ပြီးခဲ့သည့်သီတင်းပတ်က စစ်ကောင်စီအစိုးရမှ ကျင်းပသည့် တက္ကသိုလ်ဝင်တန်း စာမေးပွဲ၏ အောင်စာရင်းများနှင့် အမှတ်စာရင်းများ ထွက်လာခဲ့သည်။ ယခုအပတ်တွင်တော့ အင်တာနက်ပေါ်တွင် အမှတ်ကတော့ ဘယ်လောက်ရသည်၊ မည်သည့်တက္ကသိုလ်တွင် တက်လိုသည်၊ မည်သည့်ဘာသာကို အထူးပြုယူလိုသည်၊ အမှတ်မီနိုင်ပါ့မလား စသည်ဖြင့် မေးမြန်းစူးစမ်းသည့် ပို့စ်များဖြင့် ပလူပျံလျက်ရှိသည်။
အချို့ကလည်း စစ်ကောင်စီကျင်းပသည့် စာမေးပွဲကို ဝင်ရောက်ဖြေဆိုသူများအား လှောင်ပြောင်ကြသည်။ အချို့ကလည်း မေးမြန်းသည့် မေးခွန်းများကို စေတနာပါပါဖြင့် ဖြေဆိုပေးကြသည်။ သို့ရာတွင် ယခုနှစ်၏ ထူးခြားချက်တခုကား ယခင်နှစ်များက အမှတ်ပေါင်း ၄၀၀ ကျော်၊ ၅၀၀ ပတ်ဝန်းကျင်ရှိမှ ဝင်ခွင့်ရရှိနိုင်သည့် တက္ကသိုလ်များအား အမှတ်ပေါင်း ၃၀၀ ကျော်ဖြင့် ဝင်ရောက်ခွင့်ရရှိရန် ကြိုးစားနေကြခြင်းပင်။
၂၀၂၁ ခုနှစ်တွင် စစ်ကောင်စီမှ အာဏာသိမ်းယူပြီးသည့်နောက် အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များမှ ဆရာ၊ ဆရာမများသည် CDM လှုပ်ရှားမှုတွင် ပါဝင်၍ သက်ဆိုင်ရာအလုပ်တို့မှ နုတ်ထွက်ခဲ့ကြသလို ကျောင်းသူကျောင်းသား အများစုမှာလည်း စစ်ကောင်စီ၏ပညာရေးကို သပိတ်မှောက်ကာ အစိုးရကျောင်းများတွင် မတက်ရောက်ဘဲ နေခဲ့ကြသည်။
အချို့သော ငွေကြေးတတ်နိုင်သည့် ကျောင်းသားများမှာ ပုဂ္ဂလိကကျောင်းများ၊ နိုင်ငံခြားရှိ တက္ကသိုလ်ကျောင်းများတွင် ဆက်လက် ပညာသင်ယူနိုင်ခဲ့သော်လည်း ငွေကြေးလည်းမတတ်နိုင်သူ သာမန်ကျောင်းသား အများစုမှာ အလုပ်လုပ်လျှင်လုပ်၊ မလုပ်လျှင် အရည်အသွေးနိမ့်ကျနေသည့် စစ်ကောင်စီလက်အောက်ခံ ကျောင်းများတွင် ကျောင်းပြန်တက်ရုံမျှသာ ရှိသည်။
ပြီးခဲ့သည့်အပတ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းထွက်သည့်အခါတွင် စစ်ကောင်စီသည် လူထုထောက်ခံမှု ပိုမိုရရှိစေရန်အတွက် လွယ်လွယ်နှင့် အအောင်ပေးသည်ဟု ဝေဖန်မှုများပင် ရှိသည်။
