လူမှုကွန်ရက်ပို့စ် အများအပြားအရ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များနှင့် ပြည်သူ့ကာကွယ်ရေးတပ်များ (PDFs) တို့ ပါဝင်သည့် ညီညွတ်ရေးတပ်ပေါင်းစုသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလက နေပြည်တော်တွင် အာဏာသိမ်းခဲ့သော စစ်ကောင်စီတပ်များကို အောင်မြင်စွာ တိုက်ပွဲဝင်နေကြောင်း သိရသည်။
ထိုမဟာမိတ်အဖွဲ့တွင် တိုင်းရင်းသားတော်လှန်ရေးသမား ၁ သိန်းနှင့် PDFs ကွပ်ကဲမှုအောက်မှ အမျိုးသား၊ အမျိုးသမီး ၆၅,၀၀၀ ပါဝင်ကြောင်းနှင့် ၎င်းတို့သည် နိုင်ငံ၏ အစိတ်အပိုင်းအများအပြားကို ထိန်းချုပ်ထားကြောင်း လေ့လာသူအချို့က ပြောသည်။
ထိုသို့ လွန်စွာ ချဲ့ကားထားသည့် ကိန်းဂဏန်းများနှင့် ယုံကြည်ရန် ခက်ခဲသည့် ပြောဆိုချက်များကို ထိုအတိုင်းယူဆရပါက စစ်ကောင်စီ၏ သက်တမ်းရက်ကျန်ကို ရေတွက်၍ပင် ရနေပြီး မြန်မာနိုင်ငံသည် မကြာမီ ခုခံတော်လှန်ရေးအင်အားစုများ တိုက်ပွဲဝင်နေသည့် ဒီမိုကရေစီ ဖက်ဒရယ်နိုင်ငံ ဖြစ်လာတော့မည်ဖြစ်သည်။
လွန်စွာ ချဲ့ကားထားသည့် ကိန်းဂဏန်းများနှင့် ယုံကြည်ရန် ခက်ခဲသည့် ပြောဆိုချက်များကို ထိုအတိုင်းယူဆရပါက စစ်ကောင်စီ၏ သက်တမ်းရက်ကျန်ကို ရေတွက်၍ပင် ရနေပြီ
နေပြည်တော်မှ စစ်ကောင်စီသည် ၁၉၄၈ ခုနှစ်တွင် မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးနောက်ပိုင်း အစိုးရများတွင် အညံ့ဖျင်းဆုံး အစိုးရဖြစ်သည်ဟုဆိုက မှန်နိုင်သည်။ ပြည်တွင်းစစ်သည်လည်း နိုင်ငံနယ်စပ် တိုင်းရင်းသားများ နေထိုင်ရာဒေသများမှ မြန်မာနိုင်ငံအလယ်ပိုင်း အချက်အခြာဒေသများသို့ ပျံ့နှံ့လာပြီး စစ်ကောင်စီသည် နိုင်ငံမှ ယခင်က ငြိမ်းချမ်းသော ဒေသများကိုပင် မထိန်းချုပ်နိုင်တော့ပေ။
သို့သော် ခါးသီးသော အမှန်တရားမှာ လူမျိုးစုပေါင်းစုံပါသော တပ်ပေါင်းစုဖွဲ့စည်းရန် မအောင်မြင်သော အားထုတ်မှုများ၊ ခက်ခဲရှည်လျားသော သမိုင်းကြောင်း ရှိနေပြီး အဓိက သဘောထားကွဲလွဲသည့် ပြဿနာမှာ ဗမာ-လူနည်းစု လူမျိုးစု ဆက်ဆံရေးဖြစ်သည်။
လူနည်းစု လူမျိုးစုများ အချင်းချင်းအကြားတွင်လည်း ပဋိပက္ခများ ရှိနေသည်။ ကချင်နှင့် ကချင်ပြည်နယ်မှ ရှမ်းများအကြားတွင် ကာလရှည်ကြာသည့် မုန်းတီးမှုရှိနေပြီး ရှမ်း၊ ကချင်နှင့် ပလောင်တို့သည် ရှမ်းပြည်မြောက်ပိုင်းတွင် ပိုင်နက်နယ်မြေ အပြိုင်တောင်းဆိုနေသည်။ ယခုအခါ ရှမ်းပြည်အရှေ့ပိုင်းတွင် ရှိသည့် ဝများကလည်း သီးခြားပြည်နယ်လိုချင်ပြီး ရှမ်းတို့က လက်ခံမည့်သဘောမရှိပေ။
ရခိုင်ပြည်နယ်သည် ဗုဒ္ဓဘာသာနှင့် မွတ်ဆလင်ဘာသာဝင်များအကြား ပဋိပက္ခကြောင့် ကွဲပြဲနေသလို ကရင်နှင့် မွန်တိုင်းရင်းသား လက်နက်ကိုင်များသည် ထိုင်းနယ်စပ်မှ ပိုင်နက်အတွက် တိုက်ခိုက်နေကြသည်။
မြန်မာတွင် တိုင်းရင်းသားလူမျိုး ၁၃၅ မျိုး မရှိနိုင်ပေ။ ထိုကိစ္စ၏ ပကတိအခြေအနေမှာ စစ်အုပ်စု၏ ကံကောင်းဂဏန်းဖြစ်သည့် ၁+၃+၅=၉ နှင့် ပိုမိုပတ်သက်နိုင်သည်။ မည်သို့ဆိုစေ မြန်မာသည် တိုင်းရင်းလူမျိုးစု ပေါင်းစုံရှိသောနိုင်ငံဖြစ်ပြီး လွတ်လပ်ရေး ရပြီးနောက်ပိုင်း အစိုးရအဆက်ဆက်နှင့် ဗဟိုအာဏာပိုင်ကို ဆယ်စုနှစ်ပေါင်းများစွာ ခုခံတိုက်ခိုက်ခဲ့သော အင်အားစုများသည် ၁၉၄၇ ခုနှစ် ပင်လုံစာချုပ် ချုပ်ဆိုပြီးနောက် လူတိုင်းပြောနေသည့် အားလုံးပိုင်ဆိုင်သည့် နိုင်ငံဆိုသည့် ဘုံအမြင်ကို ဖန်တီးနိုင်စွမ်း မရှိကြပေ။

