လက်နက်ကိုင်ပုန်ကန်မှု သမိုင်း
မွန်နှင့် ပအိုဝ်းလူမျိုးတို့သည် လွတ်လပ်ရေးရပြီးနောက် အစောဆုံး လက်နက်ကိုင်ပုန်ကန်ကြသည့် အထဲတွင် ပါဝင်ခဲ့ကြသည်။ မွန်တို့သည် ကရင်တို့၏ KNDO နှင့်တွဲ၍ MNDO ဖွဲ့စည်းပြီး ၁၉၄၉ ခုနှစ် လက်နက်ကိုင်ပုန်ကန်မှု စကတည်းက ပါဝင်ခဲ့သည်။ အလားတူပင် KNDO တွင် ပါဝင်ခဲ့သည့် ပအိုဝ်းလူမျိုး သထုံဦးလှဖေမှ အစပြု၍ ပအိုဝ်းလက်နက်ကိုင် ပုန်ကန်မှုသည်လည်း KNDO က တောင်ကြီးကို တိုက်ခိုက်ပြီးနောက် ၁၉၄၉ တွင် ပေါ်ပေါက်ခဲ့သည်။ မွန်ရော ပအိုဝ်းပါ တူညီခဲ့သည့်အချက်မှာ ၁၉၄၉ မှစတင်ခဲ့သည့် လက်နက်ကိုင် ပုန်ကန်မှုများသည် ၁၉၅၈ ခုနှစ်တွင် လက်နက်နှင့်ငြိမ်းချမ်းရေး လဲလှယ်သည်ဟူသည့် ခေါင်းစဉ်အောက်တွင် လက်နက်စွန့်ခဲ့ကြသည်။ ၁၉၅၈ ခုနှစ် လက်နက်စွန့်ခဲ့ကြစဉ်က နှစ်ဖွဲ့လုံး အင်အား ၁,၀၀၀ ကျော်စီ ရှိခဲ့ကြသည်။
သို့သော် များမကြာမီမှာပင် မွန်နှင့် ပအိုဝ်းပါ ပြန်လည် လက်နက်ကိုင်ကြသည်ကို တွေ့ရသည်။ တစုံတရာအတိုင်းအတာအထိ အားကောင်းမောင်းသန် ဖြစ်လာခဲ့ကြသော်လည်း တူညီသောအားနည်းချက်ကို နှစ်ဖွဲ့လုံးတွင် တွေ့ရသည်။ ထိုအချက်မှာ လက်နက်ကိုင်အဖွဲ့များ ကွဲနေခြင်း၊ တညီတညွတ်တည်း စုစည်းမရခြင်း ဖြစ်သည်။ ပအိုဝ်းလက်နက်ကိုင်ပုန်ကန်မှု အားကောင်းစဉ်ကလည်း ပအိုဝ်းဖြူနှင့် ပအိုဝ်းနီဟူ၍ နှစ်ဖွဲ့ကွဲခဲ့သည်။ မွန်ပြည်သစ်ပါတီ အားကောင်းစဉ်ကလည်း နှစ်ဖွဲ့ကွဲခဲ့သည်။ မွန်ပြည်သစ်ပါတီက နောက်ပိုင်း ပြန်လည် စုစည်းနိုင်ခဲ့သော်လည်း ပအိုဝ်းကမူ ပြန်လည်မစုစည်းနိုင်ခဲ့ပေ။
အပစ်ရပ်ပြီ
နဝတ အစိုးရလက်ထက် အပစ်အခတ်ရပ်စဉ်ကာလက မွန်ရော ပအိုဝ်းအဖွဲ့များ ပါခဲ့၏။ ပအိုဝ်းဖြူဟုသိကြသည့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) အင်အား ၁,၄၀၀ ခန့်က ၁၉၉၁ ခုနှစ်၊ ဧပြီ ၁၈ ရက်တွင် အပစ်ရပ်သည်။ ပအိုဝ်းနီဟုသိကြသည့် ရှမ်းပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးအဖွဲ့ (ရလလဖ) အင်အား ၃,၁၄၈ ဦးက ၁၉၉၄ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့တွင် အပစ်ရပ်၏။ အင်အား ၇,၈၆၀ ဦးရှိသည့် မွန်ပြည်သစ်ပါတီက ၁၉၉၅ ခုနှစ်၊ ဇွန် ၂၉ ရက်တွင် အပစ်ရပ်ခဲ့သည်။
