ယခုအချိန်သည် မြန်မာနိုင်ငံအတွက် အနာဂတ် လာမည့်နှစ်များစွာကို ပုံဖေါ်ပေးမည့် လွန်စွာထူးခြားလှသော အချိန်အခါဖြစ်သည်။မြန်မာစစ်တပ်၏ စွက်ဖက်မှုသည် ကပ်ဆိုးဖြစ်သော်လည်း ဗမာအများစုနှင့် တိုင်းရင်းသားလူမှုအသိုင်းအဝန်းများအကြား ဆက်ဆံရေးကို ပြန်လည်ပုံဖေါ်ခြင်းသို့ ဦးတည်သွားနိုင်သည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများသည် အရေးပါသောအခန်းမှ ပါဝင်ရမည်ဖြစ်သည်။
ယခုအချိန်သည် ၁၉၈၈ ခုနှစ်နောက်ပိုင်း မြန်မာ့ဒီမိုကရေစီအရေးတော်ပုံတွင် အထူးခြားဆုံးသော ကာလဖြစ်သည်။
ဖေဖေါ်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုအတွက် စစ်တပ်ကပေးသော ဆင်ခြေမှာ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလက ကျင်းပသောရွေးကောက်ပွဲများတွင် မဲမသမာမှုရှိသည်ဆိုသည့် လုပ်ဇာတ်ဖြစ်သည်။
သို့သော်လွန်ခဲ့သောနှစ်က ရွေးကောက်ပွဲနှင့်ပတ်သက်သည့် အဓိက ပြဿနာမှာ သန်းပေါင်းများစွာသော တိုင်းရင်းသား နိုင်ငံသားများ အထူးသဖြင့် ပြည်ပတွင် အလုပ်လုပ်နေသော သို့မဟုတ် ပဋိပက္ခဒေသတွင်နေထိုင်သူများ မဲပေးခွင့်မရခြင်းပင်ဖြစ်သည်။
တချိန်တည်းတွင် အမျိုးသားဒီမိုကရေစီအဖွဲချုပ် NLD အစိုးရသည် အာဏာရအစိုးရဆိုသည့် အကျိုးကျေးဇူးကို ခံစားနေပြီး အထူးသဖြင့်ဆိုရပါက ကိုဗစ်နှင့်ပတ်သက်သော ကန့်သတ်ချက်များကြောင့် ပါတီငယ်များသည် မဲဆွယ်ခွင့်မရကြပေ။ တိုင်းရင်းသားနိုင်ငံသားများ၏ အခွင့်အရေးကို စစ်တပ်က အာဏာသိမ်းချိန်တွင် ထုတ်ဖေါ်ပြောဆိုမှုမရှိခြင်းသည် အံ့သြစရာမဟုတ်ပေ။
တိုင်းရင်းသား လူမှုအသိုင်းအဝန်းများအတွက် ထူးခြားမှု ရှိမရှိကို မိတ်ဆွေအများအပြားက အာဏာသိမ်းပြီး ပထမအပတ်အတွင်း မေးမြန်းလာကြသည်။ မိတ်ဆွေတဦးပြောသည့်အတိုင်း ပြောရပါက “ပါလီမန် အာဏာရှင်စနစ်ကနေ စစ်အာဏာရှင်စနစ်ကိုပြောင်းသွားတာက တိုင်းရင်းသားတွေအတွက် ဘာမှ အဓိပ္ပါယ်သက်ရောက်မှာမဟုတ်ဘူး။ NLD အစိုးရက တိုင်းရင်းသား လူမှုအသိုင်းအဝန်းတွေကို ဘာမှမကူညီသလို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အောင်မြင်အောင်လည်း မလုပ်နိုင်ဘူး။ သူတို့အတွက် အခုဘာမှ လုပ်မပေးနိုင်ဘူး” ဟု ဖြစ်သည်။
သို့သော်ဖေဖေါ်ဝါရီလ ၆ ရက်နေ့က စတင်သည့် ကြီးမားသော ဆန္ဒပြပွဲများနှင့် စစ်အစိုးရက အကြမ်းဖက် ဖိနှိပ်ခြင်းကြောင့် နိုင်ငံသည် နယ်ပယ်သစ်သို့ ဝင်ရောက်လာပြီး ယခုကဲ့သို့သော အရေးပါသည့် အချိန်တွင် နိုင်ငံသားအားလုံး ပါဝင်လာသည်။
နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ သည် အတိုက်အခံများကို သွေးခွဲရန် ကြိုးစားနေပုံရသည်။ စစ်အစိုးရ၏သေနင်္ဂဗျူဟာမှာ ယခင် NLD အစိုးရထောက်ခံသူများနှင့် ယခင်က နိုင်ငံရေးကို အများအားဖြင့် စိတ်မဝင်စားသော ဂျန်နရေးရှင်း Z လူငယ်များအကြား သွေးခွဲပြီး လူမှုအာဏာဖီဆန်ရေး လှုပ်ရှားမှု CDM ကို ဖြိုခွဲရန်ဖြစ်သည်။ တိုင်းရင်းသားခေါင်းဆောင်အနည်းငယ်နှင့် တိုင်းရင်းသားပါတီ နှစ်ခုမျှကို ကောင်စီ တွင် ထည့်သွင်းထားပြိးနောက် စစ်အစိုးရသည် ပိုမိုကျယ်ပြန့်သော CDM တွင် တိုင်းရင်းသားလူမျိုး တက်ကြွလှုပ်ရှားသူများ မပါဝင်စေရန် ကြိုးစားသည်။
ထိုသို့သော အခြေအနေကြောင့် စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြပွဲများကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ EAOs တို့ မထောက်ခံခြင်းကို အချို့က ဝေဖန်ကြသည်။ လက်တွေ့တွင်မူ EAOs များအကြားတွင်လည်း သဘောထားအမျိုးမျိုးဖြစ်နေသည်။
EAO များ၏ ရပ်တည်ချက်
မြန်မာနိုင်ငံမြောက်ပိုင်းနှင့် အနောက်ပိုင်းမှ EAOs များအနေဖြင့် ကြားဝင်မစွက်ရန် ဖိအားပေးထားသောကြောင့် လှုပ်ရှားရန် နယ်ပယ် အနည်းငယ်သာရှိသည်ကို အငြင်းပွားဖွယ်ရာ မရှိပေ။ သို့သော် အစဦးတွင် နှေးကွေးနေသော တောင်ပိုင်းမှ EAOs များသည် ပိုမို ကြိုတင်ပြင်ဆင်လက်ဦးမှု ရယူထားသည်။
ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့တွင် မွန်ပြည်သစ်ပါတီ (NMSP) သည် ပြည်သူလူထုနှင့်အတူ ပွင့်လင်းစွာ ရပ်တည်သော ပထမဆုံး EAO ဖြစ်လာပြီး စစ်အာဏာသိမ်းမှုကို တညီတညွတ်တည်း ဆန့်ကျင်ပြီး CDM ကိုထောက်ခံသည့် ကြေညာချက်ထုတ်သည်။ နောက်တနေ့တွင် ကရင်အမျိုးသားအစည်းအရုံး (KNU) ကလည်း အလားတူ ပြင်းထန်သော ကြေညာချက်ထုတ်သည်။
စစ်အာဏာသိမ်းပြီးနောက်တရက်ဖြစ်သော ဖေဖေါ်ဝါရီလ ၂ ရက်နေ့တွင် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုုပ် (NCA) လက်မှတ်ရေးထိုးထားသည့် EAOs အဖွဲ့ ၁၀ ဖွဲ့ပါသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) က လွန်စွာစိုးရိမ်ပူပန်ကြောင်း ကြေညာချက်ထုတ်ပြန်သည်။ ထိုကြေညာချက်သည် NCA ကို အတိအလင်းဖျက်သိမ်းခြင်းမပြုသော်လည်း တရားမဝင် စစ်အုပ်ချုပ်ရေးကာလအတွင်း ထိုသဘောတူညီချက်ကို ထိရောက်စွာ ဆိုင်းငံ့လိုက်နိုင်သည်။