ပထမဆုံး ခုခံတော်လှန်ရေး တပ်ပေါင်းစုကို လွတ်လပ်ရေးရပြီး တနှစ်မျှသာကြာသေးသည့် ၁၉၄၉ ခုနှစ်တွင် ထူထောင်ခဲ့သည်။ ထိုတပ်ပေါင်းစုကို ပြည်သူ့ဒီမိုကရေစီတပ်ဦးဟု ခေါ်ပြီး ဗမာပြည်ကွန်မြူနစ်ပါတီ (CPB)၊ ကွန်မြူနစ်ပါတီ (အလံနီ)၊ ပြည်သူ့ရဲဘော် ပါတီ (PCP)၊ တော်လှန်သော ဗမာ့တပ်မတော် (RBA) နှင့် ရခိုင်ပြည်သူ့လွတ်မြောက်ရေးပါတီ (APLP) တို့ ပါဝင်သည်။ ၎င်းတို့ အားလုံးသည် လက်ဝဲသမားများဖြစ်ပြီး အတွေးအခေါ်တူညီသော်လည်း စစ်မြေပြင်တွင် မည်သည့် မှတ်သားစရာမျှ လုပ်ဆောင်နိုင်ခြင်း မရှိပေ။
ပထမဆုံး ခုခံတော်လှန်ရေး တပ်ပေါင်းစုကို လွတ်လပ်ရေးရပြီး တနှစ်မျှသာကြာသေးသည့် ၁၉၄၉ ခုနှစ်တွင် ထူထောင်ခဲ့သည်။
ဗိုလ်ချုပ်အောင်ဆန်း၏ တခါက တပ်ဖွဲ့ဖြစ်သော PCP ပြည်သူ့ရဲဘော်အဖွဲ့သည် ၁၉၅၈ ခုနှစ်တွင် လက်နက်ချသလို ၁၉၄၅ ခုနှစ်တွင် ရခိုင်ဘုန်းတော်ကြီး အမျိုးသားရေးဝါဒီ ဦးစိန္ဒာက တည်ထောင်ခဲ့သည့် APLP လည်း ထိုနှစ်တွင်ပင် လက်နက်ချသည်။ ဗမာစစ်တပ်မှ ဘက်ပြောင်းလာသည့် ကွန်မြူနစ်လိုလားသူများဖြစ်သည့် RBA လက်ကျန်များကို CPB နှင့် ပူးပေါင်းလိုက်သည်။
၁၉၅၆ ခုနှစ်တွင် တိုင်းရင်းသားခုခံတော်လှန်ရေးတပ်ဖွဲ့ လေးခုဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP)၊ မွန်ပြည်သူ့တပ်ဦးနှင့် ဦးလှဖေ ဦးဆောင်သည့် ပအိုဝ်းအုပ်စုတခုတို့သည် ဒီမိုကရက်တစ် လူမျိုးစုများ ညီညွတ်ရေးတပ်ဦးဟု ခေါ်သည့် တပ်ပေါင်းစုဖွဲ့သော်လည်း ၁၉၅၈ ခုနှစ်တွင် မွန်နှင့်ပအိုဝ်းတို့ လက်နက်ချသောအခါ ထိုတပ်ပေါင်းစု ဆက်လက်မတည်ရှိတော့ပေ။
ပိုမိုကျယ်ပြန့်ပြီး ကွန်မြူနစ်လိုလားသည့် အမျိုးသားဒီမိုကရေစီ ညီညွတ်ရေးတပ်ဦးကို ၁၉၅၉ ခုနှစ်တွင် ထူထောင်ပြီး အဖွဲ့ဝင် ခြောက်ဖွဲ့အဖြစ် CPB, ကရင်လက်ဝဲအုပ်စုဖြစ်သည့် ကရင်အမျိုးသားညီညွတ်ရေးပါတီ (KNUP)၊ KNPP၊ ချင်းအမျိုးသားတပ်ဦးပါတီ၊ မွန်ပြည်သစ်ပါတီ (NMSP) နှင့် ပအိုဝ်း အဖွဲ့တဖွဲ့တို့ ပါဝင်သည်။ လူတန်းစားသည် အမျိုးသားရေးထက် အရေးကြီးသည်ဟု ယူဆသည့် CPB နှင့် သဘောထားကွဲလွဲသောကြောင့် ထိုတပ်ဦးကို ၁၉၇၅ ခုနှစ်တွင် ဖျက်သိမ်းသည်။ တိုင်းရင်းသားအဖွဲ့အစည်းများတွင်လည်း ကွန်မြူနစ်လိုလားသူနှင့် မလိုလားသူများအကြား အကွဲအပြဲများဖြစ်သည်။
တိုင်းရင်းသားအဖွဲ့အစည်းများတွင် ကွန်မြူနစ်လိုလားသူနှင့် မလိုလားသူများအကြား အကွဲအပြဲများဖြစ်သည်။
၁၉၆၀ ပြည့်နှစ်များ အစောပိုင်းတွင် တိုင်းရင်းသားခုခံတော်လှန်ရေး တပ်ဖွဲ့အချို့သည် တိုင်းရင်းသားများ လွတ်မြောက်ရေးမဟာမိတ် အလံတော်အောက်တွင် ညီညွတ်ရန်ကြိုးစားကြသည်။ ထိုမဟာမိတ်အဖွဲ့တွင် ကချင်လွတ်လပ်ရေးအဖွဲ့ချုပ် (KIO)၊ KNPP၊ ကော်သူလေး တောင်လှန်ရေးကောင်စီ (KRC) နှင့် နွမ်ဆတ်ဟန် ရှမ်းအဖွဲ့တဖွဲ့ ပါဝင်သည်။ အများအားဖြင့် အလုပ်မဖြစ်လှဘဲ KRC ဥက္ကဋ္ဌ စောဟံတာသာမွေး ၁၉၆၃ ခုနှစ်တွင် လက်နက်ချသောအခါ ထိုမဟာမိတ်အဖွဲ့ကို ဖျက်သိမ်းလိုက်သည်။