အပစ်ရပ်ပြီး အနှစ် ၃၀ ကျော်၊ ၂၀၂၁ ခုနှစ် မြန်မာစစ်တပ် အာဏာသိမ်းချိန်တွင် အပစ်ရပ်စဉ်က အားကောင်းခဲ့သော ပအိုဝ်းနီက ပြိုကွဲသွားခဲ့ပြီး ပအိုဝ်းနီမှ ခွဲထွက်ခဲ့သော ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) က အင်အားအနည်းငယ်ဖြင့် ရပ်တည်ကာ NCA လက်မှတ်ရေးထိုးထားသည်။ ပအိုဝ်းဖြူကမူ မြန်မာစစ်တပ်နှင့်နီးကပ်သော ပြည်သူ့စစ်အဖြစ် ရပ်တည်နေခဲ့၏။ မွန်ပြည်သစ်ပါတီလည်း NCA လက်မှတ်ရေးထိုးထားသည်။ ထို့ပြင် အပစ်ရပ်စဉ်ကာလကထက် အင်အားများစွာ လျော့ကျသွားပြီဖြစ်သည်။
မြန်မာစစ်တပ် အာဏာသိမ်းပြီး လူထုအုံကြွမှုတရပ် ဖြစ်လာခဲ့ပြီးနောက် လက်နက်ကိုင်ပုန်ကန်မှုသို့ ကူးပြောင်းသောအခါ မူလလက်ဟောင်း မွန်နှင့် ပအိုဝ်းလက်နက်ကိုင်အဖွဲ့များသည် လက်နက်ကိုင် တိုက်ခိုက်မှုများတွင် မပါကြပေ။
မြန်မာစစ်တပ် အာဏာသိမ်းပြီး လူထုအုံကြွမှုတရပ် ဖြစ်လာခဲ့ပြီးနောက် လက်နက်ကိုင်ပုန်ကန်မှုသို့ ကူးပြောင်းသောအခါ မူလလက်ဟောင်း မွန်နှင့် ပအိုဝ်းလက်နက်ကိုင်အဖွဲ့များသည် လက်နက်ကိုင် တိုက်ခိုက်မှုများတွင် မပါကြပေ။ မွန်ပြည်သစ်ပါတီက အပစ်ရပ်ရေးကို ဆက်လက်ထိန်းသိမ်းပြီး စစ်ကောင်စီနှင့် ဆွေးနွေးနေသည်။ PNLO လည်း အပစ်ရပ်ရေးကို ဆက်လက်ထိန်းသိမ်းပြီး စစ်ကောင်စီနှင့် ဆွေးနွေးနေသည်။ PNO က မြို့ပေါ်နိုင်ငံရေးပါတီတရပ်ဖြစ်နေပြီး သူ၏ တပ်ဖြစ်သည့် PNA ကမူ မြန်မာစစ်တပ်၏ ပြည်သူ့စစ်အဖြစ် တက်ကြွစွာ လှုပ်ရှားနေ၏။
ထို့ကြောင့် မွန်နှင့် ပအိုဝ်းလူမျိုးထဲမှ မြန်မာစစ်တပ်ကို လက်နက်ကိုင် ပုန်ကန်တိုက်ခိုက်ရန် စဉ်းစားဆုံးဖြတ်ကြသူတို့က အဖွဲ့အစည်းအသစ်များ ထူထောင်လာကြသည်။
မွန် လက်နက်ကိုင်တပ်ဖွဲ့သစ်များ
မွန်ပြည်နယ်တွင်း လက်နက်ကိုင်အဖွဲ့အသစ်များအဖြစ် အောက်ပါအတိုင်းတွေ့ရသည်။ (၁) မွန်ပြည်ကာကွယ်ရေးတပ်ဖွဲ့ (MSDF)၊ (၂) မွန်ပြည်တော်လှန်ရေးတပ် (MSRF)၊ (၃) မွန်ပြည်လွတ်မြောက်ရေး တပ်တော် (MLA)၊ (၄) ရေးဘီလူး၊ (၅) YJK – တိုက်ခိုက်/ထောက်ပို့၊ (၆) ရေးပြောက်ကျားတပ်ဖွဲ့၊ (၇) စွန်ရဲ မြို့ပြ ပြောက်ကျားတပ်ဖွဲ့၊ (၈) Ye Air Force – Stealth Fighter ၊ (၉) မွန်ပြည်နယ် အခြေပြုတော်လှန်ရေး အဖွဲ့အစည်း (MSRO)၊ (၁၀) မွန်ပြည်တော်လှန်ရေးတပ်၊ (၁၁) ချောင်းဆုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်၊ (၁၂) ဘီလူးကျွန်း – ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့၊ (၁၃) ရာမည ပြောက်ကျားတပ်ဖွဲ့၊ (၁၄) ရေးမြို့ကာကွယ်ရေး အထူးတပ်ဖွဲ့၊ (၁၅) ရာမညကာကွယ်ရေးတပ်ဖွဲ့၊ (၁၆) မော်လမြိုင်မြို့-ကာကွယ်ရေးတပ်ဖွဲ့တို့ ဖြစ်သည်။