အခြား EAOs များမှာ သဘောထားအမျိုးမျိုးဖြစ်နေသည်။ ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့တွင် ကယန်းပြည်သစ်ပါတီသည် ကယားပြည်နယ်မှ တက်ကြွလှုပ်ရှားသူ ၇ ဦးလွတ်မြောက်ရေးအတွက် လုံခြုံရေးအာဏာပိုင်များနှင့် ညှိနှိုင်းခဲ့သည်။ ကရင်နီအမျိုးသားတိုးတက်ရေးပါတီက CDM လှုပ်ရှားမှုကို နောက်ကွယ်မှထောက်ခံသည်။ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) က ၎င်းတို့စခန်းများကို စစ်တပ်က တိုက်ခ်ိုက်ခြင်းသည် NCA ကို ချိုးဖေါက်သည်ဟု ကန့်ကွက်ခြင်းအပါအဝင် ကြေညာချက်အများအပြား ထုတ်ပြန်သည်။ ကချင်လွတ်လပ်ရေးအဖွဲ့ချုပ်က ဖေဖေါ်ဝါရီလ ၁၇ ရက်နေ့တွင် ကြေညာချက်တစောင် ထုတ်ပြန်ပြီး ပြည်သူလူထု၏ အားထုတ်မှုကို ထောက်ခံပြီး ဆန္ဒပြသူများကို ကာကွယ်ရန်တောင်းဆိုသော်လည်း စစ်အာဏာသိမ်းမှု သို့မဟုတ် SAC ကို ပြစ်တင်ရှုတ်ချခြင်း မရှိပေ။
မြေပြင်အခြေအနေတွင်မူ KNU ၏ ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ဆန္ဒပြသူများကို ကာကွယ်ရန် ဝင်ရောက်လုပ်ဆောင်နေပြီး ဆန္ဒပြသူများ လွတ်လပ်စွာ သွားလာရန် လုပ်ဆောင်ပေးနေသည်။ ဥပမာအားဖြင့်ဆိုရပါက ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့တွင် တောင်ငူတွင်လည်းကောင်း၊ ဖေဖေါ်ဝါရီလ ၁၉ ရက်နေ့တွင် ကော့ကရိတ်တွင်လည်းကောင်း၊ ဖေဖေါ်ဝါရီလ ၂၁ ရက်နေ့တွင် မြဝတီတွင်လည်းကောင် ထိုသို့လုပ်ဆောင်ပေးသည်။ အာဏာသိမ်းပြီး ရက်သတ္တပတ်ကုန်တွင် ဒီမိုကရက်တစ်ကရင်အကျိုးပြုတပ်မတော်တပ်ဖွဲ့ဝင်များသည် မြဝတီမှ လက်နက်ကိုင်ရဲများထံမှာ ဆန္ဒပြသူများကို ကာကွယ်ပေးခဲ့သည်။
ထိုဖြစ်ရပ်များအားလုံးသည် စစ်တပ်က တိုင်းရင်းသားဒေသအချို့တွင် ပိုမိုကျူးကျော်ရန်စနေသည့် အခြေအနေတွင် ဖြစ်ပေါ်နေခြင်းဖြစ်သည်။ ဒီဇင်ဘာလလယ်မှ စတင်ပြီး စစ်တပ်သည် စစ်အင်အားတိုးမြှင့်ရန် အတွက် လမ်းများဖေါက်ခြင်း၊ ဒေသခံများက ကျူးကျော်လာသောတပ်များအဖြစ် သတ်မှတ်ထားသည့် စစ်စခန်းများသို့ ရိက္ခာပြန်လည်ဖြည့်တင်းခြင်းများ လုပ်ဆောင်ပြီး ကရင်ပြည်နယ်မြောက်ပိုင်းနှင့် ပဲခူးတိုင်းအရှေ့ပိုင်းတွင် အရပ်သားလူမှုအသိုင်းအဝန်းများကို အကြမ်းဖက်တိုက်ခိုက်မှုများ လုပ်ဆောင်နေသည်။ အရပ်သားများကို မြန်မာစစ်တပ်က အမြောက်ဖြင့်ပစ်ခတ်ခြင်းနှင့် အခြားတိုက်ခိုက်မှုများကြောင့် ဒီဇင်ဘာလလယ်မှ စတင်ပြီး ကရင်စစ်ပြေး ဒုက္ခသည် ၆၀၀၀ ခန့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသည်။