နောင် နှစ်နှစ်ကြာသောအခါ KNU၊ KNPP၊ ပဒေါင်အဖွဲ့တခုဖြစ်သော ကယန်းပြည်သစ်ပါတီ (KNLP)၊ ချင်းအုပ်စုတခုဖြစ်သော ဇိုမီးအမျိုးသားတပ်ဦး (ZNF) နှင့် ရှမ်းပြည်တပ်မတော် (SSA) စစ်ကောင်စီတို့က ညီညွတ်သော တိုင်းရင်းသားများတပ်ဦးကို တည်ထောင်ပြီးနောက် တနှစ်ကြာသောအခါ ဖျက်သိမ်းလိုက်သည်။
တိုင်းရင်းသားများ ညီညွတ်သောတပ်ဦးကို ၁၉၆၇ ခုနှစ်တွင် တည်ထောင်ပြီး KNUP၊ KNPP၊ KNLP၊ NMSP၊ ZNF နှင့် လက်ဝဲပအိုဝ်းအဖွဲ့တခုဖြစ်သည့် ရှမ်းပြည်လူမျိုးပေါင်းစုံ လွတ်မြောက်ရေးအဖွဲ့ချုပ် (နောင်တွင် ရှမ်းပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးအဖွဲ့ချုပ်) (SSNPLO) တို့ ပါဝင်သည်။ တိုင်းရင်းသားများ ညီညွတ်သောတပ်ဦးသည် လွန်စွာလက်ဝဲဆန်သည်ဟု ယူဆသောကြောင့် NMSP သည် ထိုအဖွဲ့မှ ၁၉၆၉ ခုနှစ်တွင် နုတ်ထွက်သည်။ ထိုအဖွဲ့ကို နောက်ဆုံး ၁၉၇၃ ခုနှစ်တွင် ဖျက်သိမ်းလိုက်သည်။
ထိုနှစ်တွင်ပင် ပိုမိုအလယ်အလတ်ကျသည့် တော်လှန်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ကို ဖွဲ့စည်းပြီး အဖွဲ့ဝင် လေးဖွဲ့အဖြစ် KNU၊ KNPP၊ KNLP နှင့် SSA ၏ နိုင်ငံရေးအဖွဲ့အစည်းဖြစ်သော ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) တို့ ပါဝင်သည်။
ကရင်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်မြ ဦးဆောင်သည့် KNU သည် ထိုင်းနယ်စပ် ကရင်တိုင်းရင်းသာတပ်များ ထိန်းချုပ်ထားသည့် နယ်မြေဌာနချုပ်တွင် တိုင်းရင်းသားအဖွဲ့အစည်း အများအပြားကို စုစည်းရာတွင် အရေးပါသည်။ သူ၏ အားထုတ်မှုများကြောင့် တော်လှန်သော တိုင်းရင်းသားလူမျိုးများမဟာမိတ်အဖွဲ့ကို ၁၉၇၅ ခုနှစ်တွင် ဖက်ဒရယ် အမျိုးသား ဒီမိုကရေစီတပ်ဦးက ဆက်ခံပြီးနောက် တနှစ်ကြာသောအခါ အမျိုးသားဒီမိုကရေစီတပ်ဦး (NDF) အဖြစ် အမည်ပြောင်းလိုက်သည်။
နောင်နှစ်အတန်ကြာအတွင်း NDF သည် ပုံမှန်တွေ့ဆုံ ဆွေးနွေးသည့် တခုတည်းသော မဟာမိတ်အဖွဲ့ဖြစ်ပြီး ထုံးစံအားဖြင့် ထိုင်းနယ်စပ်မှ မာနယ်ပလောရှိ KNU ဌာနချုပ်တွင် တွေ့ဆုံသည်။ ထိုအဖွဲ့သည် တိုင်းရင်းသားတော်လှန်ရေး လက်နက်ကိုင်တပ်များအကြား ညီညွတ်မှုပုံစံမျိုးကို ထိန်းသိမ်းထားနိုင်ခဲ့သည်။
NDF သည် ပုံမှန်တွေ့ဆုံ ဆွေးနွေးသည့် တခုတည်းသော မဟာမိတ်အဖွဲ့ဖြစ်ပြီး ထုံးစံအားဖြင့် ထိုင်းနယ်စပ်မှ မာနယ်ပလောရှိ KNU ဌာနချုပ်တွင် တွေ့ဆုံသည်။
သို့သော် ထိုအဖွဲ့တွင်လည်း အဖွဲ့ဝင်များအကြားတွင် အဓိကအားဖြင့် CPB နှင့် ပူးပေါင်းဆောင်ရွက်သင့်၊ မသင့်နှင့် ပတ်သက်သည့် အကွဲအပြဲများနှင့် အငြင်းပွားမှုများရှိသည်။ အခြားအဖွဲ့အစည်းများသည် အများအားဖြင့် ဗမာလွှမ်းမိုးသည့် အဖွဲ့အစည်းဖြစ်သည့် CPB ၏ ခေါင်းဆောင်မှုကို လက်ခံကြောင်း ကြေညာချက်ထုတ်ပြန်သင့်သည်ဟု CPB က တောင်းဆိုသည်။ ထို့ကြောင့် SSA/SSPP နှင့် KNU ကဲ့သို့သော တိုင်းရင်းသားအဖွဲ့အစည်းများတွင် အကွဲအပြဲများဖြစ်စေပြီး တခါတရံ လက်ဝဲသမားများနှင့် လက်ယာသမားများအကြား သွေးချောင်းစီးသည့် အာဏာလုပွဲများကိုပင် ဖြစ်စေသည်။
