စစ်ကောင်စီ ကာကွယ်ရေးဝန်ကြီးဌာန စစ်လက်နက်ပစ္စည်း ညွန်ကြားရေးမှူးရုံးမှ ညွန်ကြားရေးမှူး ဗိုလ်ချုပ်ဝင်းလွင်နှင့် တွဲဖက်စစ်ထောက်ချုပ် ဗိုလ်ချုပ် ဇော်လွင်ဦးတို့ကို ဖားကန့်ဒေသနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များရှိရာ ပြည်နယ်များ၌ ယမ်းနှင့် စက်သုံးဆီများ ပြင်ပသို့ရောင်းချမှုနှင့် ပတ်သက်၍ ပြီးခဲ့သည့် ရက်သတ္တပတ်က နေပြည်တော်၌ ခေါ်ယူစစ်ဆေးနေကြောင်း ဧရာဝတီ သတင်းရင်းမြစ်များထံမှ သိရသည်။
နေပြည်တော်ရှိ ဧရာဝတီ၏ သတင်းရင်းမြစ်တဦးက “ကချင်မှာ အဖြုတ်ခံလိုက်ရတဲ့ မပခ (မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်) တိုင်းမှူးအမှုနဲ့ ဆက်စပ်ပြီး ကွင်းဆက်တွေလိုက်ရင်း စစ်ဆေးနေတာ” ဟု ဆိုသည်။
၂၀၂၃ ဇူလိုင်မှစ၍ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဖြစ်လာသော ဗိုလ်ချုပ် စိုးလှိုင်အား ယမ်းများရောင်းချမှုနှင့် ပတ်သက်၍ စစ်ကောင်စီက ၂၀၂၄ မတ်ကုန်ပိုင်းတွင် ရာထူးမှဖယ်ရှားကာ ဖမ်းဆီးစစ်ဆေးနေခြင်း ဖြစ်ရာ ထိုအမှုနှင့် ဆက်စပ်၍ စစ်လက်နက်ပစ္စည်း ညွန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဗိုလ်ချုပ် ဝင်းလွင်နှင့် တွဲဖက်စစ်ထောက်ချုပ် ဗိုလ်ချုပ် ဇော်လွင်ဦးတို့ ခေါ်ယူစစ်ဆေးခံနေရခြင်းဖြစ်ကြောင်း သိရသည်။
ဗိုလ်ချုပ် ဝင်းလွင်သည် ၂၀၂၀ ဇန်နဝါရီတွင် စစ်လက်နက်ပစ္စည်း ညွှန်ကြားရေးမှူးရုံး၏ ညွန်ကြားရေးမှူး ဖြစ်လာခဲ့သူ ဖြစ်သည်။
အလားတူ တိုင်းမှူး ဗိုလ်ချုပ်စိုးလှိုင် မတိုင်ခင် မြောက်ပိုင်းတိုင်း တိုင်းမှူးတာဝန်ယူခဲ့သော ဗိုလ်ချုပ် ကိုကိုမောင်ကိုလည်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များထံ ယမ်းများရောင်းချမှုနှင့် ပတ်သက်၍ ဖမ်းဆီးစစ်ဆေးပြီးနောက် စစ်ကောင်စီက ထောင်ဒဏ် ၁၀ နှစ် ချမှတ်ထားသည်။
You may also like these stories:
မြောက်ပိုင်းတိုင်း တိုင်းမှူး အပြောင်းအလဲလုပ်
မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တပ်မှူးများကို အရေးယူ
မြောက်ပိုင်းတိုင်း တိုင်းမှူးကို စစ်ခုံရုံးမှ ထောင် ၁၀ နှစ်ချ