တရားမဝင်စစ်ကောင်စီသည် ဖေဖေါ်ဝါရီလ ၁ ရက်နေ့တွင်အာဏာသိမ်းပြီးနောက် လွန်ခဲ့သောအပတ်တွင် မြန်မာနိုင်ငံတွင် တရားမျှတမှုနှင့် ဒီမိုကရေစီတောင်းခံနေသော လက်နက်မဲ့ဆန္ဒပြသူများကို ပိုမိုအကြမ်းဖက် လာသည်။ အနည်းဆုံး လူ ၆၀ ကိုပစ်သတ်ခဲ့ပြီး သေဆုံးမှုနှုန်းသည် နေ့စဉ်မြင့်တက်နေသည်။
မြန်မာပြည်သူများသည် အကာအကွယ်ကို တောင်းဆိုနေသော်လည်း မည်သူကအကာအကွယ်ပေးမည်နည်း။ နိုင်ငံမှ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ (EAOs) အနေဖြင့် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်န်ိုင်သည်။ ယခုအခါ ရဲရင့်သော လုပ်ရပ်များသည် အလျှင်အမြန်ပြောင်းလဲနေသော မြန်မာနိုင်ငံတွင် EAOs များ၏ အခန်းကဏ္ဍနှင့် အလားအလာကို ပြန်လည်ဖွင့်ဆိုရာတွင် အထောက်အကူ ပြုန်ိုင်သည်။
R2P သို့မဟုတ် ကာကွယ်စောင့်ရှောက်ရန် တာဝန်
၂၀၀၅ ခုနှစ်တွင် ကုလသမဂ္ဂ ကမ္ဘာ့ထိပ်သီးဆွေးနွေးပွဲ ရလဒ်စာတမ်းက ကာကွယ်စောင့်ရှောက်ရန် တာဝန်ဝတ္တရား (R2P) သဘောတရားကို အတည်ပြုပေးခဲ့ပြီး ထိုသဘောတရားအရ နိုင်ငံတကာသည် ပြင်းထန်သော အကျပ်အတည်းများတွင် ကျယ်ပြန့်သော လူ့အခွင့်အရေးချိုးဖေါက်မှုများကို တားဆီး၊ လျှော့ချ သို့မဟုတ် တနည်းနည်းဖြင့် တုံ့ပြန်ရန်အတွက် ဝင်ရောက်စွက်ဖက်နိုင်သည်။ R2P သဘောတရားတွင် အခြေအနေ ၄ ခုတွင် ကြားဝင်စွက်ဖက်ရန် ခွင့်ပြုထားပြီး ထိုအခြေအနေများတွင် လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်ခြင်း၊ စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ်ကျူးလွန်သော ရာဇဝတ်မှုနှင့် လူမျိုးစု သုတ်သင်ခြင်းတို့ ပါဝင်သည်။
ယနေ့မြန်မာနိုင်ငံတွင် ထိုချိုးဖေါက်မှုအားလုံးကို ကျူးလွန်နေသည်မှာ ငြင်းချက်ထုတ်ရန်မလိုပေ။
စာရေးသူသည် ရှေ့နေတယောက်မဟုတ်ပါ။ သို့သော်လည်း မြန်မာနိုင်ငံ လမ်းမများပေါ်မှ ဆန္ဒပြသူများအား သတ်ဖြတ်ဖိနှိပ်ခြင်းသည် လူသားမျိုးနွယ်အပေါ်ကျူးလွန်သော ရာဇဝတ်မှုဖွင့်ဆိုချက်နှင့် ကိုက်ညီနေပြီး တိုင်းရင်းသား လူမှုအသိုက်အဝန်းများကို ဆယ်စုနှစ်ပေါင်းများစွာ တိုက်ခိုက်ခြင်းသည် လူမျိုးစု သုတ်သင်မှုဖြစ်သည်။ ယခင်အစိုးရက တားဆီးရန် လုပ်ဆောင်ခဲ့ခြင်း မရှိသလောက်ဖြစ်ခဲ့သည့် ရိုဟင်ဂျာများကို မြန်မာစစ်တပ်၏ ရက်စက်ကြမ်းကြုတ်သော စစ်ဆင်ရေးသည် လူမျိုးတုန်း သတ်ဖြတ်မှုဖြစ်သည်ကို ငြင်းစရာမရှိပေ။