အရည်အသွေး နိမ့်ကျသည်ဟု ဆိုရသည်မှာလည်း အရည်အချင်းရှိသည့် ဆရာ၊ ဆရာမ မြောက်မြားစွာ အလုပ်ထွက်သွားခြင်းကြောင့် ကျောင်း၏ စာသင်ကြားနိုင်သည့် capacity လျော့နည်းသွားသည်ကို ဆိုလိုခြင်းပင်။ ပြီးခဲ့သည့်အပတ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းထွက်သည့်အခါတွင် စစ်ကောင်စီသည် လူထုထောက်ခံမှု ပိုမိုရရှိစေရန်အတွက် လွယ်လွယ်နှင့် အအောင်ပေးသည်ဟု ဝေဖန်မှုများပင် ရှိသည်။
တက္ကသိုလ်များမှာလည်း တက်ရောက်မည့်သူ လွန်စွာနည်းပါးသွားသည့်အတွက် ဝင်ခွင့်အမှတ်နှင့် စည်းကမ်းချက်များကို ဖြေလျှော့၍ ကျောင်းသားလက်ခံမှုများ ပြုလုပ်လာခဲ့သည်။ ယခင်က အမှတ်ပေါင်း ၄၀၀ ကျော်မှ ဝင်ခွင့်ရနိုင်သည့် တက္ကသိုလ်များအား ယခုအခါ အမှတ် ၃၀၀ ကျော်၊ ယခင်က အမှတ်ပေါင်း ၃၀၀ ကျော်မှ ဝင်ခွင့်ရနိုင်သည့် ဘာသာရပ်များကား ယခုအခါ ၃၀၀ အောက်ဖြင့် အသီးသီး ဝင်ရောက်ခွင့်များ ရရှိလာကြသည်။
မြန်မာနိုင်ငံ၏ လူ့အဖွဲ့အစည်းသည် ခေတ်အဆက်ဆက်၌ နာမည်ကြီး တက္ကသိုလ်များမှ ဘွဲ့များရရှိ၍ မြင့်မားသည့် ရာထူးရာခံများ၌ အမှုထမ်းရခြင်းအပေါ် အမြဲတစေ ဂုဏ်ယူခဲ့ကြသည်။ ကိုလိုနီခေတ်တွင်လည်း ရန်ကုန်တက္ကသိုလ်မှ ဘွဲ့ရရှိ၍ မြို့အုပ်ရာထူးဖြင့် တာဝန်ထမ်းဆောင်နေသည့် ပုဂ္ဂိုလ်များအား သမီးရှင်များက သမက်ဖမ်းခဲ့ကြသလို လွတ်လပ်ရေးရပြီး ယခု ၂၁ ရာစု ကာလအထိ ဆရာဝန်၊ အင်ဂျင်နီယာများအား အခြားပညာရှင်များထက် အထင်ကြီးလေးစားမှုများ ရှိနေဆဲဖြစ်သည်။
ယခုကာလ တက္ကသိုလ်ဝင်ခွင့် အမှတ်သတ်မှတ်ချက်များ လျော့နည်းလာသည်နှင့်အမျှ သားသမီးများကို ဖြစ်မြောက်စေချင်သည့် မိဘများသည် သားသမီးများအား ဆေးတက္ကသိုလ် တက်ရောက်၍ ဆရာဝန်လုပ်ရန် တိုက်တွန်းနေကြသည်။ လူငယ်အများစုမှာလည်း ဆရာဝန်၊ အင်ဂျင်နီယာအား အထင်ကြီးလေးစားစေရန် သင်ကြားခံထားရသည့် လူမှုအဖွဲ့အစည်းအတွင်း ကြီးပြင်းလာသည်က တကြောင်း၊ မိဘများ၏ လိုအင်ဆန္ဒကို မလွန်ဆန်လိုသောကြောင့် တကြောင်း ဆေးတက္ကသိုလ် တက်ရောက်ရန် ပြင်ဆင်လျက်ရှိကြသည်။
