လူထု၏ နွေဦးတော်လှန်ရေး နှစ်နှစ်ခွဲကျော် သုံးနှစ်နီးပါး ကြာလာသည့်အခါတွင် မဟာမိတ် ဆက်ဆံရေးနှင့် ပတ်သက်သည့် ပြည်သူလူထု မျှော်လင့်ချက်များ၊ အားတက်မှုများ၊ အားမလိုအားမရ ဖြစ်မှုများ များစွာကြုံခဲ့ရပါသည်။
တော်လှန်ရေး အင်အားစုများအကြား မဟာမိတ်ဆက်ဆံရေးက အသက်တမျှ အရေးကြီးကြောင်းကိုလည်း ပြည်သူလူထုရော ခေါင်းဆောင်များပါ တညီတညာတည်း နားလည်လက်ခံကြပါသည်။ ထို့အတူ ပြည်သူ့ရန်သူဖြစ်သည့် စစ်ကောင်စီကလည်း တော်လှန်ရေးမဟာမိတ်ကို စေ့စပ်သေချာစွာ လေ့လာပြီး စုစည်းမှု မရှိလာစေရန် နည်းမျိုးစုံနှင့် ကြိုးပမ်းနေကြောင်း သတိပြုမိကြပါသည်။
ထို့ကြောင့် မဟာမိတ်ဆက်ဆံရေး ဘာကြောင့် တည်ဆောက်သင့်သည်၊ ခိုင်မာသင့်သည် ဆိုသည်ကို ပြည်သူလူထုနှင့် ခေါင်းဆောင်များအား အထူးအထွေ တင်ပြစရာမရှိပါ။ သို့သော် မဟာမိတ်ဆက်ဆံရေး တည်ဆောက်ခြင်းနှင့် ပတ်သက်သည့်အခါ အယူအဆအလွဲများနှင့် မျှော်လင့်ချက် လွန်ကဲခြင်းများ မဖြစ်ရန်မှာမူ အခြေခံကျကျ သတိထားရမည့် အရာများဖြစ်ပါသည်။
မိမိတို့ အများစု သင်ယူရသည့် သမိုင်းသင်ခန်းစာများတွင် မဟာမိတ် ဆက်ဆံရေးများအပေါ် မြင့်မားသည့် စံနှုန်းများဖြင့် အလွန်အမင်း ဖော်ကျူးခြင်းများ ပါဝင်တတ်သည်။ “အများကောင်းကျိုး၊ နိုင်ငံကောင်းကျိုး တမျက်နှာကိုသာကြည့်သည့် ခေါင်းဆောင်ကြီးများက မိမိတို့ကိုယ်တိုင် (သို့မဟုတ်) ကိုယ်စားပြု အဖွဲ့အစည်း၏ အကျိုးစီးပွားများကို စတေးကာ မဟာမိတ်များပြုခဲ့ပြီး ရန်သူများကို အနိုင်ယူကြသည်၊ လွတ်လပ်ရေးကို ရယူခဲ့ကြသည်” ဆိုသည့် သမိုင်းများဖြစ်သည်။
ထို့အတူ “စည်းလုံးခြင်းသည်အင်အား”၊ “စည်းလုံးမှ ရန်သူကို ကောင်းစွာ တိုက်ခိုက်နိုင်မည်” ဆိုသည့် ရည်ရွယ်ချက် ကောင်းမွန်သော်လည်း လက်တွေ့ကျသည့် နားလည်မှု မပါဝင်သော စည်းလုံးခြင်းမျိုးကို မျှော်လင့်မိကြသည်။
ထို့ပြင် ကမ္ဘာ့သမိုင်း၊ အထူးသဖြင့် ကိုလိုနီနိုင်ငံများ၏ ကမ္ဘာစစ်ကြီးများအတွင်း မဟာမိတ်ပြုမှုများသည် အကျိုးစီးပွားကို အခြေခံသည့် မိတ်ဖွဲ့မှုများအဖြစ် ပုံဖော်ထားသည်ကို တွေ့ရသည်။ မြန်မာ့သမိုင်းတွင်မူ ကျင့်ဝတ်စံနှုန်း၊ စွန့်လွှတ်အနစ်နာခံမှု၊ အများကောင်းကျိုး စသည်တို့ကသာ မဟာမိတ် တည်ဆောက်ရေးအတွက် အဓိက အစိတ်အပိုင်းအဖြစ် နားလည်လက်ခံကာ အကျိုးစီးပွားကို အခြေခံဆွေးနွေးမှုများအား ရှက်စရာ၊ ရွံစရာ၊ နိမ့်ကျသည့် ဆွေးနွေးမှုများ အဖြစ်သာ ခံယူလေ့ရှိ ကြသည်ကို တွေ့ရတတ်သည်။