R2P သဘောတရားကို ဆွေးနွေးငြင်းခုန်မှုများ ရှိသည်။ အထူးသဖြင့် အာဏာရှင်န်ိုင်ငံများတွင် ထိုသို့ငြင်းခုန်ကြခြင်းဖြစ်သည်။ မည်သို့ဆိုစေကာမူ ထိုသဘောတရားကို (ပြီးပြည့်စုံစွာနားလည်ခြင်း မရှိလျှင်ပင်) ကျယ်ကျယ်ပြန့်ပြန့် ကိုးကားပြောဆိုနေကြသည်။ သို့သော် နိုင်ငံတကာ ဥပဒေတွင် R2P သဘောတရားသည် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ဦးဆောင်သော လုပ်ဆောင်မှုများနှင့်သာ သက်ဆိုင်ပြီး လုံခြုံရေးကောင်စီသည် ကုလသမဂ္ဂ အေဂျင်စီများနှင့် အခြားသူများကို ၎င်း၏လုပ်ပိုင်ခွင့်အတွင်းမှ ဆောင်ရွက်ခွင့် အခွင့်အာဏာပေးအပ်နိုင်သည်။ ပစ်မှတ်ထားသည့် စီးပွားရေး ပိတ်ဆို့အရေးယူမှုများ လိုအပ်ခြင်းထက် ကျော်လွန်ပြီး မည်သို့သော နိုင်ငံတကာ ကြားဝင်စွက်ဖက်မှုက အသုံးဝင်ကြောင်းနှင့် ဖြစ်န်ိုင်ခြေရှိကြောင်းတို့နှင့် ပတ်သက်ပြီး အရေးပါသော ဆွေးနွေးမှုများလည်း ရှိသည်။
တချိန်တည်းတွင် လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများကလည်း လူ့အခွင့်အရေးအခြေခံသော ကြားဝင်စွက်ဖက်မှုအမျိုးမျိုးကို လိုအပ်ကြောင်း ပြသရန်အတွက် R2P သဘောတရားကို ပိုမိုကျယ်ပြန့်စွာ အသုံးချရန် ကြိုးစားနေသည်မှာ ကာလကြာမြင့်ပြီဖြစ်သည်။ ကံမကောင်း အကြောင်းမလှသည်မှာ R2P ကဲ့သို့သော သဘောတရားများအပါအဝင် နိုင်ငံတကာ လူ့အခွင့်အရေးနှင့် လူသားချင်းစာနာမှု ဥပဒေသည် နိုင်ငံသားများ၊ လူမှုအခြေပြုအဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများ စသည့် ဒေသခံ ပါဝင်ပတ်သက်သူများက ကိုယ်စားပြုခြင်းကို အသိအမှတ် မပြုသလောက်ဖြစ်နေခြင်းပင်။
ထို့ကြောင့် ယနေ့မြန်မာနိုင်ငံ၏ ထူးခြားသောအခြေအနေတွင် EAOs များသည် အရေးပါသာ အခန်းကဏ္ဍမှ ပါဝင်နိုင်သည်၊ ပြည်သူလူထုကို ကာကွယ်စောင့်ရှောက်မှုပေးရန် တာဝန်ရှိသည်ကို ငြင်းချက်ထုတ်ချင်သည်။
EAOs များ၏ အခန်းကဏ္ဍ