ဆေးတက္ကသိုလ် တက်ပြီးတိုင်း ဆရာဝန်လုပ်ရန် မလိုအပ်ချေ။ ကျန်းမာရေးနှင့် ပက်သက်သည့် အဖွဲ့အစည်းများတွင် အလုပ်လုပ်၍လည်း ရ၏။ ပြည်သူလူထု ကျန်းမာရေးနှင့် ပက်သက်၍ အသိပညာပေးသူ၊ မူဝါဒချမှတ်သူများ လုပ်၍လည်းရ၏။ NLD အစိုးရလက်ထက်က ဆေးတက္ကသိုလ်မှ ဘွဲ့ရပြီး ဆရာဝန် မလုပ်ချင်သူများအတွက် ထိုအခွင့်အလမ်းများ ရှိခဲ့သည်။ ယခုကဲ့သို့ တိုင်းပြည် ခေတ်နောက်ပြန် ဆွဲနေချိန်တွင်တော့ ဆေးတက္ကသိုလ်မှ ဘွဲ့ရသူများသည် ဆေးခန်းထိုင်ရမည့်ကိန်းသာ ရှိနေသည်။
စစ်အာဏာသိမ်းပြီးနောက် အရည်အချင်းရှိသော ဆရာဝန်အများအပြားတို့သည် ရာထူးမှ နုတ်ထွက်သွားကြပြီ ဖြစ်သည်။ ထိုဆရာဝန်များအား အချိန်ပိုင်းအတွင်း ပြန်လည်အစားထိုးရန် မလွယ်လှချေ။
နောက်ထပ် စိုးရိမ်စရာတခုကား ဆေးတက္ကသိုလ်မှ ဘွဲ့ရသူတို့၏ ပညာအရည်အသွေးပင် ဖြစ်သည်။ စစ်အာဏာသိမ်းပြီးနောက် အရည်အချင်းရှိသော ဆရာဝန်အများအပြားတို့သည် ရာထူးမှ နုတ်ထွက်သွားကြပြီ ဖြစ်သည်။ ထိုဆရာဝန်များအား အချိန်ပိုင်းအတွင်း ပြန်လည်အစားထိုးရန် မလွယ်လှချေ။ ဆေးပညာနှင့် ပက်သက်၍ နောကြေနေအောင် သိကျွမ်းပြီး ထိုပညာရပ်များအား သင်ကြားပို့ချနိုင်သည့် ဆရာဝန်တယောက် မွေးထုတ်ရန် ဆယ်စုနှစ်တခု ကြာတတ်သောကြောင့် ဖြစ်သည်။
ထို့ပြင် ယခုအခါ စစ်ကောင်စီသည် တက္ကသိုလ် စာမေးပွဲများကိုပါ လွယ်လွယ်နှင့် အအောင်ပေးသည့်စနစ်အား ကျင့်သုံးလာလျက် ရှိ၏။ အရည်အချင်းရှိသည့် ဆရာဝန်များ၏ သင်ကြားပို့ချခြင်းလည်း မခံရ၊ လွယ်လွယ်နှင့် စာမေးပွဲအောင်လာသည့် ဆရာဝန်လေးများဖြင့် ပြည့်နေမည့် မြန်မာ့ကျန်းမာရေး စောင့်ရှောက်မှု၏ အနာဂတ်ကို တွေးကြည့်လျှင် ရင်မောဖွယ် ကောင်းလှပါ၏။
ကျန်းမာရေးကဏ္ဍနှင့် ဒွန်တွဲ၍ ရှိနေသည့် တိုင်းပြည်၏ နောက်ထပ် မဏ္ဍိုင်တခုကား ပညာရေးပင် ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ ပညာရေးအခြေအနေသည်လည်း ကောင်းလှသည်တော့ မဟုတ်ပေ။ လမ်းစဉ်ပါတီခေတ်က အင်္ဂလိပ်စာကို နောက်တန်းသို့ ပို့ခဲ့သည့်အတွက် မြန်မာသည် အရှေ့တောင်အာရှတွင် အင်္ဂလိပ်စာ အညံ့ဆုံး နိုင်ငံတနိုင်ငံ ဖြစ်ခဲ့ရသည်။
မြန်မာနိုင်ငံ၏ ဆယ်တန်းပညာရေး စနစ်မှ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများကို နိုင်ငံတကာ တက္ကသိုလ်များမှ လက်ခံခြင်း မရှိသည့်အတွက် တက္ကသိုလ် ပထမနှစ် အောင်မြင်ပြီးမှ နိုင်ငံခြားရှိ တက္ကသိုလ်များတွင် ပထမှစ် ပြန်လည် တက်ရောက်ရသူများကိုလည်း တွေ့ဖူး၏။