သို့သော် အထက်ပါအဖွဲ့အားလုံးသည် မွန်တိုင်းရင်းသားလူမျိုးများ ပါဝင်ခြင်း ရှိသော်လည်း အဖွဲ့အားလုံးသည် မွန်တိုင်းရင်းသားကိုယ်စားပြု အဖွဲ့အစည်းအဖြစ် ပြောရန် ခက်သည်။ အများစုသည် ဒေသလက္ခဏာဆောင်သည့် ပြောက်ကျားအဖွဲ့ငယ်များဖြစ်ပြီး NUG သို့မဟုတ် KNU နှင့် ချိတ်ဆက်ဆောင်ရွက်ကြသည်။ အဖွဲ့အချို့သည် မွန်တိုင်းရင်းသား ကိုယ်ပိုင်လက္ခဏာထက် ဒေသခံပြောက်ကျားတပ်ဖွဲ့သဘော ဆောင်သည်။ ထို့ပြင် အချို့အဖွဲ့အစည်းများသည် NUG / NLD ဘက်ယိမ်းသည်ဟု ဆိုရမည်။
ဤသို့ သုံးသပ်ခြင်းသည် သူတို့၏ အင်အား၊ သူတို့၏ စစ်ရေးစွမ်းဆောင်နိုင်မှုထက် သူတို့၏ နိုင်ငံရေးရည်မှန်းချက်၊ ဖွဲ့စည်းမှုများပေါ်တွင် အခြေပြု သုံးသပ်ခြင်းသာဖြစ်သည်။ ဥပမာဆိုရလျှင် ရေးဘီလူးအဖွဲ့သည် လူငယ်များဖြင့် ဖွဲ့စည်းထားရှိပြီး တိုက်ပွဲဖော်ဆောင်မှု၊ လှုပ်ရှားမှု သွက်လက်မှုတို့ကြောင့် အများအာရုံစိုက်ခြင်း ခံရသော်လည်း ၎င်းတို့တွင် မွန်အမျိုးသားကိုယ်စားပြုမှု လက္ခဏာအား ရှေ့တန်းတင် ရည်ရွယ်ချက်ထားသည်ကို မတွေ့ရပါ။
အဖွဲ့များထဲမှ မွန်ပြည်ကာကွယ်ရေးတပ်၊ မွန်တော်လှန်ရေးတပ်နှင့် မွန်ပြည်လွတ်မြောက်ရေး တပ်မတော်တို့ကမူ မွန်တိုင်းရင်းသား လက္ခဏာဆောင်သည့် ကိုယ်စားပြုမှု ထူးခြားသည့်လက္ခဏာ ရှိသည်။
ထိုအဖွဲ့များထဲမှ မွန်ပြည်ကာကွယ်ရေးတပ်၊ မွန်တော်လှန်ရေးတပ်နှင့် မွန်ပြည်လွတ်မြောက်ရေး တပ်မတော်တို့ကမူ မွန်တိုင်းရင်းသား လက္ခဏာဆောင်သည့် ကိုယ်စားပြုမှု ထူးခြားသည့်လက္ခဏာ ရှိသည်ကို တွေ့ရသည်။
မွန်ပြည်ကာကွယ်ရေးတပ် (MSDF)
မွန်ပြည်ကာကွယ်ရေးတပ်ကို ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလတွင် ဖွဲ့စည်းခဲ့၏။ မွန်ပြည်ကာကွယ်ရေးတပ်သည် စတင်ဖွဲ့စည်းစဉ်က မွန်ပြည်နယ်ဖက်ဒရယ်ကောင်စီ (MSFC)၊ NUCC ၊ NUG တို့နှင့် ဆက်စပ်မှုရှိသည်ကို တွေ့ရ၏။ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့တွင် MSDF နိုင်ငံရေး၊ စစ်ရေး ဦးဆောင်မှုကော်မတီကို ပြန်လည်ဖွဲ့စည်းသည်ကို တွေ့ရ၏။ ကော်မတီ၏ ဥက္ကဋ္ဌအဖြစ် ဒေါက်တာ သီရိမွန်ချမ်း၊ ဒုတိယဥက္ကဋ္ဌ နိုင်နမောတောသ၊ အတွင်းရေးမှူး နိုင်ရည်မွန်ဌေး၊ တွဲဖက်အတွင်းရေးမှူး နိုင်ကိုသူ (နိုင်ပန်းသာ၏မြေး) နှင့် အခြားအဖွဲ့ဝင် ငါးဦးအပါ၊ ကော်မတီဝင် ကိုးဦးနှင့် ဖွဲ့စည်းထားသည်ကို တွေ့ရ၏။ လက်နက်ကိုင်တပ်ဖွဲ့တခု တည်ဆောက်ရန် လေ့ကျင့်စုဖွဲ့မှုများ ပြုလုပ်နေပြီး မွန်ပြည်သူပြည်သားများအတွက် ကာကွယ်ပေးနိုင်သည့် လက်နက်ကိုင်တပ်ဖွဲ့တခုအဖြစ် တည်ဆောက်ရန် ရည်ရွယ်သည်ဟု ဆိုသည်။
MSDF သည် စဖွဲ့စဉ်က မြောက်ပိုင်းနှင့်တောင်ပိုင်း တပ်ဖွဲ့နှစ်ခုဖွဲ့ထားပြီး မြောက်ပိုင်းတပ်ဖွဲ့သည် KNU တပ်မဟာ ၅ နှင့် တွဲ၍လည်းကောင်း၊ တောင်ပိုင်းတပ်ဖွဲ့သည် KNU တပ်မဟာ ၆ နှင့် တွဲ၍လည်းကောင်း ရပ်တည်လှုပ်ရှားနေသည်ဟု သိရ၏။ သို့သော် ၂၀၂၃ ခုနှစ် နှစ်ဆန်း နိုင်ငံရေး၊ စစ်ရေးဦးဆောင်မှုကော်မတီ ပြန်လည်ဖွဲ့စည်းပြီးနောက် ယခင် MSDF မြောက်ပိုင်းရှိအင်အားစုများက MSDF အမည်ကို ဆက်ခံခဲ့ပြီး MSDF တောင်ပိုင်းအင်အားစုများက မွန်ပြည်တော်လှန်ရေးတပ် (MSRF) ဟု သီးခြားရပ်တည်ခဲ့သည်ကို တွေ့ရ၏။
MSDF သည် တောင်ပိုင်းနှင့် သီးခြားရပ်တည်ပြီးနောက် မွန်ပြည်နယ်ဖက်ဒရယ်ကောင်စီ (MSFC) နှင့်ပါ ဆက်စပ်မှု ပြတ်တောက်သွားခဲ့၏။
လက်ရှိအချိန်တွင် MSDF ကို ဩစတေးလျအခြေပြု မွန်အင်အားစုများ၏ ထောက်ခံမှု ရရှိထား၏။ လက်ရှိတွင် မွန်ပြည်နယ်တွင်း မလှုပ်ရှားနိုင်သေးဘဲ ကရင်ပြည်နယ် တပ်မဟာ ၅ နယ်မြေတွင်း၌သာ ဖွဲ့စည်းရပ်တည်နေသည်။
မွန်ပြည်တော်လှန်ရေးတပ် (MSRF)
မူလက MSDF တောင်ပိုင်း အဖွဲ့အစည်းဖြစ်သည်။ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလတွင် စတင်ဖွဲ့စည်းခဲ့သည်။ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့တွင် မွန်ပြည်ကာကွယ်ရေးတပ် တောင်ပိုင်းဦးစီးကော်မတီ၏ ဆုံးဖြတ်ချက်ဖြင့် မွန်ပြည်တော်လှန်ရေးတပ်အဖြစ် အမည်ပြောင်းလဲခဲ့သည်။ MSRF အား မူလ MSDF တောင်ပိုင်း ဦးစီးကော်မတီမှ ဆက်လက် ဦးဆောင်သွားမည် ဟု ဆိုသည်။ လက်ရှိအချိန်တွင် MSRF သည် မွန်ပြည်နယ်ဖက်ဒရယ်ကောင်စီ (MSFC) နှင့် နိုင်ငံရေးအရ အဆက်အစပ်ရှိသည်။
လက်ရှိအချိန်တွင် MSRF သည် မွန်ပြည်နယ်ဖက်ဒရယ်ကောင်စီ (MSFC) နှင့် နိုင်ငံရေးအရ အဆက်အစပ်ရှိသည်။ MSRF သည် လက်ရှိ မွန်ပြည်နယ်တွင်း ရပ်တည်လှုပ်ရှားနေပြီး လက်နက်ကိုင်တပ်ဖွဲ့အား ဗိုလ်နဂါးမှ ဦးစီးသည်။