ဖေဖေါ်ဝါရီလက ဧရာဝတီတွင် ဆွေးနွေးခဲ့သည့်အတိုင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သည် အာဏာသိမ်းပြီးနောက်တနေ့တွင် ကြေညာချက်တစောင်ထုတ်ပြန်သည်။ ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့တွင် မွန်ပြည်သစ်ပါတီ (NMSP) သည် ပြည်သူလူထုနှင့် အတိအလင်းရပ်တည်သည့် ပထမဆုံး EAO ဖြစ်လာပြီး စစ်အာဏာသိမ်းမှုကို ပြတ်သားရှင်းလင်းစွာ ဆန့်ကျင်ရှုတ်ချကြောင်းနှင့် လူမှုအာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) ကို ထောက်ခံကြောင်း ကြေညာချက်တစောင်ကို ထုတ်ပြန်သည်။ နောက်တနေ့တွင် KNU ကလည်း အလားတူ ပြင်းထန်သည့် ကြေညာချက်တစောင်ကို ထုတ်ပြန်သည်။
အာဏာသိမ်းပြီးနောက်တနေ့ဖြစ်သော ဖေဖေါ်ဝါရီလ ၂ ရက်နေ့တွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST)ဖြစ်သည့် တန်ိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် EAOs ဆယ်ခု၏ ညှိနှိုင်းမှုအဖွဲက အလေးအနက်ပူပန်ကြောင်း ကြေညာချက်တစောင်ကို ထုတ်ပြန်သည်။ ထိုကြေညာချက်နောက်ပိုင်း ဖေဖေါ်ဝါရီလ ၂၀ ရက်နေ့တွင်လည်း PPST နောက်ထပ်ကြေညာချက်တစောင်ထုတ်ပြန်ပြီး NCA လက်မှတ်ရေးထိုးထားသောအဖွဲ့များက စစ်ကောင်စီ (SAC) ကို အသိအမှတ်မပြုသလို ထိတွေ့ဆက်ဆံမှုလည်း ပြုလုပ်မည်ဖြစ်ကြောင်း အတည်ပြုလိုက်သည်။ NCA ကို အတိအလင်း ဖျက်သိမ်းခြင်း မရှိသေးသော်လည်း ထိုကြေညာချက်သည် ထိုသဘောတူညီချက်ကို တရားမဝင် စစ်အုပ်ချုပ်ရေးကာလအတွင်း ထိထိရောက်ရောက် ဆိုင်းငံ့လိုက်ခြင်းပင်ဖြစ်သည်။ (မတ်လ ၁၂ ရက်နေ့တွင် PPST ဥက္ကဋ္ဌ၏ အွန်လိုင်းအစည်းအဝေး အပိတ်မိန့်ခွန်းတွင် ဆန္ဒပြသူများအား EAO များက ကာကွယ်ရန် တာဝန်ရှိသည်ဟု ခံယူကြောင်း ပြောဆိုသည်။)
တချိန်တည်းတွင် နိုင်ငံမြောက်ပိုင်းနှင့် အနောက်ပိုင်းမှ EAOs များ (၎င်းတို့၏အများစုသည် NCA ကိုလက်မှတ်ရေးထိုးထားသူများ မဟုတ်ပေ) အနေဖြင့် အာဏာသိမ်းသည့် ကိစ္စတွင် ဝင်ရောက်စွက်ဖက်ခြင်းမပြုရန် တရုတ်က ဖိအားပေးထားသည်ဟု ဆိုသောကြောင့် စစ်ဆင်လှုပ်ရှားရန် အနေအထားမရှိသလောက်ပင်ဖြစ်နေသည်။ သို့သော် ကချင်လွတ်လပ်ရေးအဖွဲ့ ဖေဖေါ်ဝါရီလ ၁၇ ရက်နေ့တွင် ကြေညာချက်တစောင်ထုတ်ပြန်ပြီး ပြည်သူလူထု၏အားထုတ်မှုများကို ထောက်ခံကြောင်းနှင့် ဆန္ဒပြသူများကို ကာကွယ်မည်ဖြစ်ကြောင်း ပြောသည်။ (မတ်လ ၁၁ ရက်နေ့တွင် ဖားကန့်ဒေသတွင် တိုက်ပွဲ စတင်ဖြစ်ပွားသည်။)
