၏။ စစ်ဗိုလ်ချုပ်များသည် သူတို့လုပ်ချင်သည် မှန်သမျှအတွက် ဥပဒေ၏အထက်တွင် ရှိနေကြပြီး တည်ဆဲဥပဒေဆိုသည်မှာ ပြည်သူလူထုအား အရေးယူရန်ဖြစ်၏။
သို့ဖြစ်ရာ မြန်မာစစ်တပ် အာဏာသိမ်းခြင်းကို မြန်မာပြည်ပြည်သူများ ငြိမ်ခံနေပါက၊ မတုန့်ပြန်ပါက တိုင်းပြည် မည်သို့အခြေအနေမျိုး ကြုံရသည်ဆိုသည်ကို ၁၉၆၂ ခုနှစ်နှင့် ၁၉၈၈ ခုနှစ် အာဏာသိမ်းမှုများက သက်သေ ပြခဲ့ပြီးဖြစ်၏။ ၂၀၂၁ ခုနှစ် အာဏာသိမ်းခြင်းသည် ဥပဒေအထက်တွင် သူတို့ရှိနေသည်ကို ပြသရာရောက်သကဲ့သို့ စစ်ဗိုလ်ချုပ်များ၏ ကိုယ်ကျိုးစီးပွားရှာရန် အာဏာသိမ်းသည်ကို ရှင်းလင်းစွာ မြင်တွေ့နေရ၏။
ဤသို့သော အခြေအနေအောက်တွင် စစ်တပ်က အာဏာသိမ်းသည်ကို ငြိမ်ခံနေပါက ဘာမှမဖြစ်ဘဲ အေးအေးဆေးပြီးသွားမည်၊ တိုင်းပြည်တိုးတက်သည် ဆိုသည်မှာ စစ်တပ်နှင့် စစ်တပ်လော်ဘီများက ဗြောင်လိမ်နေခြင်း၊ သူခိုးက လူဟစ်ခြင်း ဖြစ်ပေသည်။ စစ်တပ်အာဏာသိမ်းသည်ကို ငြိမ်ခံနေပါက တိုင်းပြည် ဖွတ်တက်သည်ထက် ညစ်ဖို့သာရှိ၏။ ပြောပြန်ရင်လည်း ခင်မမ လွန်ရာကျပါမည်။
You may also like these stories:
တန်းစီတိုးစားရတဲ့ သမဝါယမခေတ် ပြန်လာပြီ
စစ်ကောင်စီ ပညာရေးနှင့် ရင်လေးဖွယ် မြန်မာ့အနာဂတ်
စစ်ခေါင်းဆောင် အာဏာမြဲဖို့ ဆွေစဉ်မျိုးဆက် နိုင်ငံရေး အသုံးချ
လျှော့မတွက်သော်လည်း အထင်ကြီးစရာ မရှိသော မြန်မာစစ်တပ် (အပိုင်း ၁)
နာမည်ပျက်ပြီး မအောင်မြင်ခဲ့တဲ့ သမဝါယမဝန်ကြီးဌာန စစ်ကောင်စီ ပြန်ဖွဲ့