ဘာသာရေး အဆုံးအမများ၊ ယဉ်ကျေးမှု စသည်တို့ကလည်း မိမိနှင့် မိမိအကျိုးစီးပွားအား ရှေ့တန်းတင်ခြင်းကို အားမပေးပေ။ အဆိုပါ အလေ့အထသည် နိုင်ငံရေး၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင်ပါ လွှမ်းမိုးပြီး ခေါင်းဆောင်အများစု၏ မိန့်ခွန်းများတွင် ထင်ဟပ်နေတတ်သည်။
ဘာသာရေး အဆုံးအမများ၊ ယဉ်ကျေးမှု စသည်တို့ကလည်း မိမိနှင့် မိမိအကျိုးစီးပွားအား ရှေ့တန်းတင်ခြင်းကို အားမပေးပေ။ အဆိုပါ အလေ့အထသည် နိုင်ငံရေး၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင်ပါ လွှမ်းမိုးပြီး ခေါင်းဆောင်အများစု၏ မိန့်ခွန်းများတွင် ထင်ဟပ်နေတတ်သည်။
“နိုင်ငံရေးတွင် ထာဝရ မိတ်ဆွေ မရှိ၊ ထာဝရ အကျိုးစီးပွားသာ ရှိသည်” ဆိုသော စကားကို ကြားဖူးနားဝ ရှိကြသော်လည်း အနုတ်လက္ခဏာသဘော၊ တနည်းအားဖြင့် မဟာမိတ်များ၏ မတည်မြဲခြင်းသဘောကို သံဝေဂသဖွယ် ကောက်ယူသည့်ဘက်ကို လွန်ကဲသည်ဟု အကဲဖြတ်မိပါသည်။ သို့သော် မဟာမိတ်ဆက်ဆံရေးဆိုင်ရာ သီအိုရီများတွင်ရော လက်တွေ့တွင်ပါ စံနှုန်းများနှင့် အကျိုးစီးပွားများသည် ထပ်တူ အရေးကြီးပြီး အချိုးကျကျ ပါဝင်ဖို့လိုကြောင်း ညွှန်ပြကြသည်ကို တွေ့ရပါသည်။
အကျိုးစီးပွား ဆွေးနွေးခြင်းသည် ရှုတ်ချစရာ မဟုတ်ပါ
အထက်တွင် တင်ပြသလို စံနှုန်းများကို အခြေတည်ဆွေးနွေးခြင်းသည် ရေသောက်မြစ်နှင့် ပင်စည် ဖြစ်သည်ဆိုပါက အကျိုးစီးပွားကို လက်တွေ့ကျကျ ဆွေးနွေးညှိနှိုင်းခြင်းသည် မဟာမိတ်ဆက်ဆံရေး၏ အကိုင်း အခက်အလက်နှင့် အရွက်များ ဖြစ်သည်။ စံနှုန်းများဆိုသည်မှာ တိကျစွာ ဥပမာပေးရလျှင် မဟာမိတ်များအကြား မျှတမှု၊ အားလုံးပါဝင်နိုင်မှု၊ ပြည်ထောင်စု စံနှုန်းများစသည်တို့ကို ဆိုလိုပါသည်။
အကျိုးစီးပွားဆိုသည်မှာ သက်ဆိုင်ရာ ဆွေးနွေးဘက် အဖွဲ့အစည်းများ၏ ရပိုင်ခွင့်၊ ခံစားခွင့်နှင့် လုပ်ပိုင်ခွင့်တို့ကို ဆိုလိုပါသည်။ လူမျိုးတိုင်း အဖွဲ့အစည်းတိုင်းသည် ၎င်းတို့၏ မွေးရာပါ သို့မဟုတ် ၎င်းတို့၏ လူ့အဖွဲ့အစည်းက ပေးအပ်သည့် ရပိုင်ခွင့်များကို အခြားသူများအား မထိခိုက်စေဘဲ ဆွေနွေးညှိနှိုင်း ခွင့်ရှိသည်သာ ဖြစ်ပါသည်။