MSRF သည် လက်ရှိ မွန်ပြည်နယ်တွင်း ရပ်တည်လှုပ်ရှားနေပြီး လက်နက်ကိုင်တပ်ဖွဲ့အား ဗိုလ်နဂါးမှ ဦးစီးသည်။ MSRF သည် Ye Air force (Stealth Fighter)၊ ရာမညပြောက်ကျားတပ်ဖွဲ့ (Ramonnya Guerrilla Force) တို့နှင့် မွန်ပြည်နယ်တွင်း ပူးတွဲလှုပ်ရှားမှုရှိသကဲ့သို့ လေ့ကျင့်ရေး၊ လက်နက်တပ်ဆင်ရေးတို့နှင့် ပတ်သက်ပြီး NUG တောင်ပိုင်းတိုင်းစစ်ဒေသနှင့် ပူးတွဲဆောင်ရွက်မှုရှိသည်။
မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA)
မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA) ကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်တွင် စတင်ဖွဲ့စည်းခဲ့သည်ဟု ဆိုပါသည်။ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက်နေ့တွင် MLA ၏ ဥက္ကဋ္ဌအဖြစ် မင်းဗညားဟံသာကို ခန့်ထားခဲ့ပြီး အတွင်းရေးမှူးအဖြစ် မင်းဗညားသမိန် မာဃဒေဝက ဆောင်ရွက်သည်ဟု ဆိုပါသည်။ MLA သည် မွန်ပြည်နယ်၏ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက် ရှေ့ရှုဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ထားသည်ကို တွေ့ရ၏။
MLA ၏ စစ်ရေးလှုပ်ရှားမှုကို မွန်ပြည်နယ်အတွင်း မတွေ့ရသေးသော်လည်း MLA နှင့် ရေးဘီလူးအဖွဲ့တို့ မဟာမိတ်အဖြစ် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၂၀၂၃ ခုနှစ်၊ မတ်လ ၁၂ ရက်နေ့တွင် နှစ်ဖက်သဘောတူ ထုတ်ပြန်သည်ကို တွေ့ရသည်။ သို့သော် MLA တပ်ဖွဲ့လှုပ်ရှားမှုအား မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်း မတွေ့ရဘဲ အခြားပြည်နယ်ရှိ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တခုတွင် လေ့ကျင့်ဖွဲ့စည်းနေပုံရသည်။
MLA ၏ ထူးခြားချက်တခုမှာ အဓိက အမေရိကန်အပါအဝင် နိုင်ငံခြားရောက် မွန်မိသားစုများ၏ အလှူငွေကို အများအပြား လက်ခံရရှိသည်ဖြစ်ရာ ပြည်ပရောက်မွန်များ၊ အထူးသဖြင့် အမေရိကားရောက် မွန်များ၏ အားပေးထောက်ခံမှု ရရှိထားသည်ဟု ဆိုရမည်။
MLA ၏ ထူးခြားချက်တခုမှာ အဓိက အမေရိကန်အပါအဝင် နိုင်ငံခြားရောက် မွန်မိသားစုများ၏ အလှူငွေကို အများအပြား လက်ခံရရှိသည်ဖြစ်ရာ ပြည်ပရောက်မွန်များ၊ အထူးသဖြင့် အမေရိကားရောက် မွန်များ၏ အားပေးထောက်ခံမှု ရရှိထားသည်ဟု ဆိုရမည်။