NDF ၏ မူလအဖွဲ့ဝင်များတွင် KNU၊ KNPP၊ SSPP၊ ရခိုင်လွတ်မြောက်ရေးပါတီ (ALP)၊ လားဟူအမျိုးသား ညီညွတ်ရေးပါတီ (LNUP)၊ ညီညွတ်သော ပအိုဝ်း လွတ်မြောက်ရေးအဖွဲ့ချုပ် (UPNO) နှင့် ပလောင်ပြည်လွတ်မြောက်ရေးအဖွဲ့ချုပ် (PSLO) တို့ ပါဝင်သည်။ UNPO သည် အဖွဲ့မှ ၁၉၇၇ ခုနှစ်တွင် နုတ်ထွက်ပြီးနောက် ၁၉၈၀ ပြည့်နှစ်တွင် ပအိုဝ်း အမျိုးသားအဖွဲ့ချုပ် (PNO) က အစားထိုးဝင်ရောက်လာသည်။
NMSP က ၁၉၈၂ ခုနှစ်၊ KIO နှင့် ဝ အမျိုးသားအဖွဲ့ချုပ် (WNO) က ၁၉၈၃ ခုနှစ်၊ လားဟူအမျိုးသားအဖွဲ့ချုပ် (LNO) က ၁၉၈၇ ခုနှစ်တွင် မဟာမိတ်အဖွဲ့သို့ ဝင်ရောက်လာသည်။ LNO သည် မဟာမိတ်အဖွဲ့မှ ၁၉၈၄ ခုနှစ်တွင် နုတ်ထွက်သည့် LNUP အစား ဝင်ရောက်လာခြင်းဖြစ်သည်။ ALP ကို ၁၉၈၈ ခုနှစ်တွင် ရခိုင်အမျိုးသားညီညွတ်ရေးတပ်ဦးက အစားထိုးသည်။ ချင်းအမျိုးသားတပ်ဦး (CNF) က ၁၉၈၉ ခုနှစ်တွင် မဟာမိတ်အဖွဲ့သို့ ဝင်သည်။ KNLP သည် ၁၉၇၇ ခုနှစ်တွင် မဟာမိတ်အဖွဲ့မှ နုတ်ထွက်သော်လည်း ၁၉၉၁ ခုနှစ်တွင် ပြန်လည်ဝင်ရောက်သည်။
PNO၊ PSLF နှင့် SSPP တို့သည် အစိုးရနှင့် ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုသောကြောင့် ၁၉၉၁ ခုနှစ်တွင် NDF မှ ထုတ်ပယ်ခံရသည်။ ၁၉၉၀ ပြည့်နှစ်များအစောပိုင်းတွင် NMSP၊ KNPP၊ KNLP နှင့် KIO တို့သည်လည်း အစိုးရနှင့် ငြိမ်းချမ်းရေး ပြုလုပ်ကြပြီး ထိုင်းနယ်စပ်မှ ဝ များသည် ၁၉၈၉ ခုနှစ်၊ ဧပြီလတွင် BCP မှ အောက်ခြေတောင်ပေါ် လူမျိုးစုများ ပုန်ကန်သောအခါ ပြိုကွဲသွားသည့် ဝ တပ်များနှင့် ပူးပေါင်းကြသည်။ ၁၉၈၉ ခုနှစ် နှောင်းပိုင်းတွင် ထိုပူးပေါင်းတပ်များသည် ဝပြည်သွေးစည်းညီညွတ်ရေးပါတီနှင့် ဝပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSP/UWSA) ဖြစ်လာသည်။
ကွန်မြူနစ်ပုန်ကန်မှု ပြိုလဲပြီး နောက်ပိုင်းတွင် CPB နှင့်ပေါင်းခဲ့သည့် တိုင်းရင်းသားအုပ်စု အနည်းငယ်ဖြစ်သော SSNPLO၊ KNLP နှင့် ကရင်နီပြည်နယ် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့တို့က လူမျိုးပေါင်းစုံ ပြည်သူ့ဒီမိုကရက်တစ်တပ်ဦး ဖွဲ့စည်းကြသည်။ ၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးတော်ပုံ နောက်ပိုင်းတွင် CPB က ဖွဲ့စည်းခဲ့သည့် သေးငယ်သော ဗမာအုပ်စုဖြစ်သည့် ဒီမိုကရေစီ ပြည်ချစ်တပ်မတော် (DPA) ကလည်း ထိုမဟာမိတ်အဖွဲ့သို့ ဝင်ရောက်လာသည်။ ၁၉၉၄ ခုနှစ်တွင် DPA သည် မြင်ကွင်းမှ ပျောက်ကွယ်သွားပြီး အခြားအုပ်စုများသည် အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်များ ချုပ်ဆိုကြသည်။
၁၉၉၀ ပြည့်နှစ်များအစောပိုင်းက အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်များကြောင့် NDF ပြိုကွဲသွားပြီး တိုင်းရင်းသား ခုခံတော်လှန်ရေး အင်အားစုများအကြား မဟာမိတ်သစ်ဖွဲ့ရန် အားထုတ်မှုများကို ၂၀၁၁ ခုနှစ်အထိ မတွေ့ရတော့ပေ။