NLD အစိုးရလက်ထက်က KG+12 ပညာရေးစနစ်ကို ပြောင်းလဲနိုင်ရန် မူဝါဒများ ချမှတ်ခဲ့ပြီး သင်ရိုးစာအုပ်သစ်များ ရေးဆွဲခြင်း၊ သင်ကြားနည်းစနစ်သစ်များ ဖန်တီးခြင်းများအား ပြုလုပ်ခဲ့သည်။ စစ်အာဏာသိမ်းပြီး နောက်ပိုင်းတွင်မှု ထိုပြုပြင်ပြောင်းလဲမှုများ အရှိန်သေသွားခဲ့သည်။
စစ်ကောင်စီသည် NLDအစိုးရ ရေးဆွဲခဲ့သည့် သင်ရိုးစာအုပ်သစ်များအား အသုံးပြုလျက် ရှိသော်လည်း စာသင်ကြားနည်း စနစ်မှာမူ ယခင်ကအတိုင်း အလွတ်ကျက်ဖြေသည့် စနစ်ဆီသို့ ပြန်လည် ဦးတည်နေသည်
စစ်ကောင်စီသည် NLDအစိုးရ ရေးဆွဲခဲ့သည့် သင်ရိုးစာအုပ်သစ်များအား အသုံးပြုလျက် ရှိသော်လည်း စာသင်ကြားနည်း စနစ်မှာမူ ယခင်ကအတိုင်း အလွတ်ကျက်ဖြေသည့် စနစ်ဆီသို့ ပြန်လည် ဦးတည်နေသည်ကို တွေ့မြင်လာရသည်။ မြန်မာနိုင်ငံ၏ ပညာရေးစနစ်သည် ခေတ်အဆက်ဆက်၌ ကိုယ်ပိုင်ဉာဏ်ဖြင့် စဉ်းစားတွေးခေါ်ခြင်းကို အားပေးအားမြှောက် မပြုခဲ့ပေ။ ယခု စစ်ကောင်စီ လက်ထက်တွင်လည်း ထိုအတိုင်းပင် ဆက်လက် စခန်းသွားမည်ဟု ယူဆရသည်။

ရန်ကုန်နှင့် မန္တလေး မြို့ကြီးများပေါ်ရှိ အစိုးရကျောင်း မတက်ရောက်လိုသော ကျောင်းသား ကျောင်းသူများသည် ပုဂ္ဂလိက အထက်တန်းကျောင်းများနှင့် အဆင့်မြင့်ပညာကျောင်းများကို ရွေးချယ် တက်ရောက်လာကြသည်။ ပုဂ္ဂလိက အထက်တန်းကျောင်းများတွင် အစိုးရသင်ရိုးကို သင်ကြားသော ကျောင်းများရှိသကဲ့သို့ နိုင်ငံခြားသင်ရိုးများကို သင်ကြားပေးပြီး နိုင်ငံတကာအသိအမှတ်ပြု တက္ကသိုလ်ဝင်တန်း စာမေးပွဲများ ဖြေကြားနိုင်အောင် ဦးတည်သင်ကြားပေးသည့် ကျောင်းများလည်းရှိ၏။
အချို့ကျောင်းများကမူ သင်ရိုးနှစ်မျိုးကို အပြိုင်သင်ကြား ပို့ချပေး၏။ ဤကျောင်းများတွင် တက်ရောက် ပညာသင်ကြားနေသည့် ကလေးငယ်များအကြား တူညီချက်တခုမှာ ကျူရှင်ယူရခြင်းပင်။ အကျိုးဆက်မှာကား ကလေးငယ်များတွင် ဆော့ကစားရန် အားလပ်ချိန်မရှိ။ အိမ်စာများဖြင့်သာ အချိန်ကုန်နေရတော့သည်။ နိုင်ငံတကာအသိအမှတ်ပြု စာမေးပွဲများ ဖြေဆိုအောင်မြင်ပြီးလျှင်လည်း မိဘက ငွေကြေးတတ်နိုင်မှ နိုင်ငံခြားတက္ကသိုလ် တခုခုအား တက်ရောက်နိုင်မည်။ ဘက်ပေါင်းစုံ ကြပ်တည်းနေသည့် ယခုလိုကာလတွင် ကလေးငယ်များ၏ အနာဂတ်မှာ မရေရာ မသေချာလှ။
ဆယ်တန်းလည်း အောင်မြင်ပြီး၊ နိုင်ငံခြားတက္ကသိုလ်များလည်း မတတ်နိုင်သူများကား ပြည်တွင်းရှိ ပုဂ္ဂလိက တက္ကသိုလ်များတွင် တက်ရောက်ကြသည်။ ပုဂ္ဂလိက တက္ကသိုလ်များမှာလည်း ဘွဲ့အဆင့်ထိ ချီးမြှင့်နိုင်သည့် တက္ကသိုလ်ဟူ၍ သိပ်မရှိလှ။ certificate, diploma များ ပေးအပ်သည့် ကျောင်းများကိုသာ အတွေ့ရများသည်။ သင်ကြားသည့် ဘာသာရပ်များမှာလည်း စီးပွားရေးနှင့် စီမံခန့်ခွဲမှုနှင့် ပတ်သက်သည့် ဘာသာရပ်များသာ အများစုတွေ့ရသည်။
ကိုဗစ်နိုင်တင်း ကာလနောက်ပိုင်းတွင် ပုဂ္ဂလိကတက္ကသိုလ်များ မှိုလိုပေါက်ကာ ပေါများလာသည်ကို တွေ့ရှိရသည်။
ကိုဗစ်နိုင်တင်း ကာလနောက်ပိုင်းတွင် ပုဂ္ဂလိကတက္ကသိုလ်များ မှိုလိုပေါက်ကာ ပေါများလာသည်ကို တွေ့ရှိရသည်။ အချို့သော ပုဂ္ဂလိက တက္ကသိုလ်များမှာလည်း ပညာကို အမှန်တကယ် သင်ပေးခြင်းမရှိ၊ ကျောင်းသား ကျောင်းသူများမှ ငွေကြေးများအား လိမ်ညာလှည့်ဖြား၍ ရယူနေသည်ဟု စွပ်စွဲခံလာရသည်ကိုလည်း တွေ့ရှိလာကြသည်။
ခေတ်အဆက်ဆက် မြန်မာ့ပညာရေးတွင် ပုဂ္ဂလိက တက္ကသိုလ်များအား အစိုးရမှ အသိအမှတ် ပြုပေးခြင်းမရှိသလို ယင်းတို့၏ ဤအရည်အသွေးအား စိစစ်အကဲဖြတ်ပေးမည့် အဖွဲ့အစည်းမျိုးလည်း မရှိချေ။ အကျိုးဆက်ကား မြန်မာနိုင်ငံတွင်းရှိ လူငယ်လူရွယ်များ အရည်အသွေးပြည့်မီသည့် ပညာရေး မရရှိခြင်း၊ ငွေကြေးများ ဆုံးရှုံးခြင်းတို့ ဖြစ်ပေါ်လာခြင်းပင် ဖြစ်သည်။
လူငယ်များ ရွေးချယ်ကြသည့် နောက်ထပ်လမ်းတခုမှာကား နိုင်ငံခြားသို့ အောက်ခြေသိမ်း အလုပ်သမားအဖြစ် သွားရောက် လုပ်ကိုင်ကြခြင်းပင် ဖြစ်သည်။ ထိုသို့ သွားရောက် အလုပ်လုပ်ကိုင် လိုသူများမှာလည်း များပြားလှသည့်အတွက် ငွေကြေးသိန်းပေါင်း ဆယ်ဂဏန်း၊ အချို့ဆိုလျှင် ရာဂဏန်းထိ အကုန်ကျခံနိုင်မှသာ သွားရောက်နိုင်ကြပေသည်။