ထိုသို့ မိမိတို့လူမျိုး၊ အဖွဲ့အစည်း၏ ရပိုင်ခွင့်သာမက ရလိုမှုများကိုပါ လွတ်လွတ်လပ်လပ် တောင်းဆိုနိုင်သည့် နိုင်ငံရေး ပတ်ဝန်းကျင် သို့မဟုတ် ယဉ်ကျေးမှုရှိရန် လွန်စွာအရေးကြီးပါသည်။ စံနှုန်းများကိုသာ တင်ပြပြီး အကျိုးစီးပွားများကို နက်နဲသိမ်မွေ့စွာ ပွင့်ပွင့်လင်းလင်း ထည့်သွင်းဆွေးနွေးခြင်း မရှိသည့် အလေ့အထ ကြီးစိုးနေပါက နားလည်မှု လွဲခြင်း၊ ဆက်ဆံရေး ပျက်ပြားခြင်းသာမက တော်လှန်ရေး၏ အဖိုးတန်လှသည့် အချိန်များပါ ကုန်ဆုံးနိုင်ပါသည်။ တော်လှန်ရေးသည် သာမန်အချိန်များကဲ့သို့ မဟုတ်၊ အချိန်နှင့်ရင်းမြစ် ကုန်ဆုံးခြင်းများသည် လူထု၏ အသက်နှင့် ဘဝများ ကုန်ဆုံးခြင်းပင် ဖြစ်ပါသည်။
ထိုသို့ မိမိတို့လူမျိုး၊ အဖွဲ့အစည်း၏ ရပိုင်ခွင့်သာမက ရလိုမှုများကိုပါ လွတ်လွတ်လပ်လပ် တောင်းဆိုနိုင်သည့် နိုင်ငံရေး ပတ်ဝန်းကျင် သို့မဟုတ် ယဉ်ကျေးမှုရှိရန် လွန်စွာအရေးကြီးပါသည်။
မဟာမိတ်ဆက်ဆံရေးသည် တကြိမ်တည်းနှင့် ပြီးပြည့်စုံသည့် အာမခံချက် မဖြစ်နိုင်ပါ။ အကျိုးစီးပွားပါ ထည့်သွင်း ဆွေးနွေးကြသည့်အခါတွင်လည်း အများစုဖြစ်သည့် ဗမာလူမျိုးများ အပါအဝင် လူမျိုးများအားလုံးသည် မျှတသည့် မိမိတို့ရပိုင်ခွင့်၊ သို့မဟုတ် မျှတသည့် မိမိတို့ ရပိုင်ခွင့်ဟု ယုံကြည်သည့် အရာများကို ရလိမ့်မည်ဟု အာမခံချက် မရှိသည်ကို အထူးသတိပြုရပေမည်။
ထိုကဲ့သို့ အခြေအနေများတွင် တဖက်မိတ်ဖက် အဖွဲ့အစည်းများ၊ မိမိတို့နှင့် ဆန့်ကျင်ဘက် အဖွဲ့အစည်းများ၌ ကွဲပြားခြားနားသော ယုံကြည်ချက်များ၊ အယူအဆများကိုလည်း အသိအမှတ်ပြု လေးစားမှသာ ဆွေးနွေးညှိနှိုင်းနိုင်မည် ဖြစ်သည်။ အဆိုပါ အယူအဆ ယုံကြည်ချက်များသည် မိမိတို့ နားလည်ထားမှုနှင့် လွန်စွာမှ ကွာဟနေသည့်တိုင် ပါဝင်သူတိုင်းက စွပ်စွဲပြစ်တင်ခြင်းများကို ရှောင်ကျဉ်ပြီး ရလိုမှု (မိမိတို့ဘက်ကမူ ရပိုင်ခွင့်ဟု ယူဆမှု) များကို ပွင့်ပွင့်လင်းလင်း ညှိနှိုင်းဆွေးနွေးကြရန် လိုအပ်ပါသည်။