၁၉၉၀ ပြည့်နှစ်များအစောပိုင်းက အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်များကြောင့် NDF ပြိုကွဲသွားပြီး တိုင်းရင်းသား ခုခံတော်လှန်ရေး အင်အားစုများအကြား မဟာမိတ်သစ်ဖွဲ့ရန် အားထုတ်မှုများကို ၂၀၁၁ ခုနှစ်အထိ မတွေ့ရတော့ပေ။
ထိုအချိန်တွင် ပေါ်ပေါက်လာသည့် မဟာမိတ်အဖွဲ့ကို ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ဟု ခေါ်သည်။ ကနဦးတွင် အဖွဲ့ဝင် ၁၁ ဖွဲ့ပါပြီး အင်အားအကြီးမားဆုံး အဖွဲ့အစည်းများမှာ KIA၊ KNU နှင့် SSA/SSPP တို့ဖြစ်ပြီး ၎င်းတို့သည် ဖက်ဒရယ်ပြည်ထောင်စုတပ်မတော် (FUA) ဟု ခေါ်သည့် လက်နက်ကိုင်အဖွဲ့အစည်းကိုပင် တည်ထောင်ခဲ့သည်။
သို့သော် မကြာမီ ထိုအဖွဲ့ဝင် ခြောက်ဖွဲ့သည် အစိုးရနှင့် သီးခြားငြိမ်းချမ်းရေး သဘောတူညီချက်များ ပြုလုပ်ကြသည်။ ယခင် ငြိမ်းချမ်းရေး သဘောတူညီချက်များအတိုင်း ထိုသဘောတူညီချက်များသည် ရိုးရှင်းသောမူများကို အခြေခံသည်။ အပစ်ရပ်အုပ်စုများကို ၎င်းတို့တပ်များအား ဆက်လက် ထိန်းသိမ်းထားခွင့်ပေးပြီး မည်သည့်စီးပွားရေးမဆို လုပ်ခွင့်ပေးခြင်းဖြစ်သည်။
အခြေခံကျသော နိုင်ငံရေးပြဿနာများကို မည်သည့်အခါကမျှ ဆွေးနွေးခြင်းမရှိဘဲ လက်တွေ့တွင် စစ်တပ်က သွေးခွဲအုပ်ချုပ်ခြင်းသာ ဖြစ်သည်။ FUA သည် စနစ်တကျဖွဲ့စည်းထားသည့် လက်နက်ကိုင်တပ်ဖြစ်မလာဘဲ ၂၀၁၇ ခုနှစ်သို့ ရောက်သောအခါ UNFC သည် ဆက်လက်တည်ရှိခြင်း မရှိတော့ပေ။
၂၀၁၆ ခုနှစ်တွင် KIA၊ ရက္ခိုင့်တပ်တော် (AA)၊ ကိုးကန့်ဒေသ အခြေစိုက် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) တို့မှ ကိုယ်စားလှယ်များသည် မြောက်ပိုင်းမဟာမိတ်အဖွဲ့ကို ဖွဲ့စည်းပြီး ထိုအဖွဲ့သည် ကချင်ပြည်နယ်နှင့် ရှမ်းပြည်မြောက်ပိုင်းမှ စစ်မြေပြင်များတွင် သိသိသာသာ အောင်မြင်သည်။ မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်တွင် အခြေစိုက်သော AA ကို KIA က လေ့ကျင့်ပေးထားပြီး ကိုးကန့်ဒေသတွင် MNDAA နှင့်အတူ တိုက်ပွဲဝင်သောကြောင့် ထိုမဟာမိတ်အဖွဲ့တွင် AA ပါဝင်ခြင်းဖြစ်သည်။

အဖွဲ့ ခုနစ်ဖွဲ့တို့သည် ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးညှိနှိုင်းရေး ကော်မတီ (FPNCC) ကို ဖွဲ့စည်းလိုက်သောအခါ ထိုမဟာမိတ်အဖွဲ့ ပိုမိုကျယ်ပြန့်လာသည်။ ထိုအဖွဲ့တွင် KIA၊ TNLA၊ MNDAA၊ AA၊ SSA/SSPP၊ UWSA နှင့် ရှမ်းပြည်အရှေ့ပိုင်း မိုင်းလားအခြေစိုက် အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော် (NDAA) တို့ ပါဝင်သည်။ NDAA သည် ၁၉၈၉ ခုနှစ်တွင် CPB ပြိုကွဲပြီးနောက် ပေါ်ပေါက်လာသည့် ဒေသခံတပ်ဖွဲ့ လေးခုအနက်တခု ဖြစ်သည်။
FPNCC ကို UWSA ၏ ပန်ခန်း (ပန်ဆန်း) ဌာနချုပ်တွင် ထူထောင်ပြီး မြန်မာ့ပြည်တွင်းစစ်အတွက် အဖြေရှာရေး ကူညီရန် တရုတ်ကို အကူအညီတောင်းသည်။ FPNCC နှင့်အပြိုင် TNLA၊ MNDAA နှင့် AA၊ တခါတရံ KIA တို့သည် မြောက်ပိုင်းမဟာမိတ်အမည်ဖြင့် ညီအကိုတော် မဟာမိတ်ဖွဲ့ပြီး စစ်တပ်ကို တိုက်ခိုက်ကြသည်။