EAOs အများအပြားသည် လက်တွေ့စွက်ဖက်မှုများဖြင့် တုံ့ပြန်ကြသည်။ ဆန္ဒပြသူများကို ကာကွယ်မည်ဖြစ်ကြောင်း KNU ကပြောကြားထားပြီး KNU ၏ ကရင်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (KNLA) ဆန္ဒပြသူများကို ကာကွယ်ရန်ကြားဝင်ဆောင်ရွက်ကာ တပ်မဟာ ဒေသအများအပြားတွင် ဆန္ဒပြသူများ လွတ်လပ်စွာ သွားလာခွင့်ကို ခွင့်ပြုထားသည်။ ဥပမာအားဖြင့်ဆိုရပါက မတ်လ ၅ ရက်နေ့တွင် KNLA နှင့် KNU အဖွဲ့ဝင်များသည် ကမမောင်း၊ ဖာပွန်နှင့် ကော့ကရိတ်နှင့် အခြားနေရာအများအပြားတွင် ဆန္ဒပြနေသော အရပ်သားများကို လိုက်ပါစောင့်ရှောက်ကြောင်းတွေ့ရသည်။ မတ်လ ၈ ရက်နေ့တွင် တနင်္သာရီတိုင်း KNLA တပ်မဟာ ၄ မှ တပ်ဖွဲ့များသည် မေတ္တာမှ ထားဝယ်သို့ ချီတက်သည့် ပြည်သူများ ဆန္ဒပြချီတက်သည်ကို ဦးဆောင်ခေါ်ယူသွားသည်။
EAO တပ်ဖွဲ့ဝင်များ ဆန္ဒပြပွဲများတွင် ပူးပေါင်းပါဝင်သောအခါ သွေးစည်းချစ်ကြည်မှု၏ အရေးပါသော သင်္ကေတ သတင်းစကားတခု ပေးပို့လ်ိုက်ခြင်းဖြစ်ပြီး KNU ကဲ့သို့သောအဖွဲ့များသည် ပြည်သူများနှင့်အတူ ရပ်တည်ကြောင်း ပြသလိုက်ခြင်းပင်ဖြစ်သည်။ ဆန္ဒပြပွဲများတွင် EAO များပါဝင်သည့် မည်သည့်ဖြစ်ရပ်ကမျှ ယခုအချိန်အထိ အခြေအနေကို ဆိုးရွားသွားစေခြင်းမရှိဘဲ စစ်ကောင်စီတပ်များက နောက်ထပ်တိုက်ခ်ိုက်ရန် အကြောင်းပြချက်ကို ဖန်တီးခြင်း မရှိပေ။ ထို့အပြင် KNU သည် ၎င်းတို့စစ်ဆင်ရေးဒေသနှင့် နီးကပ်သော နေရာများတွင် ဆန္ဒပြသူများကို တစုံတရာသော ကာကွယ်စောင့်ရှောက်မှုပေးနိုင်သော်လည်း ရန်ကုန်နှင့် အခြားမြို့ကြီးများမှ ဆန္ဒပြပြည်သူများကို ကူညီရန် EAOs များအနေဖြင့် လုပ်နိုင်သော ကိစ္စမရှိသလောက်ဖြစ်နေသည်။
(သို့သော် တိုက်ပွဲများ ပြန်ဖြစ်လာမည့်အရေး စိုးရိမ်ပြီး မြို့တွင်းသို့ ခေါ်ယူထားသော တိုက်ခိုက်ရေး စစ်တပ်များအား EAO တပ်များနှင့် ရင်ဆိုင်ရန် မြို့ကြီးများအတွင်းမှ ပြန်လည်ဆွဲထုတ်သွားပုံရသည်။ ယင်းသည် မြို့များအတွင်း ဆန္ဒပြသူများ နေ့စဉ် သေဆုံးနေရမှု အရေအတွက်ကို သိသိသာသာ ကျဆင်းသွားစေနိုင်မည်ဟု မျှော်လင့်ရသည်။)
အချို့သော တိုင်းရင်းသား ဒေသများတွင် မြန်မာစစ်တပ်က ကျူးကျော်ရန်စမှုများ ပြုလုပ်နေသည့် နောက်ခံတွင် ထိုဖြစ်ရပ်များအားလုံး ဖြစ်ပွားနေခြင်းဖြစ်သည်။ ဒီဇင်ဘာလလယ်မှ စတင်ပြီး မြန်မာစစ်တပ်သည် စစ်ရေးတည်ဆောက်ရန်အတွက် (လမ်းသစ်များတည်ဆောက်ခြင်းနှင့် ဒေသခံများက ကျူးကျော်သည့်တပ်များအဖြစ် သတ်မှတ်ထားသည့် မြန်မာစစ်တပ်စခန်းများကို လက်နက်ရိက္ခာ ပြန်လည်ဖြည့်တင်းရန်) ကရင်ပြည်နယ်မြောက်ပိုင်းနှင့် ပဲခူးတိုင်း အရှေ့ပိုင်းမှ အရပ်သား လူမှုအသိုက်အဝန်းများကို အကြမ်းဖက်တိုက်ခိုက်မှု အများအပြားပြုလုပ်ခဲ့သည်။ Free Burma Rangers နှင့် အခြားသတင်းရင်းမြစ်များ၏ အဆိုအရ မြန်မာစစ်တပ်က အရပ်သားများကို အမြောက်များဖြင့် ပစ်ခတ်တိုက်ခိုက်သောကြောင့် ပြည်တွင်းရွှေ့ပြောင်းနေထိုင်ရသူ ၈၀၀၀ ကျော်သည် ဒီဇင်ဘာလလယ်မှ စတင်ပြီး နေရပ်စွန့်ခွာ ထွက်ပြေးနေရသည်။ ကချင်ပြည်နယ်နှင့် ရှမ်းပြည်မြောက်ပိုင်းမှ KIO များကိုလည်း မကြာသေးမီက တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။
ဆန္ဒပြပွဲများကို ပိုမိုဖိနှိပ်ခြင်းနှင့် မြို့ပြများတွင် အရပ်သား လူမှု အသိုက်အဝန်းများကို တိုက်ခိုက်ခြင်းနှင့်အတူ မြန်မာစစ်တပ်ကျူးကျော်ရန်စမှုများသည် ပိုမိုများပြားသောသူများကို ထွက်ပြေးစေနိုင်သည်။ ဆန္ဒပြပွဲများကို အကြမ်းဖက်နှိမ်နင်းမှုများသည် ၁၉၈၈ မှ ၁၉၉၀ ကာလကအတိုင်း ဖြစ်လာပါက ဆန္ဒပြပွဲများမှ ဒုက္ခသည်များ ( ပြည်တွင်းနေရပ်စွန့်ခွာများ) ကို လက်ခံရန် KNU ၊ NMSP နှင့်အခြား EAO များက ကော်မတီများ ဖွဲ့စည်းထားကြသည်။ ထိုစဉ်က ဆန္ဒပြပွဲများကို ဖိနှိပ်မှုကြောင့် မြို့ကြီးများမှ ထွက်ပြေးလာသူများသည် EAO တို့ ထိန်းချုပ်သည့် နယ်စပ်ဒေသသို့ ထွက်ပြေးလာကြသည်။
မြန်မာနိုင်ငံတွင် အလားတူ နှိုင်းယှဉ်နိုင်လောက်အောင် အရေးကြီးသည့် အခြားဖြစ်ရပ်များကိုလေ့လာရန် ၁၉၈၈ ခုနှစ်ကို ပြန်လည်လေ့လာရမည်ကို ငြင်းရန်မလိုပေ။ ယခုဖြစ်ရပ်သည် မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးတည်ဆောက်မှုကို နက်ရှိုင်းစွာ အသွင်ကူးပြောင်းရန် အလားအလာရှိသော အရေးပါသည့် လမ်းဆုံလမ်းခွများအနက် အရေးတကာ့ အရေးအပါဆုံး လမ်းဆုံလမ်းခွဖြစ်သည်။