ထိုကဲ့သို့ ဆွေးနွေးမှုမျိုးသည် နှစ် ၇၀ ကြာ ပြည်တွင်းစစ် ဖြစ်ပွားနေပြီး လူမျိုးများအကြား ယုံကြည်မှု ကင်းမဲ့ခဲ့ရသည့် နိုင်ငံတွင် ပေါ်ပေါက်လာရန် ခက်ခဲသည်မှာ သေချာပါသည်။ သို့သော် အခြေခံကျသည့် လိုအပ်ချက်မှာ အပြီးသတ် သဘောတူညီမှုများ ရရှိနိုင်ရေး မဟုတ်ဘဲ မတူညီသည့် ပဋိပက္ခအမြင်များကိုပင် တံဆိပ်ကပ် စွပ်စွဲခြင်းများကို ရှောင်ကျဉ်နိုင်ရေး၊ လေးစားအသိအမှတ်ပြုရေး ဖြစ်သည်။

ဥပမာ လူမျိုးတမျိုးက အငြင်းပွားဖွယ် နယ်မြေတခုကို ရပိုင်ခွင့်အဖြစ် တောင်းဆိုလာပါက ၎င်းတို့အား အကျိုးစီးပွားသာ ရှေ့တန်းတင်သူ၊ ပြည်ထောင်စုစံနှုန်း နိမ့်ပါးသူ၊ သွေးစုပ်ခြယ်လှယ်လိုသူများ အစရှိသဖြင့် လက်ဦးမှုရယူကာ စွပ်စွဲ ပြစ်တင်ခြင်းထက် ဘာကြောင့် ၎င်းတို့အဆိုအား လက်ခံနိုင်၊ မခံနိုင်ကြကြောင်း၊ ဘာကြောင့် အခြားလူမျိုးများနှင့် ညှိနှိုင်းသင့်ကြောင်း ဆွေးနွေးငြင်းခုံနိုင်သည့် ပတ်ဝန်းကျင်မျိုး ဖြစ်သင့်ပါသည်။
ပို၍ အရေးကြီးသည်မှာ မည့်သည့်နိုင်ငံတွင်မှ ပြည်ထောင်စုသည် တကြိမ်တခါ သဘောတူပြီး ပြီးပြည့်စုံသည့် မျှတသောစနစ်မျိုး တည်ဆောက်နိုင်ခြင်း မရှိပါ။ စဉ်ဆက်မပြတ် ဆွေးနွေးညှိနှိုင်းနေရပြီး မဟာမိတ်များအကြား သာခြင်း၊ နာခြင်းများကို ပြန်လည်သုံးသပ် ပြင်ဆင်ရလေ့ရှိပါသည်။ လိုအပ်သည်မှာ ပြုလွယ်ပြင်လွယ်သည့် သဘောတူညီမှု စာချုပ်များ၊ ဥပဒေများနှင့် အထူးသဖြင့် အထက်တွင် တင်ပြသလို စွပ်စွဲတံဆိပ်ကပ်ခြင်း နည်းပါးပြီး အဖြေရှာရေးကို ဦးတည်သည့် ဆွေးနွေးမှု ပတ်ဝန်းကျင်ဖြစ်ပါသည်။
လူထု၊ ခေါင်းဆောင်များနှင့် အခြားပါဝင်သူများ၏ အခန်းကဏ္ဍ
နွေဦးတော်လှန်ရေးတွင် လူထု၏ ဦးဆောင်မှုသည် ငြိမ်းချမ်းစွာ ဆန္ဒပြခြင်းများမှသည် လက်နက်ကိုင် တော်လှန်ရေး၊ နိုင်ငံခြားရေးနှင့် မဟာမိတ်ဆက်ဆံရေးအထိ ကျယ်ပြန့်စွာ တိုက်ရိုက်၊ သွယ်ဝိုက် ပါဝင်ပတ်သက်လျက် ရှိသည်မှာ အထင်အရှားဖြစ်သည်။
မဟာမိတ်ဆက်ဆံရေးနှင့် ပတ်သက်၍ လူထုသည် စံနှုန်းမြင့် မျှော်လင့်ချက်များရှိသည် မှန်သော်လည်း လူမျိုးအားလုံး၏ အကျိုးစီးပွား ထည့်သွင်းစဉ်းစားမှုများအပေါ် ငြိုငြင်ခြင်း မရှိသည်ကို လေးစားစွာ တွေ့ရှိရသည်။ လူထုတော်လှန်ရေးကို ထောက်ပံ့၊ ပါဝင်၊ လက်တွဲနေသည့် တော်လှန်ရေး အင်အားစုများ အားလုံးကို အားကိုးတကြီး အားပေးချစ်ခင်ကြသကဲ့သို့ အကြောင်းအမျိုးမျိုးကြောင့်၊ အကျိုးစီးပွားကြောင့် မပါဝင်နိုင်သေးသူများကိုလည်း လူထုကို သတ်ဖြတ်နေသည့် စစ်ကောင်စီနှင့် မပူးပေါင်းသရွေ့ သဘောထားကြီးစွာ လမ်းဖွင့်ကြိုဆိုဆဲ ဖြစ်သည်။
