ကရင်ပြည်နယ် မြဝတီမြို့ အမှတ် ၂ တံတား၌ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ( KNLA) နှင့် ပြည်သူ့ ကာကွယ်ရေးတပ် (PDF)တို့ ပူးပေါင်းတိုက်ခိုက်မှုကြောင့် ဒဏ်ရာရသွားသော တပ်မ ၄၄ တပ်မမှူး ဗိုလ်မှူးကြီး စိုးမင်းထက် အား ရာထူးမှ ဖယ်ရှား၍ ှဗိုလ်မှူးကြီးညီညီဦး အား တပ်မမှူးအဖြစ် ခန့်အပ်လိုက်ကြောင်း သိရသည်။
ဗိုလ်မှူးကြီး ညီညီဦးမှာ စစ်တက္ကသိုလ်အပတ်စဉ် ၄၁ ကျောင်းဆင်းတဦးဖြစ်ပြီး အာဏာသိမ်းပြီး ၃ နှစ်ကျော်အတွင်း တပ်မ ၄၄ ၏ ၆ ဦးမြောက် ခန့်အပ်ခြင်းခံရသူဖြစ်သည်။
“စစ်မတိုက်နိုင်လို့ ပေါ့အဓိကတော့ လက်ခတ်တောင်ကိုလဲ ပြန်ရအောင်မတိုက်နိုင်တာရယ် ဖလူးဝေါလေ လမ်းက သုံးထပ် ကွေ့မှာလဲ ၄၄ ကအထိအခိုက်များခဲ့တယ် မြဝတီဖက်မှာနယ်မြေမစိုးမိုးနိုင်လို့ ဒါတွေကြောင့်လဲနေရတာ” ဟု CDM ဗိုလ်မှူးတဦးကမှတ်ချက်ပြု့သည်
စစ်တပ်က အာဏာမသိမ်းမီအချိန်ထိ တပ်မ ၄၄ သည် ရခိုင်ပြည်နယ်တွင် စစ်ဆင်ရေးဝင်နေပြီး အာဏာသိမ်းပြီးနောက် ၂၀၂၂ နှစ်လယ်ပိုင်းမှစ၍ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၆ နယ်မြေ၊ ကရင်ပြည်နယ်၊ မြဝတီမြို့သို့ ပြောင်းရွှေ့ စစ်ဆင်ရေးဝင်ခဲ့သည်။

စစ်တပ်က အာဏာသိမ်းသည့် ၂၀၂၁ တွင် တပ်မ ၄၄ တပ်မမှူးအဖြစ် ဗိုလ်မှူးချုပ်မင်းမင်းစိုးတာဝန်ယူထားပြီး ၂၀၂၁၊ ၈ လ ပိုင်းတွင် ဗိုလ်မှူးချုပ် တင်မိုးနိုင်အား ပြောင်းလဲခန့်အပ်ခဲ့သည်။ ဗိုလ်မှူးချုပ်တင်မိုးနိုင် တပ်မမှူးအဖြစ် တာဝန် ထမ်းဆောင် နေစဉ် ဖလူး-ဝေါလေ လမ်းပိုင်းတိုက်ပွဲတွင် စစ်တပ်ဘက်မှ အကျအဆုံးများပြီး CDM ပြုလုပ်သူ များလာသောကြောင့် ၂၀၂၂ ၊ ၁၀ လပိုင်း၌ ရာထူးမှ ဖယ်ရှားခံရကာ ဗိုလ်မှူးချုပ်ဝင်းနောင်စိုးအား တပ်မမှူးအဖြစ် ပြောင်းလဲခန့်အပ်ခဲ့သည်။
ထို့နောက် ၂၀၂၃၊ ဒီဇင်ဘာတွင် နယ်ခြားစောင့်တပ်ကိစ္စနှင့်ပတ်သက်၍ ဗိုလ်မှူးချုပ် ဝင်းနောင်စိုးအား အရန် အင်အားသို့ ပြောင်းလဲကာ ထိုင်းနိုင်ငံဆိုင်ရာ စစ်သံမှူးအဖြစ် ခန့်အပ်ခဲ့ရာ လစ်လပ်သွားသော တပ်မ ၄၄ တပ်မမှူးနေရာအား စစ်တက္ကသိုလ်အပတ်စဉ် ၄၁ ကျောင်းဆင်းဖြစ်သူ ဖာပွန်ဗျူဟာမှူး ဗိုလ်မှူးချုပ် အေးမင်းနောင်ကို ပြောင်းလဲခန့်အပ်ခဲ့သည်။
ဗိုလ်မှူးချုပ် အေးမင်းနောင်သည် တပ်မမှူးရာထူးအား ၉ ရက်တာ တာဝန်ယူပြီးနောက် ၂၀၂၄၊ ဇန်နဝါရီ ၂၉ ရက်တွင် KNLA/PDF ပူးပေါင်းတပ်၏ တိုက်ခိုက်မှုကြောင့် ရဟတ်ယာဉ်ပျက်ကာ သေဆုံးခဲ့ပြီး ယင်းနေရာတွင် ဗိုလ်မှူးကြီး စိုးမင်းထက်အား တပ်မမှူးအဖြစ် တာဝန်ပေးခဲ့သည်။
ဗိုလ်မှူးကြီးစိုးမင်းထက်သည် တပ်မ ၄၄ တပ်မမှူးအဖြစ် ၂ လခန့်တာဝန်ယူပြီးနောက် ဧပြီလတွင် မဲဆောက်-မြဝတီအမှတ် ၂ တံတား အနီးတိုက်ပွဲ၌ ဒဏ်ရာရရှိသွားခဲ့သည့်အတွက် ရာထူးမှအနားပေးကာ ဗိုလ်မှူးကြီးညီညီဦးအား တပ်မမှူးအဖြစ် ခန့်အပ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ အမှတ် ၂ တံတားတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ တပ်မမှူးဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာရသူ ၃၀ ကျော်နှင့် သေဆုံးသူ ၃၀ ခန့်ရှိခဲ့ကြောင်း KNU က သတင်းထုတ်ပြန်ခဲ့သော်လည်း ထိုင်းသတင်းများတွင်မူ ဗိုလ်မှူးကြီး စိုးမင်းထက် သေဆုံးကြောင်း ဖော်ပြကြသည်။
CDM ဗိုလ်ကြီးတဦးက “မြဝတီဂွင်မှာ စစ်တပ်က နိုင်နေလား၊ ရှုံးနေလားဆိုတာ ၃ နှစ်မှာ တပ်မမှူး ၆ ယောက်တောင် ပြောင်းတာကိုကြည့်ရင် သိနိုင်ပါတယ်” ဟု ဆိုသည်။
You may also like these stories:
စစ်ကောင်စီ ရဟတ်ယာဉ် KNU ပစ်ချ၊ လိုက်ပါလာသည့် ၄၄ တပ်မမှူး သေဆုံး
တပ်မ ၉၉ ဒုတပ်မမှူး ဗိုလ်မှူးကြီး သန်းနိုင်စိုး လာဘ်စား၍ အဖမ်းခံရခြင်းဖြစ်ဟု NUG ပြော
မြဝတီ အမှတ် ၂ တံတားအနီးမှ ကရင်ပူးပေါင်းတပ်များ ပြန်ဆုတ်ခွာ
ယမ်းနှင့် စက်သုံးဆီ ပြင်ပရောင်းချမှု ဗိုလ်ချုပ်နှစ်ဦး စစ်ဆေးခံနေရ
မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တပ်မှူးများကို အရေးယူ
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR














