ဆိုကရေးတီးနှင့် နောက်ပိုင်း အတွေးအခေါ်ပညာရှင်များသည် ပညာရေး၏ ထူးခြားသော အပြောင်းအလဲများ ဖြစ်စေသည့် စွမ်းအားအကြောင်း ပြောကြားခဲ့ကြသည်။ နယ်လ်ဆင်မန်ဒဲလားကလည်း “ပညာရေးဟာ ကမ္ဘာကို ပြောင်းလဲပစ်ရာမှာ သုံးဖို့ အင်အားအကြီးမားဆုံးလက်နက် ဖြစ်တယ်” ဟု ပြောခဲ့သည်။
သို့သော် မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေကို ပညာရေးက ပြောင်းလဲစေနိုင်ပါသလား။ မြန်မာပညာရေးစနစ်တွင် အပြောင်းအလဲဖြစ်စေနိုင်သော စွမ်းရည်ရှိပါသလား။
သင်ယူမှုတိုင်း အပြောင်းအလဲများ ဖြစ်စေနိုင်သော ပညာရေး၏ စွမ်းရည်နှင့် ဆက်စပ်နေသည်ဟု သုတေသီများက ယေဘုယျအားဖြင့် သဘောတူကြသည်။ ပညာရေးသည် လစ်ဘရယ်သင်ယူမှု ဖြစ်သည်ဟု မကြာခဏ ပြောဆိုကြပြီး ကျောင်းသားများကို ကျိုးကြောင်းဆင်ခြင်တတ်ရန်၊ စနစ်တကျတွေးခေါ်တတ်ရန်၊ ၎င်းတို့၏ လက်ရှိအခက်အခဲများကို ကျော်လွန်သည့် ကမ္ဘာတခုကို စိတ်ကူးပုံဖော်ရန်နှင့် ရေရှည်ခံ အဖြေများရှာဖွေတတ်ရန် ဖြစ်သည်။ အမည်က ဖော်ပြနေသည့်အတိုင်း လစ်ဘရယ်ပညာရေးသည် ကျောင်းသားကို ၎င်း၏မွေးရာပါ ပြဿနာများမှ “လွတ်မြောက်” စေပြီး ကမ္ဘာသစ်ကို ပုံဖော်စေနိုင်သည်။
ပညာရေးသည် လစ်ဘရယ်သင်ယူမှုဖြစ်သည်ဟု မကြာခဏ ပြောဆိုကြပြီး ကျောင်းသားများကို ကျိုးကြောင်းဆင်ခြင်တတ်ရန်၊ စနစ်တကျတွေးခေါ်တတ်ရန်၊ ၎င်းတို့၏ လက်ရှိအခက်အခဲများကို ကျော်လွန်သည့် ကမ္ဘာတခုကို စိတ်ကူးပုံဖော်ရန်နှင့် ရေရှည်ခံ အဖြေများရှာဖွေတတ်ရန် ဖြစ်သည်။
ထိုလုပ်ငန်း၏ အနှစ်သာရမှာ ဝေဖန်ဆန်းစစ်တွေးခေါ်သည့် စွမ်းရည်ဖြစ်သည်။ ဝေဖန်ဆန်းစစ်တွေးခေါ်ခြင်းကို ဒီမိုကရေစီနှင့် တန်းတူညီမျှမှုဆိုသည့် စွမ်းအားကြီးမားလှသော အတွေးအခေါ်များနှင့် ပေါင်းစပ်လိုက်သောအခါ မြန်မာကဲ့သို့ ထိခိုက်ပျက်စီးလွယ်သောနိုင်ငံများတွင် ပိုမိုမျှတသည့် လူ့အဖွဲ့အစည်း တည်ဆောက်ရေးအတွက် မရှိမဖြစ် လိုအပ်လာသည်။
၂၁ ရာစု၏ စိန်ခေါ်မှုများက မိမိတို့အနေဖြင့် “မစဉ်းစားအပ်သည်များကို စဉ်းစားရန်” နှင့် ဒီမိုကရေစီတန်ဖိုးများကို ရှာဖွေရန် လိုအပ်စေသည်။ “ကျော်လွန်စဉ်းစားခြင်း” သည် မြန်မာကျောင်းသားများအနေဖြင့် ၎င်းတို့နိုင်ငံကို ပြောင်းလဲပစ်ရန် တတ်နိုင်စေသည်။ အမေရိကန် ဝတ္တုရေးဆရာ သောမတ် ယူဂျင်း ရော်ဘင်က “မဖြစ်နိုင်သည်များကို ရရှိရန် မစဉ်းစားအပ်သည်များကို စဉ်းစားရမည်” ဟု ပြောခဲ့သည်။
ကံမကောင်းအကြောင်းမလှသည်မှာ မြန်မာစာသင်ခန်းသည် အလွတ်ကျက်မှတ်ခြင်းနှင့် ဆရာဗဟိုပြု နည်းလမ်းများကို အားကိုးခြင်းအတွက် ကျော်ကြားနေသည်။ ဆရာ ဆရာမများသည် အာဏာရှင် စနစ်၏ အတွေးအခေါ်များကို သံယောင်လိုက်ပြီး ထိုအတွေးအခေါ်များကို ကျောင်းသားများထံ အတင်းအကျပ် သွတ်သွင်းသည်။ အစဉ်အလာ အလွတ်ကျက်မှတ်သင်ယူခြင်းသည် ကျောင်းသားများ စဉ်းစားရန်၊ တီထွင်ဖန်တီးရန်နှင့် အခြေခံလူမှုစနစ်များကို စိန်ခေါ်ရန် ခွင့်မပြုပေ။
သမားရိုးကျ ပညာရေး တရားသေစနစ်သည် စစ်ကောင်စီက ၎င်း၏ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မကိုက်ညီ၊ ဒီမိုကရေစီနည်းလမ်းမကျသော အာဏာကို သက်ဆိုးရှည်အောင်လုပ်ရာတွင် အမှန်တကယ် အားပေးနေသည်။ ထိုအကြောင်းကြောင့် မြန်မာစစ်တပ်သည် စဉ်းစားတွေးခေါ်ပြီး ခက်ခဲသော မေးခွန်းများ ထုတ်နိုင်သည့် ကျောင်းသားများ၏ စွမ်းရည်ကင်းမဲ့စေရန် ပညာရေးတွင် “နိုင်ငံတော်က ချမှတ်သောတန်ဖိုးများ” ကို အားပေးသည်။
သမားရိုးကျ ပညာရေး တရားသေစနစ်သည် စစ်ကောင်စီက ၎င်း၏ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မကိုက်ညီ၊ ဒီမိုကရေစီနည်းလမ်းမကျသော အာဏာကို သက်ဆိုးရှည်အောင်လုပ်ရာတွင် အမှန်တကယ် အားပေးနေသည်။
ရိုးရိုးရှင်းရှင်းပြောရမည်ဆိုပါက ပညာရေးတွင် ဝေဖန်ဆန်းစစ်တွေးခေါ်မှု မရှိခြင်းသည် ကျောင်းသားများတွင် နာခံမှုနှင့် ပုံသွင်းရန် လွယ်ကူမှုကို ဖြစ်စေသည်။ ထိုသဘောသဘာဝသည် စစ်အုပ်ချုပ်ရေးအောက်တွင် သိသိသာသာ ပိုမိုဆိုးရွားလာသည်။ ထို့အပြင် ကျောင်းသားများ၏ စိတ်တွင် ကလေးဘဝကပင် ထည့်သွင်းပေးထားသည့် ဗုဒ္ဓဘာသာ၏ ဆရာများအပေါ် လေးစားမှုကလည်း ကျောင်းသားများ မေးခွန်းမေးရမည်ကို သို့မဟုတ် ဆရာနှင့် သဘောထားကွဲလွဲရမည်ကို တွန့်ဆုတ်စေသည်။ ခြုံ၍ပြောရပါက ဘာသာရေး၊ လူမှုရေးနှင့် နိုင်ငံရေး အကြောင်းအချက်များက ကျောင်းသားများ၏ စိတ်တွင် အာဏာရှိသူများကို အရှုံးပေးသည့် သဘောထားများ ထည့်သွင်းပေးသည်။