လက်ရှိအကျပ်အတည်းသည် စစ်ကောင်စီသစ်ကို ဆန့်ကျင်သည့် မတူညီသော လူမှုအသိုက်အဝန်းများအကြား ဆက်ဆံရေးကို အသွင်ပြောင်းလဲသွားစေပြီး မြန်မာနိုင်ငံကို ပြန်လည်စိတ်ကူးပုံဖေါ်ရန်နှင့် သမိုင်းဇာတ်လမ်းကို ပြောင်းလဲပစ်ရန် အခွင့်အလမ်းတခုလည်း ဖြစ်နိုင်သည်။ ယခု ဆန္ဒပြပွဲများတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အဖွဲ့ဝင်များ၊ တက်ကြွလှုပ်ရှားသူများ၊ တိုင်းရင်းသား ပုဂ္ဂိိုလ်များနှင့် အဖွဲ့အစည်းများ ဂျန်နရေးရှင်း Z လူငယ်များ၏ အရေးပါသော တပ်ပေါင်းစု သို့မဟုတ် မဟာမိတ်များ ပေါ်ထွက်လာသည်ကို တွေ့မြင်နေရသည်။ စစ်ကောင်စီက ပြည်သူများအပေါ် ဖိနှိပ်မှု၏ ရလဒ်တခုမှာ ပြည်သူအားလုံးသည် တူညီသော အတွေ့အကြုံကို ခံစားလိုက်ရပြီး မြန်မာ့လူ့အဖွဲ့အစည်း၏ မတူညီသော အစိတ်အပိုင်းအမျိုးမျိုးကို သွေးစည်း ချစ်ကြည်မှုတွင် အခြေခံကာ သစ်လွင် ဆန်သစ်သော နည်းလမ်းဖြင့် စည်းလုံးညီညွတ်စေခြင်းဖြစ်သည်။
တရားမဝင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် တိုက်ပွဲတွင် ထိုမဟာမိတ်များသည် ဗမာလူများစု အသိုက်အဝန်းနှင့် တိုင်းရင်းသားများ သို့မဟုတ် လူနည်းစုလူမျိုးစုများ အပါအဝင် မတူညီသော ပါဝင်ပတ်သက်သူများအကြား ပြောင်းလဲလာသော ဆက်ဆံရေးကို ပုံဖေါ်ပေးနိုင်သည်။ ပြည်သူများကို ကာကွယ်ရန် မြန်မာနိုင်ငံမှ EAO များ အထူးသဖြင့် KNU က လုပ်ဆောင်သည့် နည်းလမ်းသည် ထိုကဲ့သို့သော ဆွေးနွေးငြင်းခုန်မှုများတွင် ၎င်းတို့သည် အရေးပါသောအခန်းမှ ပါဝင်စေရေး ဖြစ်သင့်ပေသည်။
(စာရေးသူသည် မြန်မာနိုင်ငံနှင့် အရှေ့တောင်အာရှမှ နိုင်ငံရေးနှင့် လူသားချင်းစာနာမှု ပြဿနာများကို အထူးပြုသော သီးခြားလွတ်လပ်သော သုတေသီးနှင့် ချင်းမိုင်တက္ကသိုလ်မှ သုတေသီဖြစ်သည်။ ဧရာဝတီအင်္ဂလိပ်ပိုင်းပါ Responsibilities and Opportunities to Save Myanmar ကို ဘာသာပြန်ဆိုပြီး ထပ်မံဖြစ်ထွန်းမှု အနည်းငယ်ကို ဖြည့်စွက်ထားသည်။)
You may also like these stories:
ဖားကန့်မှ စစ်တပ်စခန်း KIA ဝင်တိုက်
ဒေါက်တာ ဆာဆာနဲ့ KNU ဘာတွေဆွေးနွေးခဲ့ကြလဲ
အရေးတကာ့ အရေးအပါဆုံး လမ်းဆုံလမ်းခွ သို့မဟုတ် မြန်မာနိုင်ငံကို ပြန်လည်ပုံဖေါ်ခြင်း
စစ်အာဏာသိမ်းမှုအပေါ် တိုင်းရင်းသားများအမြင်