မွန်ပြည်နယ်အခြေပြု တော်လှန်ရေးအဖွဲ့စည်း (MSRO) ကမူ NUG တောင်ပိုင်းတိုင်း လက်အောက်တွင် ဖွဲ့စည်းထားသည်ကို တွေ့ရသည်။ လက်ရှိတွင် မွန်ပြည်နယ်တွင် အသစ်ပေါ်လာသော လက်နက်ကိုင်တပ်ဖွဲ့များအနက် MSDF ၊ MSRF ၊ MLA အဖွဲ့ သုံးဖွဲ့ကမူ မွန်အမျိုးသားလက္ခဏာကို ကိုယ်စားပြုရန် ရည်ရွယ်သည်။ ကျန်အဖွဲ့များသည် လောလောဆယ်တွင် ဒေသလက္ခဏာဆောင်သည့် လက်နက်ကိုင်တပ်ဖွဲ့များအဖြစ် ရှိနေပြီး သူတို့၏ဖြစ်ပေါ်တိုးတက်မှုကို စောင့်ကြည့်ရန် လိုအပ်ပါသည်။
PNFC နှင့် ပအိုဝ်းလက်နက်ကိုင်တပ်ဖွဲ့သစ်များ
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်တွင် ပအိုဝ်းအမျိုးသား ဖက်ဒရယ်ညီလာခံတရပ် ပအိုဝ်းအရေး တက်ကြွလှုပ်ရှားသူများက ပြုလုပ်ခဲ့ပြီး ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ (PNFC) ကို ဖွဲ့စည်းခဲ့သည်။ PNFC ကို ကောင်စီဝင် ၁၅ ဦး၊ ဗဟိုအလုပ်အမှုဆောင် ၇ ဦးဖြင့် ဖွဲ့စည်းပြီး ဥက္ကဋ္ဌအဖြစ် ယခင် PNLO ဒုဥက္ကဋ္ဌ ဖြစ်ခဲ့သူ ခွန်မြင့်ထွန်းက တာဝန်ယူသည်ကို တွေ့ရ၏။ PNFC သည် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး၊ ပအိုဝ်းပြည်နယ်သစ် ရရှိရေးအတွက် တောင်းဆိုခဲ့ပြီး လက်နက်ကိုင်တပ်ဖွဲ့စည်းရန် ဆုံးဖြတ်ခဲ့သည်။
ခမ်းဒေါင်ဆိုသည်မျာ မြေပြန့်ဟုအဓိပ္ပာယ်ရပြီး ခမ်းကောင်မှာ တောင်ပေါ်ဟု အဓိပ္ပာယ်ရသည်။ ရှမ်းပြည်နယ် ပအိုဝ်းဒေသတွင် လှုပ်ရှားသည့်တပ်ဖွဲ့အား တောင်ပေါ်တပ်ဖွဲ့၊ ကရင်နှင့် သထုံတွင် လှုပ်ရှားသောတပ်ဖွဲ့အား မြေပြန့်တပ်ဖွဲ့ဟု ခွဲ၍ အမည်ပေးထားသည်။
ဦးစွာအားဖြင့် ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- ခမ်းဒေါင် (PPDF – Kham Dom) ကို ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သည်။ ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ -ခမ်းကောင် (PNDF – Kham koung) ကို ၂၀၂၂ ခုနှစ်၊ ဧပြီလ ၁၅ ရက်နေ့တွင် ဖွဲ့စည်းခဲ့သည်။ ခမ်းဒေါင်ဆိုသည်မျာ မြေပြန့်ဟုအဓိပ္ပာယ်ရပြီး ခမ်းကောင်မှာ တောင်ပေါ်ဟု အဓိပ္ပာယ်ရသည်။ ရှမ်းပြည်နယ် ပအိုဝ်းဒေသတွင် လှုပ်ရှားသည့်တပ်ဖွဲ့အား တောင်ပေါ်တပ်ဖွဲ့၊ ကရင်နှင့် သထုံတွင် လှုပ်ရှားသောတပ်ဖွဲ့အား မြေပြန့်တပ်ဖွဲ့ဟု ခွဲ၍ အမည်ပေးထားသည်။