နိုင်ငံခြားသားများ အလုပ်လုပ်ကိုင်ခြင်းနှင့် ပက်သက်၍ စည်းကမ်းတင်းကြပ်သော နိုင်ငံများသို့ကား ပညာသင်ကြားရန်ဟု တဖက်လှည့်ဖြင့် အကြောင်းပြ၍ သွားရောက်ရန် ကြိုးပမ်းကြသည်။ တရားမဝင်လမ်းကြောင်းမှ သွားရောက်သူတို့ကား အကာအကွယ်လည်းမရ၊ အဆိုပါနိုင်ငံတို့မှ အရာရှိတို့၏ ဖိနှပ်ညှဉ်းဆဲမှုတို့ကိုလည်း ခံစားရလေသည်။
ယခုပုံစံအတိုင်းသာ ဆက်သွားမည်ဆိုလျှင် မြန်မာနိုင်ငံသည် ဈေးပေါသည့် အလုပ်ကြမ်းသမားများမှလွဲ၍ ဘာမှမထွက်သည့် နိုင်ငံတနိုင်ငံဘဝသို့ ရောက်သွားနိုင်လေသည်။
နိုင်ငံ၏ စနစ်မကောင်းလှသဖြင့် လူ့စွမ်းအားအရင်းအမြစ်များ လေလွင့်ဆုံးရှုံးနေသည်ကို မြင်တွေ့ရသည်မှာ ဝမ်းနည်းဖွယ်ကောင်းလှ၏။ ယခုပုံစံအတိုင်းသာ ဆက်သွားမည်ဆိုလျှင် မြန်မာနိုင်ငံသည် ဈေးပေါသည့် အလုပ်ကြမ်းသမားများမှလွဲ၍ ဘာမှမထွက်သည့် နိုင်ငံတနိုင်ငံဘဝသို့ ရောက်သွားနိုင်လေသည်။
ခေတ်အဆက်ဆက် နိုင်ငံရေးစနစ် မကောင်းမှုများ၊ ပဋိပက္ခများကြောင့် မြန်မာနိုင်ငံသည် ဒေသအတွင်း အဆင်းရဲအမွဲတေဆုံး နိုင်ငံတနိုင်ငံဘဝသို့ ရောက်ခဲ့ကြသည်။ အစိုးရအဆက်ဆက်တို့သည် နိုင်ငံ၏ လူမှုရေး၊ စီးပွားရေးနှင့် ပက်သက်၍ အသေးအဖွဲလေးများမှအစ ထိန်းချုပ်ရန် ကြိုးပမ်းခြင်း (သာဓကအနေဖြင့် မဆလခေတ်အား ကြည့်ပါ)၊ ထူးချွန်ထက်မြက်သူတို့အား နေရာမပေးဘဲ အရပ်ဘက်ဆိုင်ရာ ထိပ်ပိုင်းရာထူးများအား စစ်ဘက်ဆိုင်ရာ အရာရှိများနှင့် အစားထိုး ခန့်ထားမှုတို့ကြောင့် ယခုအခြေအနေသို့ ရောက်ရှိခဲ့ရခြင်းဖြစ်သည်။
မြန်မာနိုင်ငံ၏ လူနေမှုအဆင့်အတန်းအား မြှင့်တင်လိုပါက၊ သို့တည်းမဟုတ် မြန်မာနိုင်ငံ၏ အနာဂတ်အား လင်းလက်တောက်ပစေလိုပါက အနာဂတ်အစိုးရတို့သည် ယင်းအခြေအနေနှစ်ရပ်ကို ပြုပြင်ကြရန် လိုအပ်ပေလိမ့်သည်။
(ဖီးနစ်သည် ရန်ကုန်တက္ကသိုလ်မှ CDM လုပ်ထားသော ကျောင်းသားတဦးဖြစ်သည်။)
You may also like these stories:
ဒီမိုကရေစီကို ပုံဖော်ရန် ပညာရေး ကျွမ်းကျင်မှုသစ်များ လိုအပ်
တက္ကသိုလ်ဝင်တန်း ဖြေဆိုသူ သိသိသာသာကျဆင်းမှု စိုးရိမ်စရာဖြစ်
ကိုယ်ပိုင်ကျောင်းများအပေါ် သင်ရိုးညွှန်းတမ်း တားမြစ်ချက် လက်တွေ့နှင့် မကိုက်ညီ
ဖက်ဒရယ်ဒီမိုကရေစီ ပညာရေးမူဝါဒကို မူကြမ်းရေးဆွဲထားပြီ
စစ်ကောင်စီအောက်က ပညာရေးအကျပ်အတည်း