ထိုအစဉ်အလာပညာရေးစနစ်ကို ပြောင်းလဲပစ်ရန် နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်းများ (INGOs) နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရတို့သည် ဝေဖန်ဆန်းစစ် စဉ်းစာတွေးခေါ် သော ကျွမ်းကျင်မှုနှင့် ကျောင်းသား ဗဟိုပြုသင်ရိုးညွှန်တမ်းကို မြန်မာတွင် စတင်မိတ်ဆက်သည်။
သို့သော် မကြာမီမှာပင် ထို လွန်စွာ လိုအပ်နေသည့် ပြုပြင်ပြောင်းလဲရေးများကို လူမှုအကြောင်းရင်း များက တားဆီးပိတ်ပင်လိုက်သည်။ ဥပမာအားဖြင့်ဆိုရပါက မာရီ လဲလ်က သူ၏ မကြာသေးမီက စာအုပ်တွင် ဆရာ ဆရာမများသည် ပညာရေးဝန်ကြီးဌာနက ချထားပေးသော သင်ရိုးပြီးစီးသင်ရန် လိုအပ်သောကြောင့် ကျောင်းသားဗဟိုပြုနည်းလမ်းကို အကောင်အထည်ဖော်ရန် အချိန်အကန့်အသတ်ဖြင့်သာ ရသည်ဟု ရေးသားခဲ့သည်။ ထို့အပြင် မြန်မာလူမှုအသိုက်အဝန်း သဘောထားသည် လူမှုအသိုက်အဝန်းတွင် အဆင့်မြင့်တက်စေရန် မရှိမဖြစ် လိုအပ်သော အသိအမှတ်ပြုခံရခြင်း၊ လက်မှတ်များ၊ ဘွဲ့များနှင့် အလားအလာရှိသော အလုပ်အကိုင်အခွင့်အလမ်းများကို တန်ဖိုးထားလွန်းသည်။
မြန်မာလူမှုအသိုက်အဝန်း သဘောထားသည် လူမှုအသိုက်အဝန်းတွင် အဆင့်မြင့်တက်စေရန် မရှိမဖြစ် လိုအပ်သော အသိအမှတ်ပြုခံရခြင်း၊ လက်မှတ်များ၊ ဘွဲ့များနှင့် အလားအလာရှိသော အလုပ်အကိုင်အခွင့်အလမ်းများကို တန်ဖိုးထားလွန်းသည်။
ယခု စာရေးသူများအနက်တဦးဖြစ်သော ဒေါက်တာ ရှာရက် အက်ထာက ထိုင်း-မြန်မာနယ်စပ်ဒေသမှ လူမှုအသိုက်အဝန်း သင်ယူမှုဌာနများသို့ မကြာသေးမီက သွားရောက်စဉ် ထိုအသိအမှတ်ပြုခံလိုသည့် စိတ်သဘောထားဟု ခေါ်ရမည့်အရာကို တွေ့ရှိခဲ့သည်။ လူမှုအဆင့်မြင့်တက်လိုသော တသီးပုဂ္ဂလဆန္ဒ ကို စာနာနားလည်လွယ်သော်လည်း ထိုစိတ်ဓာတ်သည် အရေးပါသော အပြောင်းအလဲဖြစ်စေသည့် ပညာရေး၏ စွမ်းအားဖြင့် နိုင်ငံတခု၏ လမ်းကြောင်းကို ပြောင်းလဲအောင်လုပ်ရာတွင် အကန့်အသတ်များ ရှိနေသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှု မဖြစ်မီက ပညာရေးစနစ်တွင် ဝေဖန်ဆန်းစစ်တွေးခေါ်သော ကျွမ်းကျင်မှု