မဟာမိတ်ဆက်ဆံရေးနှင့် ပတ်သက်၍ လူထုသည် စံနှုန်းမြင့် မျှော်လင့်ချက်များရှိသည် မှန်သော်လည်း လူမျိုးအားလုံး၏ အကျိုးစီးပွား ထည့်သွင်းစဉ်းစားမှုများအပေါ် ငြိုငြင်ခြင်း မရှိသည်ကို လေးစားစွာ တွေ့ရှိရသည်။
ခေါင်းဆောင်များသည်လည်း မိမိတို့ လူမျိုး၊ အဖွဲ့အစည်း တခုခြင်းစီ၏ ခံယူချက်၊ စံနှုန်း၊ အကျိုးစီးပွားတို့ကို ချိန်ဆနေသူများရှိသည့်တိုင် အများစုမှာ အကြမ်းဖက်စစ်ကောင်စီနှင့် ရှေ့ဆက်ရန် မဖြစ်နိုင်ကြောင်း နားလည်ထားကြပြီးဖြစ်သည်။ သို့သော် တဖက်တွင်လည်း မဟာမိတ်များအကြား တိကျခိုင်မာသည့် အာမခံချက်များကို ရရှိနိုင်ရေး စိတ်ဆန္ဒ စောမိကြသည်ကိုလည်း သမိုင်းသင်ခန်းစာများအရ နားလည်လက်ခံ နိုင်ပါသည်။
ထိုကဲ့သို့ အကဲဆတ်သည့် နိုင်ငံရေး၊ စစ်ရေး ဖိအားများသည့်အချိန်တွင် ရလိုမှု၊ ရပိုင်ခွင့်များကို ဖိအားပေး တောင်းဆိုခြင်း၊ မရရှိသည့်အခါ စွပ်စွဲအပြစ်တင်ခြင်းများကိုလည်း ရှောင်လွဲရန် ခက်ခဲပါသည်။ သို့သော် တတ်နိုင်သမျှ နည်းပါးသည်ထက် နည်းပါးအောင်၊ မိမိတို့ ယုံကြည်ချက်၊ ခံယူချက်များကိုသာမက အကျိုးစီးပွားများကိုပါ တံဆိပ်ကပ်ခံရခြင်း မရှိဘဲ ရိုးသားပွင့်လင်းစွာ ပြောဆိုနိုင်သည့် အခင်းအကျင်း လိုအပ်ပါသည်။
လူထု အပါအဝင်၊ ခေါင်းဆောင်များနှင့် မဟာမိတ် ဆက်ဆံရေးတွင် ပါဝင်ပက်သက် သူများအားလုံး ပဋိပက္ခကို ကြီးထွားစေမည့် အပြောအဆို စွပ်စွဲမှုများကို အထူးရှောင်ကျဉ်ပြီး ပွင့်ပွင့်လင်းလင်း ဆွေးနွေးနိုင်သည့် အခင်းအကျင်းမျိုး ဖန်တီးနိုင်ရေး ဝိုင်းဝန်းကြိုးပမ်းပေးမှသာ တော်လှန်ရေးကာလ မဟာမိတ်ဆက်ဆံရေး ခိုင်မာလာမည် ဖြစ်ပါသည်။
You may also like these stories:
NUG နှင့် EAOs ပူးပေါင်းမှု ဘယ်အထိ ခရီးရောက်ပြီလဲ
NUG၊ CRPH နှင့် PDF တို့ကို မကူညီရန် ဖိအားပေးမှု မြောက်ပိုင်းမဟာမိတ် လက်မခံ
ညီလာခံလုပ်ဖို့ကိစ္စ ကျနော်တို့နဲ့ အမြင်သဘောထားတွေ ကွဲတာပေါ့
မြန်မာ့ “ညီညွတ်ရေး တပ်ပေါင်းစု” တံလျှပ်များ
–