သို့သော် ၁၉၉၀ ပြည့်နှစ်များက ငြိမ်းချမ်းရေးသဘောတူညီချက်များနှင့် မြန်မာစစ်တပ်က ၂၀၁၅ ခုနှစ်တွင် ချုပ်ဆိုသည့် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) တို့ကြောင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများသည် ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် အဓိပ္ပာယ်ပြည့်ဝစွာ ပါဝင်နိုင်မည့် ညီညွတ်သောတပ်ပေါင်းစု ထူထောင်နိုင်ခြင်းမရှိပေ။
၂၀၁၁-၂၀၂၁ ကာလအတွင်းက သံသယဖြစ်ဖွယ် ငြိမ်းချမ်းရေး စီမံကိန်းများသို့ပေးသည့် များပြားလှသော ပြည်ပအကူအညီများကလည်း ထိုအဖွဲ့များအား ဘုံနိုင်ငံရေးတောင်းဆိုမှုများဖြင့် ညီညွတ်မည့် အစား ပိုမိုသွေးကွဲစေသည်။
၂၀၁၁-၂၀၂၁ ကာလအတွင်းက သံသယဖြစ်ဖွယ် ငြိမ်းချမ်းရေး စီမံကိန်းများသို့ပေးသည့် များပြားလှသော ပြည်ပအကူအညီများကလည်း အဖွဲ့များအား ဘုံနိုင်ငံရေးတောင်းဆိုမှုများဖြင့် ညီညွတ်မည့် အစား ပိုမိုသွေးကွဲစေသည်။
သို့သော် NDF ကို ကျဆုံးစေသည့် ၁၉၉၀ ပြည့်နှစ်များအစောပိုင်းက ငြိမ်းချမ်းရေးသဘောတူညီချက်များနှင့် မကြာသေးမီက ဖြစ်ရပ်များမတိုင်မီ ရှည်ကြာသောကာလကပင် တိုင်းရင်းသားအုပ်စုများနှင့် ၎င်းတို့၏ ဗမာ မဟာမိတ်ဖြစ်သင့်သူများအကြား အကွဲအပြဲများရှိနေသည်။
၁၉၆၉ ခုနှစ်တွင် ကျော်ကြားသော ဗမာနိုင်ငံရေးသမားများသည် ဗိုလ်ချုပ်နေဝင်း စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ရန် ပါလီမန်ဒီမိုကရေစီပါတီဟု ခေါ်သည့်အဖွဲ့ကို ထူထောင်ကြသည်။ ဖြုတ်ချခံ ဝန်ကြီးချုပ်ဟောင်း ဦးနုက ဦးဆောင်ပြီး ဒုတိယကမ္ဘာစစ်အတွင်းက ဗိုလ်ချုပ် အောင်ဆန်းနှင့်အတူ ဗြိတိသျှကိုတိုက်ရန် ဂျပန်သို့သွားသည့် ရဲဘော်သုံးကျိပ်ဝင် အများအပြားလည်း ထိုပါတီတွင် ပါဝင်သည်။

PDP ၏ မျိုးချစ်လွတ်မြောက်ရေးတပ်မတော် (PLA) ကို ရဲဘော်သုံးကျိပ်အနက် တဦးဖြစ်သူ ဗိုလ်လက်ျာက ဦးဆောင်သည်။ ၎င်းတို့သည် ထိုင်းနယ်စပ်တွင် အခြေစိုက်စခန်းများ ထူထောင်ပြီး ထိုအဖွဲ့သည် အမျိုးသားညီညွတ်ရေးတပ်ဦးကို KNU၊ NMSP တို့နှင့် လက်မှတ်ရေးထိုးထူထောင်သည်။ SSA ကို ဖိတ်ခေါ်သော်လည်း ဦးနုက ဖက်ဒရယ်စနစ်နှင့်ပတ်သက်သည့် ကတိကဝတ် မပေးသောကြောင့် တက်ရောက်ခြင်း မရှိပေ။
၁၉၇၃ ခုနှစ်တွင် ဦးနုသည် ဘန်ကောက်မှ အိန္ဒိယသို့ ထွက်ခွာသွားသောအခါ ထိုလှုပ်ရှားမှု အားနည်းလာပြီး လက်ကျန်အဖွဲ့သည် ဗိုလ်လက်ျာ ဦးဆောင်သည့် ပြည်သူ့မျိုးချစ်တပ်မတော် (PPP) ဖြစ်လာသည်။ သို့သော် ထိုအဖွဲ့သည် ဖက်ဒရယ်စနစ်နှင့် ပတ်သက်သော ပြဿနာများအပါအဝင် ပြဿနာများကြောင့် KNU နှင့် အဆင်မပြေဖြစ်လာပြီး ၁၉၇၈ ခုနှစ်တွင် ဗိုလ်လက်ျာကို ကရင်တို့က သတ်ပစ်လိုက်သည်။ လက်ကျန် PPP တပ်ဖွဲ့ဝင်များ အားလုံးနီးပါးသည် ၁၉၈၀ ပြည့်နှစ်က အထွေထွေလွတ်ငြိမ်းချမ်းသာ ကြေညာသောအခါ လက်နက်ချလိုက်ကြသည်။
၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံအပြီးတွင် တဒါဇင်ခန့်ရှိသော ဗမာနှင့် တိုင်းရင်းသား အုပ်စုများသည် မြန်မာ့ဒီမိုကရေစီမဟာမိတ်အဖွဲ့ (DAB) ကို ထူထောင်ကြသော်လည်း ၁၉၉၃ ခုနှစ်တွင် KIA က အစိုးရနှင့် သီးခြားငြိမ်းချမ်းရေး စတင်ညှိနှိုင်းသောအခါ ထိုမဟာမိတ်အဖွဲ့သည် အလုပ်မဖြစ်တော့ပေ။ ထိုသဘောတူညီချက်ကို ၁၉၉၄ ခုနှစ်တွင် လက်မှတ်ရေးထိုးသည်။