Free Burma Rangers အဖွဲ့၏အဆိုအရ ဖေဖေါ်ဝါရီလ ၂၀ နှင့် ၂၁ ရက်တွင် KNU တပ်မဟာ ၅ နယ်မြေအတွင်း ထွက်ပြေးနေရသော အရပ်သား ၇၀၀ ရှိသည်ဟု သိရသည်။ မြန်မာစစ်တပ်က ဆက်လက်တိုက်ခိုက်နေသောကြောင့် ကာကွယ်ရန်နှင့် ကူညီရန် လွန်စွာလိုအပ်နေသည်။ ဆန္ဒပြပွဲများကို ပိုမိုဖိနှိပ်လာခြင်းနှင့် မြို့ပြဒေသမှ အရပ်သားလူမှုအသိုင်းအဝန်းများကို တိုက်ခိုက်ခြင်းတို့ဖြင့် မြန်မာစစ်တပ် ကျူးကျော်ရန်စမှုများကြောင့် ပိုမိုများပြားသည့် ပြည်သူအများအပြား ထွက်ပြေးရနိုင်သည်။
KNU သည် ၁၉၈၈ မှ ၁၉၉၀ ခုနှစ်များကအတိုင်း အကြမ်းဖက်ဖြိုခွဲမှု ဖြစ်လာပါက ဆန္ဒပြပွဲများမှ မည်သည့် စစ်ပြေးဒုက္ခသည် ( ပြည်တွင်းနေရပ်စွန့်ခွာ) ကိုမဆို လက်ခံရန် ကော်မတီတရပ် ဖွဲ့စည်းထားသည်။ ထိုစဉ်က မြို့ကြီးများမှ ဆန္ဒပြသူများသည် အကြမ်းဖက်ဖိနှိပ်မှုများကြောင့် နယ်စပ်ရှိ EAO ထိန်းချုပ်ဒေသများသို့ ထွက်ပြေးကြသည်။ KNU သည် အရေးပေါ်စီမံချက်များရေးဆွဲပြီး ကိုဗစ်-၁၉ မဖြစ်ပွားစေရေးအတွက် ကွာရန်တင်း ဝင်ရန် နေရာများကိုလည်း စီစဉ်နေသည်။ NMSP ကလည်း အလားတူကော်မတီတရပ်ကို ဖွဲ့စည်းထားသည်။
အရေးတကာ့ အရေးအပါဆုံး လမ်းဆုံ
လွန်ခဲ့သော ၄ ပတ်ကာလသည် ဒေါသနှင့် ဝမ်းနည်းမှုများကာလဖြစ်သည်။ ထိုလျှင်မြန်သော အပြောင်းအလဲနှင့် နိုင်ငံရေးပြန်လည်ချိန်ညှိမှုကာလ (သို့မဟုတ် အရေးပါသောလမ်းဆုံ) သည် မြန်မာနိုင်ငံ ငြိမ်းချမ်းရေးတည်ဆောက်ရာတွင် လေးနက်သော အသွင်ကူးပြောင်းဖြစ်စေနိုင်သော အလားအလာရှိနေသည်။
အာဏာမသိမ်းမီက တိုင်းရင်းသား လူမှုအသိုင်းအဝန်းများ အထူးသဖြင့် ပဋိပက္ခဒဏ်ခံရသော ဒေသများမှ လူမှုအသိုင်းအဝန်းများအတွက် အခြေအနေမကောင်းလှပေ။ အပစ်အခတ်ရပ်စဲရေးသည် တုံ့ဆိုင်းနေပြီး မြန်မာစစ်တပ်က အရပ်သားများကို တိုက်ခိုက်နေသည်။ ယခုအကျပ်အတည်းသည် စစ်အစိုးရသစ်ကို ဆန့်ကျင်သည့် တိုက်ပွဲတွင် မတူညီသော လူမှုအသိုင်းအဝန်းများအကြား ဆက်ဆံရေးကို အသွင်ပြောင်းစေပြီး ထိုအခြေအနေကို ပြောင်းလဲသွားစေပြီး မြန်မာကိုပြန်လည်ပုံဖေါ်မည့် အခွင့်အရေးဖြစ်နိုင်သည်။
ဆန္ဒပြပွဲများတွင် NLD အဖွဲ့ဝင်များ၊ တက်ကြွလှုပ်ရှားသူများ၊ တိုင်းရင်းသားများနှင့် တိုင်းရင်းသားအဖွဲ့များနှင့် ဂျန်နရေးရှင်း Z မျိုးဆက်လူငယ်များအကြား အရေးပါသော မဟာမိတ် သို့မဟုတ် တပ်ပေါင်းစု တခုဖြစ်လာသည်ကို တွေ့နေရသည်။ ဒီမိုကရေစီအရေးတော်ပုံကို စစ်တပ်က အကြမ်းဖက်သည့် ၁၉၈၈ ခုနှစ်က ပဲ့တင်သံများလည်း ရှိနေသည်။ ထိုစဉ်က ကျောင်းသားမျိုးဆက်တဆက်သည် စစ်အစိုးရကို တိုက်ပွဲဝင်နေသည်မှာ ကာလကြာမြင့်ပြီဖြစ်သော တိုင်းရင်းသားလက်နက်ကိုင်များနှင့် လက်တွဲရန် နယ်စပ်သို့ ထွက်ခွာသွားခဲ့ကြဖူးသည်။ စစ်အစိုးရက လူထုအပေါ်ဖိနှိပ်မှု၏ ရလဒ်တခုမှာ မြန်မာ့လူ့အဖွဲ့အစည်းမှ ကွဲပြားသော အစိတ်အပိုင်းများကို သစ်လွင်ဆန်းသစ်သောနည်းဖြင့် အတူတကွ စုစည်းပေးမည့် ဘုံအတွေ့အကြုံကခု ဖန်တီးလိုက်ခြင်းပင်ဖြစ်သည်။
ယခုမြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော နိုင်ငံရေးနှင့် လူ့အဖွဲ့အစည်း ပြန်လည်ချိန်ညှိမှုသည် မျိုးဆက်တဆက်အကြာတွင် ပေါ်ပေါက်လာခြင်းဖြစ်သည်။ သွေးစည်းချစ်ကြည်မှု အပေါ်အခြေခံပြီး သရုပ်လက္ခဏာနှင့် အကျိုစီးပွားများကို နက်ရှိုင်းစွာ ပြန်လည်ဦးတည်ချက် ချမှတ်ခြင်းနှင့် ပုံဖေါ်ခြင်းသည် နိုင်ငံကို ပိုမိုညီမျှ အားလုံးပါဝင်သော ပုံစံဖြင့် ပြန်လည်တည်ဆောက်ရန် အခွင့်အလမ်းကို ပေးသည်။ ဥပမာတခုအနေဖြင့်ဆိုရပါက ပြည်ထောင်စုလွှတ်တော်မှ တရားဝင်ရွေးကောက်ခံများဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီက ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် ထုတ်ပြန်သည့် ကြေညာချက်တွင် EAOs များ၏ အခန်းကဏ္ဍပါဝင်သော ကျယ်ကျယ်ပြန့်ပြန့် အခြေခံသည့် စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး ညွန့်ပေါင်းတပ်ဦးတခု၏ အရေးပါမှုကို အသိအမှတ်ပြုထားသည်။
တရားမဝင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် တိုက်ပွဲမှ မဟာမိတ်သစ်များသည် လူများစု ဗမာလူမျိုးစုဝင်များ၏ လူမှုအသိုင်းအဝန်းဝင်များနှင့် တိုင်းရင်းသားပြည်သူများအပါအဝင် မတူညီသော ပါဝင်ပတ်သက်သူများအကြား ပြောင်းလဲလာသောဆက်ဆံရေးကို ကြိုတင်ပြသလိုက်ခြင်းဖြစ်သည်။ စစ်အုပ်ချုပ်ရေး ဆယ်စုနှစ်များစွာအတွင်း ဗမာလူများစု လူမှုအသိုင်းအဝန်းဝင် အနည်းငယ်သာ ပဋိပက္ခဒေသမှ တိုင်းရင်းသားများ၏ ပကတိအခြေအနေ၊ ပူပန်မှုများနှင့် မျှော်လင့်ချက်များကို နားလည်ရန် အခွင့်အရေးရကြသည်။ စုစည်းညီညွတ်မှုသစ်များကို ယခုအခါ တည်ဆောက်နေကြပြီ ဖြစ်ပြီး ထိုစုစည်းညီညွတ်မှုသစ်သည် မြန်မာနိုင်ငံ အနာဂတ်အတွက် အရေးပါသော သက်ရောက်မှုများ ရှိနိုင်ပေသည်။
(Dr Ashley South သည်သီးခြားလွတ်လပ်သော သုတေသီနှင့် ချင်းမိုင်တက္ကသိုလ်မှ မြန်မာနှင့် အရှေ့အာရှမှ နိုင်ငံရေးနှင့် လူသားချင်းစာနာမှု ပြဿနာများကို အထူးပြုသော ပညာရှင်ဖြစ်သည်။ ၎င်း၏ Re-imagining Myanmar – The Mother of All “Critical Junctures” ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)
You may also like these stories:
စစ်အာဏာသိမ်းမှုအပေါ် တိုင်းရင်းသားများအမြင်
စစ်အာဏာရှင်ကို အံတုသည့် Gen Z နှင့် အဓိက အင်အားစုများ