ရှားပါးခြင်းကြောင့် မြန်မာနိုင်ငံသားများသည် အင်အားကြီးမားသော စစ်တပ်ကို ရင်ဆိုင်ရန် ကြိုတင်ပြင်ဆင်မှု ကင်းမဲ့စေသည်။ လူထုအာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ဆရာ ဆရာမများနှင့် ကျောင်းသားများ ပါဝင်ခြင်းနှင့် နောက်ဆက်တွဲဖြစ်လာသည့် ဥပဒေနှင့်မညီသော ဖမ်းဆီးမှုများ၊ ချုပ်နှောင်မှုများနှင့် ညှဉ်းပန်းနှိပ်စက်မှုများဖြင့် စစ်တပ်၏ဖြိုခွဲမှုများကြောင့် နိုင်ငံသားများသည် ပညာရေးစနစ်နှင့် ကင်းကွာသွားကြသည်။
စစ်ကောင်စီသည် ပညာရေးစနစ်ကို တင်းတင်းကျပ်ကျပ် ချုပ်ကိုင်ထားပြီး ပညာရေးစနစ် ပုံမှန်ရောက်အောင် လုပ်လိုသည်။ တချိန်တည်းတွင် စစ်ကောင်စီသည် တက္ကသိုလ် ပါမောက္ခများ အပါအဝင် ထောင်ပေါင်းများစွာသော ဆရာ ဆရာမများကို အလုပ်ဖြုတ်လိုက်ပြီး ကျောင်းများနှင့် တက္ကသိုလ်အဆောက်အအုံများကို စစ်တန်းလျားများအဖြစ် ပြောင်းလဲပစ်နေသည်။
ထို့ကြောင့် မြန်မာမိဘများနှင့် တက္ကသိုလ်ကျောင်းသားများသည် ထိုပညာရေးအဖွဲ့အစည်းများတွင် ကျောင်းမအပ်ဘဲ ၎င်းတို့၏မကျေနပ်ချက်ကို ဖော်ပြကြသည်။ မြန်မာမိဘတဦး ပြောသည့်အတိုင်း ဆိုပါက “သမီးတွေကို ကျောင်းတက်ခိုင်းရတာ စိတ်အနှောင့်အယှက်ဖြစ်တယ်။ အထူးသဖြင့် ကျောင်းရဲ့ တစိတ်တပိုင်းကို စစ်တပ်က စစ်တန်းလျားလုပ်ထားတာကြောင့်” ဟုပြောသည်။ ၎င်းတို့၏ ကလေးများ လုံခြုံရေးနှင့် အကာအကွယ်ပေးရေးကို စဉ်းစားသောအခါ မိဘများတွင် အမှန်တကယ် ပူပန်စရာရှိသည်။
ဝေဖန်ဆန်းစစ်တွေးခေါ်ရေး ကျွမ်းကျင်မှု ရှားပါးခြင်းနှင့် ပညာရေးပြတ်တောက်ခြင်းကြောင့် နိုင်ငံသားများသည် ဆိုးရွားသော အကျပ်အတည်းနှင့် ရင်ဆိုင်ရစေသည်။ ၎င်းတို့၏ နိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်တင်ပေးရန် ကျောင်းသားများသည် လစ်ဘရယ် သင်ယူမှု၏ ကြီးမားသော အပြောင်းအလဲဖြစ်စေသည့် စွမ်းရည်ကို အသုံးပြုနိုင်ရမည်ဖြစ်သည်။ သို့သော် စစ်တပ်က ချမှတ်ထားသည့် အတားအဆီးများကြောင့် မြန်မာကျောင်းသားများအတွက် လက်တွေ့ကျသော အဖြေရှာခြင်းများသည် လွန်စွာကြီးမားသော စိန်ခေါ်မှုတခု ဖြစ်သည်။
