ကျောက်မျက်နှင့် ရွှေတူးဖော်ရေးလုပ်ငန်းများအတွက် မိုင်းခွဲရာတွင်အသုံးပြုသော ယမ်းများရောင်းစားခြင်း၊ တရားမဝင် ရွှေနှင့်ကျောက်တူးဖော်ခွင့် ပြုပေးခဲ့သည့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ)မှ အရာရှိ ၃၀ ဦးခန့်ကို စစ်ခုံရုံးက ထောင်ဒဏ် ၁၀ နှစ်ချပြီး ပိုင်ဆိုင်မှုများပါ သိမ်းဆည်းလိုက်ကြောင်း ဧရာဝတီ၏သတင်းရင်းမြစ်များထံမှ သိရသည်။
မကြာမီရက်ပိုင်းက မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဟောင်း ဗိုလ်ချုပ် ကိုကိုမောင်အား စစ်ခုံရုံးမှ ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့ပြီးနောက် ၎င်းနှင့်ဆက်စပ်နေသည့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ စစ်တပ်အရာရှိများကိုလည်း ထိုသို့ အမိန့်ချမှတ်ကာ ပိုင်ဆိုင်မှုများပါ သိမ်းဆည်းခဲ့ခြင်း ဖြစ်သည်။
အမည်မဖော်လိုသည့် နေပြည်တော် သတင်းရင်းမြစ်တဦးက “ဒီအမှုမှာစစ်မယ်ဆိုရင် ကစထမှူး (ဒုဗိုလ်ချုပ်ကြီး တေဇကျော်) ထိ ပါဝင်ပတ်သက်မှုရှိမှာပေါ့။ ဒါပေမယ့် မင်းအောင်လှိုင်က ဘယ်လောက်မှာပဲ ဖြတ်လိုက်ဆိုတော့ တိုင်းမှူးနဲ့ အောက်ကအရာရှိတွေပဲ အရေးယူခံရတာ” ဟု ပြောသည်။
ပြီးခဲ့သည့် ဇူလိုင်လလယ်ပိုင်း၌ မိုင်းခွဲရာတွင်အသုံးပြုသော ယမ်းများအား ပုဂ္ဂလိကကုမ္ပဏီများထံ ရောင်းစားမှုနှင့် ပတ်သက်၍ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိုင်းမှူး၊ တပ်မ-၃၃ နှင့် တပ်မ-၈၈ တပ်မမှူး၊ နယ်လုံဝန်ကြီး၊ တပ်ရင်းမှူးအချို့ အပါအဝင် တိုင်းစစ်ဌာနချုပ်မှ ပထမတန်း၊ ဒုတိယတန်းနှင့် တတိယတန်းအဆင့်ထိ စုစုပေါင်း လူ ၃၀ ကျော်အား နေပြည်တော်သို့ ခေါ်ယူစစ်ဆေးခဲ့သည်။
စစ်တက္ကသိုလ်အပတ်စဉ် (၃၈) ကျောင်းဆင်း ဗိုလ်ချုပ် ကိုကိုမောင်သည် ၂၀၂၂ ခုနှစ်တွင် မော်လမြိုင်မြို့အခြေစိုက် အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးမှ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ပြောင်းလဲခန့်အပ်ခံရသူ ဖြစ်သည်။