၁၉၉၀ ပြည့်နှစ်တွင် ရွေးကောက်ခံရသော်လည်း လွှတ်တော်ခေါ်ယူခွင့်မရသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အဖွဲ့ဝင်များသည်လည်း ထိုင်းနယ်စပ်သို့ ထွက်ပြေးရပြီး ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ (NCGUB) နှင့် KNU ခေါင်းဆောင် ဗိုလ်ချုပ်မြကို ဥက္ကဋ္ဌအဖြစ်တင်ပြီး ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားကောင်စီ (NCUB) ခေါ် ပိုမိုကျယ်ပြန့်သည့် တပ်ပေါင်းစုကို ထူထောင်သည်။ သို့သော် ဗမာများနှင့် တိုင်းရင်းသားအဖွဲ့အစည်းများသည် မည်သည့်နိုင်ငံရေး ပြဿနာမှ သဘောတူညီမှုမရဘဲ DAB၊ NCGUB နှင့် NCUB တို့သည် မကြာမီ တိမ်မြုပ်ပျောက်ကွယ်သွားသည်။
ဗမာများနှင့် တိုင်းရင်းသားအဖွဲ့အစည်းများသည် မည်သည့်နိုင်ငံရေး ပြဿနာမှ သဘောတူညီမှုမရဘဲ DAB၊ NCGUB နှင့် NCUB တို့သည် မကြာမီ တိမ်မြုပ်ပျောက်ကွယ်သွားသည်။
ယခုဆောင်းပါးကို ဤနေရာအထိ စိတ်ရှည်ရှည် ဖတ်ရှုလာသော စာဖတ်သူများအနေဖြင့် အကြီးစား၊ အလတ်စား၊ အငယ်စားနှင့် အရေးမပါသော အဖွဲ့အစည်းများ၏ အတိုကောက်အမည်များ၊ မဟာမိတ်ဘက်ပြောင်းခြင်းများ၊ အကွဲအပြဲများနှင့် လက်နက်ချမှုများသည် စိတ်ရှုပ်ဖွယ်ကောင်းကြောင်း မြင်ရမည်ဖြစ်ပြီး ပြင်ပမှ လေ့လာသူအနည်းငယ်သာ နားလည်ချင်ပုံရသည့် အရှုပ်ထုပ်နှင့် တူနေသည်။
သို့သော် ထိုအချက်များသည် မြန်မာ့တိုင်းရင်းသား ခုခံတော်လှန်ရေး၏ ရှုပ်ထွေးမှုများနှင့် လက်ဝဲဖြစ်စေ၊ လက်ယာဖြစ်စေ ဗမာအုပ်စုများ၏ ရှုပ်ထွေးသော ဆက်ဆံရေးကို ထင်ဟပ်နေသည်။ သို့သော် ထိုသို့ဖြစ်နေသောကြောင့် ပြည်ပငြိမ်းချမ်းရေးသမားများသည် “ဆွေးနွေးပွဲများ”၊ “ပြန်လည်သင့်မြတ်ရေး” ဆွေးနွေးပွဲများမှ အကြံပြုချက်များကို အခြေခံကာ လွယ်ကူသော ဖြေရှင်းမှုများဖြင့် ရောက်ရောက်လာခြင်းကို တားဆီးနိုင်ခြင်း မရှိပေ။
ဤနေရာတွင် ဆွစ်နှင့် နော်ဝေးနိုင်ငံသားများသည် အထူးသဖြင့် အဖျက်သဘောဆောင်ပြီး ၎င်းတို့နှင့် သိသောသူများသာ ဆက်ဆံကာ ငွေအများအပြားကို “ငြိမ်းချမ်းရေးလုပ်ငန်းစဉ်” ဟု ၎င်းတို့ခေါ်သော ကိစ္စတွင် ပုံအောသုံးသည်။ ထိုကိစ္စသည် မြန်မာ၏ ဆယ်စုနှစ်များစွာ ကြာပြီဖြစ်သော ပြည်တွင်းစစ်ကို ဖြေရှင်းသည့် အားထုတ်မှု မည်သည့်အခါကမှ မဖြစ်ခဲ့ပေ။
ယနေ့စစ်မြေပြင်မှ အခြေအနေများအကြောင်း ပိုပိုသာသာဖော်ပြသည့် အကြောင်းများကိုလည်း မိမိတို့ မလိုအပ်တော့ဘဲ ဗမာအုပ်စုများသာမက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ ပါဝင်သည့် နိုင်ငံလုံးဆိုင်ရာအဖွဲ့အစည်းဟူ၍ မရှိသည်ကို နားလည်ပြီး အုပ်စုအမျိုးမျိုး၏ အားကောင်းချက်များနှင့် မူဝါဒများကို လေးနက်စွာ အကဲဖြတ်ချက်သာ လိုအပ်သည်။