ဝေဖန်ဆန်းစစ်တွေးခေါ်ရေး ကျွမ်းကျင်မှု ရှားပါးခြင်းနှင့် ပညာရေးပြတ်တောက်ခြင်းကြောင့် နိုင်ငံသားများသည် ဆိုးရွားသော အကျပ်အတည်းနှင့် ရင်ဆိုင်ရစေသည်။
ကြမ်းတမ်းသော သမိုင်းဆိုင်ရာဖြစ်ရပ်များက ပညာရေးသည် နိုင်ငံတနိုင်ငံ၏ အနာဂတ်ကို ပြောင်းလဲရာတွင် မည်မျှအရေးပါကြောင်း ပြသနေသည်။ ဥပမာအားဖြင့်ဆိုရပါက ဒုတိယကမ္ဘာစစ်ပြီးကာလတွင် ဂျူးဒုက္ခသည် အများအပြားသည် အနောက်ဥရောပမှ စခန်းများတွင် နေထိုင်ကြရသည်။ ကနဦးတွင် ၎င်းတို့သည် အိမ်ရှင်လူမှုအသိုက်အဝန်းများ၏ ရန်လိုမှုကို ခံစားရပြီး ပညာရေးအဖွဲ့အစည်းများသို့ ဝင်ရောက်ခွင့် ကန့်သတ်ခံရသည်။
သို့သော် ဒုက္ခသည် ပညာရှင်များနှင့် ပညာတတ်များက နောက်မျိုးဆက်ကို ပညာပေးရေးတာဝန်ကို ထမ်းဆောင်ခဲ့သည်။ ကန့်သတ်ပိတ်ပင်ထားသည့် ဒုက္ခသည်စခန်းများမှ အလွတ်သဘော ပညာရေး အုပ်စုများသည် အသိအမှတ်ပြုခံရခြင်းနှင့် လက်မှတ်များကို စိတ်ဝင်စားခြင်း မရှိကြပေ။ ၎င်းတို့၏ တာဝန်မှာ ကျောင်းသားများကို ပြုစု ပျိုးထောင် မြေတောင်မြှောက်ပေးပြီး မစဉ်းစားနိုင်သည်ကို စဉ်းစားရန်နှင့် ကြွယ်ဝချမ်းသာသော အနာဂတ်ကို စိတ်ကူးပုံဖော်စေရန်ဖြစ်သည်။
ဆရာ ဆရာမများ၊ ပညာရှင်များ၊ ကျောင်းသားများနှင့် နိုင်ငံတကာအသိုက်အဝန်းအပေါ် အလွန်ကြီးမားသည့် တာဝန်တခု ကျရောက်လာသည်။ မြန်မာနိုင်ငံအနေဖြင့် ဆရာ ဆရာမများက အလွတ်ပညာရေးအတွက် သင်ခန်းစာ စီမံချက်များနှင့် သင်ရိုးညွှန်းတမ်းများကို စဉ်းစား၊ စိတ်ကူးပုံဖော် ဖန်တီးစေရန် လုပ်ဆောင်ရမည်ဖြစ်သည်။ INGO များအနေဖြင့် ထောက်ခံအားပေးခြင်း၊ ဥပမာ ဆရာ ဆရာမများကို လေ့ကျင့်ပေးခြင်းဖြင့် ကူညီနိုင်သည်။ ထို့အပြင် အခိုင်အမာ အဆောက်အအုံများကို အားကိုးခြင်းထက် လူမှုအသိုက်အဝန်း လေ့လာရေးဌာနများနှင့် အွန်လိုင်းရင်းမြစ်များသည် ဆရာ ဆရာမများနှင့် ကျောင်းသူကျောင်းသားများအတွက် အကောင်းဆုံးစင်မြင့်များ ဖြစ်လာနိုင်သည်။
ကျော်ကြားသော နိုင်ငံရေးတွေးခေါ်ဆရာ လီယို စထရောက်စ် ပြောသည့်အတိုင်း ဆိုရပါက “လစ်ဘရယ် ပညာရေးတွင် ကြီးကျယ်ခမ်းနားသော အတွေးအခေါ်များနှင့် ပုံမှန်ထိတွေ့ဆက်ဆံရန် လိုအပ်သည်” ဟုသာ ဆိုရမည်ဖြစ်သည်။