ယခုအခါ PNFC ၏ နိုင်ငံရေးဦးဆောင်မှုအောက်တွင် ခွန်လူချော (ခ) ခွန်ဆားဗွာ ဦးစီးသည့် PPDF-Kham Dom (တပ်နယ် ၁)၊ ခွန်ဝေထူး ဦးစီးသည့် PPDF-Kham Dom (တပ်နယ် ၂)၊ ခွန်ဆာကီ ဦးစီးသည့် PNDF-Kham Koung (တပ်နယ် ၃) ခွဲ၍ ဖွဲ့စည်းထားသည်။ တပ်နယ် ၁ သည် သထုံဒေသ၊ တပ်နယ် ၂ သည် ဘားအံဒေသနှင့် တပ်နယ် ၃ သည် ပင်လောင်းဒေသတွင် လှုပ်ရှားသည်။ PPDF-Kham Dom အဖွဲ့သည် KNU နှင့် တွဲ၍လှုပ်ရှားပြီး PNDF-Kham Koung က ကရင်နီမှ တော်လှန်ရေးတပ်ဖွဲ့များနှင့် တွဲ၍လှုပ်ရှားသည်။
PNFC သည် NUCC အဖွဲ့ဝင်ဖြစ်ပြီး NUG နှင့်လည်း ကောင်းစွာချိတ် ဆက်ထားရာ သူ၏တပ်ဖွဲ့များသည်လည်း အဆိုပါဒေသများရှိ KNU/KNLA ၊ KSPP/KA ၊ KNDP နှင့် PDF များနှင့် ပူးပေါင်း၍ စစ်ရေးလှုပ်ရှားမှုများ ဆောင်ရွက်သည်ကို တွေ့ရသည်။
ပအိုဝ်းအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (PNDF)
PNDF သည် PNFC နှင့် မသက်ဆိုင်သည့် သီးခြားတပ်ဖွဲ့ဖြစ်သည်။ ပအိုဝ်းလူငယ်များက ၂၀၂၁ ခုနှစ်၊ မေလတွင် ဖွဲ့စည်းရန် စီစဉ်ခဲ့သော်လည်း၂၀၂၁ ခုနှစ်၊ စက်တင်ဘာလမှ ဖွဲ့စည်းနိုင်သည်ဟု ဆို၏။ PNDF သည် စစ်အာဏာရှင်အပြုတ်တိုက်ရေးနှင့် ဖက်ဒရယ်ပြည်ထောင်စုကို ရည်မှန်းချက်ထား၏။ ၂၀၂၂ ခုနှစ်၊ မေလအတွင်း တောင်ကြီး၊ ရွာငံ၊ အောင်ပန်း၊ ဓနု PDF နှင့် ပြောက်ကျားတပ်ဖွဲ့ ခြောက်ခုနှင့် မဟာမိတ်ဖွဲ့ထားသည်ကို တွေ့ရ၏။
ညီညွတ်သော ရှမ်းတောင် ဖက်ဒရယ် တပ်ပေါင်းစု (United Southern Shan Federal Union – USSFU) တပ်ဖွဲ့ဝင်များ အတူ လက်ရှိလှုပ်ရှားဒေသမှာ ဖယ်ခုံအရှေ့၊ ရှမ်း-ကရင်နီနယ်စပ်တွင် ဖြစ်သည်။
ထို့ပြင် ရှမ်းပြည်တောင်ပိုင်းရှိ PDF တပ်ရင်းများဖြစ်သည့် အမှတ် ၁၀၀၅ တပ်ရင်း၊ အမှတ် ၁၀၀၈ တပ်ရင်း (SSRY)၊ အမှတ် ၁၀၀၉ တပ်ရင်း (ယခင် အင်းလေးဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- IPDF)၊ NUG လက်အောက်ခံတပ်ရင်းတရင်းနှင့် PNDF မဟာမိတ်တပ်ရင်း ငါးရင်း ပူးပေါင်းပြီး ညီညွတ်သော ရှမ်းတောင် ဖက်ဒရယ် တပ်ပေါင်းစု (United Southern Shan Federal Union – USSFU) အဖြစ် ဖွဲ့စည်းခဲ့သည်။ အဆိုပါ တပ်ပေါင်းစု တပ်ဖွဲ့ဝင်များ အတူ လက်ရှိလှုပ်ရှားဒေသမှာ ဖယ်ခုံအရှေ့၊ ရှမ်း-ကရင်နီနယ်စပ်တွင် ဖြစ်သည်။
ပျောက်ကွယ်သွားမလား ကြီးထွားလာမလား