အဓိက တိုင်းရင်းသားတပ်မတော်များအနက် သုံးခုဖြစ်သော UWSA၊ NDAA နှင့် ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS) တို့သည် စစ်ကောင်စီထိန်းချုပ်ဒေသများတွင် ကြီးမားသော စီးပွားရေး ရင်းနှီးမြှုပ်နှံမှုများ ရှိကြပြီး မြန်မာစစ်တပ်နှင့် မည်သည့်တိုက်ပွဲတွင်မှ ပါဝင်ပတ်သက်ခြင်း မရှိကြပေ။ ထိုသို့ မြန်မာစစ်တပ်ကို မတိုက်သည့်အပြင် RCSS သည် TNLA နှင့် SSA/SSPP တို့ကိုပင် အပြင်းအထန် တိုက်ခိုက်နေသေးသည်။ ထို့အပြင် PDFs များသည် မည်သည့်ထိရောက်သော ဘုံကွပ်ကွဲမှုအောက်တွင်မှ မရှိသည့် ဒေသဆိုင်ရာတပ်များသာ ဖြစ်နေသည်။
ယခုစစ်ပွဲသည် မည်သည့်ဘက်ကမှ အနိုင်မရနိုင်သည့် စစ်ပွဲဖြစ်သည်။ စစ်ကောင်စီဆန့်ကျင်ရေး အင်အားစုသည် လက်နက်အကြီးအကျယ် တပ်ဆင်ထားသည့် မြန်မာစစ်တပ်ကို ချေမှုန်းနိုင်လောက်အောင် လက်နက်တပ်ဆင်နိုင်ခြင်း မရှိပေ။
တချိန်တည်းတွင် မြန်မာစစ်တပ်သည်လည်း ခုခံတော်လှန်ရေးအင်အားစုကို မချေမှုန်းနိုင်လောက်အောက် စစ်မျက်နှာ အများအပြားတွင် လွန်စွာပြန့်ကျဲနေသည်။ ထို့ပြင် မြန်မာစစ်တပ်သည် နှစ်ပေါင်း ၇၀ လုံးလုပ်ခဲ့သည့် မအောင်မြင်သောကိစ္စကိုပင် အတိအကျ လုပ်ကိုင်နေသည်။
လိုအပ်နေသည့်အရာမှာ ထိုအဆုံးမရှိသည့် ပြည်တွင်းစစ်များကို ဖြစ်စေသည့် အကြောင်းရင်းနှင့် ပြဿနာ၏ အဓိကဗဟိုချက်ဖြစ်သော တိုင်းရင်းသားပြဿနာအား မည်သို့ကိုင်တွယ်သင့်သည်ကို စစ်မှန်စွာ သရုပ်ခွဲလေ့လာခြင်းသာ ဖြစ်သည်။
လိုအပ်နေသည့်အရာမှာ ထိုအဆုံးမရှိသည့် ပြည်တွင်းစစ်များကို ဖြစ်စေသည့် အကြောင်းရင်းနှင့် ပြဿနာ၏ အဓိကဗဟိုချက်ဖြစ်သော တိုင်းရင်းသားပြဿနာအား မည်သို့ကိုင်တွယ်သင့်သည်ကို စစ်မှန်စွာ သရုပ်ခွဲလေ့လာခြင်းသာ ဖြစ်သည်။
သို့သော် ထိုကိစ္စကို မြန်မာပြည်သူများကိုယ်တိုင်ကသာ လုပ်ကိုင်နိုင်ပြီး ပြင်ပမှလူများ အခန်းကဏ္ဍတခုခုမှ ပါဝင်လိုပါက မြန်မာပြည်တွင်းစစ်များ၊ ကျဆုံးသွားသော မဟာမိတ်အဖွဲ့များ၊ လမ်းကြောင်းမှားသည့် ငြိမ်းချမ်းရေးအားထုတ်မှုများနှင့် နိုင်ငံ၏ တိုင်းရင်းသားနိုင်ငံရေး ရှုပ်ထွေးမှုများအား အပြည့်အစုံ မသိသော သမိုင်းတို့ကို နားမလည်သည့် အမြင်များဖြင့် အလုပ်မဖြစ်သော အကြံများပေးခြင်းကို ရှောင်ရှားသင့်သည်။
အနောက်နိုင်ငံသားများသည် ၎င်းတို့ကို ၎င်းတို့ လူဖြူ ကယ်တင်ရှင် ဘဝင်မြင့်မှု (White-Messiah Complex) ကင်းဝေးအောင် လုပ်ရမည်ဖြစ်ပြီး အမှန်တကယ် အရေးပါသူများကို ဆရာမလုပ်ဘဲ နားထောင်သင့်သည်။ ထိုသို့ လုပ်မှသာလျှင် ဒုတိယကမ္ဘာစစ်အတွင်း ဝင်စတန်ချာချီပြောသည့်အတိုင်း ဆိုရပါက ဤသည်မှာ အဆုံးမဟုတ်၊ အဆုံး၏ အစပင် မဟုတ်သေး၊ သို့သော် အစ၏အဆုံး ဖြစ်သွားနိုင်သည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Bertil Lintner ၏ The Mirage of the ‘United Front’ in Myanmar ကို ဘာသာပြန်သည်။ )
You may also like these stories:
EAO အဓိပ္ပာယ် ပြန်လည် ဖွင့်ဆိုချိန်တန်ပြီ
မွန်နှင့် ပအိုဝ်း တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့သစ်များ
ဟံသာဝတီ ဦးဝင်းတင်ပြောတဲ့ ညီညွတ်ရေး
မြောက်ပိုင်းလက်နက်ကိုင် ၇ ဖွဲ့ ပန်ဆန်းမှာတွေ့
မြန်မာပြည်ကို ကယ်တင်ရန် တာဝန်နှင့် အခွင့်အရေး