အရေးအကြီးဆုံး ဖြစ်နိုင်ခြေရှိသည့်အချက်မှာ မြန်မာကျောင်းသားများသည် ဒီမိုကရေစီနှင့် တရားမျှတသော ကမ္ဘာတခုကို အကျိုးပြုခဲ့သည့် တွေးခေါ်ပညာရှင်ကြီးများအကြောင်း ကျယ်ကျယ်ပြန့်ပြန့် ဖတ်ရန်လိုသည်။ ကျော်ကြားသော နိုင်ငံရေးတွေးခေါ်ဆရာ လီယို စထရောက်စ် ပြောသည့်အတိုင်း ဆိုရပါက “လစ်ဘရယ် ပညာရေးတွင် ကြီးကျယ်ခမ်းနားသော အတွေးအခေါ် များနှင့် ပုံမှန်ထိတွေ့ဆက်ဆံရန် လိုအပ်သည်” ဟုသာ ဆိုရမည်ဖြစ်သည်။ ထိုသို့လုပ်ဆောင်ခြင်းသည် မိမိတို့ကို ပညာမဲ့ခြင်းမှ လွတ်မြောက်စေပြီး လှပသော အတွေ့အကြုံများ ပေးမည်ဖြစ်သည်။ စာဖတ်ခြင်းဖြင့် ကျောင်းသားများသည် ထိုသမိုင်းဝင်ပုဂ္ဂိုလ်များနှင့် ဖြစ်ရပ်များထံမှ ခွန်အားရရှိရန်၊ လှပသောအရာများကို စိတ်ကူးပုံဖော်ရန်နှင့် ပိုမိုတောက်ပ ဒီမိုကရေစီကျသည့် အနာဂတ်ကို စီစဉ်ရန် လေ့လာနိုင်ပေသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Dr. Sheraz Akhtar နှင့် Patrick Keeney တို့၏ Myanmar Needs New Education Skills to Envisage Democracy ကို ဘာသာပြန်သည်။
ဒေါက်တာ ရှာရက် အက်ထာသည် အမေရိကန်ပြည်ထောင်စု၊ အင်ဒီယားနား ဝက်စလေယန် တက္ကသိုလ်နှင့် ထိုင်းနိုင်ငံ၊ ချင်းမိုင်တက္ကသိုလ်တို့တွင် သင်ကြားပို့ချသည်။ သူ၏ သုတေသနများသည် ဒုက္ခသည် လူမှုအသိုက်အဝန်းများ၏ လူမှု၊ စီးပွားနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ဆရာအတတ်သင် လုပ်ငန်းအပါအဝင် ပညာရေးတိုးတက်မှုများကို အထူးပြုသည်။
ပက်ထရစ် ကင်နီသည် ကနေဒါနိုင်ငံ၊ ဗန်ကူးပါးရှိ ဆိုင်မွန်ဖရေဇာ တက္ကသိုလ်မှ ပညာရေး အတွေးအခေါ် ပါရဂူဘွဲ့ ရရှိထားသည်။ သူသည် ဗြိတိသျှကိုလံဘီယာမှ ကယ်လောနာနှင့် ထိုင်းနိုင်ငံတို့တွင် နေထိုင်ပြီး လတ်တလောတွင် ချင်းမိုင်တက္ကသိုလ် ပညာရေးမဟာဌာနတွင် ဧည့်ပညာရှင်ဖြစ်သည်။)
You may also like these stories:
တက္ကသိုလ်ဝင်တန်း ဖြေဆိုသူ သိသိသာသာကျဆင်းမှု စိုးရိမ်စရာဖြစ်
ကိုယ်ပိုင်ကျောင်းများအပေါ် သင်ရိုးညွှန်းတမ်း တားမြစ်ချက် လက်တွေ့နှင့် မကိုက်ညီ
ဖက်ဒရယ်ဒီမိုကရေစီ ပညာရေးမူဝါဒကို မူကြမ်းရေးဆွဲထားပြီ
စစ်ကောင်စီအောက်က ပညာရေးအကျပ်အတည်း