မွန်နှင့် ပအိုဝ်းသည် အစောဆုံးလက်နက်ကိုင်ခဲ့ကြသည့် လူမျိုးများဖြစ်သကဲ့သို့ အစဉ်အလာရှိသည့် နိုင်ငံရေးအဖွဲ့အစည်းများ၊ လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများလည်း ရှိခဲ့ကြသည်။ သို့သော် အဖွဲ့အစည်းဟောင်းများသည် ခေါင်းဆောင်နိုင်စွမ်း၊ ရှေ့ထွက်နိုင်စွမ်း မရှိကြသည့်အပြင် PNO/PNA ပအိုဝ်းပြည်သူစစ်ကဲ့သို့ မြန်မာစစ်ကောင်စီနှင့် အတိအလင်းပေါင်းသွားသည့် အဖွဲ့လည်း ရှိသည်။ ထိုကြောင့် လက်ရှိကာလတွင် မွန်နှင့် ပအိုဝ်း မျိုးဆက်သစ် လက်နက်ကိုင်တပ်ဖွဲ့များ ထွက်ပေါ်လာသည်။
ထိုတပ်ဖွဲ့များ၏ တဖွဲ့ချင်းအနေနှင့် အင်အား ၅၀ မှ ၁၀၀ ကြားလည်း ရှိနိုင်သည်။ သို့မဟုတ် ထို့ထက်လည်း ပိုနိုင်သည်။ သို့ဖြစ်ရာ အင်အားနည်းသည့်အပြင် အဖွဲ့ငယ်များကွဲနေသဖြင့် အချို့အမြင်တွင် ထိုအဖွဲ့များသည် စိတ်ဝင်စားစရာမကောင်း၊ အချိန်တခုကြာလျှင် ပျက်သွားနိုင်သည်ဟု လည်းကောင်း၊ ဖြစ်ဖြစ်မြောက်မြောက် ဖြစ်လာနိုင်မည်မဟုတ်ဟု လည်းကောင်း ယူဆကြသည်ကို တွေ့ရ၏။
လူ ၃၀၊ ၄၀ ခန့်နှင့်စတင်ခဲ့ပြီး ပျက်သွားသော အဖွဲ့များရှိသကဲ့သို့ အင်အား ထောင်သောင်းချီသွားသည်အထိ ကြီးထွားသောအဖွဲ့များလည်း ရှိသည်။ ထိုအဖွဲ့အစည်းများကို ဦးစီးဦးရွက်ပြုကြသူများ၏ လုပ်ရည်ကိုင်ရည်နှင့် တိုင်းပြည်အခြေအနေများနှင့် ဆိုင်သည်။
ထိုသို့ ယူဆသည်မှာလည်း မှန်နိုင်ပါသည်။ သို့သော် လူ ၃၀၊ ၄၀ ခန့်နှင့်စတင်ခဲ့ပြီး ပျက်သွားသော အဖွဲ့များရှိသကဲ့သို့ အင်အား ထောင်သောင်းချီသွားသည်အထိ ကြီးထွားသောအဖွဲ့များလည်း ရှိသည်။ ထိုအဖွဲ့အစည်းများကို ဦးစီးဦးရွက်ပြုကြသူများ၏ လုပ်ရည်ကိုင်ရည်နှင့် တိုင်းပြည်အခြေအနေများ နှင့် ဆိုင်သည်။ ထို့ပြင် မြန်မာပြည်သည် လက်နက်ကိုင် ပုန်ကန်တော်လှန်မှုများအတွက် ရေခံမြေခံ အလွန်ကောင်းသည့် တိုင်းပြည်ဖြစ်သည်ဆိုသည်ကိုလည်း သတိပြုထည့်သွင်းတွက်ချက်ရန် လိုပါလိမ့်မည်။
(ကိုဦးသည် တိုင်းရင်းသားအရေး လေ့လာသူ သုတေသီတဦး ဖြစ်သည်။)
You may also like these stories:
နမ်းနိန်းရွာသားတွေ ဘယ်လို အသတ်ခံခဲ့ရလဲ
ဗိုလ်မှူးကြီး ခွန်ဥက္ကာ၏ ပအိုဝ်းတော်လှန်ရေးခရီး နှစ် ၅၀
စစ်ကောင်စီနှင့် ရသည့် သဘောတူညီချက် မွန်လူထုအတွက် အကျိုးမရှိနိုင်ဟုဆို
စစ်အာဏာသိမ်းပြီး လူထု ဒုက္ခပိုများလာဟု မွန်ပြည်သစ်ဆို
NLD နဲ့ တိုင်းရင်းသားပါတီများကြားက ရှုပ်ရှုပ်ထွေးထွေး ဆက်ဆံရေး
NUG နှင့် EAOs ပူးပေါင်းမှု ဘယ်အထိ ခရီးရောက်ပြီလဲ